← Chapters

မျှော်လင့်မထားသော ဝမ်းမြောက်ခြင်း

Vol. 16 Ch. 169

မျှော်လင့်မထားသော ဝမ်းမြောက်ခြင်း

Vol. 16 Ch. 169

ချူကျန့်သည် အံ့ဩချီးကျူးမိခြင်းကြောင့် လျှာကို တသပ်သပ် ဖြစ်သွားရ၏။ အမျိုးမျိုးသော ဂိုဏ်းအသီးသီး၏ ထိပ်တန်းသိုင်းပညာရပ်များသည် များသောအားဖြင့် ထိုဂိုဏ်း၏ ကိုယ်ပိုင်အတွင်းအား ကျင့်စဉ်ကို အခြေခံမှသာ အစွမ်းအစ အပြည့်အဝ ထွက်ပေါ်လာလေ့ ရှိသည်မှာ လူတိုင်း သိထားသည့် အချက်ပင် ဖြစ်သည်။ သို့သော်လည်း ယခု ရရှိလိုက်သော အငယ်စား ပုံသဏ္ဌာန်မဲ့ ကျင့်စဉ် ရှိနေပါက မြောက်ပိုင်း အမှောင် အတွင်းအားကို အခြေခံအဖြစ် အသုံးပြုရုံဖြင့် မည်သည့် ထိပ်တန်းသိုင်းကွက်ကိုမဆို ပြီးပြည့်စုံလုနီးပါး ထုတ်ဖော်နိုင်တော့မည် ဖြစ်သည်။

သူသည် နတ်ဘုရား အလင်းဖြာ ကျင့်စ‌ဉ် နှင့် နှလုံးသားပြတ်တောက်ခြင်း ကျင့်စဉ်တို့ကို ဆုံးရှုံးလိုက်ရသော်လည်း ၎င်းတို့၏ အစား မြောက်ပိုင်း အမှောင် နတ်ဘုရား သိုင်းစဉ် နှင့် အငယ်စား ပုံသဏ္ဌာန်မဲ့ ကျင့်စဉ် တို့ကို ပြန်လည် ရရှိလိုက်ခြင်းက ခြုံငုံကြည့်လျှင် သူ၏ စွမ်းအားကို ကြီးမားစွာ တိုးတက်စေခဲ့ပေ၏။

အမှန်တကယ်တော့ ချူကျန့်သည် နတ်ဘုရား အလင်းဖြာ ကျင့်စ‌ဉ် နှင့် နှလုံးသားပြတ်တောက်ခြင်း ကျင့်စဉ်တို့ကို စွန့်လွှတ်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။ တစ်ခုက အသက်ကယ်နိုင်သော အစွမ်းရှိပြီး ကျန်တစ်ခုမှာမူ ပုံသဏ္ဌာန်မဲ့ ကောင်းကင်နတ်ဆိုး နှင့် ဆက်နွယ်နေသည့် ထူးခြားနက်နဲသော သိုင်းပညာရပ် တစ်ခု ဖြစ်လေရာ ၎င်းတို့ကို လက်လွှတ်လိုက်ရခြင်းမှာ အလွန် နှမြောစရာ ကောင်းလှပေ၏။ အနှေးနှင့်အမြန် ထိုနတ်ဘုရားအဆင့် အတွင်းအား ကျင့်စဉ် နှစ်ခုကို ပြန်လည် သင်ယူနိုင်ရန် သူ နည်းလမ်း ရှာရပါဦးမည်။

ချူကျန့်သည် အငယ်စား ပုံသဏ္ဌာန်မဲ့ ကျင့်စဉ် မျက်နှာပြင်ကို ပိတ်လိုက်ချိန်မှာပင် သူ၏ နားထဲသို့ စနစ်၏ အသိပေးသံ တစ်ခု ထွက်ပေါ်လာတော့၏။

“ဒင် ... သင်ဟာ နတ်ဘုရားအဆင့် သိုင်းပညာ နှစ်ခုကို အမြင့်ဆုံး ပြီးပြည့်စုံခြင်း အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တဲ့အတွက် သိုင်းပညာအပေါ် ထိုးထွင်းသိမြင်မှုတွေ ရရှိခဲ့ပါတယ် ... ဉာဏ်ရည် (၄) မှတ် တိုးလာပါတယ် ...”

