← Chapters

အခန်း ၁၅၉၃

Vol. 107 Ch. 1593

အခန်း ၁၅၉၃

Vol. 107 Ch. 1593

အခန်း (၁၅၉၃) ကောင်းကင်ဘုံသို့ တက်လှမ်းရန် အစီအစဉ်များ (၁)

လုကျိုး ရရှိခဲ့သော မှတ်ဉာဏ်များမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပေ၏။ ဖြစ်နိုင်သည်မှာ ဆိုးယုတ်သူတစ်ပါးသည် သူ၏ ဘဝနေဝင်ချိန်သို့ ရောက်ရှိခါနီးတွင် အားအင်အလုံအလောက် မရှိတော့သဖြင့် သူ ချန်ထားခဲ့သော မှတ်ဉာဏ်များကို သက်ရောက်မှု ရှိစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ထိုအချိန်က ဆိုးယုတ်သူတစ်ပါးသည် အလွန်အမင်း အားနည်းနေခဲ့သဖြင့် စာထဲ၌ စကားလုံးအနည်းငယ်မျှသာ ချန်ထားနိုင်ခဲ့ပုံရရာ တစ်သက်တာလုံးစာ မှတ်ဉာဏ်များကို မှတ်ဉာဏ်သလင်းကျောက်အတွင်းသို့ ထည့်သွင်းရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။

ဤအကြောင်းကြောင့်ပင် ထိုရိုးရှင်းသော မြေပုံပေါ်တွင် မှတ်သားထားသော နေရာများ၌ မည်သည့်ပစ္စည်းများ ချန်ထားခဲ့သည်ကို လုကျိုး မသိရှိခဲ့ရပေ။

မုန့်ကျန်း၏ စကားများကို ကြားပြီးနောက် ၎င်းသည် ဆိုးယုတ်သူတစ်ပါးကို ပေးခဲ့သော ကတိကြောင့်သာ ဤနေရာ၌ ဆက်လက် ရှိနေခဲ့ခြင်းဖြစ်ကြောင်း လုကျိုး နားလည်လိုက်ပေသည်။

လုကျိုးသည် နတ်ဝိညာဉ်ပုလဲကို ကြည့်ကာ သူ၏ မျက်နှာအမူအရာကို ပြင်လိုက်ပြီးနောက် မေးမြန်းလိုက်၏။

“ငါ ဒါကို ယူပြီး ထွက်ပြေးသွားမှာကို မင်း မကြောက်ဘူးလား”

မုန့်ကျန်းက ပြောလိုက်၏။

“ငါတို့နှစ်ယောက်စလုံးဟာ ဘယ်တုန်းကမှ ကတိမပျက်ခဲ့ကြပါဘူး။ ငါ ကတိတည်ခဲ့သလို မင်းလည်း ကတိတည်မှာပါ”

လုကျိုး ခေါင်းညိတ်ပြလိုက်သည်။ သူသည် နတ်ဝိညာဉ်ပုလဲအတွင်းရှိ စွမ်းအင်များကို အာရုံခံကြည့်လိုက်ပြီးနောက် ၎င်းမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

“ငါ့ကို သုံးရက် အချိန်ပေး”

မုန့်ကျန်းက အမူအရာကင်းမဲ့စွာ ပြောလိုက်၏။

“မင်းကို ငါ ဆယ်နှစ် အချိန်ပေးမယ်။ အဲဒါရဲ့ တန်ဖိုးအနေနဲ့ မင်း ငါ့ကိုယ်စား ဒီတိုင်လုံးကြီးကို ဆယ်နှစ်တိုင်တိုင် စောင့်ကြပ်ပေးရမယ်”

