အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) မျှော်လင့်ချက် ပိုကြီးလေလေ... မျှော်လင့်ချက်မဲ့မှုက ပိုကြီးလေလေပဲ
တခြားအိမ်တစ်အိမ်တွင် နိုင်ငံခြားသား ကစားသမား ဝီလီယံသည် သူ၏ အနည်းငယ် ကိုးရိုးကားယားနိုင်သော တရုတ်ဘာသာစကားကို အသုံးပြု၍ မီးရောင်အောက်တွင် သူ၏ဇနီးနှင့်အတူ လစဉ်မိသားစု အသုံးစရိတ်များကို ဂရုတစိုက် ပြန်လည်စစ်ဆေးနေသည်။
သူ၏ဇနီးဖြစ်သော ရွှေရောင်ဆံပင်နှင့် မိန်းကလေးသည် တောက်ပစွာပြုံးပြီး အသုံးစရိတ်တစ်ခုချင်းစီကို လက်ညှိုးညွှန်ပြကာ စိတ်ရှည်လက်ရှည် ရှင်းပြနေလေ၏။
"အချစ်... နောက်သုံးလပတ်ကျရင် ငါတို့ အိမ်ရာ စီမံခန့်ခွဲမှုစရိတ်နဲ့ ကားအာမခံ ပေးရဦးမယ်... ဒါက အပို အသုံးစရိတ်ပဲ..."
မိန်းကလေးသည် ဘတ်ဂျက်စာရင်းစာရွက်ပေါ်ရှိ အနီရောင်ဖြင့် မှတ်သားထားသော အချက်ကို ညွှန်ပြလိုက်ရာ သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သူမ၏လေသံမှာ နူးညံ့နေဆဲပင်။
"ဖြစ်နိုင်ရင်... ငါတို့ ခရီးတိုလေးတစ်ခု သွားမယ့်အစီအစဉ်ကို ဖျက်လိုက်ရင် ကောင်းမလား..."
ဝီလီယံသည် တောင်းပန်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော သူ့ဇနီး၏ မျက်လုံးပြာများကို ကြည့်လိုက်ပြီးနောက် နံရံပေါ်ရှိ "ရှင်းလန်မြို့၏ နာမည်ကြီး ရှုခင်းသာ နေရာ" တစ်ခုတွင် သူတို့နှစ်ဦး ရိုက်ထားသော ဓာတ်ပုံကို ကြည့်လိုက်သည်။ စီးပွားရေး ဖိအားများကြောင့် သူ ခံစားနေရသော အနည်းငယ် စိတ်မသက်မသာဖြစ်မှုသည် ချက်ချင်း ပျောက်ကွယ်သွားလေ၏။
သူတို့နှစ်ယောက် အတူတကွ တည်ဆောက်ထားသော အိမ်လေးအတွက် ခရီးတစ်ခေါက်စရိတ်ကို ချွေတာရသည်က ဘာများ အရေးကြီးလို့လဲဟု သူ တွေးလိုက်မိသည်။
သူသည် လက်ဆန့်တန်းကာ သူဇနီး၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ် အချစ်... မိသားစုက အရေးအကြီးဆုံးပဲ..."
သူသည် ဤမမျှော်လင့်ထားသော ကုန်ကျစရိတ်ကို ကာမိစေရန်အတွက် အလွတ်တန်း ဘာသာပြန် အလုပ်အချို့ကို လက်ခံရန်အတွက် သူ၏ နိုင်ငံခြားဘာသာစကား အားသာချက်ကို မည်သို့ အသုံးပြုရမည်ကိုပင် တက်ကြွစွာ စတင်၍ စီစဉ်နေလေပြီ။
တစ်ချိန်တည်းတွင် လီလင်း၏အိမ်၌ သူမ၏ခင်ပွန်းက သစ်သီးတစ်ပန်းကန်ကို ကိုင်ဆောင်ကာ စာကြည့်ခန်းထဲသို့ ဝင်လာပြီး သူမ၏နံဘေးတွင် ဂရုတစိုက် ချထားပေးသည်။
"အလုပ် အရမ်းမလုပ်နဲ့..."
သူသည် ခေါင်းငုံ့ကာ သူမ၏ နဖူးကို နမ်းလိုက်ပြီး သူ၏အသံမှာ သူမ၏နှလုံးသားများကို အရည်ပျော်သွားစေနိုင်လောက်အောင် နူးညံ့နေသည်။
"ငါတို့ရဲ့အနာဂတ်အတွက် မင်း အသေအလဲ ကြိုးစားချင်တယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ မင်းရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်... ကုမ္ပဏီနဲ့ ငါ စကားပြောထားပြီးပြီ... နောက်သုံးလပတ်ကျရင် ငါ ရာထူးတိုးဖို့ အခွင့်အရေး ရှိနိုင်တယ်... အဲ့ဒီအခါကျရင် ဖိအားတွေ အများကြီး လျော့သွားလိမ့်မယ်..."
