အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) ချေးငွေ ပြန်ဆပ်နေရတာကို ခရီးသွားဖို့ စဉ်းစားနေတုန်းလား
ပထမသုံးစက္ကန့်တွင် ထိုအမျိုးသားသည် မျက်တောင်မခတ်ဘဲ ကြောက်ရွံ့မှုကို အတင်းအကျပ် သည်းခံနေစဉ်၌ သူ၏ နှလုံးခုန်သံမှာ အလွန်အမင်း မြန်ဆန်နေသည်။ ငါးစက္ကန့်သို့ ရောက်သောအခါ သူ ဆက်လက်၍ တောင့်မခံနိုင်တော့ချေ။ သူ ရုတ်တရက် ခေါင်းငုံ့ပြီး အမောတကော အသက်ရှူလိုက်သည်။
"ကျရှုံးတယ်... နောက်တစ်ယောက်...."
အိမ်ရာမန်နေဂျာက အေးစက်စက် ပြောဆိုသည်။
ထိုအမျိုးသားသည် သူ၏စိတ်ကို ရှင်းလင်းရန် ခေါင်းခါယမ်းရင်း အလျင်အမြန် နောက်ဆုတ်သွားလေ၏။
မည်သည်ကြောင့်မှန်းမသိရဘဲ ထိုအနီရောင် မျက်လုံးများကို သူ ကြည့်လေလေလေ ပို၍ကြောက်လန့်လာလေလေဖြစ်ပြီး သူ၏ စိတ်ကူးယဉ်မှုများ စတင်၍ရူးသွပ်လာလေလေပင်။ အတိုချုပ်ပြောရလျှင် ဆယ်စက္ကန့်လေးကိုပင် သူ တောင့်မခံနိုင်ခဲ့ချေ။
ထို့နောက် တခြားအမျိုးသားတစ်ဦး ရှေ့သို့ထွက်လာသည်။ ငါးစက္ကန့် ကုန်လွန်သွားပြီး သူသာ်လည်း မအောင်မြင်ခဲ့ချေ။ သူထံ၌ အခွင့်အရေး တစ်ကြိမ် ကျန်သေးသော်လည်း တခြားတစ်ယောက်ကို အရင် လုပ်ခွင့် ပေးရပေမည်။
တတိယမြောက်လူမှာ လီကျဲ့ ပင်။ သူ ရှေ့သို့ ထွက်လာချိန်၌ သူ့ဇနီးနှင့်ကလေး၏ ပုံရိပ်များ သူ၏ စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာသည်။ ဤလုံခြုံရေး အလုပ်ကို သူ သေချာပေါက် ရအောင် ယူရပေမည်။
သူသည် အိမ်ရာမန်နေဂျာ၏ မျက်လုံးများကို ရင်ဆိုင်ရန် ရှေ့သို့ တိုးသွားသော်လည်း သုံးစက္ကန့်မျှသာ ကြည့်ပြီးနောက် သူသည် ကြောက်မက်ဖွယ်ကောင်းသော အရာများစွာကို မြင်တွေ့လိုက်ရသည်။
သူ နားလည်သွားလေပြီ။ ယခင်လူ နှစ်ယောက် မည်သည်ကြောင့် ကျရှုံးခဲ့ရသည်ကို သူ လုံးလုံးလျားလျား နားလည်သွားလေပြီ။
ဤမျက်လုံးများသည် အခြေခံအားဖြင့် ကြေးမုံမှန်တစ်ချပ် ဖြစ်ပေ၏။ ထိုအရာသည် လူတိုင်း၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး၊ အခြေခံအကျဆုံး ကြောက်ရွံ့မှုများကို တိကျစွာ ရောင်ပြန်ဟပ်ပေးပြီး ပုံကြီးချဲ့ ပြသနိုင်သည်။
သူ၏အမြင်အာရုံထဲတွင် မူလက ကျန်းမာပြီး ပန်းရောင်သန်းနေသော သူ့ဇနီးလင်းဝေ၏ မျက်နှာ ချက်ချင်းပြာနှမ်းသွားသည်။ သူမသည် ကုတင်ပေါ်တွင် နာကျင်စွာ ကွေးကွေးလေး နေပြီး ပြင်းထန်စွာ ချောင်းဆိုးနေကာ သူမ၏အသက်ရှူသံမှာ အလွန် အားနည်းနေလေ၏။
အနှီးထုတ်ထဲတွင် ရှိနေသေးသော သူ့ကလေးငယ်လေး၏ မျက်နှာသည် ပုံမှန်မဟုတ်သော ခရမ်းရောင်သန်းသည့် အပြာရောင် ဖြစ်နေပြီး ကလေး၏ငိုသံမှာ ပိုးကြိုးလေးတစ်မျှင်ကဲ့သို့ အားနည်းနေသည်။
"ဟင့်အင်း..."
