← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) လုံခြုံရေး အလုပ်အတွက် အပြိုင်အဆိုင်

"ဒီတိုက်ခန်းအိမ်ယာက ညဘက်ကင်းလှည့်ဖို့ လုံခြုံရေး ဝန်ထမ်းတစ်ယောက် အရေးပေါ် ခေါ်နေတယ်... တိုက်ခန်းအိမ်ယာမှာ နေတဲ့သူတွေကို ဦးစားပေးမယ်... အခြေခံလစာက တစ်သောင်း..."

လီကျဲ့၏ဖုန်းသည် ရုတ်တရက် လင်းလာလေ၏။ ဤသည်မှာ တိုက်ခန်းအိမ်ယာနေထိုင်သူများ ဂရုချက်တွင် အိမ်ရာမန်နေဂျာက ပေးပို့လိုက်သော မက်ဆေ့ချ် တစ်ခုပင်။

ဤမက်ဆေ့ချ်ကို မြင်လိုက်ရချိန်၌ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး မကောင်းသော ကြိုတင်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မက်ဆေ့ချ်အများအပြား ထွက်ပေါ်လာသည်ကို သူ မြင်လိုက်မိသည်။

"ဝမ်တာ...သောက်ကျိုးနည်း... တကယ်ကြီးလား... ငါ အခုပဲ လာခဲ့မယ်..."

"ကျောက်ယုံ... ငါ ဓာတ်လှေကားထဲတောင် ရောက်နေပြီ... နယ်မြေကနေ ထွက်သွားဖို့ ဒီလုံခြုံရေး အလုပ်ကို ငါ သေချာပေါက် ရအောင် ယူမယ်..."

"ရွှီလီလီ... မိန်းမတွေရော ရလား..."

ဤလူများအားလုံးသည် ကစားသမားများပင်။

သူတို့သည် ဤတိုက်ခန်းအိမ်ယာတွင် နေထိုင်ကြပြီး လုံခြုံရေးအလုပ်အတွက် အပြိုင်အဆိုင် ဖြစ်နေသည်။

လီကျဲ့ တွင် တွေးတောနေရန် အချိန်မရှိတော့ချေ။ သူသည် တံခါးဆီသို့ ချက်ချင်းသွားလိုက်ပြီး ဖိနပ်လဲရန်ပင် ဂရုမစိုက်တော့ဘဲ တံခါးကိုဖွင့်ကာ အောက်ထပ်သို့ ဆင်းရန် ပြင်ဆင်လိုက်သည်။

"ဘာဖြစ်လို့လဲ..."

ထိုအချိန်၌ သူ၏ဇနီးဖြစ်သူ လင်းဝေသည် ကလေးအခန်းထဲမှ ထွက်လာပြီး လီကျဲ့ ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

"အောက်ထပ်မှာ လုံခြုံရေးအလုပ် ခေါ်နေလို့... လူတွေ အများကြီး အဲ့ဒီကို သွားနေကြပြီ... ငါ မြန်မြန်သွားမှ ဖြစ်မယ်...မဟုတ်ရင် အလုပ်မရဘဲ နေလိမ့်မယ်..."

လီကျဲ့သည် ဤစကားများကို ချန်ထားခဲ့ပြီး တံခါးကို "ဘန်း" ခနဲ ပိတ်ကာ ဓာတ်လှေကားဆီသို့ အပြေးအလွှား သွားလိုက်သည်။

ဓာတ်လှေကားပြသမှု မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်းများသည် ဖြည်းညင်းစွာ ကျဆင်းနေလေ၏။

၁၈...၁၇...၁၆...

လှေကားခွင်ထဲမှ အလောတကြီး ခြေသံများကို ကြားနေရလပြီ။ ဤဖြတ်လမ်းကို သူ တစ်ယောက်တည်း တွေးမိခဲ့ခြင်း မဟုတ်ချေ။

တိုက်ခန်းအိမ်ယာတွင် ဓာတ်လှေကားတစ်စင်းသာ ရှိပြီး တစ်စုံတစ်ယောက်သည် အောက်ထပ်သို့ ဆင်းနေခဲ့သည်။

ဤသည်ကို မြင်သောအခါ လီကျဲ့ က သူ့ထံတွင် အချိန် သိပ်မကျန်တော့ကြောင်း သိလိုက်သည်။ သူသည် လက်ရှိတွင် ခုနစ်လွှာ၌ နေထိုင်နေခြင်းဖြစ်ရာ အောက်သို့ပြေးဆင်းလျှင် အချိန်မီနိုင်ပေ၏။