လီလင်းက မော့ကြည့်လိုက်ရာ သူမ ခင်ပွန်း၏ ချောမောသော မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကို မြင်တွေ့လိုက်ရပြီး အရေးကြီးသော ပရောဂျက်တစ်ခုကို စွန့်လွှတ်လိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆုံး စိတ်ပျက်မှု အရိပ်အယောင်လေးသည် ပျောက်ကွယ်သွားလေ၏။
"အင်း... ဒီလှပတဲ့ အိမ်လေးကို ငါတို့ အတူတူ ထိန်းသိမ်းကြတာပေါ့..."
မိသားစုတိုင်း၏အခြေအနေများမှာ ကွဲပြားခြားနားသည်။ လူတချို့သည် ကုမ္ပဏီကြီးများတွင် အလုပ်လုပ်ကြပြီး တခြားသူများစွာ မရရှိနိုင်သော ဥာဏ်ရည်သုံးရသည့် အလုပ်များကို လုပ်ကိုင်ကြသည်။ လူတချို့ကမူ အစားအသောက် ပို့ဆောင်ကြသည် အမြန်ချောပို့ ဝန်ဆောင်မှုများတွင် အလုပ်လုပ်ကြသည် သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ကာယလုပ်ငန်းများ လုပ်ကိုင်ကြ၏။
ဤအလုပ်များအားလုံးသည် သူတို့၏ လက်တွေ့ဘဝများနှင့် ကိုယ်ပိုင်စွမ်းရည်များအပေါ် အခြေခံ၍ စီစဉ်ပေးထားခြင်းပင်။ ဥပမာအားဖြင့် ချန်အန်းသည် လက်တွေ့ဘဝတွင် သူသည် လစာနှစ်သောင်း သို့မဟုတ် သုံးသောင်းရှိသော ကုမ္ပဏီဝန်ထမ်းတစ်ဦးပင်။
လီကျဲ့ ကမူ လက်တွေ့ဘဝတွင် သူသည် ဦးနှောက်ကို အသုံးပြုရသည်အား မကြိုက်သဖြင့် အစားအသောက် ပို့ဆောင်ရေးသာ လုပ်နိုင်ပြီး အရိုးကြေမတတ် အလုပ်လုပ်ကာ တစ်သောင်း သို့မဟုတ် နှစ်သောင်းသာ ရှာနိုင်ပေ၏။
လူအများအပြား၏ အလုပ်များကို လက်တွေ့ဘဝတွင် ရှိသည့်အတိုင်း အတိအကျနီးပါး စီစဉ်ပေးထားပြီး လက်တွေ့ဘဝတွင် အလုပ်မရှိသူများအတွက် သူတို့၏ စွမ်းရည်များအပေါ် အခြေခံ၍ ရိုးရှင်းသော အလုပ်များကို စီစဉ်ပေးထားသည်။
...
နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်၌...
"အစပြုမှုက အရမ်း လှပလွန်းတယ်... နှလုံးသားကို တုန်ယင်သွားစေလောက်အောင် လှပလွန်းတယ်..."
ဆာရာ၏ အသံသည် ဤဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွားပြီး သတိမပြုမိနိုင်လောက်သော သနားကြင်နာမှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေသည်။
သူမသည် ပုံရိပ်ယောင်မျက်နှာပြင်ပေါ်ရှိ ပျော်ရွှင်မှုများ ပြည့်လျှံနေသော မျက်နှာများကို ကြည့်နေလေ၏။ ချန်အန်းနှင့် ဝမ်ဝမ်တို့ ဖက်ထားကြပြီး လီကျဲ့ က သူ၏ကလေးလေးကို စိုက်ကြည့်နေသည်။ ဝီလီယံနှင့် အန်နာတို့ လက်ချင်းချိတ်ကာ အနာဂတ်အတွက် ငွေကြေးကို တွက်ချက်နေကြကာ လီလင်းကမူ သူမခင်ပွန်း၏ရင်ခွင်ထဲသို့ တိုးဝင်နေသည်။ အရာအားလုံးသည် ပျော်ရွှင်မှုအတွက် စံနမူနာအကျဆုံး ပုံစံခွက်တစ်ခုကဲ့သို့ ပြီးပြည့်စုံနေသည်။
"ဒါပေမဲ့ ဒါက နင့်ရဲ့ အရက်စက်ဆုံး နည်းလမ်းပဲ... ချန်လန်..."
