← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆ - သိုင်းသူတော်စင် နာ့ အထက်ဘုံသို့ တက်လှမ်းခြင်း

အခြားတစ်ဖက်တွင်မူ ကောင်းကင်တာအိုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အရှေ့ပိုင်းဒေသသို့ ရောက်ရှိလာခဲ့၏။ မဟာဝင်္ကပါကို စတင်မတည်ဆောက်မီ သူသည် အနောက်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသဘက်သို့ အံ့အားသင့်စွာဖြင့် တချက်ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။

“စီနီယာဝူက မြေကမ္ဘာနတ်ဘုရား ကနဦးအဆင့်နဲ့တင် ဒီလောက်အထိ ပြောင်မြောက်လှတဲ့ မဟာဝင်္ကပါမျိုးကို ရေးဆွဲနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ၊ စီနီယာဝူအနေနဲ့ နတ်ဘုရားကမ္ဘာရဲ့ နိယာမဥပဒေသတွေကို အစားထိုးဖို့အတွက် ဘယ်လိုအရာမျိုးတွေကို ထုတ်သုံးလာမလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ...”

ကောင်းကင်တာအို ကိုယ်တိုင်ပင်လျှင် သူ၏ရှေ့မှောက်ရှိ မဟာဝင်္ကပါကြီး၏ ဖွဲ့စည်းပုံကို ပုံဖော်ကြည့်ရန် ခက်ခဲလှပေသည်။ သို့သော် ဝူဟောက်သည် ၎င်းကို စိတ်တိုင်းကျ ရေးဆွဲဖန်တီးခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ အတိုင်းအဆမရှိသော တန်ခိုးစွမ်းအားကို သိရှိနိုင်ပေသည်။

သူသည် အတွေးများကို ဖြတ်တောက်လိုက်ပြီး မဟာဝင်္ကပါ တည်ဆောက်ခြင်းအလုပ်ကို စတင် လုပ်ဆောင်လေတော့သည်။ သူ၏ တည်ဆောက်မှု အရှိန်သည် လီဖန်ထျန်းနှင့် အခြားမြင့်မြတ်အရှင်သခင် ငါးဦးစလုံးထက် များစွာ ပိုမိုမြန်ဆန်သည်။

တစ်ဖက်တွင်မူ ၊ ကောင်းကင်တာအို ဟင်းလင်းပြင်အတွင်း၌ ကမ္ဘာ့ရင်းမြစ်နှင့် နတ်ဘုရားအရှင်သခင် အဆင့်ရှိ မူလရင်းမြစ်တို့ တစ်သားတည်း စတင် ပေါင်းစပ်လာနေသည်ကို ကြည့်ရင်း ဝူဟောက်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

“လက်ရှိ အရှိန်အဟုန်အတိုင်းဆိုရင်တော့... ဒီပေါင်းစပ်ခြင်းလုပ်ငန်းစဉ်က နောက်ထပ် ငါးနှစ်အတွင်းမှာတင် အပြီးသတ်နိုင်လိမ့်မယ် ၊ အဲဒီအချိန်ကျရင် ရွှမ်ယွမ်ကမ္ဘာဟာ အနည်းဆုံး နတ်ဘုရားဘုရင်အဆင့် တန်ခိုးရှင်တွေအထိ လက်ခံပံ့ပိုးပေးနိုင်တဲ့ အဆင့်မြင့်ကမ္ဘာကြီး ဖြစ်လာလိမ့်မယ် ၊ ဒါပေမဲ့ နတ်ဘုရားဧကရာဇ် နယ်ပယ်ကို တက်လှမ်းဖို့အတွက်ကတော့ ရွှမ်ယွမ်ကမ္ဘာကနေ ထွက်ခွာပြီး နတ်ဘုရားကမ္ဘာဆီကို မဖြစ်မနေ သွားကြရလိမ့်မယ်...”

