အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း ၃၂၄ - ကမ္ဘာကြီးကို အဆင့်မြှင့်တင်ခြင်း
အခြားတစ်ဖက်ရှိ ကောင်းကင်တာအို
ဟင်းလင်းပြင်ကြီးအတွင်း၌ ကောင်းကင်တာအိုသည် ကမ္ဘာ့ရင်းမြစ်၏ ရှေ့တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး သူ၏ မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။
“ငါးနှစ်တောင် ရှိသွားပြီပဲ... စီနီယာက ဘယ်ရောက်နေတာလဲ... သူ ဘာလို့ ငါ့ကို လာမရှာသေးတာလဲမသိဘူး...”
မည်သို့ပင်ဆိုစေကာမူ ရွှမ်ယွမ်ကမ္ဘာ၏ ခံနိုင်ရည်စွမ်းအား တိုးတက်လာခြင်းသည် သူ၏ ကျင့်ကြံမှု တိုးတက်လာခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် ဤအခြေအနေကို သူ ပို၍ အာရုံစိုက်မိနေခြင်းမှာ သဘာဝကျပသည်။
ကောင်းကင်တာအို တစ်ယောက် အတော်လေး ပူပန်နေချိန်မှာပင် ၊ ဝူဟောက်သည် နောက်တစ်စက္ကန့်တွင် ထိုဟင်းလင်းပြင်အတွင်းသို့ ရုတ်တရက် ဆိုက်ဆိုက်မြိုက်မြိုက် ပေါ်ထွက်လာခဲ့၏။
“ဘာဖြစ်လို့လဲ... မင်း ကြည့်ရတာ တော်တော်လေး စိုးရိမ်ပူပန်နေပုံရတယ်...”
ဝူဟောက်က ကောင်းကင်တာအိုကို စနောက်လိုသော မျက်နှာပေးဖြင့် ကြည့်ကာ မေးလိုက်သည်။
ဝူဟောက် ရုတ်ချည်း ပေါ်လာသဖြင့် ကောင်းကင်တာအိုမှာ အလွန်အမင်း အံ့အားသင့်သွားသော်လည်း အခြေအနေကို သဘောပေါက်သွားပြီးနောက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခပ်သွက်သွက်လေး ပြန်ပြောလိုက်၏။
“စီနီယာကလည်း နောက်နေပြန်ပြီ... ဒါက ရွှမ်ယွမ်ကမ္ဘာရဲ့ တိုးတက်ပြောင်းလဲမှုနဲ့တင်မကဘဲ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ပါ သက်ဆိုင်နေတာလေ... ဒါကြောင့် စိုးရိမ်မိတာ မဆန်းပါဘူး...”
ဝူဟောက်ကဲ့သို့ အစွမ်းထက်လှသော တန်ခိုးရှင်တစ်ဦး၏ ရှေ့မှောက်တွင် လိမ်ညာလှည့်ဖြားရန် ကြိုးစားခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ကောင်းကင်တာအိုလည်း ကောင်းကောင်းသိထားသဖြင့် အမှန်အတိုင်းသာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ဝူဟောက်က လက်ကို အသာအယာ ဝှေ့ယမ်းကာ မိန့်ဆိုလိုက်၏။
“ကောင်းပြီ... ကျန်တဲ့ကိစ္စတွေကို ငါ့ဆီပဲ လွှဲထားလိုက်တော့... မင်းကတော့ လီဖန်ထျန်းနဲ့ တခြားသူတွေဆီ သွားပြီး မဟာဝင်္ကပါ တည်ဆောက်တဲ့နေရာမှာ ကူညီပေးလိုက်ဦး...”