ဆာရာက ချန်လန်ကို ကြည့်လိုက်သည်။
ချန်လန်၏နည်းဗျူဟာများကို သူမ ကောင်းစွာသိထားလေ၏။
ထိုအထက်တန်းနောက်ဆုံးနှစ် နယ်မြေကဲ့သို့ပင် အပေါ်ယံတွင် ကစားသမားများအတွက် လွယ်ကူပုံရသော ပန်းတိုင်တစ်ခုကို သတ်မှတ်ထားသော်လည်း အစစ်အမှန် လုပ်ငန်းစဉ်တွင် ညှဉ်းပန်းနှိပ်စက်မှုများဖြင့် ပြည့်နှက်နေသည်။
လှပသော အစပြုမှုတစ်ခု၊ ရက်စက်သော လုပ်ငန်းစဉ်တစ်ခုနှင့် ပြိုလဲနေသော အဆုံးသတ်တစ်ခု....
ဤသည်မှာ ချန်လန် ဖန်တီးခဲ့သော ပထမဆုံးလက်ရာနှစ်ခု၏ အမှတ်သင်္ကေတပုံစံဖြစ်ပြီး ယခု သူမတို့၏ရှေ့ရှိ တစ်ခုသည် ဇာတ်လမ်းတွဲသုံးခု၏ သံသရာကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးလိုက်ခြင်းပင်။
သူမက တစ်စုံတစ်ခုကို ထိုးထွင်းသိမြင်သွားပြီး ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"အစကတည်းက... နင်က သူတို့ကို သူတို့ အချစ်ရဆုံးသူတွေနဲ့ မိသားစုတစ်ခု တည်ဆောက်ခွင့် ပေးတယ်... နွေးထွေးတဲ့ အိမ်လေးတစ်အိမ်ကို ပိုင်ဆိုင်ခွင့် ပေးတယ်... ပြီးတော့ သူတို့အချစ်ရဲ့ ရလဒ်လေးကိုတောင် ကိုယ်ဝန်ဆောင်ခွင့် ပေးတယ်... အလုပ်တွေက သင့်တင့်လျောက်ပတ်တယ်... ဝင်ငွေတွေက ရက်ရောတယ်... ပြီးတော့ မိသားစုတိုင်းမှာ အရေးပေါ် အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ ကြိုတင်သတ်မှတ်ထားတဲ့ စုဆောင်းငွေတွေတောင် ရှိသေးတယ်... ဒီအရာတွေ အားလုံးနဲ့ ယက်လုပ်ထားတဲ့ ကတိကဝတ်တွေ ပြည့်နှက်နေတဲ့ အနာဂတ် အိပ်မက်က... အရမ်းကို လက်တွေ့ဆန်တယ်... အရမ်းကို ဆွဲဆောင်မှုရှိတယ်... ပြီးတော့ အရမ်းကို လှပလွန်းတယ်..."
သူမသည် ပုံရိပ်ယောင်မျက်နှာပြင်ပေါ်ရှိ လူများကို သနားကြင်နာစွာ ကြည့်ရင်း ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်၏။
"ကြည့်လိုက်အုံး... သူတို့ရဲ့ မျက်နှာတွေပေါ်မှာ အနာဂတ်အတွက် လိုလားတောင့်တမှုတွေ...မိဘတွေ ဖြစ်လာရတဲ့ ပျော်ရွှင်မှုတွေ...အတူတကွ ကြိုးစားအားထုတ်ရတဲ့ ကျေနပ်မှုတွေ... အဲ့ဒါတွေအားလုံး ရှိနေတယ်... ပျောက်ဆုံးနေတဲ့ တစ်ခုတည်းသောအရာက ကြီးမားတဲ့ အကြွေးတွေကြောင့် ဖိနှိပ်ခံရရာကနေ ဖြစ်ပေါ်လာသင့်တဲ့ အရေးပေါ် ခံစားချက်နဲ့ မျှော်လင့်ချက်မဲ့မှုပဲ... ယွမ်နှစ်သောင်းခွဲ ချေးငွေက ကျော်လွှားလို့ မရနိုင်တဲ့ ချောက်ကမ်းပါးကြီး တစ်ခုလို့တောင် သူတို့ မခံစားရဘူး... အဲ့ဒီအစား အချစ်ဆိုတဲ့ နာမည်နဲ့ အဲ့ဒါကို ချိုမြိန်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ကြိုးစားအားထုတ်ဖို့ တန်တဲ့ တွန်းအားတစ်ခုအဖြစ် သူတို့က စိတ်ထဲမှာ ပြောင်းလဲလိုက်ကြတယ်..."