ရှေ့ဆက်ဖြစ်လာမည့် အနာဂတ်အခြေအနေများကို တွေးတောရင်း ဝူဟောက်၏ မျက်နှာအမူအရာမှာ ပိုမိုလေးနက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားဧကရာဇ်နယ်ပယ်ဆိုသည်မှာ နတ်ဘုရားကမ္ဘာတွင်သာ တည်ရှိကျက်စားနိုင်ပြီး၊ လက်ရှိကမ္ဘာ၏ နိယာမဖွဲ့စည်းပုံမှာ ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို တောင့်ခံနိုင်စွမ်းမရှိသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဝူဟောက်သည် ဤအချက်ကို သိပ်ပြီး အလေးအနက်မထားချေ။ အနာဂတ်တွင် ဝူမိသားစုမှ တစ်ဦးတစ်ယောက်က နတ်ဘုရားဘုရင်အဆင့်အထိ ရောက်ရှိသွားသည်နှင့် ၊ သူသည် နတ်ဘုရားဧကရာဇ် အထွတ်အထိပ်အဆင့်သို့ပင် ကျော်လွန်နေလောက်ပြီ ဖြစ်သည်။

ထိုအချိန်ရောက်လျှင် နတ်ဘုရားကမ္ဘာကြီးတစ်ခုလုံး၌ မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

ဤအချိန်မှာပင် ရွှမ်ထျန်းကမ္ဘာအတွင်း၌။

သိုင်းသူတော်စင်နာ့သည် ထျန်းဝူဂိုဏ်း၏ အထက်ကမ္ဘာ တက်လှမ်းခြင်း စင်မြင့်ရှေ့၌ တင့်တယ်ထည်ဝါစွာ ရပ်နေခဲ့သည်။ ထိုစင်မြင့်အောက်တွင်မူ ထျန်းဝူဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်အပေါင်းတို့က ရိုသေခန့်ညားစွာ ခြံရံလျက် ရှိနေကြ၏။

သိုင်းသူတော်စင်နာ့သည် မိမိအား မျှော်ကြည့်နေကြသော ထျန်းဝူဂိုဏ်း၏ အကြီးအကဲများကို ကြည့်ကာ ရဲရင့်ပြတ်သားသော အမူအရာဖြင့် နှုတ်ဆက်စကား ဆိုလိုက်လေသည်။

“လူကြီးမင်းတို့... ငါ အခုပဲ တက်လှမ်းခြင်းကို စတင်တော့မယ်။ အထက်ကမ္ဘာရောက်ရင် ငါတို့အားလုံး ပြန်ဆုံကြတာပေါ့... အဲဒီအချိန်ကျရင်လည်း လူတိုင်း ထျန်းဝူဂိုဏ်းဆီကို လာလည်ကြဖို့ မျှော်လင့်ပါတယ်...”

“ဂိုဏ်းချုပ်ကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ်...”

“ဂိုဏ်းချုပ်ကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ် ...”

“ဂိုဏ်းချုပ်ကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ် ..”

ထျန်းဝူဂိုဏ်း၏ ထက်မြက်သော ပါရမီရှင်အဖွဲ့ဝင်အပေါင်းတို့သည် သိုင်းသူတော်စင်နာ့အား နှုတ်ဆက်သည့်အနေဖြင့် တစ်ပြိုင်နက် ဒူးထောက်လိုက်ကြ၏။

သိုင်းသူတော်စင်နာ့သည် မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသော အကြီးအကဲ ချန်ဝူရွှမ်ကို ကြည့်ကာ နောက်ဆုံး ညွှန်ကြားချက် ပေးလိုက်သည်။

“အကြီးအကဲချန်... ဒီနေ့ကစပြီး ခင်ဗျားဟာ ရွှမ်ထျန်းကမ္ဘာရဲ့ ထျန်းဝူဂိုဏ်း ဂိုဏ်းချုပ်အသစ်ပဲ ၊ ထျန်းဝူဂိုဏ်းကြီးကို ပိုမိုကြီးပွားတိုးတက်အောင် ဦးဆောင်ပြီး... ဘယ်သူ့လက်ချက်နဲ့မှ ပျက်စီးမသွားအောင် အစွမ်းကုန် ကာကွယ်စောင့်ရှောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားဘက်က.. ဒီတာဝန်ကို ထမ်းဆောင်နိုင်ပါ့မလား...”