ကြီးမားသော ထိတ်လန့်မှုတစ်ခုက သူ၏ နှလုံးသားကို ဖမ်းဆုပ်လိုက်သည်။ သူသည် အမောတကော အသက်ရှူလိုက်ပြီး မသိစိတ်မှ မျက်လုံးများကို မှိတ်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားလေ၏။
အကဲဖြတ်မှု ကျရှုံးတယ်...
အိမ်ရာမန်နေဂျာ၏ နှုတ်ခမ်းထောင့်သည် သတိမပြုမိနိုင်လောက်သော အကွေးတစ်ခုအဖြစ် ကွေးတက်သွားပုံရသည်။ ဤသည်မှာ လူ့သဘာဝ၏ အားနည်းချက်ကို နက်ရှိုင်းစွာ နားလည်မှုမှ ဖြစ်ပေါ်လာသော အေးစက်သည့် လှောင်ပြုံးတစ်ခုပင်။
"ကျရှုံးတယ်... နောက်ဆုံး တစ်ယောက်..."
ချန်အန်းက တိတ်တဆိတ် ရှေ့သို့ ထွက်လာပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိချေ။
သူ၏ အကြည့်သည် ထိုအနီရောင် မျက်လုံးများနှင့် တည်ငြိမ်စွာ ဆုံတွေ့လိုက်၏။
ငါးစက္ကန့် ကုန်လွန်သွားပြီး သူလည်း စတင်၍ အမောတကော အသက်ရှူလိုက်ကာ မသိစိတ်မှ နောက်ဆုတ်ပြီး မျက်တောင်ခတ်လိုက်သဖြင့် ကျရှုံးကြောင်း ကြေညာခြင်း ခံလိုက်ရသည်။
ဤနေရာတွင်ရှိနေသော လူလေးယောက်လုံး ကျရှုံးသွားခဲ့လေပြီ။
"ထပ်ကြိုးစားကြည့်..."
လူတိုင်း၏ ဒုတိယ အခွင့်အရေး စတင်ချိန်တွင် လူလေးယောက်လုံး တဖန်ထပ်၍ ကျရှုံးသွားခဲ့သည်။ သူတို့ အောင်မြင်ရန် မျှော်လင့်ချက် လုံးဝမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုကြောက်ရွံ့မှုသည်အလွယ်တကူ ဖယ်ရှားပစ်နိုင်သောအရာ မဟုတ်သောကြောင့်ပင်။
"မင်းတို့အားလုံး ကျရှုံးတယ်... ဒါပေမဲ့... မင်းတို့ကို ငါ နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်တယ်... ဒီည ဆယ်နာရီ အချိန်တိတိကျကျ ဒီနေရာကို ရောက်လာတဲ့သူတွေကို ဒုတိယအခွင့်အရေး ပေးမယ်...."