"နင်က သူတို့ကို သူတို့ ငြင်းဆန်လို့မရတဲ့ သုခဘုံတစ်ခု ပေးလိုက်တယ်... ပြီးတော့... ဒီသုခဘုံထဲမှာ အကြွေးလို့ခေါ်တဲ့ အာနိသင်ပြတာနှေးကွေးတဲ့ အဆိပ်တစ်မျိုးကို နင် မြှုပ်နှံလိုက်တယ်... သူတို့က ဖိအားတွေ များတယ်လို့ မခံစားရတာ မဟုတ်ဘူး... ဒီဖိအားကို တာဝန်ယူမှုနဲ့ အချစ်အတွက် ပေးဆပ်မှု တစ်ခုအဖြစ် နင်က လိမ္မာပါးနပ်စွာနဲ့ ဖုံးအုပ်လိုက်လို့ပဲ... ဒီအဆုံးစွန်သော အလှတရားကို ကာကွယ်ဖို့ သူတို့ကိုယ်သူတို့ ဆန္ဒအလျောက် အကုန်အစင် ထုတ်ပေးလိုက်တဲ့အချိန်မှာ... သူတို့ လုံးဝကျဆုံးသွားပြီပဲ..."
ချန်လန်၏ နည်းလမ်းများသည် ပို၍ပို၍ရှုပ်ထွေးဆန်းပြားလာလေ၏။ ယခင် နယ်မြေနှစ်ခုနှင့် နှိုင်းယှဉ်ပါက ဤနယ်မြေသည် သူမကို ယှဉ်ပြိုင်၍မရနိုင်လောက်အောင် ကြောက်လန့်သွားစေသည်။
လူသားများကို မဆိုထားနှင့် တစ္ဆေများပင်လျှင် ဤကဲ့သို့ လှပသော ကမ္ဘာကို ခုခံရန် ခက်ခဲပေလိမ့်မည်။
သူတို့၏ ချစ်ရသူသည် နံဘေးတွင် ရှိနေကာ ကလေးများ ရှိနေပြီး လစာမှာ မြင့်မား၍ လတိုင်း အကြွေးဆပ်ရန် လုံလောက်သည်။ အခြေခံအားဖြင့် သူတို့ထံတွင် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ မရှိချေ။ အလွန်ဆုံးအနေဖြင့် သူတို့သည် အံ့ကြိတ်ကာ ခက်ခဲသော နေ့ရက်တချို့ကို သည်းခံရုံသာ ရှိပြီး အကြွေးများကို စောစီးစွာ ပြန်ဆပ်ပြီးသည်နှင့် ဤနယ်မြေမှ ထွက်သွားနိုင်ပေမည်။
သို့သော် ဆာရာသည် သူမ၏ရှေ့ရှိ ဤအလှတရားကြောင့် လှည့်စားခံရမည် မဟုတ်ချေ။ ချန်လန်တွင် အရန်အစီအစဉ်တစ်ခု သေချာပေါက် ရှိရမည်ဟု သူမ ယုံကြည်ထားသည်။ ကစားသမားများကို ဤမျှထိ သာယာသော ဘဝမျိုး၌ နေထိုင်ခွင့်ပြုရန်မှာ မဖြစ်နိုင်ချေ။
"နင့်ရဲ့ နောက်လှုပ်ရှားမှုက ဘာလဲ..."
ဆာရာက ချန်လန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
ပျော်ရွှင်မှုနှင့် အလှတရားများဖြင့် ဖုံးအုပ်ထားသော ဤနယ်မြေတွင် ဤလူများ မည်ကဲ့သို့ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုမျိုးကို ရင်ဆိုင်ရမည်အား သူမ သိလိုပေ၏။
ချန်လန်က ပြုံးလိုက်သည်။
"ဆက်ကြည့်နေရင် မင်း မြင်ရလိမ့်မယ်... ငါ့ရဲ့နည်းလမ်းတွေကို မင်း အရမ်းကောင်းကောင်း သိနေတာပဲ မဟုတ်လား..."
မျှော်လင့်ချက် ပို၍မြင့်မားလေလေ ပြုတ်ကျသည့်အချိန်၌ အကျပို၍နာလေလေပင်။
လူတွေကို မျှော်လင့်ချက်မဲ့စေချင်ရင် အစကတည်းက မျှော်လင့်ချက်မဲ့ခွင့် ပေးလို့မရဘူး... အဲ့ဒီ ထိရောက်မှုက အရမ်းနိမ့်လွန်းတယ်....
