← Chapters

မျှော်လင့်ထားသော အလှည့်အပြောင်းများ

Vol. 16 Ch. 170

မျှော်လင့်ထားသော အလှည့်အပြောင်းများ

Vol. 16 Ch. 170

လူတွေက လောဘတက်နေကြရင်ရော ဘာဖြစ်သလဲ။ ဦးနှောက်ရှိတဲ့သူဆိုရင်တော့ လူအများရှေ့မှာ သူ့ကို ရှောင်ယောင်ဂိုဏ်းရဲ့ သိုင်းပညာတွေ အတင်းအကြပ် လွှဲပြောင်းပေးဖို့ တောင်းဆိုရဲမှာ မဟုတ်ပေ။ အကြောင်းမှာ ဆွံ့အနားမကြား တောင်ကြားအတွင်း၌ အင်အားစုအသီးသီး ရှိနေကြပြီး မည်သူကမျှ တစ်ဖက်လူကို တစ်ဦးတည်းနှင့် ဖိနှိပ်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ ဒါကလည်း မိစ္ဆာအိုကြီး တင်းချွန်းချိုး ယခင်က အလွယ်တကူ လှုပ်ရှားခြင်း မပြုရဲခဲ့သည့် အကြောင်းရင်းပင် ဖြစ်တော့၏။

သို့သော်လည်း ချူကျန့်ကမူ အလွန်တရာ စိတ်မသက်မသာ ဖြစ်နေရဆဲပင်။

အတိတ်ကာလ လျှို့ဝှက်သိုင်းလောကတွင် ရှိစဉ်က သူသည် နေရာအနှံ့၌ ရန်သူများဖြင့် ဝိုင်းရံခံခဲ့ရဖူးသည်။ သို့သော် သူရဲကောင်းများနှင့် မိသားစုဝင်များအတွက် ကလဲ့စားချေရန် မိစ္ဆာဂိုဏ်းနှင့် သွေးစွန်းလက်ဂိုဏ်း အပါအဝင် ထိပ်တန်းဂိုဏ်းကြီး အတော်များများကို သူ တစ်ကိုယ်တော် မျိုးဖြုတ်သုတ်သင်ခဲ့ပြီးနောက်တွင်မူ သူ့ကို တိုက်ရိုက် စိန်ခေါ်ရဲသူ လုံးဝ မရှိတော့ချေ။ သူ့ကို တိုက်ခိုက်မည့် နည်းလမ်းများမှာလည်း ချုံခိုတိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ အဆိပ်ခတ်ခြင်းနှင့် ထောင်ချောက်ဆင်ခြင်းတို့ကဲ့သို့သော အောက်တန်းကျသည့် နည်းလမ်းများဘက်သို့သာ လုံးလုံးလျားလျား ကူးပြောင်းသွားခဲ့သည်။

သို့ရာတွင် လျန်တူမြို့မှ ထွက်ခွာလာပြီးနောက် ပထမဆုံး အရှေ့ပင်လယ် မဟာမိတ်အဖွဲ့မှ ဓားပြများ၊ ထို့နောက် လူဆိုးကြီးလေးယောက်နှင့် ယခု ရှင်းရှို့ဂိုဏ်းမှ တင်းချွန်းချိုးတို့က တစ်ယောက်ပြီးတစ်ယောက် သူ့ကို ပြောင်ပြောင်တင်းတင်း လာရောက် ရန်စနေကြ၏။ ချူကျန့်၏ ရင်ထဲတွင် ဒေါသမီးတို့မှာ တငွေ့ငွေ့ လောင်မြဲလောင်နေ၏။

သူက ပြဿနာများကို ဖိတ်ခေါ်လိုသူ မဟုတ်သော်ငြား ပြဿနာများက သူ့ထံသို့ အဆက်မပြတ် ရောက်ရှိလာခြင်းကိုလည်း အလိုမရှိပေ။

'ဂရုစိုက်နေမှာ မဟုတ်ဘူး ... ငါက နာမည်ကြီးနေမှတော့ ပိုပြီး ကြီးကျယ်တဲ့ ကိစ္စတစ်ခုလောက် လုပ်ပြလိုက်တာပေါ့ ... တင်းချွန်းချိုးထက် မနိမ့်တဲ့ သိုင်းပညာရှိတဲ့ ဒီတိဘက် ဘုန်းကြီးကိုပါ အလဲထိုးပြလိုက်ရင် ငါ့ကို လာရှုပ်ချင်တဲ့သူတွေ သူတို့ရဲ့ အရည်အချင်းကို ပြန်ဆန်းစစ်သွားကြမှာပဲ ...'

