← Chapters

ရှောင်ယောင် ဂိုဏ်း၏ အမွေအနှစ်

Vol. 16 Ch. 166

ရှောင်ယောင် ဂိုဏ်း၏ အမွေအနှစ်

Vol. 16 Ch. 166

အဘိုးအိုက ညင်သာစွာ မေးလိုက်သည်။

"ကလေးလေး... မင်းနာမည် ဘယ်လိုခေါ်လဲ..."

တစ်ဖက်လူမှာ ရန်လိုမည့်ဟန် မရှိသည်ကို မြင်သောအခါ ချူကျန့် သက်ပြင်းတစ်ချက် ချလိုက်နိုင်သော်ငြား "ကလေးလေး" ဟု ခေါ်ဝေါ်ခံရခြင်းအတွက် အနည်းငယ် ရှက်ရွံ့နေမိသည်။

သူက ဖြေလိုက်၏။

"ဒီဂျူနီယာက ချူလော့ကျွင်း ပါ... ဆရာကြီးက ဘာလုပ်မလို့..."

ချူကျန့်သည် အဘိုးအို ဘာလုပ်ချင်သနည်းဟု မေးချင်သော်လည်း အဘိုးအိုက ပြုံး၍ စကားဖြတ်ပြောလိုက်သည်။

"ချူလော့ကျွင်း... အင်း... နာမည်လေးက မဆိုးပါဘူး..."

ရုတ်တရက် အဘိုးအိုက လက်ကို ဆန့်ထုတ်ကာ ချူကျန့်၏ ပုခုံးပေါ်သို့ တင်လိုက်သည်။ အနည်းငယ် တွန့်လိပ်နေသော ထိုလက်ထဲမှ နွေးထွေးသော လှိုင်းလုံးတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ချူကျန့် ချက်ချင်း ခံစားလိုက်ရတော့သည်။ ဒါက... သူ၏ အတွင်းအားကို စမ်းသပ်နေခြင်းလော။

"ကလေးလေး... မင်းရဲ့ အတွင်းအားက အတော်လေး အစွမ်းထက်တာပဲ... မင်းအရွယ်နဲ့ ဒီလို နက်ရှိုင်းတဲ့ အတွင်းအားမျိုး ရှိဖို့ဆိုတာ တကယ်ကို ရှားပါတယ်... မဆိုးပါဘူး... မဆိုးပါဘူး... ကောင်းကင်ဘုံက ငါ့အတွက် မျိုးစေ့ကောင်းလေး တစ်စေ့ ချပေးလိုက်တာပဲ... အရေးအကြီးဆုံးကတော့..."

ပြောနေရင်းနှင့်ပင် အဘိုးအိုသည် လက်ကို ထပ်မံ ဆန့်ထုတ်ကာ ချူကျန့်၏ မျက်နှာကို ထိတွေ့လိုက်ပြီးနောက် ခေါင်းညိတ်ကာ ဆိုသည်။

"အလွန်ကောင်းတယ်... အခြေခံကတော့ ရှိနေသေးတယ်... မင်းရဲ့ မူလ ရုပ်သွင်ကို ငါ ပြန်ဖော်ပေးမယ်..."

ဘာ...

ချူကျန့် စကားပြန်မပြောနိုင်မီမှာပင် အဘိုးအို၏ လက်မှ မှိန်ပျပျ အလင်းရောင်တစ်ခု ထွက်ပေါ်လာတော့သည်။ ချူကျန့်သည် သူ၏မျက်နှာကို နွေးထွေးသော ရေနွေးထဲတွင် စိမ်ထားရသကဲ့သို့ ခံစားလိုက်ရသည်။ အဘိုးအို၏ လက်သည် သူ၏ မျက်နှာကို မုန့်ညက်နယ်သကဲ့သို့ ခေတ္တမျှ နယ်ဖတ်နေပြီးနောက် နောက်ဆုံးတွင် လွှတ်ပေးလိုက်တော့သည်။ ထို့နောက် သူက ချူကျန့်ကို စေ့စေ့စပ်စပ် သေချာ ကြည့်ရှုကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

"အင်း... ဒီလိုဆိုတော့ မင်းက အများကြီး ပိုကြည့်ကောင်းသွားပြီ... ဒီရုပ်ရည်မျိုးနဲ့ဆိုရင် မင်းကို သဘောကျမယ့်သူ ရှိလာဖို့ အခွင့်အလမ်း အများကြီး ရှိတယ်... အဲဒီအခါကျရင် မင်း သူ့ကို သိုင်းပညာ သင်ပေးဖို့ တောင်းဆိုလို့ ရတာပေါ့..."