ဝူဟောက်က လီဖန်ထျန်းနှင့် သူ၏အဖွဲ့ထံ ပေးအပ်ခဲ့သော ဝင်္ကပါမှာ အလွန်ရိုးရှင်းလှသော်လည်း တည်ဆောက်ရန်အတွက်မူ အချိန်များစွာ လိုအပ်သည်။ ထို့ကြောင့် ပြင်ပမှ နှောင့်ယှက်စွက်ဖက်မှုမျိုး မရှိလျှင်ပင် ထိုဝင်္ကပါ ပြီးပြည့်စုံရန်အတွက် အနည်းဆုံး နှစ်ပေါင်းသုံးဆယ်မျှ အချိန်ယူရပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်တာအိုကိုပါ ဝင်ရောက်ကူညီခွင့်ပြုခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။ ယင်းက မဟာဝင်္ကပါ တည်ဆောက်မည့်အချိန်ကို အနည်းဆုံး နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ခန့်အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။
ဤစကားကို ကြားသောအခါ ကောင်းကင်တာအိုက သဘောတူညီသည့်အလား ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဒီလိုဆိုရင်တော့ ဒီကိစ္စကို စီနီယာ့ဆီပဲ ယုံကြည်စိတ်ချစွာ လွှဲထားခဲ့ပါတော့မယ်... ကျွန်တော် စီနီယာ့ကို ယုံကြည်ပါတယ်..”
ကောင်းကင်တာအိုသည် ပြောပြီးသည်နှင့် သူ၏ ပုံရိပ်သည် ဖြည်းညင်းစွာ မှေးမှိန်ပျောက်ကွယ်သွားပြီး၊ ထိုဟင်းလင်းပြင်ကျယ်ကြီးထဲတွင် ဝူဟောက် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေတော့သည်။
သူ့ရှေ့ရှိ ကမ္ဘာ့ရင်းမြစ်ကို ကြည့်ရင်း ဝူဟောက်သည် တည်ငြိမ်အေးဆေးစွာဖြင့် နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ် အလင်းလုံးတစ်လုံးကို ထုတ်ယူလိုက်၏။ ထိုနတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်၏ ရှေ့မှောက်တွင်မူ ၊ ရွှမ်ယွမ်ကမ္ဘာ၏ ကမ္ဘာ့ရင်းမြစ်မှာ အလွန်အမင်း သေးငယ်သိမ်ဖျင်းလွန်းလှပုံရပေသည်။
“နောက်တစ်ဆင့်ကတော့ နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်နဲ့ ရွှမ်ယွမ်ကမ္ဘာရဲ့ မူလရင်းမြစ်တို့ကို ပေါင်းစပ်ဖို့ပဲ... ဒါပေမဲ့ ရွှမ်ယွမ်ကမ္ဘာရဲ့ မူလရင်းမြစ်က ကမ္ဘာတစ်ခုလုံးအတွက် အသက်သွေးကြောလို အရေးကြီးတယ်... သေသေချာချာ မထိန်းချုပ်နိုင်ဘဲ လွဲချော်သွားရင် ရွှမ်ယွမ်ကမ္ဘာတစ်ခုလုံး ပျက်စီးသွားနိုင်တယ်...”
ဝူဟောက်သည် မိမိဘာသာ ရေရွတ်လိုက်သော်လည်း သူ၏ လက်အမူအရာများကမူ တုံ့ဆိုင်းသွားခြင်း မရှိခဲ့ချေ။ ဝူဟောက်၏ ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားအရှင်သခင် နှောင်းပိုင်းအဆင့်ရှိ မူလရင်းမြစ်သည် ရွှမ်ယွမ်ကမ္ဘာ၏ မူလရင်းမြစ်ဆီသို့ အလျင်အမြန် ပျံသန်းသွားပြီး၊ မကြာမီအချိန်အတွင်းမှာပင် ၎င်းတို့နှစ်ခုသည် စတင်ပေါင်းစပ်သွားကြတော့သည်။
သို့သော်လည်း ဤလုပ်ငန်းစဉ်သည် အလွန်တရာ နှေးကွေးလှသဖြင့် ဝူဟောက်ကဲ့သို့ စွမ်းအားကြီးမားသူပင်လျှင် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးမြောက်အောင် စွမ်းဆောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာတစ်ခုကို ဖန်တီးတည်ဆောက်ခြင်းသည် ဖျက်ဆီးခြင်းထက် အဆပေါင်းများစွာ ပိုမိုခက်ခဲလှပေသည်။ ယခုလုပ်ရပ်သည် ကမ္ဘာတစ်ခုကို အဆင့်မြှင့်တင်ရုံသက်သက်မျှသာ ဆိုသော်ငြားလည်း၊ အနှစ်သာရအားဖြင့် ကမ္ဘာသစ်တစ်ခုကို အစမှအဆုံး ဖန်တီးတည်ဆောက်ရခြင်းနှင့် သိပ်ပြီး ကွာခြားမှု မရှိလှချေ။
