← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂ - ဒါက သိပ်မကောင်းဘူး ထင်တယ်

​"လီထျန်းရှဲ့အတွက်ကတော့ သူက မူလရင်းမြစ်စွမ်းအားကို သန့်စင်လို့မပြီးသေးဘူးဆိုတော့ သူ့ဆီကို မူလရင်းမြစ်စွမ်းအားတွေ ဒီလောက်အလျင်စလို လွှဲပေးဖို့ အချိန်မတန်သေးဘူး..."

​"ဝူယီဖန်ကလည်း လောလောဆယ် တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ သူ့ကို သွားပြီး မနှောင့်ယှက်တာ အကောင်းဆုံးပဲ..."

​"ဝူလီကတော့ ယခင်ဘဝမှတ်ဉာဏ်တွေ မနိုးထသေးတဲ့အပြင် ချင်ဝမ်နဲ့အတူ အချစ်ခရီးထွက်နေတာဆိုတော့ သူ့ကိုလည်း အနှောင့်အယှက် မပေးချင်ဘူး..."

​"ဝူကျန်းအဲ့ အတွက်ကျပြန်တော့လည်း သူက ဝမ်ချီ အင်မော်တယ်မဟာဧကရာဇ်ဆီမှာ လက်နက်သွန်းလုပ်နည်းအတတ်ကို သင်ယူနေတုန်းဆိုတော့ ဝင်ရောက်စွက်ဖက်ဖို့ မသင့်တော်ပြန်ဘူး... ကြည့်ရတာ ဝူယိတောက်ကို ရွေးချယ်တာကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ဘူး ထင်တယ်..."

​ဝူဟောက်သည် ပုကျိုးတောင်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ဤအချိန်တွင် ဝူယိတောက်သည် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ယခုလေးတင် ချိုးဖောက်ဝင်ရောက်ပြီးကာစဖြစ်၍ စိတ်အပန်းဖြေရန် အပြင်သို့ ထွက်လာခဲ့သည်။

မည်သို့ပင်ဆိုစေ ဝူယိတောက်အနေဖြင့် အချိန်ပြည့် တံခါးပိတ်ကျင့်ကြံနေခြင်းမှာ အမြဲတမ်းကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ချေ။ ပိုမိုမြင့်မားသော နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် သင့်လျော်သော အနားယူမှုနှင့် လက်တွေ့တိုက်ခိုက်မှုများ လိုအပ်ပေသည်။

​ထို့ကြောင့် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းပြီးနောက် ဝူယိတောက်သည် အပြင်ထွက်၍ လက်ရည်စမ်းတိုက်ခိုက်ရန်အတွက် အင်မော်တယ်အရှင်မြတ်နယ်ပယ်မှ မိစ္ဆာသားရဲအချို့ကို ရှာဖွေရန် သို့မဟုတ် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ အင်မော်တယ်အရှင်မြတ်အဆင့်ရှိ အကြီးအကဲများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် စီစဉ်နေခဲ့သည်။

​ဤသည်ကို တွေးတောမိရင်း ဝူယိတောက်သည် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ သူ့အတွက် ပြင်ဆင်ပေးထားသော နေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်တသည်။ သို့သော် ဝူယိတောက် ခြေလှမ်းစလှမ်းလိုက်ရုံသာ ရှိသေးသည် ၊ ဝူဟောက်၏ ပုံရိပ်သည် သူ့ရှေ့မှောက်သို့ ရုတ်ချည်း ပေါ်ထွက်လာခဲ့၏။

​ဝူဟောက်၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရသည့် အခိုက်အတန့်တွင် ဝူယိတောက်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

​"ဘိုးဘေး... ဒီကို ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲ..."

​"အဟမ်း... အခြားတော့ မဟုတ်ပါဘူး၊ ငါ့ရဲ့ မြစ်လေးက ရွှမ်ယွမ်ကမ္ဘာကနေ ထွက်ခွာတော့မယ်ဆိုတော့ ဘိုးဘေးဖြစ်တဲ့ ငါက မင်းအတွက် လက်ဆောင်တစ်ခုခု ပေးမလို့ လာခဲ့တာ..."

​ဝူဟောက်သည် ဝူယိတောက်ကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။ ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူယိတောက်တစ်ယောက် အနည်းငယ် စိတ်ဝင်စားသွားကာ မေးမြန်းလိုက်မိ၏။

​"ဘိုးဘေး... ကျွန်တော့်ကို ဘာပေးဖို့ စီစဉ်ထားလို့လဲ ..."

