← Chapters

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇ - လင်းယာဟွမ်၏ ထွက်ခွာခြင်း

​“လူကြီးမင်းတို့... ဒီနေ့ကစပြီး ငါ လင်းယာဟွမ်ဟာ ထျန်းဝူဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကနေ တရားဝင် နှုတ်ထွက်တော့မယ်၊ ငါ့ရဲ့ ဂိုဏ်းချုပ်နေရာကိုတော့ ထျန်းဝူဂိုဏ်းရဲ့ သိုင်းသူတော်စင် နာ့က ဆက်ခံသွားလိမ့်မယ်...”

​ထန်ယန်သည် သိုင်းသူတော်စင် နာ့ကို ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်လာစဉ်မှာပင် ၊ လင်းယာဟွမ်သည် ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ထျန်းဝူဂိုဏ်း၏ အကြီးအကဲအားလုံးကို ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးအတွင်း၌ စုဝေးစေခဲ့ပြီး ဖြစ်သည်။

​လင်းယာဟွမ်၏ ရုတ်ချည်းကြေညာချက်ကို ကြားလိုက်ရသောအခါ မကြာသေးမီကမှ ထျန်းဝူဂိုဏ်းသို့ ဝင်ရောက်လာခဲ့ကြသော အကြီးအကဲအသစ်အချို့က အံ့အားသင့်သွားကြပြီး စိုးရိမ်တကြီးဖြင့် မေးခွန်းထုတ်လာကြသည်။

“ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့ ဂိုဏ်းချုပ်ရာထူးကနေ ရုတ်တရက်ကြီး နှုတ်ထွက်ရတာလဲ...”

​သို့သော်လည်း လင်းယာဟွမ်ဘက်က ပြန်လည်ရှင်းလင်းခြင်း မပြုနိုင်မီမှာပင်၊ ထျန်းဝူဂိုဏ်း၏ ဝါရင့်မဟာအကြီးအကဲက စကားလမ်းကြောင်း ဖြတ်ကာ လင်းယာဟွမ်ကို ကြည့်ပြီး တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်တော့်မှာ မေးစရာ မေးခွန်းတစ်ခုပဲ ရှိပါတယ် ၊ တကယ်လို့ နောင်တစ်ချိန်မှာ ထျန်းဝူဂိုဏ်းမှာ ကြီးမားတဲ့ အန္တရာယ်တစ်ခုခု ကြုံတွေ့လာရမယ်ဆိုရင်... ခင်ဗျားဘက်က အချိန်မရွေး ပြန်လာကူညီပေးမှာလား...”

​အမှန်အားဖြင့် ထျန်းဝူဂိုဏ်း၏ ဝါရင့်အကြီးအကဲအချို့သည် လင်းယာဟွမ်မှာ ဝူယိတောက်အား ကတိတစ်ခု ပေးထားခဲ့ဖူးကြောင်း ကြိုတင်သိရှိထားကြသည်။ သိုင်းသူတော်စင် နာ့ အထက်ဘုံသို့ တက်လှမ်းလာသည့် သတင်းကို ကြားလိုက်ရကတည်းက ဤအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သဘာဝကျကျပင် ကြိုတင်ခန့်မှန်းမိသည်။

​ထိုမေးခွန်းကို ကြားသောအခါ လင်းယာဟွမ်သည် အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြီးနောက်၊ အကြီးအကဲများကို စူးစိုက်ကြည့်ကာ တည်ကြည်လေးနက်သော လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

“ဟုတ်ပါတယ်... တကယ်လို့ ထျန်းဝူဂိုဏ်းမှာ တစ်ခုခု ဖြစ်လာရင် ငါ သေချာပေါက် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ အစွမ်းကုန် ကူညီပေးမှာပါ ၊ ‌ဒါပေမဲ့ မင်းတို့အားလုံး သိကြတဲ့အတိုင်းပဲ... ထျန်းဝူဂိုဏ်းမှာ တကယ်တမ်း အရေးကြုံလာရင် ငါ ကိုယ်တိုင် လှုပ်ရှားစရာတောင် လိုအပ်မှာ မဟုတ်ဘူး ၊ သူ ပြန်လာပြီး အရာအားလုံးကို ရှင်းလင်းပေးပါလိမ့်မယ်...”

