အခန်း ၃၂၁
Vol. 33 Ch. 321
အခန်း ၃၂၁ - နတ်ဘုရား အရှင်သခင် ၏ မူလရင်းမြစ်
"နတ်ဘုရား အရှင်သခင် နှောင်းပိုင်းအဆင့်ရှိသူတစ်ယောက်ရဲ့ မူလရင်းမြစ် စွမ်းအားနဲ့ တကယ်ကို ထိုက်တန်ပါတယ်... အရမ်းကို စွမ်းအားကြီးတာပဲ..."
ဝူဟောက်သည် ဇီဟွေ့ နတ်ဘုရားအရှင်သခင်၏ မူလရင်းမြစ် စွမ်းအားကို ရယူလိုက်သည်။ ၎င်းကို သူ၏လက်ဝါးထဲသို့ ရယူလိုက်သည်နှင့် ၊ ဝူဟောက်သည် သူ၏ မူလရင်းမြစ် စွမ်းအားအတွင်း၌ အလွန်အမင်း ပြင်းထန်သော တွန်းကန်အားတစ်ခုကို ခံစားလိုက်ရသည်။
ထိုအရာမှာ ဇီဟွေ့ နတ်ဘုရားအရှင်သခင်၏ အလုပ်လုပ်နေသော ကြွင်းကျန်နတ်အသိစိတ် ပင် ဖြစ်သည်။
"သူ သက်ရှိထင်ရှား ရှိနေရင်တောင်မှ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... သေသွားပြီးတဲ့နောက်မှာဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး..."
ဝူဟောက်သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားများကို မူလရင်းမြစ်စွမ်းအားထဲသို့ ချက်ချင်းဆိုသလို ထိုးသွင်းလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် မူလရင်းမြစ်စွမ်းအားထဲ၌ ကျန်ရှိနေသော ဇီဟွေ့ နတ်ဘုရားအရှင်သခင်၏ ကြွင်းကျန်နတ်အသိစိတ်ကို အပြီးတိုင် ဖယ်ရှားပစ်လိုက်လေသည်။
ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝူဟောက်သည် ဇီဟွေ့ နတ်ဘုရားအရှင်သခင်၏ မူလရင်းမြစ်စွမ်းအားကို သူ၏ အတွင်းကမ္ဘာထဲတွင် ချန်ထားရစ်ခဲ့ကာ၊ သူကိုယ်တိုင်မူ အတွင်းကမ္ဘာထဲမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့တော့သည်။
အမှန်တော့ ဝူဟောက်သည် ဇီဟွေ့ နတ်ဘုရားအရှင်သခင် ထွက်ပြေးသွားမည်ကို တားဆီးရန်အတွက် သူ့ကို မြင်မြင်ချင်းမှာပင် အတွင်းကမ္ဘာထဲသို့ ချက်ချင်းဆွဲသွင်းလိုက်ခြင်း ဖြစ်သည်။ နတ်ဘုရားအရှင်သခင် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းနှင့် ကောင်းကင်ဘုံဧကရာဇ် မဟာတာအိုကျမ်းစာ၏ ကူညီထောက်ပံ့မှုအောက်တွင် ၊ ဇီဟွေ့ နတ်ဘုရားအရှင်သခင်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ဝူဟောက်၏ အတွင်းကမ္ဘာထဲသို့ စုပ်ယူခံလိုက်ရသည်။
ထို့အပြင် ဇီဟွေ့ နတ်ဘုရားအရှင်သခင်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးသွားမည်ကိုလည်း ဝူဟောက် စိုးရိမ်ခဲ့သေးသည်။ အကယ်၍ နတ်ဘုရားအရှင်သခင် နှောင်းပိုင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မည်ဆိုပါက ဝူဟောက်ကိုယ်တိုင်ပင်လျှင် တားဆီးနိုင်ဖို့ရာ ရာနှုန်းပြည့် မသေချာချေ။
ထို့ကြောင့် သူသည် လက်ဦးမှုရယူကာ ဇီဟွေ့ နတ်ဘုရားအရှင်သခင်အား အရင်ဆုံး အပြတ်ရှင်းပစ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့ ဇီဟွေ့ နတ်ဘုရားအရှင်သခင် သေခါနီးမှာ ပြသွားတဲ့ တုံ့ပြန်မှုကို ကြည့်ရရင် အဲဒီလူက ဖရိုဖရဲ ခေါင်းလောင်း အကြောင်းကို သိနေတဲ့ပုံပဲ... ပြီးတော့ ဝူယိတောက်နဲ့လည်း တစ်ခုခု ပတ်သက်နေနိုင်တယ်... သူက ဝူယိတောက်ရဲ့ လူတွေထဲက တစ်ယောက် မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပဲ..."
