အခန်း ၃၂၅
Vol. 33 Ch. 325
အခန်း ၃၂၅ - စွမ်းအားကြီးမားသူများ အံ့အားသင့်သွားကြသည်
“ဒါဆို... ခမည်းတော်၊ ဒီကိစ္စကို ကျွန်တော်တို့ အခု ဘယ်လို ဆက်ပြီး ဖြေရှင်းကြမလဲ...”
ရွှယ်ယွမ်နှင့် သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲများသည် သွေးဧကရာဇ်ကို စိုးရိမ်တကြီး ကြည့်ကာ မျက်နှာပျက်နေကြသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မူ သွေးဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာ မိန့်ဆိုလိုက်၏။
“ဒီအခြေအနေကို သွေးနတ်ဘုရား ထံ ငါကိုယ်တိုင် သတင်းပို့လိုက်မယ်၊ မင်းတို့ကတော့ ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆက်လုပ်ထားကြ၊ မူလကတော့ နောက်ထပ် နှစ်ပေါင်းခုနစ်ဆယ်ကြာမှ စစ်ချီဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမဲ့... အခုလက်ရှိ အခြေအနေအရ ကြည့်ရရင်တော့ နောက်ထပ် နှစ်ပေါင်း သုံးဆယ်အတွင်းမှာတင် တိုက်ပွဲစတင်ဖို့ လိုအပ်လာလိမ့်မယ်...”
ရွှမ်ယွမ်ကမ္ဘာ၏ ကမ္ဘာ့နိယာမ ပြောင်းလဲမှုများကြောင့် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်လာသည့် အရှိန်မှာ သိသိသာသာ မြင့်တက်လာသဖြင့် ရွှယ်ယွမ်နှင့် အခြားအင်မော်တယ် မဟာဧကရာဇ်များ၏ အမူအရာများမှာ လေးနက်ခက်ထန်နေခဲ့သည်။
ဤစကားကို ကြားသောအခါ ရွှယ်ယွမ်နှင့် အခြားသူများက သဘောတူညီသည့်အလား တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြပြီးနောက်၊ နောက်ထပ် နှစ်ပေါင်း သုံးဆယ်အကြာတွင် ဆင်နွှဲမည့် ကမ္ဘာဖျက်တိုက်ပွဲကြီးအတွက် အရှိန်အဟုန်မြှင့်ကာ ပြင်ဆင်ကြလေတော့သည်။
အခြားတစ်ဖက်ရှိ ပုကျိုးတောင်တွင်၊
မူလက တိတ်ဆိတ်စွာ ကျင့်ကြံနေသော ဝူယိတောက်သည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်ချည်း သတိပြုမိသွားပြီး၊ အလွန်တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
သို့သော် သူ စကားတစ်ခွန်းမျှပင် မဟနိုင်သေးမီမှာပင် ဖရိုဖရဲခေါင်းလောင်းသည် သူ့ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့ပြီး၊ လေးနက်သော လေသံဖြင့် အလောတကြီး ပြောဆိုလိုက်သည်။
“ရွှမ်ယွမ်ကမ္ဘာကြီးက ပြောင်းလဲနေပြီ... အင်မော်တယ်ဧကရာဇ်အဆင့်ထက် မြင့်မားတဲ့ တန်ခိုးရှင်တွေကိုပါ လက်ခံပံ့ပိုးပေးနိုင်တဲ့ အခြေအနေကို ရောက်နေပြီ ဒါပေမဲ့... နတ်ဘုရားကမ္ဘာရဲ့ နိယာမဥပဒေသတွေ လိုအပ်နေသေးတာကြောင့် အင်မော်တယ်ဧကရာဇ်အဆင့်ကို လောလောဆယ် ချိုးဖောက်ဝင်ရောက်ဖို့တော့ မဖြစ်နိုင်သေးဘူး၊ ဒါက... သခင့်ဘိုးဘေးရဲ့ လက်ချက် ဖြစ်ဖို့များတယ်၊ ဘိုးဘေးက ရွှမ်ယွမ်ကမ္ဘာရဲ့ ချိတ်ပိတ်ထားတဲ့ အတားအဆီးတွေကို အပြီးတိုင် ရိုက်ချိုးပစ်ဖို့ ရည်ရွယ်နေတယ်ထင်တယ်"
