အခန်း ၁၅၉၁
Vol. 107 Ch. 1591
အခန်း (၁၅၉၁) သစ္စာဖောက် တပည့်တစ်ဦးလော (၃)
“မိုးပြာဧကရာဇ်လား။ သူတို့က မဟာလေဟာနယ်ကို သွားကြမှာလား” လုကျိုးက အခွင့်အရေးယူကာ ဆက်မေးလိုက်၏။ “မိုးပြာဧကရာဇ်က ဘယ်မှာလဲ”
“အဘိုးဝေ့ယန်က အရှေ့ဘက်မှာ ရှိတယ်။ အဖြူရောင်ဧကရာဇ် အဘိုးကျောက်ခွိုင်နဲ့ သိပ်မဝေးဘူး”
ပိုးစာမင်းသမီးက ပြန်ဖြေလိုက်သည်။ ထို့နောက် သူမက အလောတကြီး ဆက်ပြောလိုက်၏။
“ရှင်က အဘိုးဝေ့ယန်ဆီကိုလည်း သွားပြီး ပြဿနာရှာမလို့တော့ မပြောနဲ့နော်။ သူက လူကောင်းတစ်ယောက်ပါ”
“လူကောင်းတစ်ယောက် ဟုတ်လား” လုကျိုး မျက်မှောင်ကျုံ့သွား၏။ ‘လူကောင်းတစ်ယောက်က ငါ့တပည့်တွေကို ဘယ်လိုလုပ်ပြီး ပြန်ပေးဆွဲသွားနိုင်မှာလဲ။’
မည်သို့ပင်ဖြစ်စေ လုကျိုးက သူ၏ မကျေနပ်မှုကို ထုတ်ဖော်မပြခဲ့ပေ။ သူက ဆက်လက်မေးမြန်းလိုက်၏။
“ကြက်သွေးရောင်ဧကရာဇ်က ဘာဖြစ်လို့ မဟာလေဟာနယ်ကို သွားရမှာလဲ”
အချိန်က မကျက်သေးပေ။ ယခုအချိန် မဟာလေဟာနယ်သို့ သွားရောက်ခြင်းက လုကျိုးအတွက် ပြဿနာများသာ ဖြစ်စေလိမ့်မည်။
ပိုးစာမင်းသမီးသည် မသိကြောင်း ပြသသည့်အနေဖြင့် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူမက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
“ရှင့်ရဲ့ ကျင့်ကြံမှုက ဒီလောက်တောင် တိုးတက်လာတာဆိုတော့ ရှင်လည်း မဟာလေဟာနယ်ကို သွားနိုင်လောက်တယ် မဟုတ်လား”
ဖြစ်နိုင်သည်မှာ ပိုးစာမင်းသမီးသည် လူသားများနှင့် မတွေ့ရသည်မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်ရာ အလွန်ပင် အထီးကျန်နေခဲ့ပုံရသည်။ သူမသည် လူများနှင့် စကားပြောရသည်ကို အလွန်သဘောကျ၏။ တစ်ခါတစ်ရံတွင် သူမ၏ စိတ်နေသဘောထားမှာ ပုံမှန်မဟုတ်ဘဲ ကောက်ကျစ်သွားတတ်ကာ လူသားများကို လက်စွပ်ပုံသဏ္ဌာန် ရေကန်ကြီးထဲ၌ ပိတ်လှောင်ထားတတ်သည်။ ဒဏ်မခံနိုင်သူများမှာ သဘာဝကျစွာပင် သေဆုံးသွားကြရတော့၏။
လုကျိုးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
“ငါ မဟာလေဟာနယ်ကို ဘယ်လိုသွားရမလဲ”
ပိုးစာမင်းသမီးသည် လုကျိုးကို ခေတ္တမျှ အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“ရှင့်ရဲ့ အရည်အချင်းနဲ့ဆိုရင် မဟာလေဟာနယ်ကို သွားဖို့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်။ မဟာလေဟာနယ်မှာ လူအင်အား လိုအပ်နေပြီး နယ်မြေကိုးခုက ပါရမီရှင်တွေကို စုဆောင်းနေတယ်လို့ အဘိုးဝေ့ယန်ဆီကနေ ကျွန်မ ကြားဖူးတယ်။ ဒါကြောင့် ရှင် အဲဒီမှာ ကြိုဆိုခံရမှာ သေချာပါတယ်...” ခေတ္တရပ်လိုက်ပြီးနောက် သူမက ဆက်ပြောသည်။