ဤစကားကို ကြားသောအခါ လူတိုင်းသည် ဝမ်းသာပျော်ရွှင်မှု လှိုင်းတစ်ခုကို ခံစားလိုက်ရလေ၏။
အခွင့်အရေး ရှိသေးတာပဲ....
သူတို့ ချက်ချင်းသဘောတူလိုက်ကြသည်။
အချိန်တခဏအကြာတွင် အိမ်ရာမန်နေဂျာ ထွက်သွားပြီး လူလေးယောက်လည်း လူစုကွဲသွားကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သူစိမ်းများ ဖြစ်ကြပြီး ယခုအချိန်သည် သူငယ်ချင်းဖွဲ့ရန် အချိန်မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် တူညီသော အလုပ်တစ်ခုအတွက် တိုက်ခိုက်နေကြသည့် ပြိုင်ဘက်များ ဖြစ်ကြပြီး လူမှုဆက်ဆံရေး ပြုလုပ်ရန် စိတ်ခံစားချက် မရှိကြပေ။
...
လူတချို့က အချိန်ပိုင်း အလုပ်ရှာရန် စိုးရိမ်ပူပန်နေကြချိန်တွင် လူတချို့ကမူ မတူညီသော ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်ကာ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုသို့ သွားခဲ့ကြသည်။
လီကျဲ့ နှင့်တခြားသူများသည် လုံခြုံရေး အလုပ်နေရာတစ်ခုအတွက် အိမ်ရာမန်နေဂျာ၏ နီရဲသော အကြည့်အောက်တွင် ကြောက်ရွံ့မှု ဒဏ်ကို ခံစားနေရချိန်၌ ကစားသမား ရှောင်ကျယ်ယန်သည် "အေးချမ်းသော အိမ်" ဟုခေါ်သော တိုက်ခန်းအိမ်ယာ၏ အဝင်ဝရှိ အကျိုးဆောင် ာဆိုင်တစ်ဆိုင်တွင် ထိုင်နေလေ၏။
အိမ်ရာရုံးခန်း၏ အသက်ရှူကြပ်ဖွယ် လေထုနှင့်မတူဘဲ ဤနေရာသည် လင်းထိန်ပြီး သန့်ရှင်းနေကာ နွေးထွေးသော အရောင်ရှိသည့် မီးရောင်များသည် သက်တောင့်သက်သာရှိသော အရိပ်အယောင်လေး တစ်ခုပင် ပါဝင်နေသည်။
သို့သော် သူ့ကို နှုတ်ဆက်နေသော အကျိုးဆောင် အကြံပေး၏ အပြုံးသည် အလွန်အမင်း စံချိန်မီလွန်းနေပုံရသည်။ အထက်သို့ ကွေးတက်နေသော သူ၏နှုတ်ခမ်းထောင့်သည် ပေတံဖြင့် တိုင်းတာထားသကဲ့သို့ ဖြစ်နေပေ၏။
"လူကြီးမင်း... အခုပြောတာက... ဒီတိုက်ခန်းအိမ်ယာက လူကြီးမင်းရဲ့ အိမ်ကို ရောင်းချင်တယ်ဆိုတဲ့သဘောလား..."
အကြံပေး၏ အသံသည် အလွန်ညင်သာသော်လည်း သတိမပြုမိနိုင်လောက်အောင် ထူးဆန်းသော အလင်းရောင်တစ်ခုက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။
"ဟုတ်တယ်..."
ရှောင်ကျယ်ယန်က သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းကာ အသံကိုနှိမ့်လိုက်သည်။
"ငါက ငွေသား အရေးပေါ်လိုနေလို့... လက်ငင်းငွေသားနဲ့ ဝယ်နိုင်သရွေ့ ဈေးက ပေါက်ဈေးထက် နည်းနည်း နိမ့်လို့ရတယ်..."