ဤစကားကို ကြားလိုက်ရချိန်တွင် ဝူယိတောက်သည် သိပ်ပြီး အံ့အားသင့်သွားပုံ မပေါ်ချေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ယွမ်ကမ္ဘာတစ်ခုလုံးတွင် သူ၏ဘိုးဘေးတစ်ဦးတည်းသာလျှင် ကမ္ဘာကို လှုပ်ခတ်စေမည့် ဤမျှကြီးမားသော ကိစ္စရပ်ကို ဖန်တီးနိုင်စွမ်းရှိသည်ဟု သူ ယုံကြည်ထားသည်။
သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီးနောက် အတည်ငြိမ်ဆုံး လေသံဖြင့် ပြန်လည်ပြောဆိုလိုက်၏။
“ငါတို့ ကျင့်ကြံခြင်းကိုပဲ ဆက်ပြီး အာရုံစိုက်ကြရအောင်... ဘာပဲဖြစ်ဖြစ် ငါက မကြာခင် ရွှမ်ယွမ်ကမ္ဘာကနေ ထွက်ခွာသွားတော့မှာဆိုတော့... ရွှမ်ယွမ်ကမ္ဘာရဲ့ အပြောင်းအလဲတွေက ငါ့အတွက် သိပ်ပြီး အရေးမကြီးပါဘူး...”
ဝူယိတောက်၏ နယ်ပယ်သည် ယခုအခါတွင် အင်မော်တယ်အရှင်မြတ် ကနဦးအဆင့်၌ လုံးဝ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားအရှင်သခင် အဆင့်ရှိ မူလရင်းမြစ်၏ မဟာစွမ်းအား အကူအညီကြောင့် ဝူယိတောက်၏ ကျင့်ကြံခြင်းအရှိန်အဟုန်မှာ အရင်ကထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ ပိုမိုမြန်ဆန်လာခဲ့သည်။ သို့သော်လည်း ဝူယိတောက်သည် သူ၏ ကျင့်ကြံမှုအခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာအောင် အားထုတ်နေခြင်းကြောင့်သာ အဆင့်များကို တဟုန်ထိုးတက်လှမ်းခြင်း မရှိသေးဘဲ ထိန်းထားခြင်း ဖြစ်ပေသည်။
သို့မဟုတ်ပါက သူသည် လွန်ခဲ့သော အချိန်ကတည်းကပင် နတ်ဘုရားအဆင့်ရှိ တန်ခိုးရှင်တစ်ပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။ ဤကဲ့သို့ ကျင့်ကြံမှုကို ထိန်းချုပ်ထားသည့်တိုင်အောင် သူ၏ တိုးတက်မှုအရှိန်အဟုန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းနေဆဲပင်။ ဝူယိတောက်အနေဖြင့် ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်းသို့ ရောက်ရှိမည့်အချိန်တွင် ၊ သူသည် အင်မော်တယ် မဟာဧကရာဇ်အဆင့် သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်လိမ့်မည်ဟု ခန့်မှန်းရပေသည်။
ဝူရှန်းနီ၊ ဝူမိုဝူနှင့် အခြားသူများလည်း ကမ္ဘာ့နိယာမ အပြောင်းအလဲကို အာရုံခံမိသွားကြသဖြင့် သူတို့၏ မျက်နှာအမူအရာများမှာ အလွန် လေးနက်သွားကြသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ လက်ရှိကျင့်စဉ်စွမ်းအားမှာ အားနည်းလွန်းနေသေးသဖြင့် အခြေအနေကို ရိပ်မိလျှင်ပင် လက်တွေ့၌ လုပ်ဆောင်နိုင်စွမ်း ဘာမှမရှိကြချေ။
သို့သော်လည်း လီထျန်းရှဲ့၏ မျက်နှာအမူအရာမှာမူ အထူးသဖြင့် ပို၍ လေးနက်ခက်ထန်နေခဲ့သည်။
“ကမ္ဘာကြီးရဲ့ ခံနိုင်ရည်စွမ်းအားက တဟုန်ထိုး တိုးတက်လာနေတာပဲ... ဘယ်သူက နောက်ကွယ်ကနေ လှုပ်ရှားနေလဲဆိုတာ ငါ အတိအကျမသိပေမဲ့... လက်ရှိရွှမ်ယွမ်ကမ္ဘာမှာ ကမ္ဘာကြီးရဲ့ ခံနိုင်ရည်အားကို ဒီလောက်အထိ တိုးမြှင့်ပေးနိုင်တာ ငါ့ရဲ့ ဘိုးဘေး တစ်ဦးတည်းပဲ ရှိလိမ့်မယ်...”