ချူကျန့်က ကုမာရဂျီဝ နှင့် မုရုံဖူ တို့ကို အတင်းအကြပ် ပြုံးပြလိုက်ပြီး ပထမဆုံး စတင် တိုက်ခိုက်သင့်သလားဟု တွေးတောနေစဉ် အတော်လေး ရုပ်ဆိုးလှသော ရှောင်လင်ကျောင်းသား လူငယ်လေး တစ်ယောက်က တရားထိုင် ကုသနေသော လူအုပ်ထဲမှ ထွက်လာသည်။

သူက စုရှင်းဟယ် အနားသို့ လာကာ လက်နှစ်ဖက် ဆုပ်လျက် ရိုသေစွာ ဦးညွှတ်လိုက်၏။

“အလှူရှင်စု ... ကျွန်တော်က ရှောင်လင်ကျောင်းက ဆူးကျူပါ ... အဆိပ်မိပြီး ဒဏ်ရာရနေတဲ့ ကျွန်တော့်ဂိုဏ်းက ဆရာသမားတွေနဲ့ လူကြီးမင်းတွေကို ကယ်တင်ပေးဖို့ အလှူရှင်စုကို အကူအညီတောင်းခံချင်ပါတယ် ...”

ဟန်ကူတံခါးစောင့် ရှစ်ယောက်၊ ရှောင်လင်ဂိုဏ်းနှင့် မုရုံဖူ၏ ကိုယ်ရံတော် လေးယောက်တို့မှာ အဆိပ်မိကာ ဒဏ်ရာများဖြင့် အဖမ်းခံထားရခြင်း ဖြစ်သဖြင့် ထိရောက်သော ကုသမှုများကို မရရှိခဲ့ကြပေ။ ရွှယ်မုဟွာက အလျင်အမြန်ပင် ကုသမှုများ စတင်ပေးနေသော်လည်း သူ၏ ကိုယ်ပေါ်တွင် ဆေးဝါးများ များများစားစား မရှိသဖြင့် အပ်စိုက်ကုသခြင်းဖြင့်သာ ယာယီ ဝေဒနာသက်သာအောင် ပြုလုပ်ပေးနိုင်တော့၏။

ဆွံ့အနားမကြား တောင်ကြားအတွင်း ဆေးဝါးများ ရှိနေသော်လည်း စုရှင်းဟယ်၏ ခွင့်ပြုချက်မရဘဲ အိမ်ထဲသို့ ရွှယ်မုဟွာ ဝင်မယူရဲသလို မည်သည့်နေရာတွင် ထားရှိကြောင်းကိုလည်း သူ မသိရှိပေ။

ဆူးကျူမှာ ငယ်ရွယ်ဖြူစင်သူ ဖြစ်သည့်အပြင် သူ၏ ဆရာသမားကို ကယ်တင်လိုစိတ် ပြင်းပြနေသဖြင့် စုရှင်းဟယ်နှင့် ချူကျန့်တို့ သစ်သားအိမ်ထဲမှ ပြုံးပြုံးရွှင်ရွှင်ဖြင့် ထွက်လာသည်ကို မြင်သောအခါ ဆေးဝါးများ ရရှိရန် မျှော်လင့်ချက်ဖြင့် အကူအညီ လာရောက်တောင်းခံခြင်း ဖြစ်၏။

စုရှင်းဟယ်က အကြောင်းရင်းကို သိလိုက်ရသောအခါ ဒဏ်ရာရသူများနှင့် အဆိပ်မိနေသူများမှာ အမှန်တကယ်ပင် အားအင်ကုန်ခမ်းနေကြောင်း မြင်လိုက်ရသည်။