စကားပြောနေရင်းနှင့်ပင် အဘိုးအိုသည် ချူကျန့်ကို ချည်နှောင်ထားသော အတွင်းအားများကို ရုပ်သိမ်းလိုက်သည်။ ချူကျန့်သည် မျက်နှာကို စမ်းသပ်ရင်း နောက်သို့ ကပျာကယာ ဆုတ်ခွာလိုက်တော့၏။ အင်း... သူ၏ နှာတံက အနည်းငယ် ပိုစင်းလာပြီး မျက်နှာပေါက်မှာလည်း အတော်လေး ပြောင်းလဲသွားလေ၏။ သူ၏ လက်တွေ့ဘဝက မျက်နှာနှင့် နည်းနည်း တူသွားသလိုပင်..။

'ဒီအဘိုးအိုက ပလတ်စတစ် ဆာဂျရီ ဆရာဝန် များလား... ခွဲစိတ်ဓားတောင် မလိုဘူး...'

'သေစမ်း... ဒီဂိမ်းက အလက်တွေ့ဆန်ဆုံး သိုင်းလောကလို့တောင် ပြောရဲသေးတယ်... လက်တွေ့ဆန်တာ... ငါ လျှို့ဝှက်လောကမှာ ကျင်လည်ခဲ့ရသမျှ တစ်သက်လုံး ဒီလောက် အစွမ်းထက်တဲ့ ပလတ်စတစ် ဆာဂျရီ ဆရာဝန်မျိုး တစ်ခါမှ မမြင်ဖူးဘူး...'

ချူကျန့် စိတ်ထဲမှ ကျိန်ဆဲနေစဉ်မှာပင် အဘိုးအို၏ စကားများကို ရုတ်တရက် သတိရသွားတော့သည်။ "မင်းရဲ့ မူလ ရုပ်သွင်ကို ငါ ပြန်ဖော်ပေးမယ်..." သူ၏ ကျောရိုးထဲ စိမ့်ခနဲ အေးသွားလေပြီ။

'သေစမ်း... ဒီအဘိုးအိုက ဂိမ်းထဲ စဝင်တုန်းက ငါ့ရဲ့ မျက်နှာကို မူလပုံစံအတိုင်း ပြန်ပြောင်းလိုက်တာများလား...'

ချူကျန့်မှာ ထိတ်လန့်တကြားဖြစ်သွားပြီး သူ၏ ဇာတ်ကောင် အချက်အလက်များကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။ အချက်အလက်များတွင် သူ၏ လက်ရှိ အခြေအနေဖြစ်သော ရုပ်ရည်နှင့် ဝတ်စားဆင်ယင်မှု အပါအဝင် အသေးစိတ်ကျသော "ဓာတ်ပုံ" တစ်ပုံကို ပြသထားသည်။

"ဓာတ်ပုံ" ထဲရှိ သူ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ချူကျန့်၏ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး အေးခဲသွားတော့သည်။

သူသည် လက်တွေ့ဘဝတွင်ပင် သူ၏ တကယ့်မျက်နှာကို ပြသရန် မနှစ်သက်ချေ။ ဂိမ်းထဲတွင်ဆိုလျှင် ပို၍ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ တကယ့်ရုပ်ရည်မှာ နာမည်ကြီး မင်းသားများထက်ပင် နိမ့်ကျခြင်း မရှိဘဲ အမျိုးသမီးများ၏ အာရုံစိုက်မှုကို လွယ်ကူစွာ ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။ သိုသိုသိပ်သိပ် နေထိုင်နိုင်ရန်အတွက် ဂိမ်းထဲတွင် ဇာတ်ကောင် ဖန်တီးစဉ်က သူ၏ မျက်နှာကို အတတ်နိုင်ဆုံး သာမန်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ခြင်း ဖြစ်၏။