ဤအချက်ကို တွေးမိသည်နှင့်အမျှ လီထျန်းရှဲ့သည် အဆုံးမဲ့ဟင်းလင်းပြင်ကျယ်ကြီးကို ဖောက်ထွင်းမြင်ရသည့်အလား၊ ကောင်းကင်ယံထက်သို့ မော့ကြည့်ရင်း ဝူဟောက်၏ ထည်ဝါလှသော ပုံရိပ်ကို အာရုံထဲ၌ မြင်ယောင်နေမိသည်။
ကံကြမ္မာရွေးချယ်ခံရသူများအပြင် ရွှမ်ယွမ်ကမ္ဘာ၏ အင်မော်တယ် မဟာဧကရာဇ်များအားလုံးလည်း ဤထူးခြားမှုကို အာရုံခံမိသွားကြရာ သူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
ရွှမ်ယွမ်ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်စွမ်းရှိသော ဤမျှအစွမ်းထက်လှသော တန်ခိုးစွမ်းအားကို မည်သူကများ ပိုင်ဆိုင်ထားလေသနည်း။
တစ်ဖက်တွင်မူ ၊ မြောက်ပိုင်းဒေသ၌ ဤအချိန်တွင် လီဖန်ထျန်းနှင့် မဟာမြင့်မြတ်နယ်မြေငါးခု၏ မြင့်မြတ်အရှင်သခင်များသည် မဟာဝင်္ကပါကြီးကို တည်ဆောက်ရန် လျှို့ဝှက်စွာဖြင့် စုဝေးနေကြ၏။ သွေးဝိညာဉ်ဂိုဏ်းမှ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် သူတို့သည် မိမိတို့ မြင့်မြတ်နယ်မြေအတွင်းရှိ အခြားမည်သူ့ကိုမျှ ဤအစီအစဉ်ကို အသိမပေးခဲ့ကြချေ။ မြင့်မြတ်နယ်မြေများ၏ အတွင်းပိုင်း၌ သွေးဝိညာဉ်ဂိုဏ်း၏ သူလျှိုများ ခိုအောင်းနေနိုင်ကြောင်း သံသယရှိနေသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့ လျှို့ဝှက်ကျပ်တည်းစွာ လုပ်ဆောင်နေရသည့်တိုင်အောင် သူတို့၏ တည်ဆောက်မှုအရှိန်အဟုန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်ခဲ့သည်။ လက်ရှိအခြေအနေအတိုင်းဆိုလျှင် နောက်ထပ် နှစ်ပေါင်းသုံးဆယ်အတွင်းမှာပင် မဟာဝင်္ကပါ တည်ဆောက်ခြင်းကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ပေလိမ့်မည်။
သို့သော် ရွှမ်ယွမ်ကမ္ဘာကြီး၏ နိယာမဥပဒေသများ ပြောင်းလဲသွားသည့် အခိုက်အတန့်တွင်မူ လီဖန်ထျန်းနှင့် အခြားမြင့်မြတ်အရှင်သခင်များအားလုံး လှုပ်ရှားမှုများ ရုတ်ချည်း ရပ်တန့်သွားခဲ့ကြပြီး၊ သူတို့၏ မျက်နှာအမူအရာများမှာ လေးနက်သွားကြသည်။
“ဒါက... စီနီယာဝူရဲ့ လက်ချက်လို့ မင်းတို့ ထင်လား...”