သူသည် ဓာတ်လှေကားကို လျစ်လျူရှုကာ မီးဘေးအရန်ထွက်ပေါက်ဆီသို့ ပြေးသွားလိုက်သည်။ တံခါးကို တွန်းဖွင့်လိုက်ချိန်၌ သူ ကြက်သေသေသွား​တော့သည်။

အထက်မှ ခြေသံများကို သူ ကြားလိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရာ အမျိုးသားတစ်ဦး အထက်မှ ပြေးဆင်းလာသည်ကို တွေ့လိုက်ရပြီး သူတို့သည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ စိုက်ကြည့်မိကြသည်။

နှစ်ဦးလုံးသည် အချင်းချင်း၏ မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှု၊ အံ့အားသင့်မှု၊ စိုးရိမ်ပူပန်မှုနှင့် တင်းမာမှုတို့ကို မြင်တွေ့မိလေ၏။

အချိန်တခဏအတွင်းမှာပင်....

လီကျဲ့ က အရင်ဆုံး တုံ့ပြန်လိုက်သည်။ သူသည် လှေကားလက်ရန်းကို ဖမ်းဆွဲကာ အောက်ထပ်သို့ အပြေးအလွှား ဆင်းသွားသည်။ ဤသည်ကို မြင်သောအခါ နောက်မှလူက အလျင်အမြန် လိုက်လံတားဆီးလေ၏။

"အစ်ကိုကြီး... ကျွန်တော့်ကို စောင့်ပါအုံး...အရမ်း မြန်မြန် မပြေးပါနဲ့..."

"ဟက်... မင်းကလည်း လုံခြုံရေး အလုပ်ကို လုမလို့ပဲ မဟုတ်လား... ငါ့ကို နှေးနှေးပြေးခိုင်းနေတာလား..."

လီကျဲ့ က နောက်သို့ မလှည့်ကြည့်ဘဲ အေးစက်စက် လှောင်ပြုံးပြုံးကာ အောက်သို့ ဆက်လက်၍ ပြေးဆင်းသွားသည်။

သို့သော် သူ လေးလွှာသို့ ရောက်ချိန်၌ တခြားတစ်ယောက်က တံခါးကို တွန်းဖွင့်ကာ ပြေးထွက်လာပြီး သူနှင့် တိုက်မိလုမတတ် ဖြစ်သွားလေ၏။

"ယိုး... အစ်ကို... အစ်ကိုလည်း လုံခြုံရေး အလုပ်ကို လုမလို့ မဟုတ်လား..."

လေးလွှာမှလူက နှုတ်ဆက်လိုက်သည်။

လီကျဲ့ သည် သူ့ကို အသိအမှတ်ပင် မပြုဘဲ အောက်သို့ ပြေးဆင်းရန် ဟန်ပြင်လေသည်။

ထိုလူသည် ကြက်သေ သေသွားသော်လည်း မကြာမီ တခြားလူတစ်ဦး အထက်မှ ပြေးဆင်းလာသည်။ လီကျဲ့ ကဲ့သို့ပင် သူသည် ထိုလူကို လျစ်လျူရှုကာ အောက်သို့ ပြေးဆင်းသွားလေ၏။

လီကျဲ့ သည် လမ်းတလျှောက်လုံး အပြေးအလွှား သွားခဲ့ပြီး မကြာမီ မြေညီထပ်သို့ ရောက်ရှိသွားသည်။ သူ၏ "မှတ်ဉာဏ်" အရ လုံခြုံရေး ဂိတ်တဲသို့ သူ ရောက်ရှိသွားပြီး သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုများ ချက်ချင်းထွက်ပေါ်လာသည်။

လုံခြုံရေး ဂိတ်တဲရှေ့တွင် လူနှစ်ယောက်၊ သုံးယောက်ခန့် ရောက်နေပြီဖြစ်သည်ကို သူ မြင်လိုက်ရသည်။

ဤတိုက်ခန်းအိမ်ယာတွင် ကစားသမား ဤမျှထိ များပြားစွာ နေထိုင်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