သို့သော် ယခုမူ ဤအဘိုးအိုသည် အမည်မသိ နည်းလမ်းတစ်ခုခုကို အသုံးပြုကာ သူ၏ သာမန်မျက်နှာကို လက်တွေ့ရုပ်ရည်အပေါ် အခြေခံ၍ ဂိမ်းဇာတ်ကောင် ဖန်တီးစဉ်က မူလရုပ်သွင်အတိုင်း ပြန်လည် ပြောင်းလဲပေးလိုက်လေပြီ။

'သေစမ်း... ငါ့ရဲ့ သာမန်ရုပ်ရည်ကို ပြန်ပေးစမ်း...'

ချူကျန့်မှာ အံ့ဩခြင်းနှင့် ဒေါသတို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာတော့သည်။ ဒါက ယခုမှစ၍ ဂိမ်းထဲတွင် ဤအလွန် သိသာထင်ရှားသော လက်တွေ့ရုပ်ရည်ဖြင့် နေထိုင်ရတော့မည်ဟု ဆိုလိုခြင်းလော။

သူ့ကို အေးအေးချမ်းချမ်း နေခွင့်တောင် မပေးတော့ဘူးလား။

စဉ်းစားကြည့်ပါ သူက ရုပ်ဖျက်ပညာကို မသင်ယူရသေးချေ (ရှောင်ယွီအာ ဆိုသည့်ကောင်က သူ့ကို မသင်ပေးရသေးဘဲ မိန်းကလေးတစ်ယောက်နှင့် ထွက်ပြေးသွားသည် မဟုတ်လော)။ ထို့ကြောင့် မျက်နှာဖုံး တပ်ထားခြင်းမှလွဲ၍ သူ၏ ရုပ်ရည်ကို ဖုံးကွယ်ရန် ကောင်းမွန်သော နည်းလမ်း လုံးဝ မရှိတော့ပေ။ သို့သော် ထိုသို့ဆိုလျှင် သူ မြို့ထဲသို့ပင် ဝင်နိုင်မည် မဟုတ်သလို အချိန်တိုင်း မျက်နှာဖုံး တပ်ထား၍လည်း မဖြစ်နိုင်ချေ။

သူ၏ စွမ်းအားမှာ ဤအဘိုးအိုထက် အများကြီး နိမ့်ကျနေကြောင်းကိုသာ မသိခဲ့ပါက ချူကျန့်သည် သူ၏ ဓားကို ဆွဲထုတ်ကာ သေမတတ် တိုက်ခိုက်မိလောက်ပြီ ဖြစ်သည်။ ဤအဘိုးအိုနှင့် ထိုခဏတာ အပြန်အလှန် လှုပ်ရှားမှုလေးကနေ သူ ဘယ်လိုမှ အနိုင်မယူနိုင်မှန်း သိလိုက်လေပြီ။ အကောင်းဆုံး အခြေအနေမှာတောင် နိုင်ဖို့ အခွင့်အရေးက နည်းပါးလှတာ... အခုလို ဒဏ်ရာရပြီး မောပန်းနေတဲ့ အချိန်မှာတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

"အဘိုးကြီး... ကျွန်တော့် မျက်နှာ..."

ချူကျန့်သည် ဒေါသများကို မျိုသိပ်ထားလိုက်သော်ငြား ဒေါသအဟုန်ကြောင့် သူ့ကို ဆရာကြီးဟုပင် မခေါ်ချင်တော့သလို ကိုယ့်ကိုယ်ကိုယ်လည်း ဂျူနီယာဟု မပြောချင်တော့ချေ။

အကောင်းဆုံးကတော့ ဤအဘိုးအိုကို သူ့အပေါ် မနှစ်မြို့အောင် လုပ်ပြီး သူ့ကို ပြန်လွှတ်ပေးရန်ပင် ဖြစ်သည်။ သူ မမှားဘူးဆိုပါက အစောပိုင်းက အဘိုးအို၏ တီးတိုးရေရွတ်သံများမှတစ်ဆင့် ဤအဘိုးအိုသည် လူတစ်ယောက်ကို ရှာဖွေနေပုံရပြီး သူက အဖိုးတန် စစ်တုရင်ပွဲ ကို ဖြေရှင်းနိုင်ခဲ့သောကြောင့် ဤအဘိုးအို၏ ရွေးချယ်ခံရသူ စာရင်းတွင် ပါဝင်သွားကာ ဤကဲ့သို့သော ကြီးမားလှသည့် ဘေးဆိုးကြီးနှင့် ကြုံတွေ့ရခြင်း ဖြစ်ကြောင်း ကောက်ချက်ချနိုင်၏။