“ဒါပေမဲ့ မဟာလေဟာနယ်က တကယ့်ကို ပျင်းစရာကောင်းတာပါ။ ရှင် ဒီမှာပဲနေပြီး ကျွန်မကို အဖော်ပြုပေးပါလား”
“ငါ နေလို့မရဘူး။ ငါ လုပ်စရာကိစ္စတွေ ရှိသေးတယ်” လုကျိုးက ငြင်းဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ပိုးစာမင်းသမီးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “ရှင်တို့ လူသားတွေက တကယ့်ကို ထူးဆန်းတာပဲ။ ရှင်တို့က ဘာဖြစ်လို့ မဟာလေဟာနယ်ကို သွားချင်နေကြရတာလဲ”
“ရှင်တို့ လူသားတွေ ဟုတ်လား။ မင်း အသက်ရှင်နေတာ သိသာကြီးကို။ ဘာဖြစ်လို့ မင်းက လူမဟုတ်တဲ့အတိုင်း ပြောနေရတာလဲ” လုကျိုးက မေးလိုက်သည်။
“ကျွန်မ အသက်ရှင်နေပါတယ်...” ပိုးစာမင်းသမီးက ဆိုသည်။ သူမသည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မရဲ့ နှလုံးသားက သေဆုံးသွားခဲ့ပါပြီ”
လုကျိုးက သူ၏ အာရုံများကို ဖြန့်ကျက်လိုက်သည်။ တကယ်ပင် ပိုးစာမင်းသမီး၌ နှလုံးခုန်သံ ရှိမနေခဲ့ပေ။
ဤအကြောင်းကို ပြောချိန်တွင် ပိုးစာမင်းသမီး၏ ဝမ်းနည်းကြေကွဲမှုမှာ သိသာထင်ရှားလှပေသည်။ သေဆုံးနေသော နှလုံးသားတစ်ခုထက် ပို၍ ကြီးမားသော ဝမ်းနည်းကြေကွဲမှုမျိုး မည်သည့်နေရာတွင် ရှိနိုင်ပါဦးမည်နည်း။ ထို့ပြင် သူမ၏ နှလုံးသား သေဆုံးသွားပြီဟု ပြောဆိုခြင်းမှာ သူမ၏ ဖခင်ဖြစ်သူ ကြက်သွေးရောင်ဧကရာဇ်က သူမကို ဤနေရာတွင် အတင်းအကျပ် နေထိုင်စေခြင်းဖြင့် သူမ၏ နှလုံးသားကို သေဆုံးစေခဲ့ကြောင်း သွယ်ဝိုက်ပြောဆိုနေခြင်းလည်း ဖြစ်နိုင်ပေသည်။
“တောင်ပိုင်း မီးလျှံပင်လယ်က ဘယ်မှာလဲ” လုကျိုးက မေးလိုက်၏။
“အဆုံးမဲ့သမုဒ္ဒရာရဲ့ တောင်ဘက်အကျဆုံး အပိုင်းပေါ့။ အရမ်း၊ အရမ်း၊ အရမ်းကို ဝေးတဲ့နေရာပါ။ ရှာတွေ့ဖို့လည်း အလွန်ခက်ခဲတယ်” ပိုးစာမင်းသမီးက ပြောပြသည်။
လုကျိုး၏ ရည်မှန်းချက်မှာ သူ၏တပည့်များကို ရှာဖွေရန် ဖြစ်သည်။ သူတို့၏ ဘေးကင်းလုံခြုံမှုကို အတည်ပြုပြီး သူ၏ဘေးသို့ ပြန်လည်ခေါ်ဆောင်လာချင်ပေသည်။ သို့သော်လည်း သူ အလောတကြီး မဖြစ်နေပေ။ ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း ၁၀၀ တောင် ကုန်လွန်သွားခဲ့ပြီ မဟုတ်ပါလော။ ဖြစ်နိုင်သည်များ၊ ဖြစ်သင့်သည်များအားလုံး ဖြစ်ပျက်ခဲ့ပြီးသားပင်။