ကျန်းကျဲက လီဖန်ထျန်းနှင့် အခြားသူများကို ကြည့်ကာ၊ သူ၏ လေသံထဲတွင် တုံ့ဆိုင်းမှု အရိပ်အယောင်များဖြင့် မေးမြန်းလိုက်သည်။ ဤစကားကို ကြားသောအခါ လီဖန်ထျန်းက ဖြေလိုက်သည်။
“ရွှမ်ယွမ်ကမ္ဘာတစ်ခုလုံးမှာ စီနီယာဝူ တစ်ဦးတည်းသာလျှင် တစ်ကမ္ဘာလုံးကို ဝင်စွက်ဖက်နိုင်လောက်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တန်ခိုးစွမ်းအားမျိုး ရှိတာ။ ပြီးတော့... စီနီယာဝူက အင်မော်တယ် မဟာဧကရာဇ်အဆင့်ထက် သာလွန်တဲ့ နယ်ပယ်သစ်တစ်ခုကို ရရှိဖို့အတွက် ငါတို့ကို ရွှမ်ယွမ်ကမ္ဘာအတွင်းမှာပဲ ချိုးဖောက်ဝင်ရောက်ခွင့် ပေးမယ်လို့ ကတိပေးခဲ့ဖူးတယ်... ဒါကြောင့် စီနီယာဝူတစ်ယောက်ပဲ ဒီလိုမျိုး ဖန်တီးနိုင်လိမ့်မယ်...”
ကျွင်းရှောင်ယောင်နှင့် အခြားမြင့်မြတ်အရှင်သခင်များလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။
သူတို့သည် လောလောဆယ်တွင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အငွေ့အသက်ကို မခံစားရသေးသော်လည်း၊ မဟာဝင်္ကပါကြီးကို အောင်မြင်စွာ တည်ဆောက်ပြီးမြောက်သွားပါက အထွတ်အထိပ်အဆင့်သို့ မလွဲမသွေ တက်လှမ်းနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။
ဝူဟောက် ဖန်တီးလိုက်သော လှုပ်ရှားမှုကြီးကြောင့် ခဏတာ အံ့အားသင့်သွားကြပြီးနောက်၊ လီဖန်ထျန်းနှင့် အခြားသူများသည် မဟာဝင်္ကပါကိုသာ ဆက်လက် တည်ဆောက်ရန် အာရုံစိုက်လိုက်ကြသည်။
သို့သော် သူတို့ငါးဦး မဟာဝင်္ကပါကို ဆက်လက်တည်ဆောက်ရန် ပြင်လိုက်စဉ်မှာပင်၊ ပုံရိပ်တစ်ခုသည် သူတို့ရှေ့မှောက်၌ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့ရာ လူတိုင်း လန့်ဖျပ်သွားကြပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့သည် မိမိတို့၏ မှော်လက်နက်များကို အလျင်အမြန် ဆွဲထုတ်ကာ ခုခံတိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
သို့ရာတွင် ရောက်ရှိလာသော လူ၏ အရှိန်အဝါမှာ အာရုံခံ၍မရနိုင်လောက်အောင် နက်ရှိုင်းလွန်းသည်။ လီဖန်ထျန်းနှင့် အခြားသူများ၏ လှုပ်ရှားမှုများမှာလည်း ရုတ်ချည်း တောင့်တင်းရပ်တန့်သွားခဲ့ရသည်။ သူတို့အနေဖြင့် အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း အသတ်ခံရမည်ကို စိုးရိမ်သွားကြသောကြောင့် ဖြစ်သည်။
မိမိတို့ထက် အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားလှသော မဟာတန်ခိုးရှင်တစ်ဦးသာလျှင် မိမိတို့၏ အာရုံခံနိုင်စွမ်းကို ကျော်လွန်ပြီး တည်ရှိမှုကို ဖျောက်ကွယ်ထားနိုင်မည်ဖြစ်ရာ၊ သူတို့ရှေ့က ပုဂ္ဂိုလ်သည် မည်သို့မျှ ယှဉ်ပြိုင်၍မရနိုင်သော တန်ခိုးရှင်တစ်ဦး ဖြစ်မည်မှာ ထင်ရှားပေသည်။
“စီနီယာ... ခင်ဗျား ဘယ်သူလဲ ...”