ဇီဟွေ့ နတ်ဘုရားအရှင်သခင် မသေဆုံးမီက ပြသခဲ့သည့် တုံ့ပြန်မှုများကို ပြန်လည်တွေးတောရင်း ဝူဟောက်တစ်ယောက် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ရွှမ်ယွမ်ကမ္ဘာနှင့် အလွန်ဝေးကွာလှသော ပုကျိုးတောင်၌ ကျင့်ကြံနေသည့် ဝူယိတောက်မှာ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် နှာချေလိုက်မိလေသည်။
"ဟတ်ချိုး... ဘာဖြစ်တာလဲ... တစ်ယောက်ယောက်ကများ ငါ့ကွယ်ရာမှာ အတင်းပြောနေတာလား ဒါမှမဟုတ် ငါ့နောက်ကို ချောင်းနေတာလား..."
ဝူယိတောက်၏ မျက်နှာထက်တွင် သံသယရိပ်များ ယှက်သန်းသွားသည်။ ပုံမှန်အခြေအနေအရ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်အထိ ရောက်ရှိနေပြီဖြစ်သော သူ့လို ကျင့်ကြံသူတစ်ဦးသည် တစ်စုံတစ်ယောက်က သူ့အား ပစ်မှတ်ထား ကြံစည်နေခြင်းမျိုး မရှိလျှင် ဤကဲ့သို့ အကြောင်းမဲ့ နှာချေစရာ အကြောင်းမရှိပေ။
ထိုဖြစ်နိုင်ခြေကို သံသယဝင်မိပြီးနောက် ဝူယိတောက်သည် မိသားစုဝင်များက သူ့ကို လွမ်းဆွတ်တမ်းတနေကြခြင်း ဖြစ်လိမ့်မည်ဟု မသိစိတ်က တွေးတောကာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်မိသည်။
ဤကာလအတွင်း ဝူယိတောက် ပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီမှာ သာမန်အင်မော်တယ်ဘုရင်များထက်ပင် များစွာ သာလွန်နေသဖြင့် ဇီလဲ့နှင့် အခြားသူများကို အံ့အားသင့်သွားစေခဲ့သည်။ သေးငယ်သော နယ်ပယ်အဆင့်တစ်ခုကို ချိုးဖောက်ဝင်ရောက်ရန်အတွက် ပုံမှန်အားဖြင့် ရာစုနှစ် သို့မဟုတ် ထောင်စုနှစ်ချီ၍ အချိန်ယူရလေ့ရှိသော်လည်း၊ ဝူယိတောက်ကမူ နှစ်အနည်းငယ်အတွင်းမှာပင် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်မှသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
လက်ရှိအခြေအနေအရ ဝူယိတောက်၏ ကျင့်ကြံခြင်းနယ်ပယ်သည် အင်မော်တယ်အရှင်မြတ်အဆင့်ကိုပင် ကျော်လွန်နေလောက်ပြီ ဖြစ်သည်။
"ဟူး... အခုတော့ နတ်ဘုရားအရှင်သခင်ကိုလည်း နှိမ်နင်းပြီးပြီ.. မူလရင်းမြစ်စွမ်းအားလည်း ရခဲ့ပြီဆိုတော့ ပြန်ဖို့အချိန်တန်ပြီ... ဒါပေမဲ့ အရန်အစီအစဉ်တစ်ခုအနေနဲ့ အပြန်လမ်းမှာ အမွေအနှစ်တချို့ ချန်ထားခဲ့တာက ပိုပြီးစိတ်ချရမယ်..."
ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသူတစ်ဦးပီပီ ဝူဟောက်သည် သူ၏ဘေးကင်းလုံခြုံရေးကို အလွန်အမင်း ဂရုစိုက်တတ်သူ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် သူသည် ဘေးကင်းအောင် သတိကြီးကြီးထားတတ်သူဖြစ်ပြီး၊ ပွင့်ပွင့်လင်းလင်း ဖွင့်ဟရလျှင်မူ သေရမည်ကို အလွန်ကြောက်တတ်သူ ဖြစ်သည်။
အချို့သော ကမ္ဘာများတွင် မိမိ၏ ကိုယ်ပိုင်ရုပ်တုတစ်ခုကို ချန်ထားရစ်ခဲ့ခြင်းက ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံရသည့်အခါ၌ပငိ ၊ သူသည် ပြန်ဝင်စားခြင်းအတတ်ဖြင့် ပြန်လည်ရှင်သန်ခွင့် ရရှိစေမည် ဖြစ်သည်။
ဝူဟောက် အလွန်သိချင်နေသော နောက်ထပ်အချက်တစ်ခုမှာ သူသည် နတ်ဘုရားကမ္ဘာတစ်ခွင်လုံးတွင် သူ၏ သွေးမျိုးဆက်များကို ချန်ထားခဲ့ပြီး ဖြစ်သည်။ အကယ်၍ ထိုသွေးမျိုးဆက်များသာ ဆက်လက်ကျင့်ကြံအားထုတ်နေကြမည်ဆိုပါက၊ သူကိုယ်တိုင် သေဆုံးသွားလျှင်တောင် သွေးမျိုးဆက်များ၏ စွမ်းအားကြီးမားလာမှုနှင့်အတူ ပြန်လည်ရှင်သန်လာနိုင်မည်လား ဆိုသည်ကို သူ စမ်းသပ်ကြည့်ချင်နေမိသည်။
သို့သော်လည်း ဝူဟောက်သည် ၎င်းကို လက်တွေ့စမ်းသပ်ရန် သတ္တိမရှိသဖြင့် ရိုးရိုးသားသားဖြင့်သာ မိမိဘဝကို အေးအေးလူလူ ရှင်သန်နေထိုင်လိုက်ခြင်းက ပို၍ ကောင်းမွန်လိမ့်မည်ဟု လက်ခံလိုက်သည်။
အပြန်လမ်းတစ်လျှောက်တွင် ဝူဟောက်သည် လူအများ ကိုးကွယ်ဆည်းကပ်နိုင်ရန်အတွက် သူ၏ ကိုယ်ပိုင်ရုပ်တုများစွာကို ချန်ထားရစ်ခဲ့သည်။ ထိုရုပ်တုများသည် သူ့ကို ကိုးကွယ်ယုံကြည်မှုစွမ်းအား အမြောက်အမြား ပံ့ပိုးပေးနိုင်ရုံသာမက၊ အကယ်၍များ သူ သေဆုံးသွားခဲ့ပါက ၊ ပြန်လည်ရှင်သန်နိုင်ရန် အခွင့်အလမ်းတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်သည်။
နတ်ဘုရားအရှင်သခင် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ ခရီးသွားနှုန်းမှာ အလွန်ပင် မြန်ဆန်လှသော်လည်း၊ လမ်းခရီး၌ ကိုယ်ပိုင်ရုပ်တုများ ချန်ထားခဲ့ရခြင်းကြောင့် ဝူဟောက်သည် အချိန်အနည်းငယ် ကြန့်ကြာသွားခဲ့ပြီး ရွှမ်ယွမ်ကမ္ဘာသို့ ပြန်ရောက်ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။
ရွှမ်ယွမ်ကမ္ဘာကို လှမ်းမြင်လိုက်ရသည့် အခိုက်အတန့်တွင် ဝူဟောက်တစ်ယောက် ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာမိသည်။ သူ စတင်ထွက်ခွာလာခဲ့စဉ်က သေးနုတ်သော နတ်ဘုရားအဆင့်တွင်သာ ရှိခဲ့သော်လည်း ၊ ယခု ပြန်လာချိန်တွင်မူ သူသည် နတ်ဘုရားအရှင်သခင် အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ရာ ၎င်းကို သူကိုယ်တိုင်ပင် မထင်မှတ်ထားချေ။
မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ဝူဟောက်သည် ရွှမ်ယွမ်ကမ္ဘာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလေရာ ၊ ဟင်းလင်းပြင်အတားအဆီးပင်လျှင် မည်သည့်တုံ့ပြန်မှုမျှ မလုပ်နိုင်ခဲ့ချေ။
ဝူဟောက်၏ လက်ရှိအခြေအနေမှာ အတွေးတစ်ချက်တည်းဖြင့် အရာအားလုံးကို ပြီးမြောက်စေနိုင်သည့် အစွမ်းသတ္တိမျိုး ရှိနေပြီဖြစ်သည်။ အတွေးတစ်ချက်တည်းဖြင့် သူ အလိုရှိရာ မည်သည့်အရာကိုမဆို ဖန်တီးလုပ်ဆောင်နိုင်ပေသည်။
ရွှမ်ယွမ်ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ဝူဟောက်သည် ထိုစဉ်က အိပ်မောကျနေခဲ့သော ကောင်းကင်တာအိုကို အရင်ဆုံး သွားရောက်ရှာဖွေခဲ့သည်။ မည်သို့ပင်ဆိုစေ ရွှမ်ယွမ်ကမ္ဘာတွင် ကောင်းကင်တာအိုသည် သူကိုယ်တိုင် ဝင်ရောက်လှုပ်ရှားရသည့် ကိစ္စဟူ၍ မရှိချေ။
ထို့အပြင် ကောင်းကင်တာအိုသည် ကျင့်ကြံသူတစ်ဦးကဲ့သို့ လေ့ကျင့်ပေးမှုမခံရသဖြင့် ၎င်း၏ အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိသည်။
ကောင်းကင်တာအိုမှာ ဝူဟောက် ရောက်လာသည်ကိုပင် သတိမပြုမိခဲ့ချေ။
"ထတော့..."
ဝူဟောက် စကားပြောဆိုပြီးသည်နှင့် ကောင်းကင်တာအိုမှာ လန့်နိုးလာပြီး ၊ သူသည် ဝူဟောက်ကြောင့် အလွန်အမင်း ထိတ်လန့်သွားပုံရသည်။ သို့သော် ဝူဟောက်မှန်း သိလိုက်ရပြီးနောက် သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်မရသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပြီး ပြောဆိုလိုက်၏။
"စီနီယာ... ပြန်ရောက်လာပြီလား..."
ကောင်းကင်တာအို သည် ဝူဟောက်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
ဝူဟောက် ဤမျှမြန်မြန်ဆန်ဆန် ပြန်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိချေ။ ထို့အပြင် အနှစ်နှစ်ဆယ်ပင် မပြည့်သေးခင်က ထွက်ခွာသွားခဲ့သော ဝူဟောက်သည် ယခုအခါ သူအနေဖြင့် လုံးဝ မခန့်မှန်းနိုင်သော ကျင့်ကြံအဆင့်ဖြင့် ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု ပို၍ပင် မမျှော်လင့်ထားခဲ့မိပေ။
အမှန်အားဖြင့် ယခင်က ဝူဟောက်သည် မြေကမ္ဘာနတ်ဘုရား ကနဦးအဆင့်မျှသာ ရှိသေးသည်ကို သူ သတိပြုမိသည်။ အကယ်၍ ယခုအခါ သူကိုယ်တိုင်ပင် ဝူဟောက်ကို အကဲခတ်၍ ဖောက်ထွင်းမမြင်နိုင်တော့ပါက ၊ သူသည် အနည်းဆုံးတော့ ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေနိုင်သည် မဟုတ်လော။
"အင်း..."
ဝူဟောက်က ခေါင်းညိတ်ပြရင်း ပြောဆိုလိုက်သည်။
"အဆင်သင့်ပြင်ထားလိုက်ဦး... ရွှမ်ယွမ်ကမ္ဘာရဲ့ ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးနိုင်ဖို့ ခဏနေရင် ငါ ကမ္ဘာ့မူလရင်းမြစ်စွမ်းအားကို လာပြီး အဆင့်မြှင့်တင်ပေးမယ်..."
