အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း ၃၂၃ - နတ်ဘုရား ဧကရာဇ်
"ဘုရားရေ... အခု သခင့်ဆီမှာ နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရဲ့ မူလရင်းမြစ်စွမ်းအား တစ်စိတ်တစ်ပိုင်း ရှိနေပြီပဲ ၊ တကယ်လို့သာ အချိန်ရမယ်ဆိုရင် သခင့်အနေနဲ့ နတ်ဘုရားအရှင်သခင်နယ်ပယ်ကို ပြန်ရောက်ဖို့ အနှစ်တစ်သောင်းလောက်ပဲ လိုတော့မှာ"
"ပြီးတော့ ဘိုးဘေးပေးခဲ့တဲ့ ဒီနတ်ဘုရားအရှင်သခင် အဆင့်ရှိ မူလရင်းမြစ်ကို ကြည့်ရသလောက် ဘိုးဘေးရဲ့စွမ်းအားက အနည်းဆုံး နတ်ဘုရားဧကရာဇ်အဆင့်မှာ ရှိလိမ့်မယ် မဟုတ်ရင် သခင့်ရဲ့ဘိုးဘေးက နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ကို ဒီလောက်အထိ သေသပ်ပြတ်သားစွာ သတ်နိုင်ခဲ့မှာ မဟုတ်ဘူး"
"ဒါတင်မကသေးဘူး၊ ဘိုးဘေးက အဲဒီနတ်ဘုရားအရှင်သခင်ရဲ့ ကျန်ရှိနေတဲ့ ကြွင်းကျန်နတ်အသိစိတ်ကိုပါ ဖယ်ရှားပေးခဲ့သေးတယ်၊ ကြညိ့ရတာ သခင့်ကို စိတ်အေးလက်အေးနဲ့ စုပ်ယူနိုင်အောင် လုပ်ပေးခဲ့တာ ဖြစ်ရမယ်"
ဖရိုဖရဲခေါင်းလောင်းသည် ဝူယိတောက်၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားအရှင်သခင် အဆင့်ရှိ မူလရင်းမြစ်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
ပုံမှန်အားဖြင့် စွမ်းအားကြီးမားသူများ၏ မူလရင်းမြစ်စွမ်းအားထဲတွင် ပိုင်ရှင်၏ နတ်အသိစိတ် အနည်းငယ် ကျန်ရှိနေလေ့ ရှိသည်။ ထို့ကြောင့် အကယ်၍ တစ်ဦးတစ်ယောက်က ထိုမူလရင်းမြစ်စွမ်းအားကို စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ ဇွတ်မှိတ်စုပ်ယူမိပါက ၎င်းထဲ၌ ကျန်ရစ်သော နတ်အသိစိတ်ကြောင့် လူသစ်တစ်ယောက်အဖြစ် ပူးကပ်ပြောင်းလဲသွားနိုင်သည့် အန္တရာယ်ရှိပေသည်။
ထို့ကြောင့် မူလရင်းမြစ်စွမ်းအားကို မစုပ်ယူမီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပြီး သို့မဟုတ်ပါက အခက်အခဲပြဿနာများနှင့် အလွယ်တကူ ကြုံတွေ့ရနိုင်သည်။
ဤစကားကို ကြားသောအခါ ဝူယိတောက်၏ စိတ်ထဲတွင် အလွန်အမင်း ရှုပ်ထွေးသွားခဲ့သည်။ အတန်ကြာမှပင် သူသည် သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ပြောဆိုလိုက်တော့သည်။
"ကောင်းပြီ... စတင်ကျငိ့ကြံလိုက်ရအောင် ၊ ဘိုးဘေးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတာဆိုတော့ ငါ ကျရှုံးလို့ မဖြစ်ဘူး"
"ဟတ်ချိုး... ..."