​လင်းယာဟွမ်သည် ထိုပုဂ္ဂိုလ်၏အမည်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောခဲ့သော်လည်း၊ ခန်းမအတွင်းရှိ ထျန်းဝူဂိုဏ်း၏ အကြီးအကဲအားလုံးသည် လင်းယာဟွမ် ရည်ညွှန်းသော ‘သူ’ မှာ မည်သူဖြစ်ကြောင်းကို အထူးတလည် ပြောစရာမလိုဘဲ ကောင်းကောင်းကြီး နားလည်လိုက်သည်။

​သူတို့ လိုလားတောင့်တနေသော အဖြေကို ရရှိသွားပြီးနောက်တွင် မဟာအကြီးအကဲနှင့် ထျန်းဝူဂိုဏ်း၏ အကြီးအကဲအပေါင်းတို့သည် လင်းယာဟွမ်အပေါ် ထားရှိသော လေးစားမှုကို ပြသသည့်အနေဖြင့် ဂါရဝပြုလိုက်ကြလေတော့သည်။

“ဂိုဏ်းချုပ်ကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ်...”

​“လူကြီးမင်းတို့... နောင်တစ်ချိန် ငါတို့အားလုံး ပြန်ဆုံကြဖို့ မျှော်လင့်ပါတယ်...”

​လင်းယာဟွမ်သည် ခင်မင်ခဲ့ဖူးသော သံယောဇဉ်ကြောင့် ရင်ထဲ၌ နှမြောတသဖြစ်မိသော်လည်း ၊ သူမဘဝ၏ ရည်မှန်းချက် ပန်းတိုင်ကို ကောင်းစွာ သဘောပေါက်ထားသည်။

ထိုသူ၏ (ဝူယိတောက်၏) ခြေရာကို ထပ်ကြပ်မကွာ လိုက်မှီနိုင်ရန်အတွက် သူမအနေဖြင့် ဤထျန်းဝူဂိုဏ်းငယ်လေးမှ မဖြစ်မနေ ထွက်ခွာရမည် ဖြစ်သည်။

​တစ်ဖက်တွင်မူ ၊ မဟာအကြီးအကဲ ထန်ယန်သည် သိုင်းသူတော်စင်နာ့ကို ခေါ်ဆောင်ကာ ထျန်းဝူဂိုဏ်းအတွင်းသို့ ပြန်လည်ရောက်ရှိလာချိန် ၊ ဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးအတွင်း အကြီးအကဲအမြောက်အမြား စုဝေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ထို့ပြင် ဂိုဏ်းချုပ်နေရာတွင် လစ်လပ်နေသော ပလ္လင်နေရာကို ကြည့်ပြီးနောက်၊ ထန်ယန်သည် အခြေအနေကို ချက်ချင်းပင် ရိပ်မိနားလည်သွားကာ တိတ်ဆိတ်သွားခဲ့သည်။

သိုင်းသူတော်စင် နာ့မှာ အနည်းငယ် ဇဝေဇဝါဖြစ်ကာ အံ့အားသင့်နေမိသော်လည်း၊ ယခုအချိန်သည် စကားစမြည် ပြောဆိုရမည့် အချိန်မဟုတ်ကြောင်း သိထားသဖြင့် ငြိမ်နေလိုက်သည်။

​မကြာမီအချိန်အတွင်းမှာပင် ထန်ယန်သည် သိုင်းသူတော်စင် နာ့ကို မြင့်မြတ်လှသော ဂိုဏ်းချုပ်အဆင့် ပလ္လင်နေရာဆီသို့ တလေးတစား ခေါ်ဆောင်သွားပြီး နေရာချပေးခဲ့သည်။ထို့နောက် သူသည် ခန်းမအတွင်းရှိ အကြီးအကဲအားလုံးကို ကြည့်ကာ လေးနက်သော လေသံဖြင့် ကြေညာလိုက်သည်။

“လူကြီးမင်းတို့... ဒီနေ့ကစပြီး ဒါဟာ ငါတို့ ထျန်းဝူဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်က သိုင်းသူတော်စင်နာ့ ပဲ ၊ တကယ်လို့ နောင်တစ်ချိန်မှာ တစ်ဦးတစ်ယောက်ကများ ဂိုဏ်းချုပ်အပေါ် မလေးမစား ဝေဖန်ပုတ်ခတ်တာမျိုး လုပ်ခဲ့မိရင် .... ငါ့ရဲ့ အရေးယူမှုအတွက် မကျေမနပ် မဖြစ်နဲ့လို့ ပြောချင်တယ်"