မုန့်ကျန်းသည် လူသားတစ်ဦးက နတ်အရှင်တစ်ပါး၏ နတ်ဝိညာဉ်ပုလဲအတွင်းရှိ စွမ်းအင်များကို သုံးရက်အတွင်း အသုံးပြုနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လူသားတို့သည် သက်ရှိသတ္တဝါအားလုံး၏ အထက်တွင် ရပ်တည်နေကြသူများ ဖြစ်ကြ၏။ သူတို့၌ အလွန်မြင့်မားသော ကျင့်ကြံခြင်း ပါရမီ ထူးများ ရှိကြပြီး လောက၏ အကန့်အသတ်များကို ဖောက်ထွက်နိုင်မည့် အခွင့်အရေး အရှိဆုံးသူများလည်း ဖြစ်ကြသည်။ ကြမ်းတမ်းခက်ထန်သားရဲကြီးများ လူသားများနှင့် ရင်ဘောင်တန်းနိုင်ရသည့် အကြောင်းရင်းမှာ သူတို့၏ သက်တမ်းကြောင့်ပင် ဖြစ်ပေသည်။ လူသားတို့က အချိန်ကို ရရှိရန်အတွက် ကျင့်ကြံမှုကို အသုံးပြုကြပြီး သားရဲကြီးများကမူ ကျင့်ကြံမှုကို ရရှိရန်အတွက် အချိန်ကို အသုံးပြုကြ၏။ ဤသည်မှာ ရှေးယခင်ကာလကတည်းက တည်ရှိလာခဲ့သော ဓမ္မတာပင် ဖြစ်သည်။

လုကျိုးက ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။

“ငါ သုံးရက်လို့ ပြောရင်... ငါ့အတွက် သုံးရက်ပဲ လိုအပ်တယ်”

မုန့်ကျန်းသည် လုကျိုး၏ စကားများကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး ပြောလိုက်၏။

“ဆယ်နှစ် ပြည့်တဲ့အခါ ငါ့ကို လာနှိုးလိုက်စမ်း။ ဒီအချိန်အတွင်းမှာ ဟွမ်တန် ဖျက်ဆီးခြင်းတိုင်လုံးမှာ တစ်ခုခု ဖြစ်ခဲ့ရင်တော့... ငါ မင်းကို သတ်ပစ်မယ်”

လုကျိုးသည် မုန့်ကျန်းက ဘာဖြစ်လို့ ဖျက်ဆီးခြင်းတိုင်လုံးကို စောင့်ကြပ်ဖို့ ဤမျှအထိ ဇွတ်တရွတ် ဖြစ်နေရသလဲဆိုသည်ကို တကယ်ပင် မေးမြန်းချင်မိသည်။ သို့သော်လည်း မုန့်ကျန်းသည် မည်းမှောင်နေသော မြူထုအတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူ လက်လျှော့လိုက်တော့၏။

စွဲလမ်းမှုများဆိုသည်မှာ အလွယ်တကူ စွန့်လွှတ်ရန် မလွယ်ကူလှပေ။ အချို့သော စွဲလမ်းမှုများကို တစ်ခဏအတွင်း ပြောင်းလဲ၍ မရနိုင်သဖြင့် ၎င်းကို ရှိပါစေတော့ဟုသာ လွှတ်ထားလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ နောင်တစ်ချိန်တွင် မုန့်ကျန်းအနေဖြင့် သူ စောင့်ကြပ်နေသောအရာမှာ သူ ထင်ထားသလောက် အရေးမကြီးကြောင်း နားလည်သွားပေလိမ့်မည်။

…

လုကျိုး မိစ္ဆာဝေဟင်မျှော်နန်းမှ လူများထံသို့ ပြန်လည် ရောက်ရှိလာချိန်တွင် သူတို့အားလုံး သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြတော့၏။

“မုန့်ကျန်းက အရင်တုန်းကလောက် မကြမ်းတမ်းတော့သလိုပဲနော်” ဖန်ကျန်းက တီးတိုး ဆိုလိုက်၏။

“ဒါက မျှော်နန်းသခင်က သူ့ကို အပြတ်အသတ် အနိုင်ယူနိုင်ခဲ့လို့ မဟုတ်ဘူးလား”