ဝူဟောက် စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရွှမ်ယွမ်ကမ္ဘာတစ်ခုလုံးအတွင်း၌ ထူးခြားဆန်းပြားသော ပြောင်းလဲမှုအမျိုးမျိုး ရုတ်ချည်း ပေါ်ပေါက်လာခဲ့တော့သည်။ ကျင့်ကြံသူအမြောက်အမြားမှာ အကြောင်းရင်းရေရေရာရာမရှိဘဲ ကျင့်ကြံမှုအဆင့်ဆင့်ကို အလွယ်တကူ ကျော်ဖြတ်ကာ အဆင့်တက်လှမ်းနိုင်ခဲ့ကြပြီး၊ မိမိတို့၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာလည်း သိသိသာသာ မြန်ဆန်လာကြောင်း ကိုယ်တိုင်ခံစားလိုက်ရသည်။
ထိုအခြေအနေကြောင့် လူအများစုမှာ မိမိကိုယ်မိမိ ပါရမီထူးချွန်လွန်းလှသဖြင့် ရုတ်တရက် ကျင့်ကြံဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထင်မှတ်မှားသွားကြသည်။ သို့သော်လည်း လက်ရှိ ရွှမ်ယွမ်ကမ္ဘာကြီးအတွင်း၌ သူတို့မျက်စိဖြင့်မမြင်နိုင်သော နေရာတွင်လည်း ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေကြောင်းကို ပါရမီရင့်သန်သူ လူနည်းစုကသာ ရိပ်မိခဲ့ကြသည်။
တစ်ဖက်တွင်မူ လက်နက်သွန်းလုပ်ခြင်းတောင်တန်းထက်၌ ဝူကျန်းအဲ့သည် ကောရှောင်ကန်းနှင့်အတူ လက်နက်များကို အာရုံစိုက် သွန်းလုပ်နေခဲ့၏။ ယခုအချိန်တွင် ဝူကျန်းအဲ့၏ ကျင့်ကြံမှုမှာ အင်မော်တယ်ဘုရင် ကနဦးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာမှာလည်း အဆင့် ၇ အင်မော်တယ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်ရာ ၊ကောရှောင်ကန်း၏ မျက်လုံးများထဲ၌ မနာလိုအားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
‘နှိုင်းယှဉ်ရတာ တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ... လက်ရှိအခြေအနေအတိုင်းဆိုရင် သူက အသက်တစ်သောင်းမပြည့်ခင်မှာတင် အဆင့် ၈ အင်မော်တယ်လက်နက်သွန်းလုပ်သူ ဖြစ်လာနိုင်လောက်တယ်၊ ဒီတိုင်းသာဆို သူက ရွှမ်ယွမ်ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လက်နက်သွန်းလုပ်သူအားလုံးကို အသာစီးရပြီး အမှုန့်ကြိတ်ပစ်နိုင်လိမ့်မယ်... မဖြစ်ဘူး... ငါ သူ့အနောက်ကနေ သေသေချာချာ ကပ်လိုက်မှ ဖြစ်မယ်...’
သို့သော်လည်း နောက်အခိုက်အတန့်တွင် ဝူကျန်းအဲ့သည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား မျက်မှောင်ကြုတ်သွားပြီး၊ လက်နက်သွန်းလုပ်နေသော သူ၏လက်အစုံမှာ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ ကောရှောင်ကန်းက ဝူကျန်းအဲ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်၏။
“အစ်ကိုကြီး... ဘာဖြစ်လို့လဲ...”
“မင်း... တစ်ခုခုကို ခံစားမိလား...”