ဝူဟောက်သည် ယခုအခါ ရွှမ်ယွမ်ကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်ကို စုပ်ယူပြီး နတ်ဘုရားဧကရာဇ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
သူကိုယ်တိုင်ပင်လျှင် နတ်ဘုရားဧကရာဇ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်မည့် အရှိန်အဝါသည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ပြင် မည်မျှအထိ ပြင်းထန်သော ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာမည်ကိုလည်း ကြိုတင်မသိရှိနိုင်သဖြင့် ရွှမ်ယွမ်ကမ္ဘာနှင့် ဝေးရာအရပ်တွင်သာ အဆင့်တက်လှမ်းရန် စီစဉ်ထားခဲ့သည်။
ရွှမ်ယွမ်ကမ္ဘာနှင့် အလွန်ဝေးကွာသော ကမ္ဘာတစ်ခုသို့ ရောက်ရှိပြီးနောက် ဝူဟောက်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ပြောဆိုလိုက်သည်။
"စနစ်... ငါ့အတွက် နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့် မူလရင်းမြစ်စွမ်းအား ကိုးသိန်းကိုးသောင်းကို စုပ်ယူပေးပါ"
နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်စွမ်းအား ကိုးသိန်းကိုးသောင်းကို စုပ်ယူခြင်းသည် ဝူဟောက်ကို နတ်ဘုရားဧကရာဇ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် လုံလောက်ရုံသာမက နတ်ဘုရားဧကရာဇ် ကနဦးအဆင့်ထက်ပင် ပိုမိုမြင့်မားသွားနိုင်ပေသည်။
သူသညိ အရေးပေါ်အခြေအနေအတွက် နတ်ဘုရားအရှင်သခင် အဆင့်ရှိ မူလရင်းမြစ် တစ်သောင်းကို ချန်ထားခဲ့ပြီး ၊ ထိုမူလရင်းမြစ် စွမ်းအားကိုလည်း ရွှမ်ယွမ်ကမ္ဘာ၏ ကမ္ဘာ့ခံနိုင်ရည်အား တိုးမြှင့်ရန်အတွက်လည်း နောက်ပိုင်းတွင် အသုံးပြုရမည်ဖြစ်သည်။
ဝူဟောက်၏ အတွေး ငြိမ်သက်သွားသည်နှင့် နောက်တစ်စက္ကန့်တွင် နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်စွမ်းအား ကိုးသိန်းကိုးသောင်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်လာကာ ကျင့်ကြံခြင်းနယ်ပယ်ကို တဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။
မကြာမီ ထိုစွမ်းအားသည် နတ်ဘုရားအရှင်သခင်၏ အကန့်အသတ်များကိုပင် ချိုးဖောက်သွားခဲ့ရာ နတ်ဘုရားအရှင်သခင်အထက်ရှိ နယ်ပယ်ဖြစ်သော နတ်ဘုရားဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားလေတော့သည်။
ဝူဟောက်သည် နတ်ဘုရားဧကရာဇ်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်လိုက်သည့် အခိုက်အတန့်မှာပင် ထိန်းချုပ်၍မရသော ဖိအားတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး နတ်ဘုရားကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်သွားခဲ့သည်။
