အခန်း ၃၂၈
Vol. 33 Ch. 328
အခန်း ၃၂၈ - ကလေးမွေးပြီး အိမ်ပြန်ခြင်း
“ဟူး... ရင်ထဲမှာ အရမ်းကို စိတ်လှုပ်ရှားပြီး တုန်ရင်နေတာပဲ...”
မြောက်ပိုင်းဒေသ၏ တောတောင်လျှိုမြောင်များထဲ၌ တိတ်ဆိတ်စွာဖြင့် အခြေချနေထိုင်ရန် ချင်ဝမ်ကို ခေါ်ဆောင်လာခဲ့သော ဝူလီသည် အခန်းအပြင်ဘက်တွင် စိုးရိမ်သောကကြီးစွာဖြင့် လမ်းလျှောက်နေမိသည်။ အခန်းတွင်းရှိ ချင်ဝမ်မှာမူ စိုးရိမ်ပူပန်မှုများနှင့်အတူ ခန္ဓာကိုယ်အနှံ့ ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။
သို့သော်လည်း ကျင့်ကြံစွမ်းအားများကြောင့် မီးဖွားရသည်မှာ အလွန်အမင်း နာကျင်ခြင်း မရှိခဲ့ချေ။ မကြာမီအချိန်အတွင်းမှာပင် ရွှေအင်မော်တယ် ကနဦးအဆင့်ရှိသော ဝမ်းဆွဲအမျိုးသမီးနှစ်ဦးသည် လသားအရွယ် ကလေးငယ်တစ်ဦးကို ပွေ့ချီကာ အခန်းပြင်သို့ ထွက်လာကြတော့သည်။
“သခင်ကြီး... ဂုဏ်ယူပါတယ်... နတ်မိမယ်လေးတစ်ဦး မွေးဖွားနိုင်ခဲ့တယ်...”
“ငါ့သမီးလေး... ငါ့ရဲ့ အသက်တမျှ ချစ်လှစွာသော သမီးလေး...”
ဝူလီသည် သူ့ထံသို့ ကမ်းပေးလာသော ရင်သွေးငယ်လေးကို ရင်တဖိုဖိုဖြင့် ပွေ့ချီကာ နွေးထွေးလှသော ရင်ခွင်ထဲသို့ ထည့်သွင်းလိုက်သည်။ ထိုဖြူစင်အပြစ်ကင်းပြီး ချစ်စရာကောင်းလှသော သမီးငယ်လေးကို ကြည့်ရင်း ဝူလီတစ်ယောက် အတိုင်းအဆမရှိ ပျော်ရွှင်နေသညိ။
ထို့နောက် သူသည် သိုလှောင်လက်စွပ် ထဲမှ အဆင့်မြင့် အင်မော်တယ် ဝိညာဉ်ကျောက်တုံး တစ်ထောင်တိတိကို ထုတ်ယူလိုက်သည်။
“ဒါက မင်းတို့နှစ်ယောက် ပင်ပန်းရကျိုးနပ်အောင် ပေးတဲ့ ဆုကြေးပဲ... ကဲ... အခု ပြန်လို့ ရပါပြီ...”
“ကျေးဇူးတင်ပါတယ် သခင်ကြီး...”