ဝူကျန်းအဲ့သည် ကောရှောင်ကန်းကို စူးစိုက်ကြည့်ကာ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် မေးလိုက်သည်။ ကောရှောင်ကန်း တစ်ယောက် ဘာပြန်ပြောရမှန်းမသိခင်မှာပင် နောက်တစ်စက္ကန့်၌ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်လာပြီး လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့် မှ လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ ရုတ်ချည်း ချိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သို့သော် သူ အံ့ဩဝမ်းသာလို့ မဆုံးသေးခင်မှာပင် အခြေအနေကို ချက်ချင်း ရိပ်မိသွားသော ဝမ့်ချီ အင်မော်တယ်မဟာဧကရာဇ်က သူ့ကို ဂူအပြင်ဘက်သို့ အလျင်အမြန် ပစ်ထုတ်လိုက်လေ၏။
ကောရှောင်ကန်းကို မိုးကြိုးကပ်ဘေး ဖြတ်ကျော်နိုင်ရန်အတွက် အပြင်သို့ ပစ်ထုတ်ပေးလိုက်ပြီးနောက်၊ ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ်သည် ဝူကျန်းအဲ့ထံသို့ တည်ငြိမ်လေးနက်သော အမူအရာဖြင့် ရောက်ရှိလာပြီး မေးမြန်းလိုက်သည်။
“မင်းလည်း သတိထားမိတယ်ပေါ့...”
“ဟုတ်.. ရွှမ်ယွမ်ကမ္ဘာရဲ့ ကမ္ဘာ့နိယာမဥပဒေသတွေ ပြောင်းလဲနေပုံရတယ်...”
ကံကြမ္မာရွေးချယ်ခံရသူ ဟူသော သူ၏ ထူးခြားသည့် အမှတ်အသားအပြင်၊ ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားဧကရာဇ်ငါးပါးနှင့် ဒြပ်စင်ငါးပါးခေါင်းလောင်း တည်ရှိနေခြင်းကြောင့် ဝူကျန်းအဲ့သည် ကမ္ဘာ့နိယာမ အပြောင်းအလဲကို သဘာဝကျကျပင် အာရုံခံမိနေခြင်း ဖြစ်သည်။
တစ်ဖက်တွင်မူ ဝမ့်ချီ အင်မော်တယ်မဟာဧကရာဇ်သည် သူ၏ မြင့်မားသော ကျင့်ကြံမှုအဆင့်အတန်းကြောင်း ဤပြောင်းလဲမှုကို ရိပ်မိလေ၏။
ဆရာတပည့်နှစ်ဦးလုံး၏ မျက်နှာအမူအရာများမှာ အလွန် တည်ကြည်လေးနက်နေကြသည်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ်က သက်ပြင်းတိုးတိုးချကာ ခပ်အေးအေး စကားဆိုလိုက်၏။
“လာမယ့်ဘေး ပြေးကြည့်လို့မရဘူးဆိုတော့... ငါတို့ လုပ်နိုင်တာက ကျင့်ကြံခြင်းကိုပဲ ပိုပြီး ကြိုးစားကြရမှာပေါ့ ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမဥပဒေသတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... ငါတို့က မှော်လက်နက် သွန်းလုပ်သူတွေ ဖြစ်နေတာမို့ လောလောဆယ်တော့ အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို တက်လှမ်းနိုင်ဖို့က ဝေးပါသေးတယ်...”
“ဟုတ်ကဲ့ပါ ဆရာ...”
ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ်အနေဖြင့် မိမိအား ပိတ်ဆို့နှောင်ဖွဲ့ထားသော အတားအဆီးများ ရှိနေဆဲဖြစ်ပြီး၊ ၎င်းက အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိအောင် ဆက်လက်ဟန့်တားထားဆဲ ဖြစ်သည်ကို သူ ကောင်းကောင်းကြီး သိသည်။ သို့ဖြစ်ရာ မိမိအနေဖြင့် ထိုအထွတ်အထိပ်အဆင့်သို့ မည်သည့်အချိန်အခါကျမှသာ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဆိုသည်ကို သူကိုယ်တိုင်လည်း သိချင်မိသည်။
အခြားတစ်ဖက်ရှိ သွေးဝိညာဉ်ဂိုဏ်းအတွင်း၌ သွေးဧကရာဇ်သည် ရွှယ်ယွမ်နှင့် အခြားသူများအား သူတို့၏ အစီအမံများကို ပြင်ဆင်ရာတွင် ကူညီပေးနေရင်း၊ ရုတ်တရက်ဆိုသလို ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူသည် အလွန်အမင်း ပျက်ယွင်းသွားသော မျက်နှာပေးဖြင့် ပြတ်သားစွာ ရေရွတ်လိုက်လေသည်။
“မကောင်းတော့ဘူး... ရွှမ်ယွမ်ကမ္ဘာရဲ့ ကမ္ဘာ့နိယာမဥပဒေသတွေ အကြီးအကျယ် ပြောင်းလဲနေပြီ...”