“ငါလား... ငါက လမ်းကြုံလို့ ဖြတ်သွားတဲ့ ကောင်းကင်တာအို တစ်ယောက်ပါ... နောက်တာပါ... စီနီယာဝူက မင်းတို့ကို မဟာဝင်္ကပါ တည်ဆောက်တဲ့နေရာမှာ ကူညီပေးဖို့ ငါ့ကို စေလွှတ်လိုက်တာ ပြီးတော့... ငါ့ရဲ့ စစ်မှန်တဲ့ အထောက်အထားကတော့ ရွှမ်ယွမ်ကမ္ဘာရဲ့ ကောင်းကင်တာအို ပဲ...”
ကောင်းကင်တာအိုက အေးစက်တည်ငြိမ်သော လေသံဖြင့် မိတ်ဆက်စကား ဆိုလိုက်သည်။
ဤစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် လီဖန်ထျန်းနှင့် အခြားသူများအားလုံး နေရာမှာတင် ကျောက်ရုပ်ပမာ မှင်တက်အံ့ဩသွားကြသည်။ သူတို့သည် မိမိတို့ရှေ့မှောက်ရှိ ပုဂ္ဂိုလ်ကြီးကို အံ့အားသင့်မှု ၊ ကြောက်ရွံ့မှု၊ ရိုသေမှုအပြည့်ဖြင့် စူးစိုက်ကြည့်နေမိကြသည်။
ဒဏ္ဍာရီထဲက ကောင်းကင်တာအိုသည် သူတို့၏ မျက်စိရှေ့မှောက်တွင် အသွင်သဏ္ဍာန်အထင်အရှားဖြင့် အမှန်တကယ် ပေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ကမ္ဘာတစ်ခုလုံး၏ ကောင်းကင်တာအို ဖြစ်ပေသည်။
ကောင်းကင်တာအိုသည် အတွေးတစ်ချက်တည်းဖြင့် ရွှမ်ယွမ်ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပြီး အစကနေ ပြန်လည်စတင်နိုင်စွမ်းရှိကာ၊ အစွမ်းအထက်ဆုံးဆိုသည့် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များကိုပင် ၎င်း၏ ဒေါသကို မခံမရပ်နိုင်ကြကြောင်း ဒဏ္ဍာရီများက ဆိုကြသည်။
ထို့ထက် ပို၍အံ့ဩစရာကောင်းသည်မှာ ဤမဟာဝင်္ကပါ တည်ဆောက်ရေးတွင် ဝင်ရောက်ကူညီရန်အတွက် စီနီယာဝူက ကောင်းကင်တာအိုကို စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် လီဖန်ထျန်းနှင့် သူ၏အဖော်များမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုဆွံ့အသွားကြရသည်။
စီနီယာဝူသည် ကောင်းကင်တာအိုကိုပင် စိတ်တိုင်းကျ စေခိုင်းအမိန့်ပေးနိုင်လောက်အောင်အထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ စိတ်ကူးနှင့်ပင် မှန်းဆမကြည့်ဝံ့ပေ။
“ဒီလိုဆိုရင်တော့... ကောင်းကင်တာအို အရှင်သခင်ကို... အထူးပဲ ကျေးဇူးတင်ရှိပါတယ်"
လီဖန်ထျန်းသည် ကောင်းကင်တာအိုအား မဟာဝင်္ကပါ မည်သို့မည်ပုံ တည်ဆောက်ရမည်ကို ရှင်းလင်းပြသရန် ပြင်လိုက်စဉ်မှာပင်၊
ကောင်းကင်တာအိုက လက်ကို သာသာယာယာ ဝှေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။
“မလိုတော့ဘူး... ငါ အကုန်လုံးကို လေ့လာဆန်းစစ်ပြီးသွားပြီ အရှေ့ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသရဲ့ ဝင်္ကပါအစိတ်အပိုင်းတွေကို ငါ့ဆီပဲ လွှဲထားလိုက်တော့... မြောက်ပိုင်းဒေသနဲ့ ဗဟိုနယ်မြေကိုတော့ မင်းတို့ဘက်ကပဲ ဆက်ပြီး ကိုင်တွယ်လိုက်ကြ...”