ချူကျန့်မှာ မှင်သက် ထုံထိုင်းသွားရသည်။ ဘာ ... ဉာဏ်ရည် (၄) မှတ် တိုးလာတာလား ...

ဟုတ်ပေ၏ သိုင်းပညာ လမ်းကြောင်းတွင် ရတနာအဆင့် သို့မဟုတ် ထိုထက် မြင့်မားသော သိုင်းပညာရပ် တစ်ခုခုကို အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံနိုင်ပါက ဉာဏ်ရည် တိုးတက်လာနိုင်ခြေ ရှိကြောင်း မြောင်ရန်ဖုန်း ပြောခဲ့သည်ကို သူ သတိရလိုက်မိ၏။ ထို့ကြောင့်ပင် တင်းချွန်းချိုးနှင့် တိုက်ပွဲအပြီးတွင် သူသည် နတ်ဘုရား အလင်းဖြာ ကျင့်စ‌ဉ်ကို နဝမအဆင့်အထိ ကျင့်ကြံနိုင်ပါက သူ၏ ဉာဏ်ရည် တစ်မှတ် သို့မဟုတ် နှစ်မှတ်ခန့် တိုးလာနိုင်မည်ဟု တွေးတောခဲ့ဖူးသည်။

ကံမကောင်းစွာဖြင့် သူသည် နတ်ဘုရား အလင်းဖြာ ကျင့်စ‌ဉ်ကို နဝမအဆင့်သို့ မရောက်နိုင်သေးမီမှာပင် သူ၏ အတွင်းအားများမှာ ဝူယာကျီ၏ စုပ်ယူခြင်းကို ခံလိုက်ရသဖြင့် သူ များစွာ နောင်တရနေခဲ့မိ၏။

သို့သော် ယခုမူ ဤကဲ့သို့ စွမ်းအား လွှဲပြောင်းပေးမှုမှတစ်ဆင့် ရရှိလာသော အမြင့်ဆုံး ကျင့်ကြံမှု အဆင့်ကို ဂိမ်းစနစ်က အသိအမှတ်ပြုပေးလိုက်ခြင်းမှာ အမှန်တကယ်ပင် မျှော်လင့်မထားသော ဝမ်းမြောက်ခြင်းပင် ဖြစ်တော့သည်။

ဤသို့ဖြင့် သူ၏ ဉာဏ်ရည် အမှတ်မှာ (၁၄) မှတ်မှ (၁၈) မှတ်အထိ တိုးတက်လာခဲ့လေပြီ ... သာမန်လူများ၏ ပျမ်းမျှ ဉာဏ်ရည် အမှတ် (၂၀) နှင့် အနည်းငယ် ကွာဟနေသေးသော်လည်း ယခုမှစ၍ သူ့ကို ဉာဏ်ရည် အလွန် နိမ့်ကျသော လူအ အသုံးမကျသူ တစ်ယောက်အဖြစ် မည်သူမှ သတ်မှတ်နိုင်တော့မည် မဟုတ်ပေ။

ဉာဏ်ရည် (၁၈) မှတ် ပေတကား။

ချူကျန့်၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ကြည်လင် တက်ကြွသွားတော့၏။ သူ၏ ရည်မှန်းချက်မှာ သမားတော်၏ နတ်ဘုရားကျမ်းစာ ကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက် ဉာဏ်ရည် (၂၅) မှတ် ရရှိရန် ဖြစ်ပြီး ယခုဆိုလျှင် (၇) မှတ်သာ လိုတော့သည်။

'ဒီဂိမ်းကို ဖန်တီးတဲ့ သူတွေလည်း နောက်ဆုံးတော့ လူစိတ်ဝင်လာပြီပဲ ...'