ခဏချင်းအတွင်းမှာပင် ထိုဖိအားသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားလေရာ၊ သက်တမ်းရင့် ဂိုဏ်းကြီးများနှင့် သတ္တဝါကြီးများမှာ မျက်လုံးများ ပွင့်လာကြပြီး အိပ်စက်ခြင်းမှ နိုးထလာကာ ဝူဟောက်ရှိရာ အရပ်သို့ အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ ငါ နတ်ဘုရားအရှင်သခင်အဆင့်ကို ချိုးဖောက်ဝင်ရောက်တုန်းကတောင် ဒီလိုစွမ်းအားမျိုးကို မထုတ်လွှတ်နိုင်ခဲ့ဘူး နတ်ဘုရားဧကရာဇ်နယ်ပယ်ကပဲ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်မှာ မဖြစ်ဘူး... ငါ သူ့ကို သွားရှာရမယ်၊ တကယ်လို့ နတ်ဘုရားဧကရာဇ်တစ်ပါးနဲ့ မိတ်ဆွေဖွဲ့နိုင်ရင် ငါ့အတွက် သေချာပေါက် အကျိုးရှိမယ့် ကိစ္စပဲ။"
"အစောင့်တွေ... ငါ့အမိန့်ကို ထုတ်ပြန်လိုက်၊ တောင်ဘက်ကောင်းကင်ယံဆီ သွားကြမယ်၊ အကယ်၍ အဲဒီနတ်ဘုရားဧကရာဇ်ကို ရှာတွေ့ရင် အဆင့်မြင့်နတ်ဘုရားကြယ် တစ်သိန်း ဆုချမယ်"
"မဟုတ်သေးဘူး... ဒီလောက် ကြောက်စရာကောင်းတဲ့ လှုပ်ခတ်မှုမျိုးဆိုရင် ငါကိုယ်တိုင် အဲဒီကို သွားမှဖြစ်မယ် ၊ နတ်ဘုရားဧကရာဇ်တစ်ပါး နတ်ဘုရားကမ္ဘာမှာ မပေါ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ တကယ်လို့ ငါသာ သူ့အကြိုက်ဆောင်ပြီး မိတ်ဆွေဖွဲ့နိုင်ရင် ငါ့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်လာမှာပဲ"
သက်တမ်းရင့် မြေခွေးအိုကြီးများသည် ဝူဟောက်၏ နတ်ဘုရားဧကရာဇ်အဆင့်မှ ထွက်ပေါ်လာသော အရှိန်အဝါ လှုပ်ခတ်မှုများကို အာရုံခံမိသွားကြသည်။ ထို့နောက် သူတို့အားလုံးသည် ဝူဟောက်ရှိရာ တောင်ဘက်ကောင်းကင်ယံဆီသို့ ဦးတည်ကာ တရှိန်ထိုး ထွက်ခွာလာခဲ့ကြသည်။
အမှန်အားဖြင့် နတ်ဘုရားကမ္ဘာသည် အထက်ကမ္ဘာနှင့် ဆင်တူသော်လည်း ကွာခြားချက်အချို့ ရှိသည်။ ဥပမာအားဖြင့် အထက်ကမ္ဘာသည် ကျယ်ပြောလှပြီး အချင်းချင်း ဆက်နွှယ်နေသော တိုက်ကြီးတစ်တိုက်နှင့် တူသော်လည်း၊ နတ်ဘုရားကမ္ဘာမှာမူ ရေတွက်၍မရနိုင်သော အထက်ကမ္ဘာငယ်ပေါင်းများစွာကို စုဝေးထားသည့် အလုံပိတ်စက်လုံးကြီးတစ်ခုနှင့် တူပေသည်။ တစ်ဖန် အောက်ကမ္ဘာများမှာမူ နတ်ဘုရားကမ္ဘာအတွင်း၌ သဲပွင့်လေးများကဲ့သို့ ပေါလောပေါ်လျက် ရှိနေသည်။
ထို့ကြောင့် နတ်ဘုရားကမ္ဘာကို အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက်မြောက်၊ မြောက်ဘက်ကောင်းကင်ယံ၊ တောင်ဘက်ကောင်းကင်ယံ၊ အနောက်ဘက်ကောင်းကင်ယံ၊ အရှေ့ဘက်ကောင်းကင်ယံနှင့် ဗဟိုဟူ၍ ကောင်းကင်ဇုန် ကိုးခုအဖြစ် ခွဲခြားထားခြင်း ဖြစ်သည်။
ယခု ဝူဟောက် ရှိနေသည့်နေရာမှာမူ နတ်ဘုရားကမ္ဘာ၏ တောင်ဘက်ကောင်းကင်ယံဇုန်ပင် ဖြစ်သည်။
သွေးဝိညာဉ်ဂိုဏ်းအတွင်း၌ ဂိုဏ်းချုပ်ဖြစ်သူ သွေးနတ်ဘုရားသည်လည်း ထိုလှုပ်ခတ်မှုကို သဘာဝကျကျပင် အာရုံခံမိသွားသည်။ သူ၏ မျက်လုံးများမှာ ကြောက်မက်ဖွယ် ကောင်းအောင် နီရဲနေပြီး တီးတိုးရေရွတ်လိုက်သည်။
"စိတ်ဝင်စားစရာပဲ... နတ်ဘုရားဧကရာဇ်အသစ်တစ်ပါးက ဒီလောက်မြန်မြန် ပေါ်လာတာလား ၊ ငါကပဲ နတ်ဘုရားဧကရာဇ်အသစ် ဖြစ်လာလိမ့်မယ်လို့ ထင်ထားတာ... ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ မကြာခင်ပါပဲ.. အနှစ်တစ်သန်းမပြည့်ခင်မှာ ငါလည်း နတ်ဘုရားဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်တော့မှာ အဲဒီကျမှပဲ အသစ်ပေါ်လာတဲ့ နတ်ဘုရားဧကရာဇ်နဲ့ သွားပြီး ဆုံကြတာပေါ့..."