“ဟုတ်ကဲ့ပါ အရှင်သခင်...”
လီဖန်ထျန်းနှင့် အခြားသူများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ကောင်းကင်တာအိုသည် သူတို့၏ မျက်စိရှေ့မှောက်တွင် ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။
ကောင်းကင်တာအို ထွက်ခွာသွားပြီးနောက်တွင်မူ ချင်ဇီကျွင်းသည် သက်ပြင်းတစ်ချက်ချကာ၊ သူ၏ လေသံထဲ၌ အတိုင်းထက်အလွန် ရိုသေမှုများ ပြည့်နှက်လျက် ရေရွတ်လိုက်၏။
“ငါတို့တစ်သက် သက်ရှိထင်ရှား ရှိနေတဲ့အချိန်အတွင်းမှာ ဒဏ္ဍာရီလာ ကောင်းကင်တာအိုကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့မိဘူး...”
“ဒါပေမဲ့... အဲဒါက အဓိကအချက် မဟုတ်သေးဘူးထင်တယ်၊ ပိုပြီး အရေးကြီးတဲ့ အဓိကအချက်က ကမ္ဘာ့အချုပ်အခြာဖြစ်တဲ့ ကောင်းကင်တာအိုကိုယ်တိုင်ကတောင် စီနီယာဝူရဲ့ စကားကို နာခံပြီး အခိုင်းအစေခံနေရတာလား...”
ဘေးတွင် ရပ်နေသော လုရန်က တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ဝင်ရောက်ထောက်ပြလိုက်သည်။
လီဖန်ထျန်းနှင့် အခြားမြင့်မြတ်အရှင်သခင်များလည်း ထိုစကားကို ထောက်ခံသည့်အလား ခေါင်းညိတ်လိုက်ကြသော်လည်း၊ သူတို့သည် ထိုနက်နဲလှသော အကြောင်းအရာကို အချိန်အကြာကြီး ဆက်လက်မဆွေးနွေးဝံ့ကြချေ။
ထို့နောက် မကြာမီမှာပင် ကျွင်းရှောင်ယောင်က လေသံကို ပြောင်းကာ စကားဆိုလာခဲ့၏။
“ကောင်းပြီ... ငါတို့ မဟာဝင်္ကပါကြီးကို အမြန်ဆုံး တည်ဆောက်ပြီးစီးအောင် အာရုံစိုက်ကြရအောင် ကောင်းကင်တာအိုရဲ့ မဟာစွမ်းအား အကူအညီနဲ့ဆိုရင် ငါတို့ တည်ဆောက်မယ့် အချိန်က အနည်းဆုံး တစ်ဝက်လောက် သက်သာသွားမှာ သေချာတယ်... အဲဒီထက်တောင် ပိုပြီး မြန်ဆန်သွားနိုင်သေးတယ် အခု ငါတို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ဒီဝင်္ကပါကြီးပဲ... ဝင်္ကပါ တည်ဆောက်တာ ပြီးပြည့်စုံသွားတာနဲ့တစ်ပြိုင်နက် ငါတို့အားလုံး အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ကြတော့မှာ...”
ဤစကားကို ကြားလိုက်ရသောအခါ လီဖန်ထျန်းနှင့် အခြားသူများအားလုံး လှိုက်လှိုက်လှဲလှဲ စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် မဟာဝင်္ကပါ တည်ဆောက်ခြင်း အလုပ်ထဲသို့ စိတ်အားထက်သန်စွာဖြင့် နောက်တစ်ကြိမ် အာရုံနှစ်မြှုပ်လိုက်ကြလေတော့သည်။