“ဂိုဏ်းချုပ်... စိတ်ချပါ။ တကယ်လို့ တစ်ယောက်ယောက်က ထျန်းဝူဂိုဏ်းကို လာရောက်ဖျက်ဆီးဖို့ ကြံစည်မယ်ဆိုရင်... ကျွန်တော်မျိုး အသက်မသေသရွေ့ ဒီလိုကိစ္စမျိုး လုံးဝ ဖြစ်လာစေမှာ မဟုတ်ပါဘူး...”

ချန်ဝူရွှမ်က အလျင်အမြန်ပင် တုံ့ပြန်ပြောဆိုလိုက်၏။

ဤကတိစကားကို ကြားပြီး သိုင်းသူတော်စင်နာ့၏ မျက်နှာထက်၌ ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် သူသည် ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်ယံထက်သို့ မော့ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်၏။

“ဒီလိုဆိုရင်တော့... ကျွန်တော် သွားတော့မယ်...”

သိုင်းသူတော်စင်နာ့သည် စကားပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်မှ ထည်ဝါခန့်ညားလှသော ရွှေရောင်အလင်းတန်းကြီးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး သိုင်းသူတော်စင်နာ့၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံကျဆင်းလာခဲ့သည်။

ထိုမဟာရွှေရောင်အလင်းတန်းကြီး ပြန်လည်ပျောက်ကွယ်သွားသည့်အခါ၌ သိုင်းသူတော်စင်နာ့၏ ပုံရိပ်သည်လည်း အထက်ဘုံသို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။

“ကောင်းပြီ... အားလုံးပဲ၊ ကိုယ့်နေရာကိုယ်ပြန်ပြီး ကျင့်ကြံခြင်းမှာ ပိုပြီးအာရုံစိုက်လိုက်ရအောင် ၊ ဂိုဏ်းချုပ်ကြီးကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အထက်ကမ္ဘာဆီကို အမြန်ဆုံး တက်လှမ်းနိုင်ရမယ်...”

ချန်ဝူရွှမ်သည် ကျန်ရစ်ခဲ့သော ထျန်းဝူဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများကို ကြည့်ကာ တည်ကြည်လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်၏။

ထျန်းဝူဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်အပေါင်းတို့သည်လည်း စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်ကြပြီးနောက်၊ ကျင့်ကြံခြင်းလမ်းစဉ်၌ ယခင်ကထက် ပိုမိုကြိုးစားအားထုတ်ရန်အတွက် အသီးသီး လှည့်ပြန်သွားကြလေတော့သည်။

တစ်ဖက်တွင်မူ ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်တာအို ဟင်းလင်းပြင်အတွင်း၌။

ကောင်းကင်တာအိုသည်လည်း တစ်စုံတစ်ခုသော အလှည့်အပြောင်းကို ရုတ်ချည်း အာရုံခံမိသွားသဖြင့် မျက်လုံးများ ပွင့်လာခဲ့ရာ၊ သူ၏ မျက်နှာအမူအရာမှာ ဒေါသဖြစ်နေဟန်ရသည်။

“ အထက်ကမ္ဘာရဲ့ နိယာမဥပဒေသတွေက အကြီးအကျယ် ပြောင်းလဲသွားပြီပဲ ၊နတ်ဘုရားတွေရဲ့ တည်ရှိမှုကိုတောင် ခံနိုင်ရည်ရှိသွားပြီ... အဲဒီကောင်က နတ်ဘုရားအဆင့်ကို တကယ်ပဲ ပြန်ရောက်သွားပြီလား... မဖြစ်နိုင်ဘူး... အဲဒီတုန်းက အဲဒီကောင်က ငါ့ရဲ့ မူလခန္ဓာကိုယ်ကို အစွမ်းကုန် ချိတ်ပိတ်ခဲ့လို့သာ ငါက ဒီလိုသေးငယ်သိမ်ဖျင်းတဲ့ အောက်ကမ္ဘာရဲ့ ကောင်းကင်တာအိုအဖြစ် လျှောကျခဲ့ရတာ..."