သူတို့သည် အတိတ်ကာလက လုကျိုးနှင့် မုန့်ကျန်းတို့ တိုက်ခိုက်ခဲ့ကြသော တိုက်ပွဲကို ယခုထက်တိုင် မှတ်မိနေကြဆဲပင်။ နှစ်ပေါင်း ၁၀၀ ကြာပြီးနောက် လုကျိုး၏ ကျင့်ကြံမှုမှာ အတိုင်းအဆမရှိ တိုးတက်လာခဲ့ပြီဖြစ်ရာ ယခုအခါ မုန့်ကျန်းပင်လျှင် သူ၏ ရှေ့မှောက်၌ အလျှော့ပေးသွားရတော့သည်။

လုကျိုးက ပြောလိုက်၏။

“ငါတို့ သုံးရက်ကြာ အနားယူကြမယ်”

“နားလည်ပါပြီ”

လုကျိုးသည် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် သူ၏ ကြာပွင့်ကို ထုတ်ယူကာ ထိုနတ်ဝိညာဉ်ပုလဲကို သူ၏ မွေးဖွားနန်းတော်အတွင်းသို့ ပြတ်ပြတ်သားသားပင် ထည့်သွင်းလိုက်တော့သည်။

သူသည် သုံးရက်အတွင်း မုန့်ကျန်းထံသို့ နတ်ဝိညာဉ်ပုလဲကို ပြန်လည် အပ်နှံနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေရခြင်းမှာ ဖေးတန်း၏ ဝိညာဉ်ပုလဲနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။ ထိုစဉ်က ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်ပင် ချောမွေ့ခဲ့ပြီး တစ်ညတာ အချိန်သာ ကုန်လွန်ခဲ့သည် မဟုတ်ပါလော။

ယခုတစ်ကြိမ်တွင်လည်း ခြွင်းချက်မရှိပေ။ ဖြစ်စဉ်မှာ ထူးခြားဆန်းကြယ်စွာဖြင့် အလွန်ပင် ချောမွေ့နေဆဲ ဖြစ်၏။

ခေတ္တမျှကြာမှ နယ်ပယ်အသစ် သုံးခုမှာ စတင် လင်းလက်လာတော့သည်။

“မွေးဖွားဇယားချပ် သုံးခု တစ်ပြိုင်နက်တည်း အသက်ဝင်လာတာလား” လုကျိုး အနည်းငယ် အံ့ဩသွားရ၏။

ဖေးတန်းမှာ နတ်ဘုရင်အငယ်စားတစ်ပါး ဖြစ်ပြီး မုန့်ကျန်းမှာမူ နတ်အရှင်တစ်ပါးမျှသာ ဖြစ်ပေသည်။ ယုတ္တိဗေဒအရဆိုလျှ မုန့်ကျန်း၏ နတ်ဝိညာဉ်ပုလဲသည် ဤမျှအထိ ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုမျိုး မရှိသင့်ပေ။ ထို့ပြင် သူ၏ ကျင့်ကြံမှုအဆင့် ပိုမို မြင့်မားလာသည်နှင့်အမျှ မွေးဖွားဇယားချပ်များကို အသက်သွင်းရန် ပိုမို ခက်ခဲလာရမည် ဖြစ်သည် မဟုတ်ပါလော။

ထိုနတ်ဝိညာဉ်ပုလဲသည် မွေးဖွားနန်းတော်အတွင်းသို့ လုံးဝ နစ်မြုပ်သွားတော့မည့် အချိန်မှာပင် လုကျိုးသည် ၎င်းကို အပြင်သို့ ပြန်လည် ထုတ်ယူလိုက်၏။

ဂျောက်

ကြည်လင်ပြတ်သားသော အသံတစ်သံ လေထုထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

၎င်းနှင့်အတူ ထိုမွေးဖွားဇယားချပ် နယ်ပယ် သုံးခုစလုံးမှာ ချောမွေ့သွားတော့ပြီး ဝူးဝူးမြည်ဟည်းလျက် ဒုတိယမြောက် အဆင့်အတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