သူတို့ထဲတွင် ချန်အန်းလည်း ပါဝင်လေ၏။ နေ့ဘက်တွင် သူသည် ကုမ္ပဏီဝန်ထမ်းအဖြစ် အလုပ်လုပ်ရသော်လည်း ညဘက်တွင် လုံခြုံရေး ဝန်ထမ်းအဖြစ် အချိန်ပို အလုပ်လုပ်နိုင်သည်။ သူ နည်းနည်းပို၍ပင်ပန်းရုံသာ ရှိပေမည်။

သို့သော် ဤနေရာတွင် ရုတ်တရက် သေဆုံးနိုင်မည့် အန္တရာယ် မရှိချေ။ အကယ်၍ သူသာ အခွင့်အရေးကို မဆုပ်ကိုင်နိုင်ပါက သူ၏ချေးငွေကို ပြန်ဆပ်နိုင်မည် မဟုတ်ချေ။

လီကျဲ့ က လူအုပ်ထဲသို့ လျှင်မြန်စွာ ဝင်ရောက်သွားပြီး သူ၏နောက်မှ လူနှစ်ဦးလည်း ရောက်ရှိလာပေ၏။ လက်ရှိနေရာတွင် လူစုစုပေါင်းခြောက်ဦးရှိကာ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး သူတို့အားလုံးသည် လုံခြုံရေးအလုပ်အတွက် ရောက်ရှိနေကြခြင်းပင်။

ထိုအချိန်၌ လုံခြုံရေးဂိတ်တဲ၏တံခါး ပွင့်သွားပြီး ထိပ်ပြောင်အမျိုးသားတစ်ဦး ထွက်လာသည်။ သူသည် လုံခြုံရေးဝတ်စုံကို ဝတ်ဆင်ထားပြီး နီရဲသော မျက်လုံးသူငယ်အိမ်များ ရှိလေ၏။ သူသည် ကစားသမားများကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် အမျိုးသမီး နှစ်ဦးအပေါ် သူ၏ အကြည့်ကို အာရုံစိုက်လိုက်သည်။

"ငါတို့က အမျိုးသမီးတွေ မခေါ်ဘူး... မင်းတို့ နှစ်ယောက်... ကျေးဇူးပြုပြီး ထွက်သွားပါ..."

ဤစကားကို ကြားသောအခါ ရွှီလီလီအမည်ရှိ ဒေါက်မြင့်ဖိနပ်စီးထားပြီး မြို့ပြအထက်တန်းလွှာတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ချက်ချင်းမကျေမနပ်ဖြစ်သွားလေ၏။ သူမက ရှေ့သို့ တိုးလာပြီး အေးစက်စက် ပြောလိုက်သည်။

"ဟေး... ရှင်က ဘာပြောချင်တာလဲ... အမျိုးသမီးတွေ မခေါ်ဘူးဆိုတာ ဘာသဘောလဲ... ရှင်းပြစမ်း..."

ဤသည်ကို မြင်သောအခါ လူတိုင်းသည် ရွှီလီလီ၏ မောက်မာပြီး အာဏာရှင်ဆန်သော အပြုအမူအတွက် လေးစားအားကျမှုတစ်ခုကို ခံစားလိုက်ရသည်။

သူတို့သည် ရွှီလီလီ၏ မောက်မာသော အပြုအမူကို ကြည့်ရင်း တိတ်တဆိတ် ထိတ်လန့်သွားကြသည်။

ဒါက အန္တရာယ်များတဲ့ တုန်လှုပ်ချောက်ချားဖွယ်နယ်မြေ တစ်ခုလေ... သူက သဘာဝလွန် သတ္တဝါ တစ်ကောင်ကို ဒီလိုမျိုး ပြန်ပြောရဲတယ်ပေါ့... သူအသက်မရှင်ချင်တော့လို့လား....

သူတို့ တွေးတောလိုက်ကြ၏။

အိမ်ရာမန်နေဂျာ၏ နီရဲသော မျက်လုံးများသည် ရွှီလီလီ ဆီသို့ လှည့်သွားပြီး သူ၏အသံမှာ ရေခဲတမျှ အေးစက်တင်းမာနေသည်။

"ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ရုပ်ပိုင်းဆိုင်ရာအရ ပိုအားနည်းလို့ပဲ... ဒီရှင်းပြချက်က လုံလောက်ပြီလား..."