ချွေးတလုံးလုံး ဖြစ်နေသော ရွှယ်မုဟွာကလည်း သူ့ကို အားကိုးတကြီး ကြည့်နေ၏။ သူက ချူကျန့်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

“ဂိုဏ်းချုပ် ... ဒီတောင်ကြားထဲမှာ ဆေးဝါးတချို့ ရှိပါတယ် ... ဒါပေမဲ့ ပမာဏကတော့ အကန့်အသတ် ရှိနေတယ် ... ဂိုဏ်းချုပ်ရဲ့ မိတ်ဆွေက ဘာရောဂါ ခံစားနေရတာလဲ ဆိုတာ သိပါရစေ ...”

ရွှယ်မုဟွာ၏ စကားလုံးများမှာ အချက်နှစ်ချက်ကို ဆိုလိုနေခြင်းပင်။ ပထမမှာ ဆေးဝါးများကို ထုတ်ပေးရန် ချူကျန့်၏ သဘောထားကို တောင်းခံခြင်းဖြစ်ပြီး ဒုတိယမှာမူ ကောရှန်ကို ကုသရန် လိုအပ်သော ဆေးဝါးများကို ကြိုတင် ချန်ထားနိုင်ရန်တည်း။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ဆေးဝါးပြတ်လပ်မှု ဖြစ်နိုင်ပါ၏။

သို့သော်လည်း သူက “ဂိုဏ်းချုပ်” ဟု သုံးနှုန်းလိုက်ခြင်းက လူတိုင်းကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေပြန်သည်။ စုရှင်းဟယ်သည် ချူကျန့်၏ နောက်မှ ရိုသေစွာ လိုက်ပါလာသည်ကို မြင်ကတည်းက လူတိုင်းက ဇဝေဇဝါ ဖြစ်နေကြခြင်း ဖြစ်၏။ ၎င်းတို့က အမွေဆက်ခံခြင်း ဆိုသည်မှာ စုရှင်းဟယ်က ချူကျန့်ကို တပည့်အဖြစ် လက်ခံလိုက်ခြင်းဟုသာ ထင်မှတ်ထားခဲ့ကြသည်။

ဆရာဖြစ်သင့်သူ စုရှင်းဟယ်က ချူကျန့်ကို “ဂိုဏ်းချုပ်” ဟု ခေါ်ဝေါ်လိမ့်မည်ဟု ဘယ်သူကမျှ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ဒါက ဘယ်လို ဖြစ်ရတာလဲ။

ဤလူငယ်လေးက သိုင်းလောကရှိ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှသော “ရှောင်ယောင်ဂိုဏ်း” ၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီလား။

မုရုံဖူနှင့် ကုမာရဂျီဝ တို့၏ မျက်လုံးများထဲရှိ ထူးဆန်းသော အလင်းရောင်များက ပို၍ပင် တောက်ပလာတော့သည်။ အထူးသဖြင့် မိမိ၏ တိုင်းပြည်ကို ပြန်လည် ထူထောင်ရန် ပြင်းပြသော ဆန္ဒရှိနေသည့် မုရုံဖူ၏ စိတ်ထဲတွင် နောင်တနှင့် မနာလိုမှုများ လွှမ်းမိုးသွားလေပြီ။ အကယ်၍ သူသာ ကျန်းလုံစစ်တုရင်ပွဲကို ဖြေရှင်းနိုင်ခဲ့ပါက ရှောင်ယောင်ဂိုဏ်းချုပ် ရာထူးနှင့် ပြိုင်ဘက်ကင်း သိုင်းပညာများမှာ သူ၏ လက်ဝယ်သို့ ရောက်ရှိလာမည် ဖြစ်ရာ တိုင်းပြည် ပြန်လည် ထူထောင်ရေးအတွက် ကြီးမားလှသော အထောက်အကူ ဖြစ်လာမည်မှာ သေချာလှ၏။

ဤအခိုက်အတန့်တွင် ချူကျန့်အပေါ် ထားရှိခဲ့သော ကျေးဇူးတင်စိတ်များမှာ မနာလိုမှုအောက်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားရသည်။ သူသည် အလွန်တရာ ပါးနပ်စဉ်းစားဉာဏ် များသူ ဖြစ်သော်ငြား သူ၏ မျက်နှာမှာမူ အနည်းငယ် ရှုံ့မဲ့သွားရတော့၏။