အဆင့်မြင့် အင်မော်တယ် ဝိညာဉ်ကျောက်တုံးများကို လက်ခံရရှိပြီးနောက် အမျိုးသမီးနှစ်ဦးမှာ ဝမ်းသာသွားကြသည်။ အမှန်တွင် ဤကဲ့သို့သော အဆင့်မြင့် အင်မော်တယ် ဝိညာဉ်ကျောက်တုံးမျိုးကို ပုံမှန်အားဖြင့် ‘လျိုထျန်းရွှေအင်မော်တယ် သို့မဟုတ် ၎င်းထက် မြင့်မားသော အင်မော်တယ်များသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ယခုအခါ ထိုအဖိုးတန်ရတနာများသည် မိမိတို့လက်ထဲသို့ အပုံလိုက် ရောက်ရှိလာပြီဖြစ်ရာ၊ ဝူလီအပေါ် ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်နေမိသည်။ ထို့ပြင် ချင်ဝမ်၏ ကလေးမွေးဖွားမှုကို ကူညီပေးရန်အတွက် ဝူလီသည် သူတို့အား ဤလူသူဝေးရာ အရပ်သို့ ရုတ်တရက် ခေါ်ဆောင်လာခဲ့သည့်အပေါ် မကျေမနပ် ဖြစ်ခဲ့သမျှ အာဃာတများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ထိုအမျိုးသမီးနှစ်ဦးကို လွှတ်လိုက်ပြီးနောက် ၊ ဝူလီသည် သမီးငယ်လေးကို ပွေ့ပိုက်လျက် ရှိနေစဉ် အခန်းထဲမှ သက်တောင့်သက်သာဖြင့် ထွက်လာသော ဇနီးသည် ချင်ဝမ်ကို မြင်တွေ့လိုက်ရသည်။
“မောင်... ကျွန်မတို့ရဲ့ သမီးလေးကို ပြပါဦး...”
ယခုအချိန်တွင် ချင်ဝမ်၏ မျက်နှာပြင်မှာ သွေးရောင်လွှမ်းကာ ဝင်းပနေပြီး၊ သာမန်မိခင်များကဲ့သို့ မီးဖွားပြီးနောက် အားနည်းနွမ်းလျသွားသည့် လက္ခဏာမျိုး မရှိခဲ့ချေ။
အကြောင်းအရင်းမှာ ဝူလီသည် သူမအတွက် ကောင်းကင်နှင့်မြေကြီး ဖြစ်တည်မှု ရတနာများနှင့် တန်ဖိုးကြီး နတ်ဆေးလုံး အမြောက်အမြားကို ကြိုတင်ပြင်ဆင်ကာ ဖြည့်တင်းပေးထားခဲ့သောကြောင့် ဖြစ်သည်။
အစွမ်းထက်လှသော လျိုထျန်းရွှေအင်မော်တယ် တစ်ဦးပင်လျှင် ကလေးမွေးဖွားပြီးနောက် ပင်ပန်းနွမ်းလျပြီး အားနည်းသော ကာလတစ်ခုကို မလွဲမသွေ ကြုံတွေ့ရမည်သာ ဖြစ်ပေသည်။
သူတို့၏ သမီးငယ်လေးသည် ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ရှိနေပြီး သေးငယ်သော လက်ချောင်းလေးများကို ကိုက်ခဲကာ၊ မိဘနှစ်ပါးစလုံးကို အပြစ်ကင်းစင်စွာဖြင့် ကလေးသဘာဝအတိုင်း ပြုံးပြနေလေသည်။
ထိုမြင်ကွင်းကို ကြည့်ရှုရင်း ဝူလီနှင့် ချင်ဝမ် ဇနီးမောင်နှံနှစ်ဦးစလုံးသည် ဘဝ၏ အမြင့်မားဆုံးသော ကျေနပ်နှစ်သိမ့်မှုကို ရင်ထဲ၌ အပြည့်အဝ ခံစားလိုက်ရသည်။
ဤကဲ့သို့ မြင့်မားသော ကျင့်ကြံဆင့်မှာပင် ရင်သွေးငယ်တစ်ဦးကို ဤမျှလောက် လျင်မြန်စွာ ရရှိနိုင်လိမ့်မည်ဟု သူတို့ဇနီးမောင်နှံနှစ်ဦးစလုံး လုံးဝ မထင်မှတ်ထားခဲ့ကြချေ။
အမှန်တွင် သာမန် လျိုထျန်းရွှေအင်မော်တယ် တစ်ဦးသည်ပင် ကိုယ်ဝန်ဆောင်နိုင်ရန်အတွက် အနည်းဆုံး နှစ်ထောင်ပေါင်းများစွာ အချိန်ယူရသည်။ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့ သို့ ရောက်ရှိနေပြီဖြစ်သော ဝူလီအတွက်မူ အထူးတလည် ပြောစရာပင် လိုအပ်တော့မည်မဟုတ်ချေ။
“မောင်... ကျွန်မတို့ရဲ့ သမီးလေးကို နာမည်မပေးရသေးဘူးနော်။ သူမအတွက် ဘယ်လိုနာမည်မျိုးက အသင့်တော်ဆုံး ဖြစ်မလဲဟင်...”