" ဒီလိုအခြေအနေမျိုးကို ငါ လုံးဝ လက်ခံမှာ မဟုတ်ဘူး ၊ ငါ့ရဲ့ ချိတ်ပိတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးဖျက်ဆီးပစ်ရမယ်... ပြီးရင် ဖန်လိုင် အင်မော်တယ်ကျွန်းကို ပြန်သွားပြီး ဒီအောက်ကမ္ဘာကနေ အပြီးတိုင် ထွက်ခွာသွားရမယ်...”

ထိုသို့တွေးမိပြီးနောက်၊ ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်တာအိုသည် မျက်လုံးများကို ထပ်မံမှိတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်လိုက်သည်နှင့် ချီစွမ်းအားများမှာ ပို၍ပင် ပြင်းထန်လာခဲ့ပြီး အင်မော်တယ်ဘုရင် အဆင့်သို့ ရုတ်ချည်း တက်လှမ်းရောက်ရှိသွားခဲ့သည်။

သို့သော်လည်း ရွှမ်ထျန်းလောက၏ ကောင်းကင်တာအိုသည် နောက်ကွယ်၌ တိတ်တဆိတ် အကြံကြီး ကြံစည်နေသည်ကို ဝူဟောက်တစ်ယောက် မသိရှိခဲ့သလို၊ သိရှိရန်လည်း စိတ်မဝင်စားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် လှည့်စားတတ်သော အကြံအဖန်များနှင့် အကွက်ချစီမံမှုဟူသမျှသည် အကြွင်းမဲ့ပြည့်စုံသော ခွန်အား၏ ရှေ့မှောက်တွင် လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ လက်သီးတစ်ချက်တည်းနှင့် မပြတ်သားသေးပါက၊ နောက်ထပ် လက်သီးတစ်ချက် ထုတ်သုံးလိုက်ရုံဖြင့် မည်သည့်ပြဿနာမဆို အမြစ်ပြတ် ရှင်းလင်းသွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် အထက်ကမ္ဘာ၏ တောင်ပိုင်းဒေသရှိ ထျန်းဝူဂိုဏ်းအတွင်း၌ ။

လင်းယာဟွမ်သည် ကျင့်ကြံနေရင်း တစ်စုံတစ်ခုသော ထူးခြားမှုကို အာရုံခံမိသွားသဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

လင်းယာဟွမ် မျက်လုံးပွင့်လာသည့် အခိုက်အတန့်မှာပင်၊ အာရုံခံမိသော ထန်ယန်သည်လည်း သူမ၏ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့သည်။ ရုပ်ခန္ဓာကိုယ်ကို အောင်မြင်စွာ ပြန်လည်ရရှိပြီးနောက်၊ ထန်ယန်သည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး၊ မကြာမီအချိန်အတွင်း လျိုထျန်းရွှေအင်မော်တယ်အဆင့်ကိုပင် ချိုးဖောက်ဝင်ရောက်တော့မည် ဖြစ်သည်။

“မင်းလည်း သတိထားမိတယ် မဟုတ်လား... ငါတို့ ရွှမ်ထျန်းကမ္ဘာဘက်ကနေ နောက်ထပ် ကျင့်ကြံသူတစ်ယောက် အထက်ကမ္ဘာကို တက်လှမ်းရောက်ရှိလာပုံရတယ်...”

“ဟုတ်တယ်.. ဒီလိုဆိုရင်တော့ အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပေးဖို့ ဆရာ့ကိုပဲ အကူအညီ တောင်းရတော့မယ်...”