"ဘာဖြစ်လို့လဲ... လုံခြုံရေး ဝန်ထမ်း တစ်ယောက်က ခွန်အား ဘယ်လောက် လိုလို့လဲ... ငါ့မှာလည်း ခွန်အား ရှိတယ်လေ...ဒါက ဗြောင်ကျကျ လိင်ခွဲခြားဆက်ဆံမှုပဲ"

ရွှီလီလီက နောက်မဆုတ်ဘဲ အော်ဟစ်လိုက်သည်။

ဤကမ္ဘာသည် အလွန်လက်တွေ့ဆန်လွန်းသဖြင့် သူမသည် လက်တွေ့ကမ္ဘာတွင် ရှိနေသေးသည်ဟု ထင်မှတ်နေသည်။ ထိုကြောင့် လက်တွေ့ကမ္ဘာမှ အခွင့်အရေး ကာကွယ်ရေးစိတ်ဓာတ်ကို မသိစိတ်မှ ယူဆောင်လာခဲ့ကာ ဤနေရာသည် အကြောင်းပြချက် ရှာရန် နေရာမဟုတ်ကြောင်း တခဏကြာမျှ မေ့သွားခဲ့ခြင်း ဖြစ်ပေ၏။

"ဒါဆိုရင် ဘာဖြစ်လဲ..."

အိမ်ရာမန်နေဂျာသည် ရုတ်တရက် ရှေ့သို့တိုးလာရာ သူ၏လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် အရိပ်သာ ကျန်ရစ်ခဲ့သည်။ သူ၏ ဖြူရော်နေသော လက်သည် ရွှီလီလီ၏လည်ချောင်းကို သံညှပ်တစ်ခုကဲ့သို့ ဖမ်းဆွဲလိုက်ပြီး သူမ၏ တစ်ကိုယ်လုံးကို မြေပြင်မှ လွယ်လင့်တကူ မြှောက်တင်လိုက်သည်။

"အွတ်... အား..."

ရွှီလီလီသည် လေထဲတွင် သူမ၏ ခြေထောက်များကို ရူးသွပ်စွာ ကန်ကျောက်နေပြီး အသက်ရှူကြပ်ခြင်း ခံစားချက်သည် ဒီရေလှိုင်းတစ်ခုအလား သူမ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် ကြောက်ရွံ့မှုသည် သူမ၏ စိတ်လိုက်မာန်ပါဖြစ်မှုများကို ချက်ချင်း ဆေးကြောသွားပြီး သူမ၏မျက်လုံးများသည် နောက်ဆုံးတွင် ရှင်းလင်းမှုကို ပြန်လည်ရရှိသွားလေ၏။

သူမ မှတ်မိသွားလေပြီ။ ဤသည်မှာ နယ်မြေတစ်ခုဖြစ်ပြီး သေရေးရှင်ရေးကို ရင်ဆိုင်နေရသော တုန်လှုပ်ချောက်ချားဖွယ်ကမ္ဘာပင်။ မည်သူကမှ သူမ စိတ်တိုနေခြင်းကို အလိုလိုက်မည် မဟုတ်ချေ။

"မင်းရဲ့ ခွန်အားက ပိုကြီးလား... ငါ့ရဲ့ခွန်အားက ပိုကြီးလား..."

အိမ်ရာမန်နေဂျာသည် အေးစက်စက် လှောင်ပြုံးပြုံးလိုက်ပြီး အနီးသို့ချဥ်းကပ်ကာ သူ၏လက်ပေါ်ရှိ ဖိအားကို တိုးလိုက်သည်။

"မင်းမှာ စွမ်းရည်ရှိရင်... လွတ်အောင် ရုန်းကြည့်လေ..."

"ငါ... ငါ မှားသွားပါတယ်"

ရွှီလီလီ သည် မလှုပ်မယှက်ဖြစ်နေသော ထိုလက်ကို အသေအလဲ ဆွဲခွာရန် ကြိုးစားနေလေ၏။ အားစိုက်ထုတ်မှုကြောင့် သူမ၏လက်သည်းများ ဖြူရော်သွားသော်လည်း အနည်းငယ်မျှပင် သူမ မဖယ်ရှားနိုင်ခဲ့ချေ။

သူမ၏အသားအရေသည် အနီရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့စွာ တောင်းပန်မှုများဖြင့် ပြည့်နှက်နေသည်။

ရွှီလီလီ၏အသိစိတ် စတင်မှေးမှိန်လာချိန်မှာပင် မန်နေဂျာသည် ရုတ်တရက် သူ၏လက်ကို လွှတ်ပေးလိုက်၏။

သူမသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ၏ လည်ပင်းကို ကိုင်ကာ ပြင်းထန်စွာ ချောင်းဆိုးနေပြီး တန်ဖိုးရှိသောလေကို အမောတကော ရှူရှိုက်နေသည်။

ဤသည်ကို မြင်သောအခါ တခြားသူများအားလုံး ထိတ်လန့်သွားသည်။

ဒီသဘာဝလွန်သတ္တဝါက အရမ်းကို ရက်စက်လွန်းတယ်... ဒီလုံခြုံရေးအလုပ်ကို ယှဉ်ပြိုင်လို့ ရပါအုံးမလား....