သာမန်ဖြစ်ပြီး သတိမထားမိလောက်သော သူ၏မျက်နှာကို ပြန်လည် ပြောင်းလဲပေးရန် အဘိုးအိုအား မတောင်းဆိုရသေးမီမှာပင် အဘိုးအိုက ပြုံး၍ စကားဖြတ်ပြောလိုက်သည်။

"ကျောက်မျက်ရတနာပေါ်က ဖုန်တွေကို သုတ်သင်ပေးလိုက်ရုံပါပဲ... ပြန်လည် တောက်ပခွင့် ပေးလိုက်တာပါ... မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး..."

'ကျုပ်က ခင်ဗျားကို ကျေးဇူးတင်နေတာများ ဘယ်မျက်လုံးနဲ့ မြင်လို့လဲ...'

ချူကျန့်မှာ ဒေါသပေါက်ကွဲထွက်လုမတတ် ဖြစ်နေသော်ငြား အတင်းအကြပ် ဖိနှိပ်ထားလိုက်ရသည်။

လျှို့ဝှက်လောကတွင် ကျင်လည်ခဲ့ရသော အတွေ့အကြုံရင့် ပညာရှင် တစ်ဦးအနေဖြင့် ဤကဲ့သို့သော စိတ်ကူးပေါက်ရာ လုပ်တတ်သည့် မိစ္ဆာအိုကြီးများ အကြောင်းကို သူ ကောင်းစွာ သိရှိထား၏။

ဤမိစ္ဆာအိုကြီးကို ဒေါသထွက်စေပြီး လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်မခံရဘဲ သူ့အပေါ် လက်လျှော့သွားစေရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ "အသက်သွေးကြောကို ဖြတ်တောက်ရန်" အစွန်းရောက်သော နည်းလမ်းကို အသုံးပြုရန်ပင် ဖြစ်တော့သည်။

ထို့ကြောင့် ချူကျန့်သည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အလွန်တရာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

"ဆရာကြီး... တကယ်လို့များ ကျန်းလုံ စစ်တုရင်ပွဲ ကို ဖြေရှင်းနိုင်မယ့်သူကို ရှာနေတာဆိုရင်တော့ တောင်းပန်ပါတယ်... ဆရာကြီး လူရှာမှားသွားပါပြီ... ကျွန်တော့်ရဲ့ စစ်တုရင် စွမ်းရည်က အလွန်တရာ ညံ့ဖျင်းလှပြီး အဲဒီအကွက်ကို ဘယ်လို ဖြေရှင်းလိုက်မိလဲ ဆိုတာတောင် ကျွန်တော် ကိုယ်တိုင် မသိပါဘူး... သက်သက် ကံကောင်းသွားတာပါ..."

မမျှော်လင့်ဘဲ အဘိုးအိုသည် ပို၍ပင် ပြုံးရွှင်သွားပြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... မင်းရဲ့ စစ်တုရင် စွမ်းရည်က အရေးမကြီးပါဘူး... မင်း ဒီကို ရောက်လာတာကိုက မင်းမှာ ကြီးမားတဲ့ ကံကြမ္မာ ရှိပြီး ကောင်းချီးရထားတဲ့သူ ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲ... ဒါ့အပြင် မင်းက ရုပ်ရည်လည်း သန့်ပြန့်တယ်... မင်းရဲ့ ပါရမီကလည်း သာမန်လူတွေထက် အများကြီး သာလွန်တယ်ဆိုတော့ ရှောင်ယောင် ဂိုဏ်းရဲ့ တတိယမျိုးဆက် ဆက်ခံသူ ဖြစ်လာဖို့ အကောင်းဆုံး လူပါပဲ... လာ... ကလေးလေး... ဆရာကန်တော့တဲ့ အခမ်းအနားကို မြန်မြန် လုပ်ကြစို့..."