ဤသည်မှာ အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူ တွေးတောမိခဲ့သော ဖြေရှင်းချက်ပင်။
ပိုက်ဆံရှာရတာ ဒီလောက်ခက်နေမှတော့... ဘာလို့ ငါ့ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှုကို ငွေသားအဖြစ် ဘာလို့ မပြောင်းဘဲနေရမှာလဲ... ဥပမာပြောရရင် အစကတည်းက ပေးထားတဲ့ ဒီအိမ်ကိုပေါ့....
ငွေသား အမြောက်အများ ရရှိခြင်းက ချေးငွေကို ပြန်ဆပ်ရန် လုံလောက်မည်ဖြစ်ပြီး ရှင်းလင်းရေး အခြေအနေများကိုပင် တိုက်ရိုက်ပြည့်မီသွားစေနိုင်သည်။
ဤနည်းလမ်းသည် အခြေခံအားဖြင့် နယ်မြေ၏ လစ်ဟာချက်ကို အခွင့်ကောင်းယူခြင်း ဖြစ်ပေ၏။ ဤသည်က အလုပ်ဖြစ်မည် မဖြစ်မည်ကို သူ သေချာမသိသော်လည်း အကယ်၍ အလုပ်ဖြစ်ပါက ထိုငွေများကို ဘဏ်သို့ယူသွားပြီး ချေးငွေကို ပြန်ဆပ်ကာ မြန်မြန်ဆန်ဆန် ရှင်းလင်းနိုင်ပေမည်။
"အရမ်းတောင်းပန်ပါတယ်... ဒါပေမဲ့ လူကြီးမင်းရဲ့ အိမ်က ချေးငွေနဲ့ ဝယ်ထားတာပါ... ကျေးဇူးပြုပြီး ချေးငွေတွေအားလုံး ပြန်ဆပ်ပြီးမှ ပြန်လာခဲ့ပါ..."
ဤစကားကို ကြားသောအခါ ရှောင်ကျယ်ယန်၏ မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။
အဲ့ဒီအချက်ကို ငါ သိနေလို့ ဒီနေရာကို လာခဲ့တာလေ... တကယ်လို့ ငါသာ ပြန်ဆပ်ပြီးသွားရင် ငါက ဘာလို့ ရောင်းတော့မှာလဲ...
"ဒါဆိုလည်း မေ့လိုက်တော့..."
ရှောင်ကျယ်ယန်က မှုန်တေတေအမူအရာဖြင့် ထွက်သွားရန် ဟန်ပြင်လိုက်၏။
"လူကြီးမင်း... ခဏလောက် စောင့်ပါအုံး... ဒီနေရာမှာ ကျွန်တော်တို့ စီစဥ်ထားတဲ့ ကမ်းလှမ်းမှုလေးတစ်ခု ရှိတယ်... လူကြီးမင်း စိတ်ဝင်စားမလား မသိဘူး..."
"ဟင်... ဘာကမ်းလှမ်းမှုလဲ..."
"တကယ်လို့ လူကြီးမင်းက ကျွန်တော်တို့ တိုက်ခန်းအိမ်ယာမှာ အိမ်ဝယ်ဖို့ ဖောက်သည်သစ်တစ်ယောက် ခေါ်လာပေးနိုင်မယ်ဆိုရင်... အကြေပဲဖြစ်ဖြစ် ချေးငွေနဲ့ပဲ ဖြစ်ဖြစ်... လူကြီးမင်းကို ကျွန်တော်က ယွမ်တစ်သောင်းပေးမယ်... ဘယ်လိုလဲ..."
ရှောင်ကျယ်ယန်၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။
ဒီလို လည်ပတ်မှုမျိုး တကယ်ကြီး ရှိတာလား။ ဒါက လက်တွေ့ဘဝက Pinduoduoအွန်လိုင်းပလက်ဖောင်းနဲ့ အတိအကျ တူနေတာပဲ...