​“ဟုတ်ကဲ့"

" ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် "

​ထိုနေရာရှိ အကြီးအကဲများသည် ထန်ယန်၏ ဩဇာအာဏာကြောင့် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သိုင်းသူတော်စင် နာ့အား အလျင်အမြန်ပင် ဦးညွှတ်နှုတ်ဆက်လိုက်ကြသော်လည်း၊ သူတို့၏ လေသံထဲ၌ ယခင်က လင်းယာဟွမ်ကို နှုတ်ဆက်စဉ်ကလောက် လှိုက်လှဲသော ရိုသေလေးစားမှုမျိုး မရှိကြချေ။

​မည်သို့ပင်ဆိုစေကာမူ လင်းယာဟွမ်သည် သူမ၏ ထူးခြားသော ပါရမီ ၊ အတိုင်းအဆမရှိသော စွမ်းအားနှင့် ဆွဲဆောင်မှုရှိသော ကိုယ်ရည်ကိုယ်သွေးတို့ဖြင့် သူတို့အားလုံးကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သိုင်းသူတော်စင် နာ့မှာမူ သူတို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်ပြီး ၊ လက်ရှိကျင့်ကြံမှုမှာ လူသားအင်မော်တယ် ကနဦးအဆင့် မျှသာ ရှိသေးသည်။ ဤမျှ နိမ့်ပါးသော အဆင့်ဖြင့် သူတို့အား အကြွင်းမဲ့ သစ္စာခံရန် မျှော်လင့်နေခြင်းမှာ လောဘကြီးလွန်းရာ ကျပေသည်။

အမှန်အားဖြင့် လင်းယာဟွမ်နှင့် ဝူယိတောကတို့၏ တည်ရှိမှုသာ မရှိခဲ့ပါက သို့မဟုတ် ထန်ယန်သည် ဤထျန်းဝူဂိုဏ်းတွင် မဟာအကြီးအကဲအဖြစ် ကျန်ရှိမနေခဲ့ပါက သူတို့အားလုံးသည် ဤထျန်းဝူဂိုဏ်းငယ်လေးမှ အစောကြီးကတည်းက စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြမည် ဖြစ်သည်။

​ထိုသို့သော အခြေအနေကြောင့်ပင် သူတို့သည် ဤထျန်းဝူဂိုဏ်းအတွင်း၌ ဆက်လက်ခိုလှုံနေရန် စိတ်ကူးမရှိကြချေ။ သူတို့သည် ရင်ထဲ၌ အနှစ်တစ်ရာ ဟူသော အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ကြသည်။ အကယ်၍ ဂိုဏ်းချုပ်အသစ်ဖြစ်သော သိုင်းသူတော်စင်နာ့ အနေဖြင့် ထိုအနှစ်တစ်ရာအတွင်း၌ သူတို့အားလုံးကို လွှမ်းမိုးနိုင်ခြင်းမရှိပါက ၊ သူတို့သည် ထျန်းဝူဂိုဏ်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုကြမည် ဖြစ်သည်။

သိုင်းသူတော်စင် နာ့သည်လည်း ဤအခြေအနေအရပ်ရပ်ကို ကောင်းစွာ နားလည်ထားပေသည်။ သူသည် အထက်ကမ္ဘာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဂိုဏ်းချုပ် တန်းဖြစ်လာခဲ့သည်။ လက်ရှိခန်းမဆောင်အတွင်းရှိ လူအများစုမှာ သူ့ထက် ကျင့်ကြံဆင့် မြင့်မားသော စွမ်းအားရှင်များ ဖြစ်ပြီး ရင်ထဲ၌ မကျေမနပ် ဖြစ်မည်မှာ ပုံမှန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ပေသည်။

​ထို့ကြောင့် သိုင်းသူတော်စင် နာ့သည် အလျင်အမြန်ပင် မတ်တတ်ရပ်လိုက်ပြီး၊ ထိုနေရာရှိ အကြီးအကဲများကို စူးစိုက်ကြည့်ကာ တည်ကြည်လေးနက်သော အမူအရာဖြင့် မိန့်ခွန်းဆိုလိုက်သည်။

“လူကြီးမင်းတို့... ဒီနေရာမှာရှိတဲ့ လူတော်တော်များများက ကျုပ်ကို ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ အပြည့်အဝ လက်မခံနိုင်ကြသေးဘူးဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး... ကျုပ်ကို အနှစ်တစ်ထောင် အချိန်ပေးကြပါ... အနှစ်တစ်ထောင်ပဲ"