​"ရော့... ဒါက ဘိုးဘေးက မင်းအတွက် အထူးပြင်ဆင်ထားတာ... မင်း ဒါကို စုပ်ယူသန့်စင်လိုက်ရုံနဲ့ မင်း တွေးထားတာထက်တောင် ကျော်လွန်တဲ့ နယ်ပယ်အဆင့်တစ်ခုကို ချိုးဖောက်ဝင်ရောက်သွားနိုင်လိမ့်မယ်..."

​ဝူဟောက် လက်ကမ်းလိုက်သည်နှင့် မျကိစိတစ်မှိတ်အတွင်းမှာပင် သူ၏ လက်ဝါးထက်၌ ဆန်းကြယ်သော အလင်းလုံးလေးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ ဝူဟောက်သည် ၎င်း၏ အငွေ့အသက်ကို ကြိုတင်ဖုံးကွယ်ထားခဲ့လို့သာ တော်သေးသည်။

သို့မဟုတ်ပါက နတ်ဘုရားအရှင်သခင်၏ မူလရင်းမြစ်စွမ်းအား ပေါ်လာသည့် အခိုက်အတန့်တွင် ရွှမ်ယွမ်ကမ္ဘာသာမက ပတ်ဝန်းကျင်အနီးအနားရှိ မရေမတွက်နိုင်သော အထက်ကမ္ဘာများပါ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအငွေ့အသက်ကို တပြိုင်နက်တည်း သိရှိသွားကြပေလိမ့်မည်။

​တစ်ချိန်တည်းမှာပင် ဝူယိတောက်၏ ခန္ဓာကိုယ်အတွင်း၌ အိပ်မောကျနေခဲ့သော ဖရိုဖရဲ ခေါင်းလောင်းသည်လည်း ရုတ်ရုတ်သဲသဲ နိုးထလာခဲ့လေသည်။ ဝူဟောက်၏ လက်ထဲရှိ အရာဝတ္ထုကို အာရုံခံမိပြီးနောက် ဖရိုဖရဲ ခေါင်းလောင်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ ဝူယိတောက်ထံသို့ အလျင်အမြန်ပင် သတင်းစကားတစ်ခု ပေးပို့လိုက်သည်။

​"မြန်မြန်... အဲဒါကို အမြန်ဆုံး ယူလိုက်တော့၊ အဲတာ နတ်ဘုရားအရှင်သခင် နှောင်းပိုင်း အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ရဲ့ မူလရင်းမြစ်စွမ်းအားပဲ... သခင်သာ အဲဒီအရာကို လုံးလုံးလျားလျား သန့်စင်နိုင်မယ်ဆိုရင် သခင်ရဲ့နယ်ပယ်ဟာ နတ်ဘုရားအရှင်သခင်အဆင့်အထိကို တစ်ဟုန်ထိုး ချိုးဖောက်ဝင်ရောက်သွားမှာ သေချာတယ်"

​'နတ်ဘုရားအရှင်သခင်ရဲ့ မူလရင်းမြစ်စွမ်းအား ဟုတ်လား...'

​ဝူယိတောက်သည် ဖရိုဖရဲ ခေါင်းလောင်းထံသို့ စိတ်ချင်းဆက်ကာ ပြန်လည်မေးမြန်းလိုက်ရာ သူ၏အသံတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​ဤအချိန်တွင် သူသည် သူ၏ယခင်ဘဝ မှတ်ဉာဏ်များ ပြန်လည်မနိုးထသေးသဖြင့် နတ်ဘုရားအရှင်သခင် နယ်ပယ်ဆိုသည်မှာ မည်မျှအစွမ်းထက်သည့် အဆင့်အတန်းမျိုးလဲဆိုသည်ကို သဘာဝကျကျပင် မသိရှိသေးချေ။

​ဝူယိတောက် ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ ဖရိုဖရဲ ခေါင်းလောင်းက အလျင်အမြန်ပင် ရှင်းပြလေတော့သည်။

​"အင်မော်တယ်မဟာဧကရာဇ်အဆင့်ရဲ့ အထက်မှာ နတ်ဘုရားအဆင့်တွေ ရှိသေးတယ်... စစ်မှန်နတ်ဘုရား၊ မြေကမ္ဘာနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ နတ်ဘုရားဘုရင်... ပြီးတော့ အဲဒီနတ်ဘုရားဘုရင်ရဲ့ အထက်မှာမှ နတ်ဘုရားအရှင်သခင်အဆင့် ရှိတာ"