ချူကျန့်သည် အလွန် စိတ်အားထက်သန်သွားပြီး သူ၏ စွမ်းအားများကို လွှဲပြောင်းပေးခဲ့သော ဝူယာကျီ၏ ရုပ်အလောင်းကို ကျေးဇူးတင်သော အထိမ်းအမှတ်အဖြစ် နောက်တစ်ကြိမ် ဦးညွှတ် ဂါရဝပြုလိုက်၏။ ထို့နောက် သူက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။

“ဆရာ ... အေးချမ်းစွာ အနားယူပါ ... ဆရာ့အတွက် တင်းချွန်းချိုးကို ကျွန်တော် သေချာပေါက် သတ်ပေးပါ့မယ် ...”

မည်သို့ပင်ဆိုစေ ထိုမိစ္ဆာအိုကြီးမှာ သူနှင့် ရန်ငြိုး အကြီးအကျယ် ရှိထားသူ ဖြစ်ရာ အနှေးနှင့်အမြန် တိုက်ခိုက်ကြရမည်မှာ သေချာလှပေ၏။ တင်းချွန်းချိုးကို သတ်ဖြတ်ခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုပင် ဖြစ်တော့၏။

အို ... ဟုတ်သားပဲ ... ဝူယာကျီက သူ့ကို ဂိုဏ်းချုပ် လက်စွပ်တစ်ကွင်းနှင့် ပန်းချီကားလိပ် တစ်ခု ပေးထားခဲ့သည်။

ရတနာခုနစ်ပါး လက်စွပ် မှာ အမြင်အားဖြင့်တော့ အထူးအဆန်း မဟုတ်လှပေ ... ၎င်းမှာ အရောင်ခုနစ်မျိုးရှိသော ကျောက်မျက်ရတနာများ စီခြယ်ထားသည့် ရှောင်ယောင် ဂိုဏ်းချုပ်၏ အထိမ်းအမှတ် လက်စွပ်တစ်ကွင်းသာ ဖြစ်၏။ သို့သော်လည်း ၎င်းမှ ထွက်ပေါ်နေသော ငွေရောင် အလင်းတန်းကို မြင်လိုက်ရသောအခါ ချူကျန့်၏ စိတ်လှုပ်ရှားသွားရသည်။ သူသည် ထိုဝတ်ရုံလက်စအား သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ရာ ထင်သည့်အတိုင်းပင် ၎င်း၏ စွမ်းရည်များကို မြင်တွေ့လိုက်ရတော့၏။

(ရတနာခုနစ်ပါး လက်စွပ်)

အမျိုးအစား - အသုံးအဆောင် ပစ္စည်း

အဆင့် - ငွေရောင် ကြယ်ငါးပွင့်

အကျိုးသက်ရောက်မှု - မျှော်လင့်ချက်မဲ့ခြင်းမှ လွတ်မြောက်ခြင်း ... ဝတ်ဆင်သူသည် အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုတစ်ခုကို ရင်ဆိုင်ရချိန်တွင် သူ၏ ကံကောင်းခြင်းမှာ ချက်ချင်းပင် (၅၀၀) ရာခိုင်နှုန်း တိုးတက်လာမည် ဖြစ်၏။ ဤတိုက်ခိုက်မှု၏ အာနိသင်မှာ မမျှော်လင့်ထားသော အခြေအနေများကြောင့် များစွာ လျော့ပါးသွားနိုင်ပြီး ဝတ်ဆင်သူအား သေဘေးမှ လွတ်မြောက်စေနိုင်၏။ ဤအစွမ်းမှာ တစ်ကြိမ် အသုံးပြုပြီးပါက (၉၉) ရက် ကြာမှ ပြန်လည် ပြည့်ဖြိုးမည် ဖြစ်၏။

အပိုဆု - ရှောင်ယောင် ဂိုဏ်း၏ သိုင်းပညာ ကျွမ်းကျင်မှု တိုးတက်နှုန်းကို (၃၀) ရာခိုင်နှုန်း မြှင့်တင်ပေး၏။