" အဲဒီအနှစ်တစ်ထောင် သက်တမ်း ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့... ခင်ဗျားတို့အနေနဲ့ ထျန်းဝူဂိုဏ်းမှာ ဆက်နေမလား၊ ဒါမှမဟုတ် အပြီးတိုင် ထွက်ခွာသွားမလားဆိုတာကို မိမိတို့သဘောဆန္ဒအလျောက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါတယ် ၊ ဒီဂိုဏ်းချုပ်အနေနဲ့ ခင်ဗျားတို့ကို ဘယ်တော့မှ အတင်းအကျပ် ပိတ်ပင်တားဆီးမှာ မဟုတ်ပါဘူး...”

“ဒါ့အပြင်... ဒီအနှစ်တစ်ထောင်အတွင်းမှာတင် ထျန်းဝူဂိုဏ်းတစ်ခုလုံးရဲ့ အင်အားဟာ အခုရှိနေတာထက် အနည်းဆုံး သုံးဆမက တိုးတက်ခိုင်မာလာအောင် ကျုပ် သေချာပေါက် လုပ်ဆောင်ပေးပါ့မယ်...”

​ဤကြွေးကြော်သံကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ အကြီးအကဲများအားလုံး မျက်နှာချင်းဆိုင်ကြည့်ကာ ချက်ချင်းပင် မယုံကြည်နိုင်သကဲ့သို့ မသက်မသာ ဖြစ်သွားကြရသည်။ အနှစ်တစ်ထောင်ဆိုသော ကာလတိုလေးအတွင်း၌ ထျန်းဝူဂိုဏ်း၏ အင်အားကို အမှန်တကယ်ပင် သုံးဆအထိ တိုးတက်လာအောင် လုပ်ဆောင်နိုင်မည်လော။

အကယ်၍ သာမန်ဂိုဏ်းအဖွဲ့အစည်းတစ်ခုအတွက်ဆိုလျှင်မူ အနှစ်တစ်ထောင်အတွင်း ၎င်း၏အင်အား သုံးဆတိုးလာရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။

​သို့သော် ပြဿနာမှာ လက်ရှိ သူတို့ ထျန်းဝူဂိုဏ်းတွင်ရှိသော အကြီးအကဲအားလုံးနီးပါးမှာ လူသားအင်မော်တယ်များ ဖြစ်ကြပြီး မဟာအကြီးအကဲအပါအဝင် အဓိကအမာခံ အကြီးအကဲကြီး ငါးဦးအထိ ရှိနေခြင်း ဖြစ်သည်။

အကယ်၍ ထိုစွမ်းအားရှင်များ အနေဖြင့် စစ်မှန်အင်မော်တယ် နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ရန် ဤမျှတိုတောင်းလှသော အနှစ်တစ်ထောင်အတွင်း သုံးဆအထိ အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဆိုပါက၊ ၎င်းသည် ဆန်းကြယ်သော ဖြစ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။

​ထို့ထက် ပို၍ခက်ခဲသည်မှာ ဤကတိကဝတ်သည် မည်သည့်ပြင်ပအင်အားစု၏ အကူအညီကိုမျှ မယူဘဲ မိမိတို့ဂိုဏ်း၏ စွမ်းဆောင်ရည်သက်သက်ဖြင့်သာ ရုန်းကန်ရမည့်အခြေအနေ ဖြစ်နေခြင်းကြောင့်ပင်။

​“ဂိုဏ်းချုပ်... ဒါ တကယ်ပဲ အတည်ပြောနေတာလား...”

​“ကျုပ်က နောက်ပြောင်တဲ့စကားတွေကို ဘယ်တော့မှ ပြောလေ့မရှိပါဘူး...”