ရှောင်ယောင် ဂိုဏ်းရဲ့ မျိုးဆက်သစ် ဆက်ခံသူ ဟုတ်လား တပည့်ခံရမယ်။

ချူကျန့် ရုတ်တရက် သတိရသွားတော့သည်။ သိုင်းလောကတွင် "ကျန်းလုံ စစ်တုရင်ပွဲ" ကို ဖြေရှင်းနိုင်သူသည် ရှောင်ယောင် ဂိုဏ်း၏ သိုင်းပညာ အမွေအနှစ်များကို ရရှိမည်ဟု ကောလာဟလ ထွက်နေသည် မဟုတ်လော။ ဒါဆို အဲဒါက တကယ်ပေါ့။

သို့သော် ဂိုဏ်းတစ်ခု၏ အမွေအနှစ်ကို လက်ခံရရှိရန် လိုအပ်သော အချိန်နှင့် ကြိုးစားအားထုတ်မှုများကို ချူကျန့် ကောင်းစွာ သိရှိထား၏။ ဆယ်ရက် သို့မဟုတ် လဝက်အတွင်း ပြီးစီးနိုင်မည် မဟုတ်ဘဲ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ခန့်ပင် ကြာမြင့်နိုင်သည်။

သူက ကောရှန်ကို ကယ်တင်ရန် အလျင်စလို ဖြစ်နေသည်ကို... ရှောင်ယောင် ဂိုဏ်း၏ သိုင်းပညာများကို ဤနေရာတွင် သင်ယူရန် သူ့မှာ အဘယ်မှာ အချိန်ရှိပါမည်နည်း။

ထို့အပြင် သူ့ထံတွင် နတ်ဘုရားအဆင့် သိုင်းပညာ အချို့ ရှိနေပြီဖြစ်ပြီး သိမ်မွေ့လှသော သိုင်းကွက်ပေါင်း မြောက်မြားစွာကိုလည်း သိရှိထားပြီဖြစ်ရာ ရှောင်ယောင် ဂိုဏ်းထံမှ နောက်ထပ် သိုင်းပညာများ သင်ယူရန် လုံးဝ မလိုအပ်တော့ချေ။

အရေးအကြီးဆုံးမှာ သိုင်းလောကတွင် နောက်တစ်ကြိမ် လှည့်လည်သွားလာရန် သူ့မှာ ရည်ရွယ်ချက် လုံးဝ မရှိတော့ပေ။ ကောရှန်၏ ကိစ္စကို ဖြေရှင်းပြီးသည်နှင့် ချန်လင်းစု နှင့်အတူ သိုင်းလောကမှ ထွက်ခွာကာ အေးချမ်းသော မြို့လေးတစ်မြို့တွင် သိုသိုသိပ်သိပ် နေထိုင်ပြီး ဆေးဖော်စပ်ခြင်းနှင့် အခြားသော အလုပ်အကိုင်များမှတစ်ဆင့် တိတ်တဆိတ် ချမ်းသာအောင် လုပ်တော့မည် ဖြစ်သည်။

ချူကျန့်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ငြင်းဆန်လိုက်သည်။

"ဦးလေး... ကျွန်တော့်ရဲ့ ဉာဏ်ရည်က အလွန်တရာ နိမ့်ကျလှပါတယ်... သာမန် သိုင်းပညာတွေကို သင်ယူဖို့တောင် အရမ်း ခက်ခဲနေတာဆိုတော့ ရှောင်ယောင် ဂိုဏ်းရဲ့ ထိပ်တန်း သိုင်းပညာတွေကို သင်ယူဖို့ဆိုတာ..."

အဘိုးအိုက သူ၏ စကားကို ဖြတ်ပြောလိုက်၏။

"မင်း ..တင်းချွန်းချိုး ကို အနိုင်ယူခဲ့တာ မဟုတ်ဘူးလား..."

အဘိုးအို၏ စွမ်းရည်အရဆိုလျှင် အရာအားလုံးကို ရှင်းလင်းစွာ ကြားသိခဲ့မည်မှာ သေချာလှသဖြင့် ချူကျန့်က ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ..."