ချင်ဝမ်သည် သူမ၏ ရင်သွေးငယ်လေးကို အသာအယာ ပွေ့ချီထားရင်း၊ ဘေးနားရှိ ဝူလီကို မျှော်လင့်တကြီး ကြည့်ကာ မေးမြန်းလိုက်သည်။
သမီးငယ်လေး၏ နာမည်နှင့် ပတ်သက်၍မူ ဝူလီသည် ရင်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ကြိုတင်ချမှတ်ပြီးသားဖြစ်ရာ မဆိုင်းမတွပင် ပြန်လည်ပြောဆိုလိုက်၏။
“ငါတို့ မိသားစုဆီ ပြန်သွားပြီး ဘိုးဘေးကို သွားရှာကြရအောင်။ ပြီးတော့ ငါ့သမီးလေးအတွက် နာမည်တစ်ခု ပေးသနားဖို့ သူ့ကိုပဲ တောင်းဆိုကြတာပေါ့...”
“ကောင်းပါပြီ... ဒါဆိုရင် ပြန်ကြတာပေါ့...”
ချင်ဝမ်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း၊ အမှန်စင်စစ် သူမသည် ဝူလီ၏ မိသားစုဝင်များနှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသေးသဖြင့် ရင်ထဲ၌ အတိုင်းအဆမရှိ စိုးရိမ်ပူပန်နေမိသည်။
ထို့ကြောင့် ဝူလီ၏ အိမ်ပြန်ရန် စကားကို ကြားလိုက်ရပြီးနောက်တွင်မူ ချင်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တင်းမာသွားခဲ့ရသည်။
ဝူလီသည် ဇနီးသည်၏ သောကကို ချက်ချင်းပင် သတိပြုမိသွားပြီး၊ ချင်ဝမ်၏ နူးညံ့လှသောလက်ကို ကြင်နာစွာ ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်၏။
“စိတ်မပူပါနဲ့ ကိစ္စမရှိပါဘူး... ငါ့ရဲ့ မိသားစုဝင်တွေက အရမ်းကို သဘောကောင်းကြပါတယ်။ သူတို့ မင်းကို လှိုက်လှဲစွာ လက်ခံကြမှာပါ၊ ဘယ်တော့မှ ငြင်းပယ်မှာ မဟုတ်ဘူး။ တကယ်လို့... တကယ်လို့များ သူတို့က မင်းကို သဘောမတူကြဘူးဆိုရင် ၊ ငါ မင်းကိုပဲ ခေါ်ပြီး တစ်သက်လုံး ပြန်မသွားတော့ဘူး...”
“အဲဒီလိုတော့ မလုပ်ပါနဲ့ မောင်ရယ်... မိသားစုဆိုတာ ဘဝမှာ အရေးအကြီးဆုံးအရာပဲ ။ တကယ်လို့ သူတို့က ကျွန်မကို အစပိုင်းမှာ ငြင်းပယ်ခဲ့ရင်တောင်... သူတို့ ကျွန်မကို ရင်ထဲကနေ လှိုက်လှဲစွာ လက်ခံလာကြတဲ့အထိ ကျွန်မဘက်က အစွမ်းကုန် ကြိုးစားပြီး ပြုစုလုပ်ကျွေးပါ့မယ်...”