သိုင်းသူတော်စင် နာ့၏ မျက်နှာအမူအရာမှာ အလွန် တည်ကြည်ပြတ်သားပြီး၊ သူ့အနေဖြင့် နောက်ပြောင်ပြောဆိုနေခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။ ဤသည်ကို မြင်လိုက်ရချိန်တွင် မဟာအကြီးအကဲနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီးနောက်၊ အားလုံး မတ်တတ်ရပ်ကာ သိုင်းသူတော်စင် နာ့ကို တုံ့ပြန်ပြောဆိုလိုက်ကြသည်။

“ကောင်းပါပြီ... ဒီလိုဆိုရင်တော့ ဂိုဏ်းချုပ်နဲ့ ကျွန်တော်တို့ကြားမှာ ‘အနှစ်တစ်ထောင် သဘောတူညီချက်’ စာချုပ်တစ်ခု ချုပ်ဆိုကြတာပေါ့။ တကယ်လို့ အနှစ်တစ်ထောင် ပြည့်သွားတဲ့အချိန်မှာထျန်းဝူဂိုဏ်းရဲ့ အင်အားက အခုလက်ရှိထက် သုံးဆ ပိုမိုကြီးမားသန်မာမလာဘူးဆိုရင်တော့... ကျွန်တော်တို့အားလုံး ထျန်းဝူဂိုဏ်းကနေ အပြီးတိုင် ထွက်ခွာသွားပါ့မယ်။ ဒါပေမဲ့... တကယ်လို့သာ အခုထက် သုံးဆမက ပိုပြီး သန်မာအားကောင်းလာခဲ့မယ်ဆိုရင်တော့... ကျွန်တော်တို့အားလုံး ထျန်းဝူဂိုဏ်းရဲ့ သစ္စာရှိအကြီးအကဲတွေအဖြစ် ထာဝရ နေထိုင်သွားပါ့မယ်...”

​“ကောင်းပြီ... သဘောတူတယ်...”

သိုင်းသူတော်စင် နာ့က ပြတ်သားစွာ ပြောဆိုလိုက်ပြီးနောက်၊ မဟာအကြီးအကဲနှင့် အခြားအကြီးအကဲများနှင့်အတူ ကောင်းကင်တာအိုကို သက်သေပြုလျက် စာချုပ်တစ်ခု ချုပ်ဆိုလိုက်လေတော့သည်။

​အမှန်စင်စစ် အနှစ်တစ်ထောင်အတွင်း ထျန်းဝူဂိုဏ်း၏ အင်အားကို သုံးဆအထိ တိုးတက်လာစေရန် လုပ်ဆောင်ပေးမည်ဟူသော ကိစ္စနှင့်ပတ်သက်၍၊ သိုင်းသူတော်စင် နာ့သည် စိတ်ကူးယဉ်ကာ နောက်ပြောင်ပြောဆိုခဲ့ခြင်း မဟုတ်ပေ။

ယခင်က ရွှမ်ထျန်းကမ္ဘာတွင် ရှိနေစဉ်က ထိုအောက်ကမ္ဘာ၏ နိယာမဥပဒေသများနှင့် ကျင့်ကြံအရင်းအမြစ် ကန့်သတ်ချက်များကြောင့်သာ သိုင်းသူတော်စင် နာ့ အနေဖြင့် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့် သို့ ရောက်ရှိရန် အနှစ်တစ်သောင်းတိတိ အချိန်ယူခဲ့ရခြင်း ဖြစ်သည်။

​ယခုအခါ အတိုင်းအဆမရှိ ကျယ်ပြောလှသော အထက်ကမ္ဘာသို့ အောင်မြင်စွာ ရောက်ရှိလာပြီးနောက်တွင်မူ သိုင်းသူတော်စင် နာ့သညိ ထျန်းဝူဂိုဏ်းသို့ လာရာလမ်းတစ်လျှောက်၌ပင် အထက်ကမ္ဘာ၏ သိပ်သည်းလှသော မူလစွမ်းအင်များကြောင့် သူ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်မှာ တဖြည်းဖြည်း ပို၍ ခိုင်မာလာသည်ကို အလျင်အမြန် သတိပြုမိခဲ့သည်။

မဟာအကြီးအကဲနှင့် အခြားသူများနှင့် သဘောတူညီချက်စာချုပ် ပြုလုပ်နေဆဲ ထိုအခိုက်အတန့်မှာပင် ၊ သိုင်းသူတော်စင် နာ့၏ ခန္ဓာကိုယ်အနှံ့ရှိ စွမ်းအားလှိုင်းများမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

သိုင်းသူတော်စင် နာ့၏ ခန္ဓာကိုယ်မှ ရုတ်ချည်းထွက်ပေါ်လာသော အပြောင်းအလဲကို သတိပြုမိလိုက်ကြပြီးနောက်၊ ခန်းမအတွင်းရှိ အကြီးအကဲများမှာ နေရာမှာတင် မှင်သက်အံ့ဩသွားကြရသည်။ သူတို့အားလုံး သတိပြန်မကပ်လာခင်မှာပင် ၊ သိုင်းသူတော်စင် နာ့သည် ဂိုဏ်း၏ ပင်မခန်းမဆောင် အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရ၏။