သူတို့ကို အဆုံးမရှိတဲ့ မျှော်လင့်ချက်တွေ ပေးရမယ်... အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြည့်နှက်နေအောင် လုပ်ရမယ်... သူတို့ကို အမြင့်ကြီးကို မြှောက်တင်ပေးပြီးမှ... ပြင်းပြင်းထန်ထန် ပြုတ်ကျခွင့်ပေးရမယ်... အဲ့ဒီအချိန်မှသာ မျှော်လင့်ချက်မဲ့မှုဆိုတာ ဖြစ်လာလိမ့်မယ်...
မျှော်လင့်ချက် ပို၍ကြီးမားလေလေ နာကျင်မှုများ ဆိုက်ရောက်လာချိန်၌ မျှော်လင့်ချက်မဲ့မှုသည် ပို၍ကြီးမားလေလေပင်။
"ဒါနဲ့... အဆင့်မြင့် စီမံခန့်ခွဲသူအဖြစ် ရာထူးတိုးသွားပြီဆိုတော့ အချိန်စီးဆင်းမှုနှုန်းကို တိုးလို့ရလား..." ချန်လန်က ဆာရာ့ကို ကြည့်လိုက်သည်။
ဆာရာ ခေါင်းညိတ်လိုက်သည်။
"ရတယ်... အမြန်ဆုံးက ဆယ်ရက်ပဲ..."
"ဒါဆို အဲ့ဒါကို ဖွင့်လိုက်... ဆယ်ရက်ကို တစ်ရက်လို့ သတ်မှတ်လိုက်... ဒီအမြန်နှုန်းက တော်တော်လေး အဆင်ပြေတယ်... တစ်နှစ်ဆိုတာ ရက်ပေါင်းသုံးရာ့ခြောက်ဆယ်ကျော်လေးပဲ ရှိတာ... အပြာရောင်ကြယ်မှာဆိုရင် တစ်လကျော်လေးပဲ ရှိတယ်..."
ဆယ်ဆအမြန်နှုန်း အချိုးအစားမှာ အတိအကျ သင့်တော်ပေ၏။
ဆာရာက ခေါင်းညိတ်လိုက်ပြီး ဆယ်ဆအမြန်နှုန်းကို အသက်သွင်းလိုက်သည်။ နယ်မြေထဲရှိ ကစားသမားများသည် သူတို့၏အချိန်များ အလွန်လျှင်မြန်စွာ ကုန်လွန်နေကြောင်းကို လုံးဝသတိမထားမိကြချေ။ သူတို့၏ ခံယူချက်အရ ဤသည်မှာ ရှည်လျားသော ၂၄ နာရီ နေ့တစ်နေ့ ဖြစ်နေဆဲပင်။ အပြင်မှကြည့်လျှင် ပိုမြန်နေပုံပေါ်ရုံသာ ဖြစ်ပေ၏။
ထို့ပြင် ဤအချိန်အခိုက်အတန့်တွင် သူတို့သည် အနာဂတ်အတွက် အစီအစဉ်များ ရေးဆွဲနေကြသည်။ လူတချို့သည် အကြွေးများကို စောစီးစွာ ပြန်ဆပ်နိုင်ရန်နှင့် နယ်မြေမှ ထွက်သွားနိုင်ရန်အတွက် နောက်ထပ်အလုပ်တချို့ ရှာဖွေရန် စီစဉ်နေသည်။
လူတချို့သည် ဤနယ်မြေကို စွဲလမ်းနေကြပြီး နယ်မြေတာဝန်များကို မပြီးမြောက်စေရန်ပင် ကြံရွယ်နေကြကာ ဤကမ္ဘာတွင် ထာဝရ နေထိုင်ပြီး သာယာသောဘဝကို ဖြတ်သန်းလိုကြသည်။
ကစားသမား နှစ်ရာသည် အုပ်စုနှစ်စု ကွဲသွားလေပြီ။ လူတချို့သည် အသိဉာဏ် ရှင်းလင်းနေဆဲ ဖြစ်သော်လည်း လူတချို့မှာမူ ကျဆုံးသွားခဲ့လေပြီ။
တစ်စုံတစ်ယောက်ကို အပြစ်တင်ရမည် ဆိုပါက ချန်လန် ပံ့ပိုးပေးထားသော ဘဝသည် လှပလွန်းနေသောကြောင့်သာ ဖြစ်ပေမည်။