လင်းယာဟွမ်သည် ထန်ယန်ကို အနည်းငယ် ဦးညွှတ်ကာ ရိုသေစွာ ဆိုလိုက်သည်။ ဝူယိတောက် ထွက်ခွာသွားပြီးနောက်တွင် လင်းယာဟွမ်သည် တစ်ချိန်က ပေးအပ်ခဲ့ဖူးသော ကတိကဝတ်တစ်ခုကြောင့်သာ ယခုအချိန်အထိ ထျန်းဝူဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေခဲ့သည်။

ထို့အပြင် လင်းယာဟွမ်၏ ကိုယ်ပိုင်ပါရမီရင့်သန်မှုနှင့် ထန်ယန်၏ စနစ်တကျ လမ်းညွှန်ပြသမှုတို့ကြောင့် လင်းယာဟွမ်သည် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် မှနေ၍ ရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ ကျင့်ကြံတက်လှမ်းနိုင်ခဲ့သည်။

သူမသည် မိမိ၏ ထူးကဲသော ပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ကို အသုံးပြုကာ ထန်ယန်အပါအဝင် ထျန်းဝူဂိုဏ်း၏ အကြီးအကဲများအားလုံးကို မိမိ၏ ဩဇာအာဏာအောက်တွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

မကြာမီအချိန်အတွင်းမှာပင် ထန်ယန်သည် တတ်လှမ်းလာသည့် ဝင်ပေါက်သို့ ရောက်ရှိလာခဲ့ရာ၊ အောက်ကမ္ဘာမှ တတ်လှမ်းလာသော သိုင်းသူတော်စင်နာ့သည် ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်နေသည်ကို လှမ်း၍မြင်တွေ့လိုက်ရသည်။

ဤကာလအတောအတွင်း၌ ရွှမ်ထျန်းကမ္ဘာမှ လူအမြောက်အမြားသည် အထက်ကမ္ဘာသို့ တက်လှမ်းလာခဲ့ကြသည်။ ၎င်းတို့အနက် အချို့မှာ ဝူမိသားစုဝင်များ ဖြစ်ကြပြီး ၊ အချို့မှာမူ အခြားသော အင်အားစုကြီးများမှ ဖြစ်ကြသည်။

သူတို့ထျန်းဝူဂိုဏ်း အနေဖြင့် တက်လှမ်းလာသူများကို စစ်ဆေးရန် တပည့်များကို အမြဲတမ်း စေလွှတ်လေ့ရှိသည်။

သို့သော် ယခုတစ်ကြိမ် အထက်သို့ တက်လှမ်းလာသူမှာ သိုင်းသူတော်စင်နာ့ ဖြစ်နေသဖြင့် ထန်ယန်သည် ထိုနေရာ၌ ဝူမိသားစုဝင်များကို လမ်းညွှန်ပေးရန် စောင့်ကြပ်နေသော တပည့်ကို တားဆီးလိုက်သည်။

“ဒီလူက ဝူမိသားစုရဲ့ အဖွဲ့ဝင် မဟုတ်ဘူး... မင်း ထွက်သွားလို့ ရပါပြီ...”

ထိုတပည့်သည် အစပိုင်း၌ အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း၊ အလျင်အမြန်ပင် ဦးညွှတ်ကာ လှည့်ထွက်သွားခဲ့သည်။ ထန်ယန်သည် ကောင်းကင်ဘုံသို့ တက်လှမ်းလာသူ မည်သူ့ကိုမဆို ကိုယ်တိုင်ကိုယ်ကျ လာရောက်စစ်ဆေးလေ့ရှိသဖြင့် ၎င်း၏ အဆင့်အတန်းကို ထိုတပည့်အနေဖြင့် ကောင်းကောင်းကြီး သိရှိထားသည်။

ထိုတပည့် ထွက်ခွာသွားပြီးနောက်တွင်မူ ထန်ယန်သည် သိုင်းသူတော်စင်နာ့၏ ရှေ့မှောက်သို့ ပျံသန်းသွားခဲ့သည်။ ထန်ယန်သည် ရုတ်ချည်း ထွက်ပေါ်လာသဖြင့် သိုင်းသူတော်စင်နာ့မှာ အံ့အားသင့်သွားခဲ့ရသည်။ သူသည် တစ်စုံတစ်ခုကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ထန်ယန်က ဦးစွာ ဆိုလိုက်သည်။

“လူကြီးမင်း... ကျွန်တော်က ထျန်းဝူဂိုဏ်းရဲ့ မဟာအကြီးအကဲ ထန်ယန်ပါ ၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ ထျန်းဝူဂိုဏ်းဆီကို လိုက်ပါပေးပါ...”