မဟာအကြီးအကဲ တစ်ဦးက ကပ်ဘေးဖြတ်ကျော်ခြင်း ဖြစ်စဉ်ကို မြင်ပြီး အံ့ဩတုန်လှုပ်စွာဖြင့် သူ့ကိုယ်သူ တီးတိုးရေရွတ်မိသည်။

“ အထက်ကမ္ဘာကို တက်လှမ်းလာပြီး ဒီထျန်းဝူဂိုဏ်းကို ခြေချမိတဲ့ အချိန်အထိဆိုရင်... အချိန်တိုလေးပဲ ရှိသေးတာလေ ၊ အခုချက်ချင်း လူသားအင်မော်တယ် ကနဦးအဆင့် ကနေ အလယ်အလတ်အဆင့် ကို ချိုးဖောက်ဝင်ရောက်တော့မှာလား... ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုးပဲ ၊ အကယ်၍ သူ့ရဲ့ ပါရမီကသာ ဒီလောက်အထိ ထူးခြားပြောင်မြောက်နေမယ်ဆိုရင်... သူပြောခဲ့တဲ့ အနှစ်တစ်ထောင် ကတိကို တကယ်ပဲ စွမ်းဆောင်နိုင်လောက်တယ်...”

​ အကြီးအကဲအားလုံး၏ ရင်ထဲ၌ သိုင်းသူတော်စင် နာ့အနေဖြင့် လာမည့်အနှစ်တစ်ထောင်အတွင်း ထျန်းဝူဂိုဏ်း၏ အင်အားကို အမှန်တကယ် သုံးဆအထိ တိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု စတင် ယုံကြည်လာကြသညိ။

​တစ်ချိန်တည်းမှာပင် ထျန်းဝူဂိုဏ်းနှင့် အတန်ငယ်ဝေးကွာသော တောင်တန်းတစ်ခုထက်၌ ၊

လင်းယာဟွမ်သည် သူမ၏ ခရီးဆောင်ပစ္စည်းအနည်းငယ်ကို သေသေချာချာ သိမ်းဆည်းပြီးစီးခဲ့ပြီဖြစ်ရာ၊ ထျန်းဝူဂိုဏ်း၏ နယ်နိမိတ်အပြင်ဘက်သို့ အပြီးတိုင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​လင်းယာဟွမ်၏ ခြေလှမ်းများသည် ရပ်တန့်သွားပြီး ထျန်းဝူဂိုဏ်း ရှိရာဘက်သို့ နောက်ဆုံးအကြိမ်အဖြစ် လှမ်းကြည့်ကာ ရင်ထဲမှ တီးတိုးနှုတ်ဆက်လိုက်မိ၏။

“ဆရာ... တောင်းပန်ပါတယ်.... ယာဟွမ်က ခွဲခွာရတဲ့ နှုတ်ဆက်ခြင်း အခမ်းအနားမျိုးတွေကို သိပ်ပြီး မနှစ်သက်လို့ပါ... နောင်တစ်နေ့ ကျင့်ကြံခြင်းလမ်းခရီးရဲ့ အထက်တစ်နေရာမှာ ကျွန်မတို့ ပြန်လည်ဆုံတွေ့နိုင်ကြဖို့ မျှော်လင့်ပါတယ်...”

​ထိုသို့ ရေရွတ်နှုတ်ဆက်ပြီးနောက် လင်းယာဟွမ်သည် စိန်ခေါ်မှုအပြည့်ရှိမည့် ဗဟိုနယ်မြေ ရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်သည်။ ဤကျယ်ပြောလှသော တောင်ပိုင်းဒေသမှ လှမ်းမျှော်ကြည့်ပါက ၊ အဆုံးအစမရှိ မိုးထိတိုင်အောင် ထိုးထွက်နေသည့် ခံ့ညားထည်ဝါလှသော မဟာတောင်ကြီးတစ်တောင်ကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။

​ထိုမဟာတောင်ကြီးသည် လောကကြီး တစ်ခုလုံး၏ ထောက်တိုင်ဖြစ်သော ပုကျိုးတောင်ပင် ဖြစ်လေတော့သည်။

All Chapters