"သခင်ရဲ့ ယခင်ဘဝတုန်းက သခင်ဟာ နတ်ဘုရားအရှင်သခင် အထွတ်အထိပ်အဆင့်အထိ ရောက်ခဲ့တာလေ ၊ အခု သခင်ရဲ့လက်ထဲက မူလရင်းမြစ်က သခင်ရဲ့ ယခင်ဘဝထက်စာရင် တစ်ဆင့်တောင် နိမ့်နေသေးတယ်"

​"သခင်သာ နတ်ဘုရားအရှင်သခင် နယ်ပယ်ကို ပြန်လည်ရောက်ရှိသွားမယ်ဆိုရင် အဲဒီအဆင့်က ဘယ်လောက်တောင် ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးမားလဲဆိုတာကို သခင်ကိုယ်တိုင် ကောင်းကောင်းကြီး သိလာလိမ့်မယ်..."

​ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူယိတောက်တစ်ယောက် မှင်တက်ကာ တိတ်ဆိတ်သွားခဲ့သည်။ အတန်ကြာ စဉ်းစားပြီးနောက် သူသည် ဝူဟောက်ကို မော့ကြည့်ကာ အလေးအနက် ပြန်လည်ပြောဆိုလိုက်၏။

​"ဘိုးဘေး... ဒါက ကျွန်တော် လက်ခံဖို့အတွက် အရမ်းကို တန်ဖိုးကြီးမားလွန်းပါတယ်..."

​"မင်း ရူးနေတာလား... မြန်မြန် ယူလိုက်စမ်းပါ"

​ဝူယိတောက်၏ စကားကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲ ခေါင်းလောင်းမှာ ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

သူတို့သည် ယခင်ဘဝကတည်းက အရန်အစီအစဉ်များနှင့် အမွေအနှစ်များစွာကို ကြိုတင်ပြင်ဆင်ထားခဲ့သော လီထျန်းရှဲ့နှင့် အခြေအနေချင်း မတူညီသည်ကို သိထားသင့်ပေသည်။

ထို့ကြောင့် ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ ပါးနပ်သော နတ်ဘုရားမှော်လက်နက်မှလွဲ၍ သူအားကိုးနိုင်သည်မှာ သူ၏ ထူးကဲသော ကိုယ်ပိုင်ပါရမီသာ ဖြစ်သည်။ အကယ်၍ သူသည် ဝူဟောက် ပေးသနားသော နတ်ဘုရားအရှင်သခင် နှောင်းပိုင်း အဆင့်ရှိ မူလရင်းမြစ်စွမ်းအားကို လက်ခံလိုက်ပါက၊ ၎င်းသည် အလွန်တိုတောင်းလှသော အချိန်ကာလအတွင်း ကျင့်ကြံခြင်းလမ်းခရီး၌ အခက်အခဲများစွာကို သေချာပေါက် သက်သာစေနိုင်မည်ဖြစ်သည်။

​သို့သော်လည်း ဖရိုဖရဲခေါင်းလောင်း၏ တိုက်တွန်းစကားကို ကြားပြီးသည့်တိုင် ဝူယိတောက်၏ မျက်လုံးများမှာ ခိုင်မာမြဲ ခိုင်မာနေဆဲပင်။ သူ၏အမြင်တွင် ဤအရာသည် ဘိုးဘေးအတွက်လည်း အလွန်တရာ တန်ဖိုးကြီးမားလှမည်ဖြစ်ရာ သူ လုံးဝ လက်မခံနိုင်ချေ။

​ဝူယိတောက်၏ ငြင်းဆန်စကားကို ကြားချိန်တွင် ဝူဟောက်သည် သဘောကျနှစ်ခြိုက်သော အမူအရာကို မဖုံးကွယ်နိုင်တော့ဘဲ ပြုံး၍ ပြောဆိုလိုက်သည်။

​"အို... ဘာလို့ လက်မခံနိုင်ရမှာလဲ... တကယ်လို့ မင်း ဒါကို လက်ခံရင် မင်းအတွက် အကောင်းဆုံးကိစ္စ ဖြစ်လာမှာလေ... တစ်လှမ်းတည်းနဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးမျိုးက ကြုံရခဲပါတယ်..."