ဖော်ပြချက် - ရှောင်ယောင် ဂိုဏ်းချုပ်၏ အထိမ်းအမှတ် ပစ္စည်းဖြစ်၏။ အရင်းအမြစ် မသိရသော ကျောက်မျက် ခုနစ်ပါးကို ငွေရောင်လက်စွပ်ပေါ်တွင် စီခြယ်ထားပြီး ထူးခြားသော အခင်းအကျင်း တစ်ခုကို ဖန်တီးထား၏။ ၎င်းသည် လူတစ်ယောက်၏ ကံကြမ္မာကို သိသာစွာ ပြောင်းလဲပေးနိုင်ပြီး ကြီးမားသော ဘေးအန္တရာယ်များမှ လွတ်မြောက်စေနိုင်၏။

ဒါက အမှန်တကယ်ကို အဖိုးတန်တဲ့ ပစ္စည်းပဲ။

လျှို့ဝှက်သိုင်းလောကတွင် လုပ်ကြံသတ်ဖြတ်မှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးသော ချူကျန့်အတွက်မူ ဤ ရတနာခုနစ်ပါး လက်စွပ် ၏ အရေးပါမှုကို ထပ်ပြီး ပြောနေရန်ပင် မလိုတော့ပေ။

အစပိုင်းတွင် ဤလက်စွပ်မှာ အမြင်တွင် အလွန် ပေါ်လွင်လွန်းသဖြင့် မဝတ်ဆင်လိုခဲ့သော ချူကျန့်သည် ယခုမူ ပြတ်ပြတ်သားသားပင် ပြန်လည် ဝတ်ဆင်လိုက်တော့၏။

ထို့နောက် ချူကျန့်သည် သူ၏ အိတ်ထဲမှ ပန်းချီကားလိပ်ကို ထုတ်ယူလိုက်ရာ ၎င်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သဖြင့် ဝါကျင်ကျင် အရောင် သန်းနေသည်ကို သတိထားမိလိုက်၏။

သူ ဖြန့်ကြည့်လိုက်သောအခါ ရှေးဟောင်း နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် မိန်းကလေး တစ်ဦးကို တွေ့လိုက်ရ၏။

“ဟင် ...”

ချူကျန့်မှာ အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ပန်းချီကားထဲမှ မိန်းကလေး၏ ရုပ်သွင်မှာ ဝမ်ယွိယန်း နှင့် အတိအကျ တူညီနေသောကြောင့် ဖြစ်၏။

‘ဒါက ဘယ်လိုဖြစ်တာလဲ ... ဝူယာကျီက ဝမ်ယွိယန်းကို တွေ့ပြီးမှ ပုံဆွဲထားတာလား ... မဖြစ်နိုင်ပါဘူး ... ဒီပန်းချီကားက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဆွဲထားတာ ဖြစ်ရမယ် …’

ချူကျန့် ခေတ္တမျှ စဉ်းစားနေမိသည်။

‘ဒါက တိုက်ဆိုင်စွာပင် ရုပ်ချင်းဆင်တူနေတာ ဖြစ်နိုင်သလို ပန်းချီကားထဲက လူက ဝမ်ယွိယန်းနဲ့ ဆွေမျိုးတော်စပ်သူ တစ်ယောက်ယောက် ... ဥပမာ သူမရဲ့ မိခင် ဒါမှမဟုတ် အဘွား ဖြစ်နိုင်တယ်'

‘ဒါနဲ့ ဝူလျန်တောင် က ကျောက်စိမ်းဂူ ဆိုတာက ဘယ်မှာလဲ ...

ထားလိုက်ပါတော့ ... ရှောင်ယောင် ဂိုဏ်းရဲ့ သိုင်းပညာတွေကို သင်ယူဖို့ အဲဒီဆရာလေး ဆိုတဲ့လူဆီကို ငါ သွားနေဖို့ မလိုတော့ပါဘူး …’

သူ၏ လက်ရှိ စွမ်းအားများအပြင် "သေရှင်ခွဲဖြာ ဓားတစ်ချက်" သာ ရှိနေပါက တင်းချွန်းချိုးကို သူ လွယ်ကူစွာ သတ်ဖြတ်နိုင်ပေ၏။

ချူကျန့်သည် ပန်းချီကားလိပ်ကို သိမ်းဆည်းလိုက်ပြီး အချိန်အတော်လေး ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် ဂူထဲမှ လျင်မြန်စွာ ထွက်လာခဲ့၏။

သစ်သားအိမ် အပြင်ဘက်တွင် စုရှင်းဟယ်မှာ သူ့ကို စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။ သူ ထွက်လာသည်ကို မြင်သည်နှင့် စုရှင်းဟယ်က ချက်ချင်း ကြိုဆိုလိုက်သော်လည်း ခေတ္တမျှ ကြောင်အသွားပြီးမှ မေးလိုက်၏။

“မောင်ရင်က ... သူရဲကောင်းလေး ချူ လား ...မင်းရဲ့ ရုပ်ရည်နဲ့ အငွေ့အသက်တွေက အများကြီး ကွဲပြားသွားပါလား ...”