လုကျိုးသည် တွေးတောကြည့်လိုက်ရာ ယခုအချိန် ကြက်သွေးရောင်ဧကရာဇ်ကို ရှာဖွေရန် တောင်ပိုင်း မီးလျှံပင်လယ်သို့ သွားရောက်ခြင်းမှာ အနည်းငယ် လက်တွေ့မဆန်ဟု ခံစားလိုက်ရသည်။ ခေတ္တအကြာတွင် သူက တီးတိုးရေရွတ်လိုက်၏။
“ဒီလိုဆိုမှတော့လည်း... ကောင်းကင်ဘုံကိုပဲ တက်လှမ်းကြတာပေါ့”
တစ်ချိန်တည်းမှာပင် အဆုံးမဲ့သမုဒ္ဒရာ၏ တောင်ဘက်ပိုင်း၌ တောင်ထွတ်တစ်ခုပေါ်တွင် ဖြစ်၏။
မင်ရှစ်ရင်သည် အဆုံးမဲ့သမုဒ္ဒရာ၏ ရှုခင်းများကို ငေးမောကြည့်ရှုနေသည်။ သူသည် မထိန်းနိုင်ဘဲ ခေါင်းခါယမ်းလိုက်မိ၏။
ထိုစဉ် အနီးအနား၌ လူတစ်ဦး ပေါ်ထွက်လာပြီး ဦးညွှတ်လိုက်သည်။ “သခင်လေးရီ... ကြက်သွေးရောင်ဧကရာဇ်က သခင်လေးရဲ့ ကျင့်ကြံမှုကို အရှိန်မြှင့်ဖို့ အမိန့်ပေးထားပါတယ်”
“ငါ အချိန်တိုင်း ကျင့်ကြံနေတာပဲလေ”
“သခင်လေးအနေနဲ့ ကျင့်ကြံမှုအဆင့်ကို ပိုမြှင့်တင်ဖို့ လိုအပ်သေးတယ်လို့ ကြက်သွေးရောင်ဧကရာဇ်က မိန့်ကြားထားပါတယ်။ ဒါမှသာ နန်းဆောင်သခင် နေရာအတွက် ပြိုင်ပွဲမှာ သခင်လေး အနိုင်ရရှိနိုင်မှာပါ”
ထိုလူက ပြောပြီးနောက် ထပ်လောင်းပြောဆိုလိုက်၏။ “သခင်လေးရဲ့ တိုးတက်မှုကို ကျွန်တော်က စောင့်ကြည့်နေမှာပါ”
“ဟက်... မင်းက လူစကား နားမလည်ဘူးလား။ ငါ အချိန်တိုင်း ကျင့်ကြံနေတာပါလို့ ပြောနေတယ်လေ”
မင်ရှစ်ရင်က ပြောလိုက်၏။
“...”
“ကြက်သွေးရောင်ဧကရာဇ်က ထပ်မံ မိန့်ကြားထားတာကတော့... သခင်လေးက အခုဆို တောင်ပိုင်း မီးလျှံပင်လယ်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ။ ဒါကြောင့် မလိုအပ်ဘဲနဲ့ နောင်ကို ရွှေကြာနယ်မြေက သခင်လေးရဲ့ ဆရာဆိုသူနဲ့ မဆက်သွယ်ဖို့ပါပဲ” ထိုလူက ပြောလိုက်သည်။
“ဆရာ ဟုတ်လား။ ဘာဆရာလဲ။ ငါ့မှာ ဆရာ မရှိဘူး” ဟု မင်ရှစ်ရင်က ပြောလိုက်၏။
ထိုလူက ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင်လည်း... သခင်လေးရီကို ကျွန်တော် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး”
ထိုလူသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။
မင်ရှစ်ရင် မျက်လုံးလှန်လိုက်မိ၏။ ထို့နောက် သူက ရှေ့သို့ ငေးကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။
“ငါ့မှာ ဆရာ မရှိဘူး”
….