​"ဒီအရာက ဘိုးဘေးအတွက်လည်း အရမ်း တန်ဖိုးကြီးလောက်မှာပါ... ကျွန်တော်က အလကား သက်သက် လက်မခံသင့်ဘူး၊ ပိုမြင့်တဲ့ နယ်ပယ်ကို ကိုယ်ပိုင်အစွမ်းနဲ့ ချိုးဖောက်ဝင်ရောက်ချင်လို့ ရွှမ်ယွမ်ကမ္ဘာကနေ ထွက်သွားဖို့ ရွေးချယ်ခဲ့တာပါ... ဘိုးဘေးအနေနဲ့ ကျွန်တော့်အတွက်ကြောင့် ဒီလိုတန်ဖိုးကြီးမားတဲ့ အရာတစ်ခုကို အကုန်အကျခံ ပေးစရာမလိုပါဘူး..."

​ဝူယိတောက်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်လည်ရှင်းပြလေသည်။

​ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူဟောက်တစ်ယောက် ကျယ်လောင်စွာ ရယ်မောမိသည်။ ၎င်းက ဝူယိတောက်ကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။ အတန်ကြာမှသာ ဝူဟောက်က ရယ်သံကို ရပ်တန့်လိုက်ပြီး ဝူယိတောက်ကို အလေးအနက် ကြည့်ကာ ပြောဆိုလိုက်တော့သည်။

​"မင်းရဲ့ စိတ်နေသဘောထားက ဘိုးဘေးကို အလွန်ကျေနပ်စေပါတယ်... ဒါပေမဲ့ မင်း သိထားရမယ့် အချက်တစ်ခုကတော့ ဘိုးဘေး ပေးတဲ့အရာကို မင်းအနေနဲ့ လက်ခံဖို့ပဲ လိုတယ်... ဘိုးဘေးက မင်းကို ပေးဖို့ ဆန္ဒရှိတယ်ဆိုကတည်းက ဒါက ဘိုးဘေးအတွက် သိပ်ပြီး တန်ဖိုးကြီးမားတဲ့ အရာတစ်ခု မဟုတ်ဘူးဆိုတာကို သက်သေပြနေတာပဲ..."

​"ပြီးတော့ ဘိုးဘေးက မင်းရဲ့ ကျောထောက်နောက်ခံပဲ... တကယ်လို့ မင်း နတ်ဘုရားကမ္ဘာမှာ မင်းဘာသာမင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရရင် ဘိုးဘေးရဲ့ နာမည်ကို စိတ်ထဲကနေ တိတ်တဆိတ် ရွတ်ဆိုလိုက်... ဘိုးဘေး မင်းကို ကာကွယ်ဖို့ ချက်ချင်း ထွက်လာလိမ့်မယ်..."

​"ဒါကြောင့် ဒါကိုပဲ ငြင်းမနေဘဲ လက်ခံလိုက်ပါ... ဒါက ဘိုးဘေးက မင်းအတွက် ပေးတဲ့ လက်ဆောင်ပဲ..."

​ဘိုးဘေး၏ လေးနက်သော စကားများကို ကြားရချိန်တွင် ဝူယိတောက်မှာ နေရာတွင်ပင် မှင်တက်သွားခဲ့ရသည်။ အတန်ကြာပြီးနောက် သူသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့ပြီး ဝူဟောက် ပေးသနားသော မူလရင်းမြစ်စွမ်းအားကို ရိုသေစွာ လက်ခံလိုက်လေသည်။

​'ဘိုးဘေးက ဒီလောက်အထိ အတင်းပြောနေမှတော့ ငါက ဆက်ပြီး ငြင်းနေမယ်ဆိုရင် တော်တော်လေး ဟန်ဆောင်လွန်းရာ ကျသွားလိမ့်မယ်...'

​ဝူယိတောက်သည် နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်စွမ်းအားကို လက်ခံရရှိလိုက်သည့် အခိုက်အတန့်မှာပင် ၊ ဝူဟောက်၏ စိတ်ထဲ၌ စနစ်၏ အချက်ပေးသံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

[ဒင်... ပိုင်ရှင်သည် နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်တစ်ခုကို ပေးအပ်လိုက်ကြောင်း တွေ့ရှိရပါသည်... အဆတစ်သန်း တိုးပွားခြင်း အကျိုးကျေးဇူးအရ နတ်ဘုရားအရှင်သခင် နှောင်းပိုင်း အဆင့်ရှိ မူလရင်းမြစ် ပမာဏ တစ်သန်းကို ပြန်လည်ပေးအပ်ပါသည်... ပေါင်းစပ်ပါမည်လား..]

​"မပေါင်းစပ်နဲ့..."