“ထျန်းဝူဂိုဏ်း ဟုတ်လား...”

သိုင်းသူတော်စင်နာ့သည် အခိုက်အတန့်မျှ မှင်သက်သွားမိသော်လည်း၊ လက်ရှိအခြေအနေကို အလျင်အမြန်ပင် သဘောပေါက်သွားခဲ့သည်။ သူ၏ မျက်ဝန်းအစုံ၌ မျက်ရည်များ ဝဲတက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်မိလိုက်သည်။

“ယိတောက်... ဒီကလေးက သူ့ဆရာကို ပေးထားခဲ့တဲ့ ကတိကို ဒီလောက်အထိ အလေးထားမယ်လို့ ငါ မထင်ထားခဲ့ဘူး၊ သူက အထက်ကမ္ဘာမှာတောင် ထျန်းဝူဂိုဏ်းကို အခြေချ တည်ထောင်ခဲ့ပြီး... ဒီလောက်အထိ အစွမ်းထက်တဲ့ မဟာအကြီးအကဲတစ်ယောက်ကိုတောင် စည်းရုံးခေါ်ထားနိုင်တယ်... ဒါနဲ့ ယိတောက်လေး အခု ဘယ်လိုနေလဲ...”

သိုင်းသူတော်စင်နာ့၏ မေးခွန်းကို ကြားလိုက်ရသဖြင့် ထန်ယန်သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး အမှန်အတိုင်း ပြန်လည်ပြောဆိုလိုက်သည်။

“သူက ထျန်းဝူဂိုဏ်းကနေ ထွက်ခွာသွားတာ ကြာပြီ... ဒါပေမဲ့ သူ မထွက်ခွာခင်မှာ တစ်နေ့နေ့မှာ လူကြီးမင်းသာ အထက်ကမ္ဘာကို တက်လှမ်းလာခဲ့ရင် ၊ လူကြီးမင်းကို ထျန်းဝူဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် တင်မြှောက်လိုက်ဖို့ ကျွန်တော်တို့ကို အသေအချာ မှာကြားသွားခဲ့ပါတယ်...”

“ထွက်သွားပြီ ဟုတ်လား... ယိတောက်က ဘယ်ကို သွားတာလဲ...”

ဝူယိတောက်၏ ဆရာတစ်ဦးအနေဖြင့် သူ ထွက်ခွာသွားပြီဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် သိုင်းသူတော်စင်နာ့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ထန်ယန်က ဆက်ပြောသည်။

“ကျွန်တော်တို့လည်း အတိအကျတော့ မသိရဘူး... စီနီယာက ဗဟိုနယ်မြေဘက်ကို ဦးတည်ထွက်ခွာသွားတယ် ဆိုတာပဲ ကျွန်တော်တို့ သိထားတာ ဒါပေမဲ့ သူ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင်တော့... ဒီအထက်ကမ္ဘာတစ်ခုလုံးမှာ သူ မဖြေရှင်းနိုင်တဲ့ ကိစ္စ ရှိလောက်မယ်မထင်ဘူး"

“ဒါကြောင့် လူကြီးမင်းအနေနဲ့ ဘာမှစိုးရိမ်ပူပန်စရာမလိုဘဲ စိတ်အေးအေးထားလို့ ရပါတယ်...”

ထိုစကားကို ကြားပြီးမှသာ သိုင်းသူတော်စင် နာ့၏ ရင်ထဲ၌ စိတ်သက်သာရာ ရသွားသည်။ သို့သော်လည်း ဆရာတစ်ဦးဖြစ်ပါလျက်နှင့် ဝူယိတောက်အတွက် တစ်ဖက်တစ်လမ်းမှ ထိရောက်စွာ အကူအညီမပေးနိုင်ခဲ့သည်ကို ပြန်လည်တွေးမိကာ အပြစ်မကင်းသလို ခံစားခဲ့ရပြန်သည်။

All Chapters