ချင်ဝမ်သည် ကြည်နူးမှုကို ခံစားလိုက်ရသဖြင့်၊ ဝူလီ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သူ၏ပါးပြင်ကို ဖျတ်ခနဲ နမ်းရှိုက်လိုက်လေတော့သည်။ ဘာတွေဖြစ်ပျက်နေမှန်း မသိရှာသော ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲမှ သမီးငယ်လေးမှာမူ အပြစ်ကင်းစင်လှသော ကလေးတစ်ယောက်၏ သဘာဝအတိုင်း တခစ်ခစ် ရယ်လို့နေသည်။
လိုအပ်သော ပြင်ဆင်မှုများအားလုံးကို ပြုလုပ်ပြီးနောက် ဝူလီသည် ချင်ဝမ်နှင့် သမီးငယ်လေးကို ခေါ်ဆောင်ကာ ဖန်လိုင် အင်မော်တယ်ကျွန်း ရှိရာဘက်သို့ ထွက်ခွာခဲ့ကြလေသည်။
ဝူလီသည် အစွမ်းထက်သော အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် ဖြစ်သော်လည်း၊ ကျယ်ပြောလှသော အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဖန်လိုင်အင်မော်တယ်ကျွန်းသို့ ပြန်လည်ရောက်ရှိရန်အတွက် အချိန်ကာလ တစ်နှစ်တိတိ မျှပင် ကြာမြင့်ခဲ့ရသည်။
သိပ်သည်းဆန်းကြယ်လှသော အင်မော်တယ်ချီ မြူခိုးများဖြင့် အထပ်ထပ် ဖုံးလွှမ်းနေသည့် ခမ်းနားထည်ဝါလှသော ဖန်လိုင်အင်မော်တယ်ကျွန်းကြီးကို လှမ်းမျှော်ကြည့်ရင်း ၊ ဝူလီ၏ရင်ထဲ၌ ရှုပ်ထွေးဆန်းကြယ်သော ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေမိသည်။
'ဖန်လိုင်အင်မော်တယ်ကျွန်းကို ပြန်လာဖို့အတွက် ဒီလောက်အထိ အချိန်တွေ အကြာကြီး ယူခဲ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...'
“ကဲ... တို့တွေ အိမ်ပြန်ကြစို့...”
တစ်ချိန်တည်းမှာပင် ဖန်လိုင်အင်မော်တယ်ကျွန်းပေါ်၌ ။
ဝူဝမ်ကုသည် ရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်နေဆဲ ဖြစ်သည်။ သူသည် ရွှေအင်မော်တယ် အလယ်အလတ်အဆင့်၏ အတားအဆီးကို ချိုးဖျက်နေစဉ် ၊ ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုသော သွေးသားရင်းချာအငွေ့အသက်ကို အာရုံခံမိသွားပြီး၊ ဖန်လိုင်အင်မော်တယ်ကျွန်း၏ အပြင်ဘက်ဆီသို့ လှမ်း၍ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
'ဒါပေမဲ့... အခုအချိန်မှာ စိတ်အာရုံလွင့်ပြီး ပူပန်နေလို့ မဖြစ်သေးဘူး။ အရေးအကြီးဆုံးက စိတ်ကို တည်ငြိမ်အောင်ထားပြီး ကပ်ဘေးဖြတ်ကျော်ခြင်းကို အောင်မြင်အောင် ဆက်လက်လုပ်ဆောင်ဖို့ပဲ...'
အခြားတစ်ဖက်တွင်မူ ၊ ဝူလီ၏ မိခင်ဖြစ်သူ စူးယွဲ့ရိုသည် သူမ၏ ရင်သွေးရင်းချာ သားဖြစ်သူ၏ အငွေ့အသက် တည်ရှိမှုကို အာရုံခံမိသွားပြီးနောက်၊ ရင်ထဲ၌ အတိုင်းအဆမရှိ ဝမ်းသာသွားကာ ဖန်လိုင်အင်မော်တယ်ကျွန်း၏ နယ်နိမိတ်အဝင်ဝဆီသို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။
သူမ ထွက်လာသည့် အခိုက်အတန့်တွင် ဝူလီနှင့် ချင်ဝမ် ဇနီးမောင်နှံနှစ်ဦးအပြင် ဝူလီ၏ ရင်ခွင်ထဲ၌ အပြစ်ကင်းစင်စွာ အိပ်ပျော်နေသော ရင်သွေးငယ်လေးကိုပါ တစ်ပြိုင်နက်တည်း မြင်တွေ့လိုက်ရသဖြင့်၊ စူးယွဲ့ရိုမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ အလျင်အမြန် စကားဆိုလိုက်တော့သည်။
“သား... ဒါ... ဒါက ဘယ်သူတွေလဲ...”