ထိုအခါမှသာ ချူကျန့်သည် သူ၏ ရုပ်ရည်မှာ သူ၏ လက်တွေ့ဘဝက ရုပ်ရည်အတိုင်း ပြန်လည် ပြောင်းလဲသွားခဲ့ခြင်းကို သတိရသွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိတော့၏။ သို့သော်ငြား ယခုအချိန်တွင် မျက်နှာဖုံး တပ်ထားရန်မှာလည်း မသင့်တော်လှသဖြင့် ဝူယာကျီက သူ၏ ရုပ်ရည်ကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ကြောင်းသာ အလွယ်တကူ ပြောလိုက်၏။

“ကျွန်တော့် ဆရာသခင်က လူတစ်ယောက်ရဲ့ မူလရုပ်ရည်ကို အမှန်တကယ် ပြန်ဖော်ပေးနိုင်စွမ်း ရှိပါတယ် ... ဓားဒဏ်ရာတွေနဲ့ ပျက်စီးနေတဲ့ မျက်နှာတွေကိုတောင် ပြန်ပြင်ပေးနိုင်တာပါ ... ဒါပေမဲ့ သခင်လေးချူရဲ့ မူလရုပ်ရည်က ဒီလောက်အထိ ချောမောခန့်ညားနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်မှတ်ထားခဲ့ဘူး ... တောင်ကြားထဲမှာ ရှိနေတဲ့ သခင်လေး မုရုံဖူ နဲ့ သခင်လေး သွမ့် တို့ထက်တောင် သာလွန်နေပါလား ...”

ချူကျန့်သည် ရှက်ရွံ့နေ၍ မဟုတ်ဘဲ အလွန်အမင်း နေရခက်နေသောကြောင့် သူ၏ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိ၏။ သူ၏ ရုပ်ရည်က တကယ့်ကို အာရုံစိုက်ချင်စရာ ကောင်းလွန်းနေသည် မဟုတ်လော။

သူ လက်ကို မြှောက်လိုက်ချိန်တွင် စုရှင်းဟယ်သည် သူ ဝတ်ဆင်ထားသော ရတနာခုနစ်ပါး လက်စွပ် ကို မြင်တွေ့သွားရာ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားတော့၏။ သူသည် တုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။

“ဆရာသခင် ... ဆရာသခင် ကွယ်လွန်သွားပြီလား ...”

စုရှင်းဟယ်၏ အကြည့်များ ဘယ်မှာ ရပ်တန့်နေသည်ကို မြင်လိုက်ရသည်နှင့် ချူကျန့် ချက်ချင်း သဘောပေါက်သွားပြီး ဂူထဲတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်၏။

စုရှင်းဟယ်မှာ မျက်ရည်များ ပြိုဆင်း ကျလာပြီး ဂူထဲသို့ အပြေးအလွှား ဝင်သွားကာ ဝူယာကျီ၏ ရုပ်အလောင်းရှေ့တွင် ဒူးထောက်၍ အားပါးတရ ငိုကြွေးလေတော့၏။

ချူကျန့်က အကြိမ်ကြိမ် ဖျောင်းဖျ နှစ်သိမ့်ပေးပြီးနောက်မှသာ စုရှင်းဟယ်မှာ သတိပြန်ဝင်လာတော့၏။ သူသည် မျက်ရည်များကို သုတ်လိုက်ပြီး သက်ပြင်းချကာ ဆို၏။

“ကျွန်တော့် ဆရာသခင်က ပြုံးလျက်နဲ့ ကွယ်လွန်သွားခဲ့တာဆိုတော့ သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီလို့ပဲ သတ်မှတ်ရမှာပေါ့ ...”