တစ်ဖက်တွင်လည်း စူးမိသားစု၏ အကြီးအကဲဖြစ်သူ စူးဟောက်ယွီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး တောင်ဘက်ကောင်းကင်ယံဘက်သို့ လှမ်းမြော်ကြည့်ကာ ရေရွတ်လိုက်၏။
"တောင်ဘက်ကောင်းကင်ယံမှာ နတ်ဘုရားဧကရာဇ်အသစ်တစ်ပါး ပေါ်လာတာလား... ငါတို့ စူးမိသားစုအနေနဲ့ သူ့ကို သွားရောက်မိတ်ဆက်ထားဖို့ လိုလိမ့်မယ် ဒါပေမဲ့ အခုက အချိန်မတန်သေးဘူး ငါက နတ်ဘုရားဧကရာဇ် အလယ်အလတ်အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေတာ၊ အဲဒီ တရားမဝင်မွေးထားတဲ့ ကလေးကို ရှာဖို့ စေလွှတ်ထားတဲ့ စူးမိသားစုဝင်တွေကိုပဲ အခြေအနေကို သေချာ စောင့်ကြည့်ခိုင်းထားရမယ်..."
ထိုသို့ရေရွတ်ပြီးနောက် စူးဟောက်ယွီသည် စူးချောင်ရန်ကို လိုက်လံရှာဖွေရန် စေလွှတ်ထားသော စူးမိသားစုဝင်များထံသို့ သတင်းစကားပါးလိုက်ပြီး၊ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် မျက်လုံးများကို ပြန်လည်မှိတ်လိုက်သည်။
နတ်ဘုရားကမ္ဘာ၏ ဗဟိုချက်ရှိ အလွန်ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခုအတွင်း၌၊
ရှေးဟောင်းနတ်ဘုရားဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် တောင်ဘက်ကောင်းကင်ယံမှ ထွက်ပေါ်လာသည့် နတ်ဘုရားဧကရာဇ်အသစ်၏ တည်ရှိမှုကို အာရုံခံမိသွားသည်။ ထိုသူမှာ ချီရှီးပင် ဖြစ်ပြီး သူ၏မျက်လုံးများက အရောင်တောက်သွားခဲ့သည်။
"စိတ်ဝင်စားစရာပဲ... နတ်ဘုရားဧကရာဇ် တစ်ပါး တကယ်ပေါ်လာတာပဲ၊ ကနဦးအဆင့်ပဲလား... ဒီလိုဆိုရင်တော့ ဧကရာဇ်ဖြစ်တဲ့ငါက မင်းရဲ့စွမ်းရည်တွေကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ရမှာပေါ့..."