အသုံးပြုသူသစ် တစ်ယောက်ကို ခေါ်လာပေးရုံနဲ့ ယွမ် တစ်သောင်း ရနိုင်တယ်ပေါ့....တခြားသူကို အိမ်ဝယ်ဖို့ ချေးငွေ ယူခိုင်းရတာက တော်တော်လေး ကိုယ်ကျင့်တရား ကင်းမဲ့ပေမဲ့... 'ကိုယ်သေတာထက် သူများသေတာက ပိုကောင်းတယ်' ဆိုတဲ့ စကားပုံလိုပဲလေ... တကယ်လို့ ကိုယ်က ငရဲထဲ မဝင်ချင်ရင်... တခြားသူတွေကို ဝင်ခိုင်းရမှာပေါ့ ..
"ငါ စဉ်းစားကြည့်ပါ့မယ်..."
"အရမ်းကောင်းတာပေါ့... ဒါဆို ကျွန်တော်တို့ ဆက်သွယ်ဖို့ အချက်အလက်တွေ အပြန်အလှန် ဖလှယ်ထားကြရအောင်... ဧည့်သည်တွေ အများကြီး ခေါ်လာပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."
"အင်း..."
...
နယ်မြေစီမံခန့်ခွဲမှု ဟင်းလင်းပြင်၌....
"အိမ်ရောင်းဖို့ တကယ်ကြီးတွေးခဲ့တဲ့ ဉာဏ်ကောင်းတဲ့သူ တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...အရမ်း ရယ်ရတာပဲ..."
ကစားသမားတစ်ဦးက ဤမျှထိ 'ဉာဏ်ကောင်း' လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဆာရာသည် အော်ဟစ်ရယ်မောနေလေ၏။
ချန်လန်က အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။ "အဲ့ဒီကိစ္စအတွက် ငါ အစီအစဉ်တွေ ဆွဲထားပြီးပြီ... အိမ်ကို ရောင်းဖို့က မဖြစ်နိုင်ဘူး..."
တာဝန်ကို ပြီးမြောက်ရန်အတွက် တစ်စုံတစ်ယောက်က လစ်ဟာချက်များကို အသုံးပြုရန် ကြိုးစားလိမ့်မည်ကို သူ ကြာမြင့်စွာကတည်းက စဉ်းစားထားခဲ့ပြီးဖြစ်သည်။ ပထမဆုံးနေ့မှာပင် ထိုကိစ္စ ဖြစ်ပွားလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ခြင်းသာ ဖြစ်ပေ၏။
"ဒါပေမဲ့... ဒီပထမဆုံးနေ့မှာ လူတိုင်းရဲ့ စိတ်ခံစားမှု တန်ဖိုးတွေ သိပ်မပြောင်းလဲသေးဘူး... အနုတ်လက္ခဏာစွမ်းအင် တိုးတက်မှုက အရမ်းနှေးနေတယ်..."
ဆာရာက အနုတ်လက္ခဏာစွမ်းအင် တိုးတက်မှုကို တစ်ချက်ကြည့်လိုက်ရာ ယခင်နယ်မြေနှစ်ခုထက် များစွာနည်းပါးနေသည်။
"မလောပါနဲ့... သူတို့ကို အဲ့ဒီလောက်ထိ မြန်မြန် မျှော်လင့်ချက်မဲ့သွားစေမှာ မဟုတ်ဘူး... ပုံမှန်အနေနဲ့ ချေးငွေဆိုတာ ပြန်ဆပ်ဖို့ အနှစ်နှစ်ဆယ် သုံးဆယ် ကြာတယ်လေ... အချိန်ကို ငါ ချုံ့ထားတယ်... ဒါပေမဲ့ မတော်တဆမှုတွေကိုလည်း ငါ ချုံ့ထားတယ်... ဘဝဆိုတာ ဘယ်တော့မှ ချောမွေ့နေတာ မဟုတ်ဘူး..."
"ကောင်းတယ်... ငါ မစောင့်နိုင်တော့ဘူး..."