စုရှင်းဟယ်က သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လူသိရှင်ကြား ထုတ်ဖော်လိုက်သဖြင့် ချူကျန့်လည်း အံ့အားသင့်သွားရသည်။ ဒါက ကောရှန်ကို ကယ်တင်ရန် စုရှင်းဟယ်ကို ပြန်ခေါ်ရန် အလျင်စလို ဖြစ်နေမှုကြောင့် ကြိုတင် သတိမပေးမိခဲ့သော သူ၏ အမှားပင်။

သို့သော် ချုကျန့် ပြန်လည် စဉ်းစားလိုက်၏။

သိုင်းလောက တစ်ခွင်လုံးကို ကြေညာပြီးသွားမှတော့ ဇာတ်ကောင်တွေလည်း အနှေးနဲ့အမြန် သိကြမှာပဲ ... ဘာလို့ လျှို့ဝှက်ထားနေဦးမှာလဲ ... ပြီးတော့ ငါ့ကို မနာလိုပြီး ရန်ငြိုးထားတဲ့သူတွေလည်း အများကြီး ရှိနေပြီပဲ ... ဂိုဏ်းချုပ် ရာထူးလေး တစ်ခုကြောင့်နဲ့တော့ ရန်သူ ပိုမတိုးလာနိုင်ပါဘူး ...

သူက ကောရှန်း၏ ရောဂါလက္ခဏာများ၊ သူ၏ ထင်မြင်ချက်များနှင့် သမားတော် ရှီချီကျိန်း ၏ ရောဂါ ရှာဖွေချက်များကို စုရှင်းဟယ်အား တိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။

စုရှင်းဟယ်က အားရပါးရ ရယ်မောလိုက်၏။

“ဂိုဏ်းချုပ် ... စိတ်အေးအေး ထားပါ ... ကျွန်တော်တို့ ဂိုဏ်းက သိုင်းပညာ တစ်ခုတည်းနဲ့ နာမည်ကြီးတာ မဟုတ်ပါဘူး ... ဆေးပညာ၊ ဗေဒင်ပညာနဲ့ နက္ခတ်ဗေဒင် ပညာတွေမှာလည်း ကျော်ကြားလှပါတယ် ... ဂိုဏ်းတူတူလေး ရွှယ်မုဟွာ ကိုပဲ ကြည့်ပါ ... သူက ကျွန်တော်တို့ရဲ့ ဆေးပညာ အခြေခံလေးကိုပဲ သင်ယူခဲ့ရတာတောင် 'ငရဲမင်းရန်သူ' ဆိုတဲ့ ဘွဲ့ကို ရထားတာလေ ... ကျွန်တော်ကတော့ သူ့ထက် ဆေးပညာကို နည်းနည်း ပိုသင်ထားခဲ့တာဆိုတော့ ဂိုဏ်းချုပ် ပြောတဲ့ 'အပြင်ဘက်က မိစ္ဆာစွမ်းအင်တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်တာ' ကို ကုသဖို့ဆိုတာ လုံးဝ မခက်ခဲပါဘူး ...”

ဤအဘိုးအိုမှာ သိုင်းလောကတွင် အတော်လေး ကျော်ကြားသူ ဖြစ်ကြောင်း ချူကျန့် သိထားသလို ယခု ဂိုဏ်းချုပ်ဖြစ်သူ သူ၏ရှေ့တွင် ကြွားဝါရဲသည် ဆိုလျှင်မူ အပြည့်အဝ ယုံကြည်မှု ရှိနေ၍သာ ဖြစ်ရမည်။ သူ၏ စိုးရိမ်ပူပန်နေသော စိတ်နှလုံးမှာ နောက်ဆုံးတွင် သက်သာရာ ရသွားလေပြီ။ စိတ်ကြည်လင်သွားသဖြင့် ဆေးဝါးများအပေါ်တွင်လည်း ဂရုမစိုက်တော့ဘဲ လက်ဝှေ့ယမ်းကာ ဆိုလိုက်၏။

“ကောင်းပါပြီ ... သင့်တော်တဲ့ ဆေးတွေကိုတော့ ချန်ထားလိုက်ပါ ... ကျန်တာတွေကိုတော့ ဒီကို လာခဲ့ကြတဲ့ မိတ်ဆွေတွေကို ကူညီပေးဖို့ တူလေးရွှယ် ကို ပေးလိုက်ပါ ...”

“ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း နာခံပါ့မယ် ...”

စုရှင်းဟယ်သည် ဟန်ကူတံခါးစောင့် ရှစ်ယောက်ကို ချက်ချင်း ခေါ်ယူလိုက်ပြီး ပြောလိုက်သည်။

“အတိတ်တုန်းက တင်းချွန်းချိုး ကြောင့် မင်းတို့ကို ဂိုဏ်းကနေ ထုတ်ပယ်ဖို့ကလွဲလို့ ငါ့မှာ အခြားရွေးချယ်စရာ မရှိခဲ့ဘူး ... ဒီနေ့မှာတော့ ငါတို့ ဂိုဏ်းမှာ ဂိုဏ်းချုပ်အသစ် ရှိနေပြီ ... မင်းတို့ ဂိုဏ်းထဲကို ပြန်ဝင်ခွင့် ရမရ ဆိုတာက ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ် ...”

ရွှယ်မုဟွာ အပါအဝင် ရှစ်ယောက်စလုံးမှာ ချူကျန့်ရှေ့တွင် ချက်ချင်း ဒူးထောက် ဂါရဝပြုလိုက်ကြပြီး ရှောင်ယောင်ဂိုဏ်းသို့ ပြန်လည် ဝင်ရောက်ခွင့် ပေးရန် တောင်းပန် တိုးလျှိုးကြတော့သည်။

ထုတ်ပယ်ခံထားရသည်မှာ အနှစ် နှစ်ဆယ်၊ သုံးဆယ် ရှိနေသော်ငြား ဂိုဏ်းအပေါ် သစ္စာရှိစွာဖြင့် ပြန်လည် ဝင်ရောက်လိုကြသည်ကို မြင်သောအခါ ချူကျန့် ခေတ္တမျှ စဉ်းစားပြီးနောက် သဘောတူလိုက်၏။

အထူးသဖြင့် ၎င်းတို့အထဲတွင် နတ်သမားတော် ရွှယ် ရှိနေခြင်းကြောင့်ပင်။

ကောရှန်၏ ဒဏ်ရာကို ကြုံတွေ့ခဲ့ရပြီးနောက် သူ၏ အနားတွင် နတ်သမားတော် တစ်ဦး ရှိနေခြင်း၏ အရေးပါမှုကို ချူကျန့် အလေးအနက် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ချန်လင်းစု၊ စုရှင်းဟယ် နှင့် ရွှယ်မုဟွာ ... အကယ်၍ ၎င်းတို့အထဲမှ တစ်ယောက်ယောက်သာ သူ၏ အနားတွင် ရှိနေခဲ့ပါက အဘယ်ကြောင့် မိုင်ပေါင်း ရာနှင့်ချီ၍ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ကာ ဆွံ့အနားမကြား တောင်ကြား သို့ လာနေရပါမည်နည်း။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ...”

ဟန်ကူတံခါးစောင့် ရှစ်ယောက်မှာ အသက်အရွယ်အရ လူကြီးများ ဖြစ်ကြသော်လည်း ချူကျန့်က တင်းချွန်းချိုးကို အနိုင်ယူ၍ ထိုပုဂ္ဂိုလ်တို့၏ အသက်ကို ကယ်တင်ပေးခဲ့သူ ဖြစ်သည့်အပြင် သိုင်းလောကတွင်လည်း နာမည်ကျော်ကြားသူ ဖြစ်၏။ ယခု စုရှင်းဟယ် ကိုယ်တိုင်ကပင် လက်အောက်ငယ်သားအဖြစ် ခံယူထားသည်ကို မြင်ရသောအခါ ၎င်းတို့ အားလုံးမှာ စိတ်ရင်းဖြင့် အထင်ကြီးလေးစားသွားကြပြီး တပည့်များကဲ့သို့ ရိုသေစွာဖြင့် ချူကျန့်ကို နောက်တစ်ကြိမ် နှုတ်ဆက်လိုက်ကြတော့သည်။