သွေးဧကရာဇ်သည် ယခုအခါတွင် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သင် သိထားရမည်။ မူလကဆိုလျှင် သူသာ မိမိ၏ နတ်ဘုရားစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်ပါက ၊ ရွှမ်ယွမ်ကမ္ဘာ၏ ကောင်းကင်တာအိုမှ တုံ့ပြန်ကာ သူ့ကို အဝေးသို့ နှင်ထုတ်ပစ်မည် ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ သူ၏ နတ်ဘုရားစွမ်းအားများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လိုက်လျှင်ပင် ကောင်းကင်တာအို၏ ငြင်းပယ်ခြင်းကို ခံရတော့မည် မဟုတ်ကြောင်းနှင့် ရွှမ်ယွမ်ကမ္ဘာမှ ထွက်ခွာသွားရန် မလိုအပ်တော့ကြောင်း ခံစားမိခဲ့သည်။
အနီးနားတွင် ရပ်နေသော ရွှယ်ယွမ်သည် သွေးဧကရာဇ်၏ စကားကို ကြားလိုက်ရပြီးနောက် အနည်းငယ် အံ့အားသင့်သွားကာ မေးမြန်းလိုက်၏။
“ခမည်းတော်... ဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား... ခမည်းတော်အနေနဲ့ ရွှမ်ယွမ်ကမ္ဘာမှာ လွတ်လွတ်လပ်လပ် ဆက်နေလို့ရတယ်ဆိုရင် ကျွန်တော်တို့ အခုပဲ မဟာမြင့်မြတ်နယ်မြေငါးခုကို အပြတ်ရှင်းဖို့ စစ်ပွဲ စတင်ဆင်နွှဲလို့ ရပြီလေ...”
“မဟုတ်ဘူး... မင်း နားမလည်သေးဘူး... ရွှမ်ယွမ်ကမ္ဘာရဲ့ နိယာမဥပဒေသတွေဆိုတာ ဒီလောက်အလွယ်တကူ ပြောင်းလဲနိုင်တာမျိုး မဟုတ်ဘူး... ကောင်းကင်တာအိုကိုယ်တိုင်တောင် ဇွတ်မှိတ်ဝင်စွက်ဖက်လို့ မရတဲ့အရာပဲ၊ ဒါကြောင့်... ကောင်းကင်တာအိုထက်တောင် ပိုပြီး အစွမ်းထက်တဲ့ မဟာတန်ခိုးရှင်တစ်ယောက်ယောက်က နောက်ကွယ်ကနေ ဝင်ရောက်စွက်ဖက် ပြောင်းလဲပစ်နေတာ ဖြစ်နိုင်တယ်...”
“အကယ်၍ သွေးဝိညာဉ်ဂိုဏ်းက ဒီလိုမရေမရာဖြစ်နေတဲ့ အခြေအနေမျိုးမှာ အထက်ကမ္ဘာကို အဆင်အခြင်မဲ့ စစ်ပွဲဆင်နွှဲလိုက်မယ်ဆိုရင် အဲဒီနောက်ကွယ်က စွမ်းအားကြီးမားတဲ့ တန်ခိုးရှင်လည်း ပါဝင်လာနိုင်တယ် ၊ အဲဒီလိုသာဆိုရင် ငါတို့ သွေးဝိညာဉ်ဂိုဏ်းက သူနဲ့ယှဉ်ရင် ပြိုင်ဘက်တောင် ဖြစ်လာမှာ မဟုတ်ဘူး...”