​ဝူဟောက်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် အမိန့်ပေးလိုက်၏။ ထိုမူလရင်းမြစ်များကို စုစည်းပေါင်းစပ်ရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် မူလအရည်အသွေးမှာ အတူတူပင်ဖြစ်သဖြင့် တစ်သန်းအဖြစ် ခွဲခြားချန်ထားခြင်းက နောင်တွင် ဝူမိသားစု၏ သွေးမျိုးဆက်များကို ဖြန့်ဝေပေးရာ၌ ပိုမိုလွယ်ကူ အဆင်ပြေစေသောကြောင့် ဖြစ်သည်။

​"ဘိုးဘေး... စိတ်ချပါ... ကျွန်တော် နတ်ဘုရားကမ္ဘာကို ရောက်သွားရင်တောင် ဘိုးဘေးရဲ့ သိက္ခာကို ဘယ်တော့မှ ညှိုးနွမ်းပျက်စီးအောင် မလုပ်ဘူး... တစ်နေ့ကျရင် ဝူမိသားစုရဲ့ နာမည်ဂုဏ်သတင်းကို နတ်ဘုရားကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွားစေရမယ်"

​ဝူယိတောက်က ဝူဟောက်ကို ကြည့်ကာ တည်ကြည်လေးနက်စွာ အာမခံလိုက်လေသည်။

​ဝူဟောက်သည် ဝူယိတောက်၏ ပခုံးကို အသာအယာပုတ်ပေးရင်း ပြုံး၍ ပြောဆိုလိုက်သည်။

​"မင်းမှာ ဒီလို ရည်မှန်းချက်ကြီးကြီးမားမား ရှိတာ ကောင်းပါတယ်... ဒါပေမဲ့ မင်းကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ဘေးဒုက္ခတွေနဲ့ ကြုံလာရရင် ဘိုးဘေးကို အသိပေးဖို့ မမေ့နဲ့ဦးနော်... ငါ ဒီလောက်အထိ စွမ်းအားကြီးအောင် ကျင့်ကြံအားထုတ်ထားတာက မင်းတို့ရဲ့ ကျောထောက်နောက်ခံအဖြစ် ကာကွယ်ပံ့ပိုးပေးဖို့ပဲ..."

​"ကဲ... ကောင်းပြီ၊ ဘိုးဘေးက မင်းအတွက် လက်ဆောင်ပစ္စည်း လာပေးရုံ သက်သက်ပဲ... မင်း လက်ခံရရှိပြီးပြီဆိုတော့ ဘိုးဘေး ပြန်တော့မယ်... လမ်းခရီးမှာ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပြီး အမြန်ဆုံး သန်မာလာအောင် ကျင့်ကြံအားထုတ်..."

​ထိုသို့ပြောပြီးနောက် ဝူဟောက်၏ ပုံရိပ်သည် ဝူယိတောက်၏ မျက်စိရှေ့မှောက်မှ ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။ ဝူဟောက် ထွက်ခွာသွားပြီးနောက် ဝူယိတောက်၏ အမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်သွားခဲ့သည်။

ထိုအချိန်တွင် သူ၏ ပခုံးပေါ်သို့ ကြီးလေးသော တာဝန်တစ်ရပ် ကျရောက်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။ ဤအရာသည် ဘိုးဘေးအတွက် အလွန်တန်ဖိုးကြီးမားလှမည်မှာ သေချာသော်လည်း ဘိုးဘေးက မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူ့ကို ပေးသနားခဲ့သည်။ ဤသည်က ဘိုးဘေးအနေဖြင့် သူ့ကို အလွန်အမင်း တန်ဖိုးထားပြီး ဝူမိသားစု၏ မျိုးဆက်သစ်များထဲတွင် သူ့အား ခေါင်းဆောင်တစ်ဦးအဖြစ် ယုံကြည်အားကိုးကြောင်း ပြသနေသည် မဟုတ်လော။

​"ဘိုးဘေးရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ငါ ပိုပြီး စွမ်းအားကြီးမားလာအောင် ကြိုးစားရမယ်... ပြီးတော့ ဝူမိသားစုတစ်ခုလုံးကို ဦးဆောင်ပြီး နတ်ဘုရားကမ္ဘာမှာ ကြီးမားတဲ့ နာမည်ဂုဏ်သတင်းကို ထူထောင်ရမယ်"

​ဝူယိတောက်သည် အနာဂတ်အတွက် မျှော်လင့်ချက်များစွာဖြင့် ရင်ထဲ၌ တိတ်တဆိတ် သန္နိဋ္ဌာန်ချလိုက်မိတော့သည်။

All Chapters