ချူကျန့်သည် လျန်တူမြို့သို့ အမြန် ပြန်လိုသဖြင့် ရွှယ်မုဟွာနှင့် ဒဏ်ရာ မသက်သာသေးသော ကျန်တပည့် ခုနစ်ယောက်ကိုမူ တောင်ကြား၌သာ နေထိုင်၍ ကျန်းမာရေး ဂရုစိုက်ရန်နှင့် ရှောင်လင်တပည့်များကို ဆက်လက် ကုသပေးရန် ညွှန်ကြားလိုက်သည်။ သူ၏ ကိုယ်ရံတော်များကို စုရုံးစေကာ စုရှင်းဟယ်နှင့်အတူ ခရီးထွက်ရန် ပြင်ဆင်လိုက်တော့၏။

ထိုအခိုက်အတန့်၌ တောင်ကြားအဝင်ဝဘက်ကနေ လူတစ်ယောက် ယိုင်တိယိုင်တိုင်နဲ့ ပြေးဆင်းလာပြီး ဩရှရှ အသံဖြင့် အော်ဟစ်နေသည်။

“စစ်သူကြီးချူ ...”

ချူကျန့် ချက်ချင်း မှတ်မိလိုက်သည်။

ထိုသူသည် တောင်ခြေတွင် ရထားလုံးကို စောင့်ကြည့်ရန် ထားရစ်ခဲ့သော ကိုယ်ရံတော်များထဲမှ တစ်ဦး ဖြစ်၏။ ထိုလူမှာ သွေးများ ရွှဲနစ်နေပြီး ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ ချူကျန့်ကို အထိတ်လန့်ဆုံးနှင့် အဒေါသထွက်ဆုံး ဖြစ်စေသည့် အရာမှာ ထိုကိုယ်ရံတော်၏ နားရွက်နှစ်ဖက်စလုံး ဖြတ်တောက်ခံထားရပြီး သူ၏ မျက်နှာပေါ်တွင် ဧရာမ “သတ်” ဆိုသည့် စာလုံးကြီးကို ဓားဖြင့် မွှန်းထားခြင်းပင် ဖြစ်တော့သည်။

အံ့ဩတုန်လှုပ်နေကြသော အသံများကြားမှ ချူကျန့် ရှေ့သို့ အပြေးအလွှား တိုးသွားလိုက်သည်။ ကိုယ်ရံတော်၏ လက်မောင်းကို ဆွဲကိုင်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“ဘာဖြစ်တာလဲ ...”

အသက် (၁၇) နှစ်သာ ရှိသေးသော ထိုကိုယ်ရံတော်လေးမှာ ပုံမှန်အားဖြင့် အလွန် ပျော်ပျော်နေတတ်သူ ဖြစ်သော်လည်း ယခုမူ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာကာ ရှိုက်ကြီးတငင် ငိုယိုရင်း ပြောလာတော့သည်။

“စစ်သူကြီးချူ ... တပ်မှူး ကျူးချွမ် နဲ့ တခြား ညီအစ်ကို နှစ်ယောက်ကို တောင်ခြေမှာ လီဇီတုန်း ရဲ့ လူတွေ အရှင်ဖမ်းသွားကြပါပြီ ... လီဇီတုန်းက စစ်သူကြီးရဲ့ သဲလွန်စကို ပြောဖို့ အတင်းအကြပ် ခိုင်းစေခဲ့ပေမယ့် သူတို့က ငြင်းဆန်ခဲ့ကြတယ် ... အဲဒါကြောင့် သူတို့ကို ကြိုးနဲ့ချည်ပြီး အသားတွေကို တစ်စစီ လှီးဖြတ်နေကြပါတယ် ...”

ထိုအခိုက်အတန့်မှာ ချူကျန့်၏ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး သူ၏ ဒေါသအမျက်တို့မှာ ချက်ချင်းပင် တစ်ဟုန်ထိုး ဆူပွက်လာတော့သည်။

Book 16 end.

All Chapters