တခြားအမျိုးသမီးသည် ဤသည်ကို မြင်ပြီးနောက် သူမ၏ခေါင်းကို ဆက်တိုက်ခါယမ်းလိုက်သည်။

"ငါ မပါဝင်တော့ဘူး... သွားပြီ..."

ထိုသို့ပြောဆိုပြီးနောက် သူမသည် ထွက်ပြေးသွားလေ၏။

ရွှီလီလီသည် သူမ၏ လည်ချောင်းကို ကိုင်ကာ တုန်ယင်စွာ မတ်တပ်ရပ်ပြီး နောက်သို့လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။ ဤငရဲကဲ့သို့နေရာတွင် သူမ နောက်ထပ်တစ်စက္ကန့်မျှပင် မနေရဲတော့ချေ။

ထို့နောက် အိမ်ရာမန်နေဂျာ၏ ရေခဲတမျှ အေးစက်သောအကြည့်က လူအုပ်ကြီးအပေါ်သို့ ကျရောက်သွားသည်။ သူ၏ အကြည့်နှင့် ဆုံတွေ့သူတိုင်းသည် ခေါင်းငုံ့သွားကြပြီး သူ့ကို တိုက်ရိုက်မကြည့်ရဲကြတော့ချေ။

မျက်စိတစ်မှိတ်အတွင်း အမျိုးသားလျှောက်ထားသူ လေးဦးသာ ကျန်ရှိတော့သည်။

အိမ်ရာမန်နေဂျာသည် အရေးမပါသော ကိစ္စတစ်ခုကို ယခုလေးတင် လုပ်ဆောင်ခဲ့သကဲ့သို့ သူ၏ဝတ်စုံ လည်စည်းကို သပ်ရပ်အောင် ပြင်လိုက်၏။

"အခုတော့ အများကြီး ပိုပြီး တိတ်ဆိတ်သွားပြီ..."

သူက လေသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

"လုံခြုံရေးအလုပ်က သတ္တိ သတိထားမှုနဲ့ နာခံမှုတွေကို လိုအပ်တယ်... ဒါကြောင့် မင်းတို့အတွက် အကဲဖြတ်မှုတစ်ခု လုပ်ရမယ်... ပထမအဆင့်ကတော့ ငါ့ရဲ့အကြည့်အောက်မှာ ဆယ်စက္ကန့် တောင့်ခံနိုင်ဖို့ပဲ... ဒီအချိန်အတွင်းမှာ မင်းတို့ မျက်တောင်မခတ်ရဘူး...အကြည့် မလွှဲရဘူး... လူတစ်ယောက်ကို အခွင့်အရေး နှစ်ကြိမ် ပေးမယ်... ဘယ်သူ အရင် လုပ်မလဲ..."

ဤမျှထိ ရိုးရှင်းသော တောင်းဆိုချက်ကို ကြားသောအခါ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မကြာမီ အမျိုးသားတစ်ဦးက လက်မြှောက်ကာ ရှေ့သို့ ထွက်လာလေ၏။

"ကျွန်တော် အရင် လုပ်မယ်..."

လူတိုင်း ထိုအမျိုးသားကို ကြည့်လိုက်ကြသည်။ အမျိုးသားသည် အိမ်ရာမန်နေဂျာရှေ့သို့ လျှောက်သွားပြီး တည်ငြိမ်ဟန်ဆောင်ကာ သူ၏သွေးကဲ့သို့ နီရဲနေသော မျက်လုံးများကို ကြည့်ရင်း တံတွေးတစ်လုတ် မျိုချလိုက်သည်။

"စမယ်...."

အိမ်ရာမန်နေဂျာက ခပ်ပြတ်ပြတ် ပြောလိုက်ပြီး ထိုအမျိုးသားကို စိုက်ကြည့်လိုက်၏။

All Chapters