“အမေ... ဒါက ကျွန်တော့်ရဲ့ ဘဝတစ်သက်တာ တာအိုလက်တွဲဖော် ချင်ဝမ် ပါ။ ပြီးတော့ ဒါကတော့... ကျွန်တော်တို့နှစ်ယောက်ရဲ့ သမီးလေးပါအမေ...”
ဝူလီသည် ဘေးနားရှိ ချင်ဝမ်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ မိခင်ဖြစ်သူ စူးယွဲ့ရိုကို ကြည့်ကာ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှု အပြည့်ဖြင့် ရဲရဲဝံဝံ မိတ်ဆက်ပေးလိုက်သည်။ ယင်းက ချင်ဝမ်၏ ရင်ထဲ၌ အတိုင်းအဆမရှိသော လုံခြုံမှုနှင့် နွေးထွေးမှုကို အပြည့်အဝ ခံစားလိုက်ရစေသည်။
သို့သော်လည်း စူးယွဲ့ရိုသည် သားဖြစ်သူ၏ ဇနီး နောက်ခံအင်အားစုက မည်မျှကြီးမားသည်၊ သေးငယ်သည်ကို သိပ်ပြီး ဂရုစိုက်မည့်သူမျိုး လုံးဝမဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ချွေးမလေး၏ နောက်ခံသညိ မည်မျှပင် စွမ်းအားကြီးမားနေပါစေ ၊ သူတို့၏ ဝူမိသားစု ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူမ ကောင်းကောင်းကြီး သိထားသည်။ မိမိ၏ သားလေး ပျော်ရွှင်နေသရွေ့ ထိုအရာကသာ အရေးအကြီးဆုံးအချက်ပင် မဟုတ်လော။
ထို့ထက် ပို၍အရေးကြီးသည်မှာ သူတို့နှစ်ဦးသည် အိမ်ပြန်လာရုံတင်မကဘဲ ချစ်စရာကောင်းသော မြေးမလေးတစ်ဦးကိုပါ တစ်ပါတည်း ပွေ့ချီခေါ်ဆောင်လာခဲ့ကြသဖြင့်၊ စုယွဲ့ရိုအနေဖြင့် ချင်ဝမ်အပေါ် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာပင် ပို၍ နှစ်သက်သွားခဲ့ရသည်မှာ သဘာဝပင် ဖြစ်ပေသည်။
'သူတို့နှစ်ယောက် က သမီးလေးတစ်ယောက်တောင် ရနေပြီပဲ... တကယ်လို့ နောင်ကျရင် သူတို့သာ အခုထက် ပိုပြီး ကြိုးစားကြမယ်ဆိုရင်... ငါ့အတွက် မြေးလေးတွေ၊ မြေးမလေးတွေ နည်းနည်းလောက် ထပ်ပြီး တိုးလာဦးမှာ မဟုတ်ဘူးလား...'