သူသည် သူ၏ အဝတ်အစားများကို ပြုပြင်လိုက်ပြီး ချူကျန့်ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်ကာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။

“ရှောင်ယောင် ဂိုဏ်းရဲ့ မထိုက်တန်တဲ့ တပည့် စုရှင်းဟယ် က ဂိုဏ်းချုပ်အသစ်ကို ဂါရဝပြုပါတယ် ...”

ချူကျန့်သည် အခြားသူများ၏ ဒူးထောက် ဂါရဝပြုခြင်းကို အသားမကျသဖြင့် သူ့ကို အမြန် ဆွဲထူလိုက်၏။

“ဂိုဏ်းတူအစ်ကို စု ... အစ်ကိုက ကျွန်တော့်ရဲ့ စီနီယာပဲလေ ... ဒီလိုမျိုးတွေ လုပ်နေဖို့ မလိုပါဘူး ...”

“ဂိုဏ်းချုပ် ...ဂိုဏ်းချုပ်ဟာ ဒီနေ့ ဆွံ့အနားမကြား တောင်ကြား ရဲ့ ဘေးအန္တရာယ်ကို ဖြေရှင်းပေးခဲ့သလို ကျွန်တော့် ဆရာသခင်ရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးခဲ့သူပါ ... ကျွန်တော်က မင်းရဲ့ ဂိုဏ်းတူအစ်ကို ဖြစ်နေပေမယ့်လည်း ဒီလို ဂါရဝပြုတာကိုတော့ ငြင်းဆန်လို့ မရပါဘူး ...”

သူသည် ဒူးထောက် ဂါရဝပြုခြင်း အခမ်းအနား တစ်ခုလုံးကို ပြီးဆုံးအောင် လုပ်ဆောင်ပြီးမှသာ မတ်တပ် ပြန်ရပ်၏။

ချူကျန့်မှာ စကားများများ ဆက်မပြောလိုတော့ပေ။ အမှန်တကယ်တော့ ဤအခမ်းအနားများက ပိုပြီး ခမ်းနားလေ သူ့အတွက် ပိုကောင်းလေပင် ဖြစ်သည်။ ချူကျန့်သာ အမိန့်ပေးလိုက်လျှင် စုရှင်းဟယ်သည် ကောရှန်အား ကုသပေးရန် သေချာပေါက် အစွမ်းကုန် ကြိုးစားပေးမည် မဟုတ်လော ...

ထို့နောက် ဝူယာကျီ၏ ဈာပနကိစ္စကို မည်သို့ လုပ်ဆောင်မည်နည်းဟု သူ မေးမြန်းလိုက်ရာ စုရှင်းဟယ်က အစီအစဉ်များ ရှိပြီးသားဖြစ်ကြောင်း ပြန်ဖြေသည်။

သူသည် ဝူယာကျီ၏ ရုပ်အလောင်းကို ပွေ့ချီလိုက်ပြီး လျှို့ဝှက်ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ဂူနံရံတွင် တံခါးတစ်ခု ပေါ်လာတော့၏။ စုရှင်းဟယ်သည် ဝူယာကျီကို အထဲသို့ သယ်ဆောင်သွားပြီးနောက် မကြာမီမှာပင် လက်ဗလာဖြင့် ပြန်ထွက်လာခဲ့သည်။ သူက တံခါးကို ပိတ်လိုက်ပြီး ချူကျန့်အား ရှင်းပြလာပါသည်။

ဆရာသခင်၏ နောက်ဆုံးဆန္ဒအရ ထိုတံခါးနောက်ကွယ်တွင် ဝူယာကျီ၏ ရုပ်အလောင်းကို တိုက်ရိုက် မီးသင်္ဂြိုဟ်ပေးမည့် ယန္တရားတစ်ခုကို တပ်ဆင်ထားပြီး အရိုးပြာများသည် မြေအောက်မြစ်ထဲသို့ အလိုအလျောက် စီးဝင်သွားကာ သန့်စင်သော လောကကြီးထဲသို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်ကြောင်း ရှင်းပြ၏။