ဤလူများ နောက်ထပ် မည်မျှထိ မျှော်လင့်ချက်မဲ့သွားမည်ကို ကြည့်ရှုရန် ဆာရာသည် စိတ်အားထက်သန်နေလေပြီ
...
မွန်းလွဲပိုင်း....
ပိုင်လန် တိုက်ခန်းအိမ်ယာ၌....
တုန်းဝူဟုအမည်ရသော ကစားသမားတစ်ဦးသည် လက်ရှိ ပတ်ဝန်းကျင်နှင့် လျှင်မြန်စွာ အသားကျသွားပြီး သူ၏လက်ရှိဇနီးကို အလွန်သဘောကျနေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိဇနီးသည် သူ၏ စံပြပုံစံနှင့် အတိအကျ တူညီနေသောကြောင့်ပင်။ သူမသည် လှပကာ ခန္ဓာကိုယ် အချိုးအစား ကောင်းမွန်ပြီး နားလည်မှု ရှိသည်။ သူမသည် သူ၏ အိပ်မက်ထဲမှချစ်သူ လုံးလုံးလျားလျား ဖြစ်နေပေ၏။
ဤအခိုက်အတန့်တွင် တုန်းဝူသည် မီးဖိုချောင်ထဲ၌ ညစာအတွက် ပြင်ဆင်နေပြီး သီချင်းလေး ညည်းကာ အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်နေသည်ဟု ခံစားနေရသည်။
အကြောင်းအရင်းမှာ သူနှင့် သူ၏ဇနီးနှစ်ယောက်လုံး ဝင်ငွေမြင့်မားသူများ ဖြစ်ကြသောကြောင့်ပင်။ လတိုင်းအကြွေးများ ပြန်ဆပ်ပြီးနောက် သူတို့ထံတွင် ယွမ် ငါးထောင် ကျန်ရှိနေပေမည်ဖြစ်၏။ နေ့စဉ် အသုံးစရိတ်များကို ဖယ်ပြီးပါက သူတို့ထံတွင် အနည်းဆုံး ယွမ်ရာဂဏန်း အနည်းငယ် ကျန်ရှိနေပေမည်။ ကလေး မရှိသောကြောင့် သူတို့၏ဘဝ မယုံနိုင်လောက်အောင် သာယာနေသည်။
ဤနယ်မြေမှ သူ ထွက်သွားနိုင်မည်ဟု သူ သေချာနေလေ၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ဤနေရာတွင် ဆက်နေပြီး ကျန်ရှိသော ဘဝတလျှောက်လုံး သူ၏ ဇနီးနှင့်အတူ ဖြတ်သန်းသွားရန်ပင် သူ ပို၍ဆန္ဒရှိသည်။
"ငါ အရမ်းအားကျတာပဲ... ရှောင်လင်းတို့က ခရီးထပ်ထွက်သွားကြပြန်ပြီ... ငါတို့ရော ဘယ်တော့မှ ခရီးသွားလို့ရမှာလဲ..."
ထိုအချိန်၌ သူ့ဇနီးဖြစ်သူ၏အသံက မီးဖိုချောင် အပြင်ဘက်မှ ထွက်ပေါ်လာလေ၏။ ဤစကားကို ကြားသောအခါ တုန်းဝူ၏နှလုံးသား ဆတ်ခနဲ တုန်ရီသွားပြီး သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားကာ အပြစ်ရှိစိတ် လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် သူ၏ဇနီးသည် ဤကဲ့သို့သော စကားမျိုးကို မရေမတွက်နိုင်အောင် ပြောခဲ့ပြီးလေပြီ။
သို့ရာတွင် သူတို့သည် ချေးငွေဆပ်ရအုံးမည် ဖြစ်သဖြင့် ခရီးသွားရန် သူတို့မှာ အပိုငွေ လုံးဝမရှိဟု သူ တွေးလိုက်မိသည်။
Book 11 end.