စူးယွဲ့ရို၏ စိတ်အားထက်သန်စွာ သတင်းဖြန့်မှုကြောင့် ဝူမိသားစုတစ်ခုလုံးသည် ဝူလီတစ်ယောက် ဖန်လိုင်ကျွန်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ၊ ထို့အပြင် တရားဝင် တာအိုလက်တွဲဖော်အပြင် သမီးငယ်လေးတစ်ဦးကိုပါ တပါတည်း ခေါ်ဆောင်လာခဲ့ကြောင်းကို အလျင်အမြန်ပင် သိရှိသွားခဲ့ကြသည်။
မကြာမီအချိန်အတွင်းမှာပင် ဝူမိသားစု၏ တတိယမျိုးဆက် အားလုံးနီးပါးသည် ဝူဝမ်ကု မိသားစု နေထိုင်ရာ အင်မော်တယ်ကျွန်းပေါ်သို့ စုဝေးရောက်ရှိလာကြတော့သည်။
သူတို့အားလုံးသည် စူးယွဲ့ရိုတစ်ယောက် သူမ၏ အဖိုးတန်မြေးမလေးကို ရင်ခွင်ထဲပွေ့ချီကာ ပီတိအပြုံးများဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ကြွားဝါပြသနေသည်ကို ဝိုင်းအုံကြည့်ရှုနေကြ၏။
“ကဲ... အားလုံးပဲ မြင်ကြတယ်မလား... ဒါက ငါ့ရဲ့ အသက်တမျှ အဖိုးတန်လှတဲ့ မြေးမလေးပဲ...”
ဤမြင်ကွင်းသည် ဝူမိသားစု၏ အခြားသော တတိယမျိုးဆက် ညီအစ်ကို မောင်နှမများကို အားကျစေခဲ့သည်။ အမှန်အားဖြင့် သူတို့နှင့် သူတို့၏ မိသားစုခွဲများတွင် မြေးလေး မဆိုထားနှင့်၊ ပုခက်လွှဲစရာ မြေးမလေး တစ်ယောက်ပင် မရှိကြသေးသလို အိမ်တွင်းသို့ ဝင်ရောက်လာမည့် ချွေးမတစ်ယောက်ပင်လျှင် ယနေ့အထိ ရှာမတွေ့နိုင်သေးပေ။
ထို့ကြောင့် သူတို့အားလုံးသည် ဝူဝမ်ကု၏ အိမ်တော်မှ အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ၊ မိမိအိမ်၌ အသုံးမကျသော သားများကို အမြန်ဆုံး အိမ်ထောင်ပြုပြီး ကလေးယူရန် အတင်းအကျပ် တိုက်တွန်းလေတော့၏။
“ကဲပါ အမေရယ်... တော်လောက်ပြီ၊ လူတွေကို လျှောက်ကြွားနေတာ ရပ်လိုက်ပါတော့။ ဒါနဲ့ ဘိုးဘေးနဲ့ပတ်သတ်ပြီး... ကျွန်တော့်ရဲ့ သမီးလေးကို အခုထိ နာမည်မပေးရသေးလို့၊ သမီးလေးအတွက် နာမည်တစ်ခု ပေးဖို့ ဘိုးဘေးကြီးဆီမှာ သွားပြီး တောင်းဆိုဖို့ တွေးထားတယ် ...”
ဝူလီက ပြုံးလျက် ဝင်ပြောလိုက်သည်။
ထိုအခါ စုယွဲ့ရိုက သက်ပြင်းချရင်း ပြန်လည်ဖြေကြားလိုက်၏။
“အဘိုးကတော့... အဘိုးက အခုလောလောဆယ် အိမ်မှာ မရှိဘူး ပြီးတော့ သူ ဘယ်အရေးကြီးကိစ္စအတွက်နဲ့ ဘယ်အရပ်ဒေသကို ထွက်ခွာသွားလဲဆိုတာလည်း အမေလည်း သေသေချာချာ မသိရဘူး...”