"မင်းရဲ့ လက်ရှိ အတွင်းအား ကျင့်ကြံမှုနဲ့ဆိုရင် အလွန် အစွမ်းထက်တဲ့ သိုင်းပညာ တစ်ခုခုကို မသင်ယူထားဘဲ တင်းချွန်းချိုးကို အနိုင်ယူဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ... အဲဒီသိုင်းပညာတွေကို သင်ယူနိုင်တာကိုက မင်းရဲ့ ဉာဏ်ရည် လုံးဝ မနိမ့်ကျဘူးဆိုတာကို သက်သေပြနေတာပဲ... မင်းရဲ့ ဉာဏ်ရည်က နိမ့်ကျတယ်ဆိုရင်တောင် အဲဒီသိုင်းပညာတွေကို သင်ယူနိုင်တယ်ဆိုရင် ရှောင်ယောင် ဂိုဏ်းရဲ့ သိုင်းပညာတွေကိုလည်း မင်း သင်ယူနိုင်မှာပါ..."

'ဒီလိုလည်း ရတာလား...'

မှင်သက် ထုံထိုင်းသွားသော ချူကျန့်သည် အခြား ယုတ္တိရှိသော အကြောင်းပြချက် တစ်ခုကို ချက်ချင်း စဉ်းစားလိုက်မိတော့သည်။

"ဆရာကြီးရဲ့ ကမ်းလှမ်းမှုအတွက် ကျွန်တော် အများကြီး ဂုဏ်ယူမိပါတယ်... ဒါပေမဲ့ ကျွန်တော်က ရှန်းချန် မြို့က သူရဲကောင်းကြီး ကောကျင့် ရဲ့ တပည့် ဖြစ်နေပါပြီ... 'တစ်ရက် ဆရာ၊ တစ်သက် ဖခင်' ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လား... သိုင်းပညာတွေအတွက်နဲ့ ကျွန်တော့် ဖခင် ကို သစ္စာဖောက်ပြီး တခြားလူ တစ်ယောက်ရဲ့ တပည့် ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ..."

မမျှော်လင့်ဘဲ အဘိုးအိုမှာ ပို၍ပင် ကျေနပ်သွားပုံရပြီး ခေါင်းညိတ်ကာ ဆိုသည်။

"အလွန်ကောင်းတယ်... မင်းက နှိမ့်ချတတ်တယ်၊ ရိုးသားတယ်... အမြတ်အစွန်းထက် ဖြောင့်မတ်မှုကို ပိုပြီး တန်ဖိုးထားတယ်... ဒီသိုင်းလောကမှာ မင်းလို ဖြူစင်တဲ့ နှလုံးသားရှိတဲ့သူ သိပ်မများဘူး... ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ငါ အရမ်း သဘောကျပါတယ်... ငါ တစ်ခုတည်း စိုးရိမ်ခဲ့တာက မင်းလည်း တင်းချွန်းချိုးလို ကိုယ့်ဆရာကို သစ္စာဖောက်မယ့်သူ ဖြစ်နေမလား ဆိုတာပဲ... အခုတော့ ငါ နောက်ဆုံးမှာ စိတ်အေးသွားရပြီ... ငါ မသေခင်မှာ မင်းလို ကျောက်မျက်ရတနာကောင်းလေး တစ်ခုကို ပို့ပေးလိုက်တဲ့ ကောင်းကင်ဘုံက ငါ့အပေါ် ကရုဏာထားတာ ဖြစ်ရမယ်... ကလေးလေး... ဒီနားကို လာခဲ့..."

သူက ချူကျန့်ကို လာရန် ပြောလိုက်သော်ငြား သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခုက ချူကျန့်ကို ဆွဲခေါ်သွားတော့၏။

"ဆရာကြီး..."

ချူကျန့်က ပြတ်ပြတ်သားသား ငြင်းဆန်ရန် ပြင်လိုက်သော်လည်း အဘိုးအို၏ လက်ဝါးသည် သူ၏ ပုခုံးပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်စက္ကန့်တွင် သူ၏ အတွင်းအားများ တာတမံ ကျိုးကျသွားသော ရေလွှမ်းမိုးမှုကြီးတစ်ခုအလား စုပ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရတော့သည်။

All Chapters