သူ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။ ပြောပြောဆိုဆို သူ၏ပုံရိပ်သည် ရုတ်ခြည်းပျောက်ကွယ်သွားပြီး တောင်ဘက်ကောင်းကင်ယံဆီသို့ အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် အာကာသကို ဖြတ်ကျော်ကာ ထွက်ခွာသွားလေတော့သည်။
ထိုအချိန်တွင် တောင်ဘက်ကောင်းကင်ယံ၌ ရှိနေသော ဝူဟောက်သည် မိမိ၏ အဆင့်တက်လှမ်းမှုက နတ်ဘုရားကမ္ဘာရှိ အင်အားကြီးမားသော ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်မှန်း သဘာဝကျကျပင် တွေးဆမိသည်။ ထို့ပြင် မရေမတွက်နိုင်သော အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးများသည် ဤနေရာသို့ ဦးတည်လာနေကြပြီ ဖြစ်ကြောင်းကိုလည်း သူ ကောင်းကောင်းသိရှိသည်။
ဝူဟောက်သည် ပြဿနာတက်ရမည်ကို မကြောက်သော်လည်း ထိုသို့ ရှုပ်ရှုပ်ရှက်ရှက်ကိစ္စများကို မနှစ်သက်ချေ။ ထို့ကြောင့် နတ်ဘုရားဧကရာဇ်အဆင့်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်ပြီးသည်နှင့် ဝူဟောက်သည် ထိုနေရာတွင် ဆက်မနေတော့ဘဲ ရွှမ်ယွမ်ကမ္ဘာဆီသို့ ချက်ချင်းပင် လှည့်ပြန်သွားလေတော့သည်။
ဝူဟောက်ကို အံ့အားသင့်စေခဲ့သည်မှာ နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်၏ မူလရင်းမြစ်စွမ်းအား ၉၉၀,၀၀၀ ကို အသုံးပြုပြီးသည့်တိုင်အောင် သူသည် နတ်ဘုရားဧကရာဇ် ကနဦးအဆင့်ကိုသာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့၏။ အလယ်အလတ်အဆင့်သို့ပင် မရောက်ရှိဘဲ ကနဦးအဆင့်တွင်သာ ရပ်တန့်နေခဲ့သည်။
"နတ်ဘုရားဧကရာဇ်အဆင့်က တကယ့်ကို ကြောက်စရာကောင်းတာပဲ... ဒီအခြေအနေအတိုင်းဆိုရင် နတ်ဘုရားဧကရာဇ် ကနဦးအဆင့်ရဲ့ မူလရင်းမြစ်စွမ်းအား တစ်သန်းနဲ့တောင် နတ်ဘုရားဧကရာဇ် အထွတ်အထိပ်အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ မလွယ်ကူဘူး..."
သူ၏ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ဆန်းစစ်ကြည့်ပြီးနောက် ဝူဟောက်သည် ထိုအရာကို တွေးဆမိရင်း ရေရွတ်လိုက်သည်။
သို့သော်လည်း သေချာပြန်လည်သုံးသပ်ကြည့်ပြီးနောက် ဤသည်မှာ အံ့သြစရာမဟုတ်မှန်း သူ နားလည်သွားခဲ့သည်။ နတ်ဘုရားဧကရာဇ်နှင့် နတ်ဘုရားအရှင်သခင်တို့ကြားက ကွာခြားချက်မှာ နတ်ဘုရားအရှင်သခင်နှင့် သာမန်လူသားတို့ကြား ကွာခြားချက်ကဲ့သို့ပင် ။ နတ်ဘုရားအရှင်သခင် အပါး ၁၀၀,၀၀၀ စုပေါင်းတိုက်ခိုက်လျှင်ပင် နတ်ဘုရားဧကရာဇ်တစ်ပါးကို ယှဉ်နိုင်မည်မဟုတ်ချေ။
ဤအချက်ကြောင့်ပင် နတ်ဘုရားကမ္ဘာတစ်ခုလုံး၌ နတ်ဘုရားဧကရာဇ်အဆင့်ရှိ ပုဂ္ဂိုလ်ကြီးများသည် ဤမျှအထိ ရှားပါးနေရခြင်း ဖြစ်ပေသည်။
ထို့အပြင် ဝူဟောက် ကျင့်ကြံထားသော ကောင်းကင်ဘုံဧကရာဇ် မဟာတာအိုကျမ်းစာသည် မဟာတာအိုနိယာမ တစ်ခုတည်းကိုသာ ထိန်းချုပ်နိုင်ကြသည့် အခြားနတ်ဘုရားဧကရာဇ်များနှင့် လုံးဝ ကွဲပြားခြားနားသည်။ ဝူဟောက်သည် လမ်းစဉ်တစ်သောင်းကို စိုးမိုးထိန်းချုပ်နိုင်သူဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မှာလည်း အခြားသော နတ်ဘုရားဧကရာဇ်များထက် အဆမတန် ပိုမိုနက်ရှိုင်းလှပေသည်။ ထို့ကြောင့် သူသည် အဆင့်တက်လှမ်းရန် ကျင့်ကြံခြင်းအရင်းအမြစ်များစွာ လိုအပ်ခြင်းမှာ သဘာဝကျသော ကိစွသာ ဖြစ်ပေသည်။