ဤသည်ကို ကြားလိုက်ရသောအခါ ဝူလီတစ်ယောက် ခဏတာ မှင်သက်သွားသော်လည်း၊ စူးယွဲ့ရိုသည် အခြေအနေကို အေးအေးဆေးဆေးပင် ဆက်ရှင်းပြလေသည်။
ယခင်က ဝူဟောက်ကို သွားရောက်ရှာဖွေစဉ်အခါက ဝူဝမ်ကုနှင့် အခြားသူများသည် ဝူရွှယ်ယင်းကို တစ်ပါတည်း ခေါ်ဆောင်မသွားခဲ့ကြချေ။ ထို့ပြင် ထိုအကြောင်းအရင်းများကို စူးယွဲ့ရိုနှင့် အခြားသူများအား အသေးစိတ် ထုတ်ဖော်ပြောပြရန် မလိုအပ်သည် ဟု ဝူဝမ်ကုတို့ဘက်မှ ထင်မှတ်ခဲ့ကြသောကြောင့် စူးယွဲ့ရိုနှင့် ကျန်ရှိနေသော မိသားစုဝင်များသည် ဝူဟောက် အထက်ကမ္ဘာမှ ထွက်ခွာသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်းကို မသိရှိခဲ့ပေ။
မိခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် ဝူလီ မျက်မှောင်ကြုတ်သွားသည်။ ချင်ဝမ်သည်လည်း အခြေအနေကို ရိပ်မိကာ သူမ၏ သမီးငယ်လေးကို ယောက္ခမဖြစ်သူ စူးယွဲ့ရို၏ ရင်ခွင်ထဲမှ မိမိရင်ခွင်ထဲသို့ နွေးထွေးစွာ ပြန်လည်ပွေ့ချီလိုက်ပြီး ဝူလီကို တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ၊
စိတ်လှုပ်ရှားမှုများ ရောယှက်နေသော ဩဇာအပြည့်ရှိသည့် အသံတစ်သံသည် သူတို့ရှိရာဘက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်ပျံ့လွင့်လာသည်ကို အားလုံး ကြားလိုက်ရသည်။
“လာစမ်းပါဦး... ငါ့ရဲ့ အဖိုးတန် မျိုးဆက်သစ်လေးကို ငါ့ကို ပြပါဦး...”
ရုတ်တရက်ဆိုသလိုပင် သူတို့အားလုံး၏ အနောက်ဘက် ဟင်းလင်းပြင်တွင် လှိုင်းတံပိုးများ ထသွားပြီးနောက် ဝူဟောက်သည် နတ်ဘုရားတစ်ပါးပမာ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့သည်။ သူသည် ချင်ဝမ်၏ ရင်ခွင်ထဲရှိ သမီးငယ်လေးကို အတိုင်းအဆမရှိသော ပီတိအပြုံးများဖြင့် စိုက်ကြည့်နေသည်ကို ဝူလီ တွေ့လိုက်ရသည်။
ထိုရင်သွေးငယ်လေးသည် ဝူဟောက်၏ ခန္ဓာကိုယ်ထံမှ ဖြာထွက်နေသော ထူးခြားနက်နဲသည့် သွေးသားရင်းချာ နွေးထွေးမှုကို ဗီဇအရ ခံစားမိခြင်းကြောင့်လား မသိ ၊ စကားမပီမသဖြင့် တခစ်ခစ် ရယ်မောလျက် ပွေ့ချီပေးရန် အတင်းအကျပ် တောင်းဆိုသည့်အလား သူမ၏ သေးငယ်သော လက်ချောင်းလေးနှစ်ဖက်ကို ဝူဟောက်ရှိရာဘက်သို့ တက်ကြွစွာ လှမ်း၍ ဆန့်ထုတ်လိုက်လေတော့သည်။
ချင်ဝမ်သည် ယခင်ကတည်းက ဝူဟောက်နှင့် အကြိမ်ကြိမ် ဆုံတွေ့ခဲ့ဖူးသည်။ ဝူဟောက် ရုတ်တရက် ထွက်ပေါ်လာမှု နှင့်အတူ သူမ၏ သမီးငယ်လေးကပါ စိမ်းသက်မနေဘဲ သူ့ထံသို့ လှမ်း၍ လက်ဆန့်ထုတ်နေသည်ကို မြင်တွေ့ရချိန်တွင် ရင်ထဲ၌ ကျေနပ်နေမိသည်။
ထို့ကြောင့် သူမသည် ရိုသေလေးစားစွာဖြင့် ပြုံးလိုက်ပြီး၊ မိမိ၏ သမီးငယ်လေးကို ဝူဟောက်၏ နွေးထွေးလှသော ရင်ခွင်ကြီးထဲသို့ ယုံကြည်စိတ်ချစွာ ထည့်ပေးလိုက်လေသည်။