"ဟုတ်ကဲ့ပါ စီနီယာ"
ကောင်းကင်တာအိုသည် အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်သည်။
ရွှမ်ယွမ်ကမ္ဘာ၏ ခံနိုင်ရည်စွမ်းအား တိုးတက်လာခြင်းမှာ သူ့အတွက်လည်း ကြီးမားသောအကျိုးကျေးဇူး ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်တာအို၏ စွမ်းအားမှာ ကမ္ဘာ၏ ခံနိုင်ရည်စွမ်းအားနှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် ကောင်းကင်တာအို၏ စွမ်းအားသည် ကမ္ဘာက လက်ခံထားနိုင်သော အစွမ်းအထက်ဆုံး ဖြစ်တည်မှု၏ အဆင့်ထက် အနည်းဆုံး မဟာနယ်ပယ် နှစ်ခုခန့် ပိုမိုမြင့်မားလေ့ရှိသည်။
ရွှမ်ယွမ်ကမ္ဘာကဲ့သို့ ကိုယ်ပိုင်အသိစိတ် ဖွံ့ဖြိုးလာသော ကောင်းကင်တာအိုသာဆိုလျှင်ဖြင့် မဟာနယ်ပယ်သုံးခုခန့်အထိပင် ပိုမိုမြင့်မားတတ်ကြသည်။
ထို့ကြောင့် အကယ်၍ ရွှမ်ယွမ်ကမ္ဘာ၏ ခံနိုင်ရည်စွမ်းအား တိုးတက်လာပါက သူ၏ ကိုယ်ပိုင်စွမ်းအားသည်လည်း လိုက်ပါမြင့်တက်လာမည် ဖြစ်သည်။
ကောင်းကင်တာအိုကို လိုအပ်သည်များ မှာကြားပြီးနောက် ဝူဟောက်သည် ဖန်လိုင်အင်မော်တယ်ကျွန်းသို့ ထွက်ခွာသွားခဲ့သည်။
ဖန်လိုင်အင်မော်တယ်ကျွန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝူဟောက်သည် ဇီဟွေ့ နတ်ဘုရားအရှင်သခင်၏ မူလရင်းမြစ်စွမ်းအားကို မည်သည့် ကံကြမ္မာရွေးချယ်ခံရသူထံ လွှဲပြောင်းအပ်နှင်းသင့်မှန်း နက်နက်နဲနဲ စဉ်းစားနေမိသည်။
၎င်းတို့မှာ ဝူယီဖန် ၊ ဝူယိတောက်၊ ဝူလီ သို့မဟုတ် ဝူကျန်းအဲ့ တို့ပင်ဖြစ်သည်။
ဝူရှန်းနီ၊ ဝူမိုဝူ နှင့် လီထျန်းရှဲ့ တို့ကိုမူ ဝူဟောက်သည် စောစောစီးစီးကတည်းက စာရင်းထဲမှ ဖယ်ထုတ်ထားပြီးသား ဖြစ်သည်။ ဝူရှန်းနီနှင့် ဝူမိုဝူတို့မှာ တွေ့လိုက်သည်နှင့် တကျက်ကျက် ရန်ဖြစ်နေတတ်သော အချစ်စမ်းနေသူများ ဖြစ်ကြရာ ၊ အကယ်၍ သူတို့၏ အထောက်အထားကို အစောတလျင် ဖော်ထုတ်ပြသလိုက်ပါက နောင်တစ်ချိန်တွင် ရန်သူများ ဖြစ်သွားပါက မည်သို့လုပ်မည်နည်း။
နတ်ဘုရားအရှင်သခင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် ဝူဟောက်သည် ဝူရှန်းနီနှင့် ဝူမိုဝူတို့၏ ယခင်ဘဝဟောင်းများကို အထင်အရှား မြင်တွေ့ခဲ့ရသည်။ သူတို့၏ ယခင်ဘဝများ၌ ထိုနှစ်ဦး မည်ကဲ့သို့ သေဆုံးခဲ့ကြသည်ကို မြင်တွေ့ပြီးနောက် ဝူဟောက်တစ်ယောက် နက်နက်နဲနဲ တွေးတောမိခဲ့သည်။
အကယ်၍ သူတို့၏ အထောက်အထားများကို အစောကြီး ဖွင့်ထုတ်ပြသလိုက်ပါက သူတို့နှစ်ဦးအနေဖြင့် တစ်ယောက်နှင့်တစ်ယောက်၏ တည်ရှိမှုကို လက်ခံနိုင်ကြမည်လား ဆိုသည်ကို ဝူဟောက်ကိုယ်တိုင်လည်း မသေချာပေ။