စုရှင်းဟယ်သည် ရှောင်ယောင် ဂိုဏ်းအကြောင်းကို အသေးစိတ် ထပ်မံ ရှင်းပြလိုသော်လည်း ချူကျန့်က ကောရှန်ကို ကယ်တင်ရန် အလွန် အလျင်စလို ဖြစ်နေသဖြင့် လမ်းခရီးတွင်သာ ပြောပြရန် တားမြစ်လိုက်တော့၏။

သူတို့နှစ်ဦးသည် သစ်သားအိမ်ထဲမှ အမြန် ထွက်လာပြီး တောင်ကြားထဲသို့ ပြန်လည် ရောက်ရှိလာကြ၏။ အံ့ဩစရာ ကောင်းသည်မှာ ...

သခင်လေး သွမ့်၊ မုရုံဖူ နှင့် တိဘက် ဘုန်းကြီး အပါအဝင် တောင်ကြားထဲရှိ မူလလူများထဲမှ မည်သူမျှ ထွက်ခွာသွားခြင်း မရှိကြသေးပေ ... သူတို့အားလုံးမှာ လီဝမ်ရှို့ နှင့် ချူကျန့်၏ ကိုယ်ရံတော်များနှင့်အတူ ချူကျန့်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

ရုပ်ရည် သိသိသာသာ ပြောင်းလဲသွားသော ချူကျန့်သည် စုရှင်းဟယ်၏ ရိုသေစွာ လိုက်ပါလာမှုနှင့်အတူ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံးမှာ များစွာ အံ့ဩမှင်သက်သွားကြတော့၏။

လီဝမ်ရှို့သည် ချူကျန့်ကို အထက်အောက် အကဲခတ်ကြည့်ရင်း သူမ၏ လှပသော မျက်နှာလေးမှာ ရုတ်တရက် နီရဲသွား၏။ သူမက တိုးညင်းသော အသံလေးဖြင့် မေးလိုက်၏။

“အစ်ကို ... အစ်ကိုက တကယ်ပဲ အစ်ကိုချူ လားဟင် ...”

ချူကျန့်မှာ ဝူယာကျီ၏ ကိစ္စကို ချန်လှပ်ထားခဲ့ပြီး စုရှင်းဟယ်ကသာ သူ၏ ရုပ်ရည်ကို ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်ရ၏။ လူတိုင်းမှာ အံ့ဩခြင်းနှင့်အတူ သိလိုစိတ်များ ပြင်းပြနေကြတော့၏။

မုရုံဖူက ရှေ့သို့ တိုးလာပြီး ဂုဏ်ပြုစကား ဆို၏။

“ဂုဏ်ယူပါတယ် စစ်သူကြီးချူ ... တောင်ကြားသခင် စု က ရှောင်ယောင် ဂိုဏ်းရဲ့ အမွေအနှစ်တွေကို မင်းထံမှာ အပ်နှံလိုက်ပုံရတယ်နော် ...”

သူက ဂုဏ်ပြုစကား ဆိုနေသော်လည်း သူ၏ လေသံထဲမှ မနာလို ဝန်တိုမှုများကိုမူ ဖုံးကွယ်ထားရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ ...

နိုင်ငံရပ်ခြား ဘုန်းကြီး၏ မျက်လုံးများထဲတွင်လည်း ထူးဆန်းသော အလင်းရောင်များ တဖျတ်ဖျတ် လက်သွားပြီး ရှေ့သို့ တိုးကာ ဦးညွှတ်လိုက်ရင်း ပြော၏။

“ဒီဘုန်းကြီး ကုမာရဂျီဝ ကလည်း စစ်သူကြီးချူကို ဂုဏ်ပြုပါတယ် ...”

သိုင်းလောကတွင် ကျင်လည်ခဲ့ရသော အတွေ့အကြုံများအရ ဤလူများသည် လောဘစိတ်များ ကိန်းအောင်းနေကြောင်း ချူကျန့် ကောင်းစွာ သိရှိထားသဖြင့် စိတ်ထဲမှသာ မထီမဲ့မြင် ပြုံးလိုက်မိတော့၏။

All Chapters