သွေးဧကရာဇ်သည် အလွန်လေးနက်ခဲ့ပြီး အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ အထက်ကမ္ဘာ၏ ကောင်းကင်တာအိုသည် မည်မျှအထိ အစွမ်းထက်ပြီး အာဏာ ကြီးမားကြောင်းကို သူ ကောင်းကောင်းကြီး သိရှိထားသည်။ ယခုအခါတွင်မူ တစ်စုံတစ်ဦးက ရွှမ်ယွမ်ကမ္ဘာ၏ နိယာမဥပဒေသကို စိတ်တိုင်းကျ ပြောင်းလဲပစ်နိုင်နေပြီဖြစ်ရာ ထိုသူ၏ စွမ်းအားမှာ ကောင်းကင်တာအိုထက်ပင် သေချာပေါက် အဆပေါင်းများစွာ ပိုမိုကြီးမားပေလိမ့်မည်။
ယခု လောလောဆယ်တွင် မေးစရာကျန်ရှိနေသေးသည့် တစ်ခုတည်းသော ပုစ္ဆာမှာ ထိုနောက်ကွယ်က တန်ခိုးရှင်သည် အတိအကျအားဖြင့် မည်သူမည်ဝါဖြစ်သနည်း ဆိုသည့် အချက်ပင်။ ထို့ပြင် ထိုသူသည် ရွှမ်ယွမ်ကမ္ဘာ၏ မိတ်ဆွေလား သို့မဟုတ် ရန်သူလား ဆိုသည်ကိုလည်း မဝေခွဲနိုင်သေးချေ။
အကယ်၍ ထိုသူသာ ရန်သူဖြစ်ပါက ဤအခြေအနေသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိတော့မည်မဟုတ်ဘဲ၊ ပိုမိုအစွမ်းထက်သော စစ်ကူအင်အားစုတစ်ခု စေလွှတ်ပေးရန် သွေးဝိညာဉ်ဂိုဏ်း၏ အထက်လူကြီးများကို မဖြစ်မနေ ဆက်သွယ်ရပေတော့မည်။
တစ်ဖက်ကကြည့်လျှင်လည်း အကယ်၍ သူတို့သာ မိတ်ဆွေများဖြစ်နေပါက ၎င်းမှာ မိမိအနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်မည့် အရာမျိုး မဟုတ်ချေ။ မိမိအနေဖြင့် နောက်ထပ် အနှစ်သန်းပေါင်း နှစ်ထောင်မျှ ကျင့်ကြံပွားများဦးမည် ဆိုလျှင်ပင် ကောင်းကင်တာအို၏ စွမ်းအားအဆင့်အတန်းသို့ ရောက်ရှိနိုင်ရန်မှာ မသေချာချေ။
သို့ဖြစ်ရာ မိမိကို ကျောထောက်နောက်ခံပေးရန်အတွက် မိမိ၏နောက်ကွယ်ရှိ သွေးဝိညာဉ်ဂိုဏ်းချုပ်ကြီးမှ ပို၍ အစွမ်းထက်သော မဟာတန်ခိုးရှင်များကို စေလွှတ်ပေးရန် လိုအပ်လာချေပြီ။
ဤအချက်ကို တွေးမိသည်နှင့်အမျှ သွေးဧကရာဇ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းကာ ကြည့်ရဆိုးနေခဲ့သည်။ ရွှမ်ယွမ်ကမ္ဘာကို သူကိုယ်တိုင်ကိုယ်ကျ လက်ဝါးကြီးအုပ် အနိုင်ယူပြပါမည် ဟု သွေးနတ်ဘုရား၏ ရှေ့မှောက်တွင် ကတိကဝတ်ပြုခဲ့သော်လည်း၊ ယခုအခါတွင်မူ သွေးဝိညာဉ်ဂိုဏ်း၏ စစ်ကူအထောက်အပံ့ကို ထပ်မံတောင်းခံရတော့မည် ဖြစ်သောကြောင့် သွေးဧကရာဇ်တစ်ယောက် အနည်းငယ် ရှက်ရွံ့သိက္ခာကျသလို ခံစားလိုက်ရလေသည်။