လုကျိုးသည် မုန့်ကျန်း၏ နတ်ဝိညာဉ်ပုလဲကို ပြန်လည် သိမ်းဆည်းလိုက်ရင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် မွေးဖွားဇယားချပ် အသက်ဝင်ခြင်း ဖြစ်စဉ်မှာ အလွန်ပင် ချောမွေ့ခဲ့ပေသည်။

‘မွေးဖွားဇယားချပ် သုံးခုတောင်ပဲ... ငါ မျှော်လင့်ထားတာထက် ပိုများနေပါလား...’

၎င်းနောက်တွင် လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆက်လက် စူးစိုက်ဆင်ခြင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ပြန်လည် အမှတ်ရလိုက်မိသည်။

သူသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်ကျင့်ကြံရန် အချိန်အတော်ကြာ ပေးခဲ့ပြီးနောက်တွင်မူ ၎င်းအပေါ်၌ အပေါ်ယံမျှသာ နားလည်သဘောပေါက်နိုင်သေးပေသည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ၎င်းကို ဆင်ခြင်ကျင့်ကြံတိုင်းတွင် ကုသိုလ်ကျောက်တုံးများ၊ သက်ရှိထင်ရှား ရှိခြင်း၊ သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်း မြင်ကွင်းများမှာ သူ၏ စိတ်ထဲ၌ ပေါ်ထွက်လာတတ်ပေသည်။

သူသည် ကျင့်ကြံသူများ၊ ရန်သူများနှင့် အပြစ်မဲ့သူများအားလုံး၏ သေဆုံးခြင်းများကို မြင်တွေ့ခဲ့ရသလို သာမန်လူသားများ ရောဂါဝေဒနာ ခံစားရခြင်းနှင့် အိုမင်းရင့်ရော်ခြင်းတို့ကြောင့် သေဆုံးကြရပုံများကိုလည်း မြင်တွေ့ခဲ့ရသည်။ သေဆုံးရသည့် နည်းလမ်းများမှာ အလွန်ပင် များပြားလှပေ၏။

“ကောင်းကင်ကျမ်းစာ စာလိပ်ရဲ့ အနှစ်သာရက တကယ်ပဲ သေခြင်းနဲ့ ရှင်ခြင်း ဖြစ်နေမလား”

လုကျိုးသည် သူ့ဘာသာ တီးတိုး မေးမြန်းလိုက်မိ၏။ ရုတ်တရက်ပင် သူသည် ပြန်လည်ရှင်သန်ခြင်းစာလိပ်မှ စွမ်းအားများသည် ကောင်းကင်ကျမ်းစာ စာလိပ်အတွင်း ကိန်းဝပ်နေသောအရာများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသာ ရှိကြောင်း ခံစားလိုက်ရသည်။ သူသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်ကျင့်ကြံချိန်တွင် နတ်ဘုရားတာအို စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားမည့် အဆုံးမဲ့ ကျယ်ပြောလှသော စွမ်းပကားကြီးတစ်ခုကို အာရုံခံမိနေပေသည်။ သူသည် နတ်ဘုရားတာအို စွမ်းအားကို ရှင်းလင်းစွာ မဖော်ပြနိုင်သော်လည်း ၎င်းအတွင်း၌ နိယာမ အမြောက်အမြား ပါဝင်နေကြောင်းကိုမူ အလိုအလျောက် သိရှိနေပေသည်။

အတိတ်ကာလက ဆရာသခင်များနှင့် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားသူများသည် ဟင်းလင်းပြင်နိယာမ၊ အချိန်နိယာမ သို့မဟုတ် ရပ်တန့်ခြင်းနိယာမ စသည့် နိယာမ တစ်ခု သို့မဟုတ် နှစ်ခုကိုသာ ထိန်းချုပ်နိုင်ကြပေသည်။ သို့သော်လည်း နတ်ဘုရားတာအို စွမ်းအားအတွင်း၌မူ နိယာမများစွာ ပါဝင်နေပေ၏။

သူသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆက်လက်ဆင်ခြင် ကျင့်ကြံနေသည်နှင့်အမျှ နိယာမများ၏ အရေအတွက်မှာလည်း တိုးပွားလာပေလိမ့်မည်။ ၎င်းတို့ထဲ၌ အသက်ဓာတ်နိယာမ၊ သေခြင်းတရားနိယာမနှင့် သံသရာလည်ခြင်းနိယာမများလည်း ပါဝင်နေပေသည်။

“ဆက်ပြီးတော့ပဲ လုပ်ကြတာပေါ့” လုကျိုးသည် သူ၏ အတွေးများကို ဖယ်ထုတ်လိုက်၏။

မည်သို့ပင်ဖြစ်စေ ကောင်းကင်ကျမ်းစာနှင့် ၎င်း၏ ကျမ်းစာ စာလိပ်များသည် သူ့ထံသို့ စွမ်းအားများ ယူဆောင်လာပေးသည်မှာ အငြင်းပွားဖွယ်မရှိသော အမှန်တရားပင် ဖြစ်ပေသည်။ သူသည် ဆက်လက် ဆင်ခြင်ကျင့်ကြံနေသရွေ့ သူ ရှာဖွေနေသော အဖြေများကို သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။

လုကျိုးသည် မျက်လုံးများကို ပိတ်လိုက်၏။ သူ၏ စိတ်ထဲ၌ စာသားများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး အဆက်မပြတ် လှုပ်ရှားနေကြသည်။ သူသည် ရင်းနှီးနေသော စာသားအချို့ကို မြင်တွေ့လိုက်ရပြီးနောက် ၎င်းတို့ကို စာကြောင်းတစ်ကြောင်းအဖြစ် သီကုံးလိုက်မိသည်။

“အရာအားလုံးမှာ အစနှင့် အဆုံး ရှိကြစမြဲပင်။ သူတို့၌ ရင်းမြစ်နဲ့ ဦးတည်ရာ ရှိကြသည်။ မဟာတာအို၏ သံသရာလည်ခြင်းကတော့ အဆုံးမဲ့လှပေ၏” ဤစာကြောင်းသည် သူ၏ စိတ်ထဲ၌ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေတော့သည်။ ၎င်း မည်မျှအထိ ထပ်ခါတလဲလဲ ဖြစ်နေသည်ကိုပင် သူ မမှတ်မိတော့ပေ။ သူ အချိန်ကို မေ့လျော့သွားသည်အထိ ထပ်တလဲလဲ ဖြစ်ပေါ်နေသည်။

လုကျိုးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သတိမထားမိဘဲနှင့်ပင် သုံးရက်တာ အချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ခေါင်းငုံ့ကာ သူ၏ ကြာပွင့်ကို ကြည့်လိုက်၏။ သူ မျှော်လင့်ထားသည့်အတိုင်းပင် မွေးဖွားဇယားချပ်များမှာ အောင်မြင်စွာ အသက်ဝင်သွားခဲ့ပြီ ဖြစ်သည်။ မွေးဖွားဇယားချပ်များမှာလည်း တောက်ပစွာ ဝင်းလက်နေတော့၏။

လုကျိုးသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ယခုအခါ သူသည် မွေးဖွားဇယားချပ် ၃၂ ခုကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ခွန်အားမှာမူ ထူးခြားစွာ တိုးတက်လာသည်ဟု သူ မခံစားရပေ။ ဖြစ်နိုင်သည်မှာ သူ၌ အထွတ်အထိပ်သက်ရှိတစ်ဦး၏ စွမ်းပကားမျိုး ရှိနှင့်နေပြီးသား ဖြစ်သောကြောင့် ဖြစ်ပေလိမ့်မည်။ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ မွေးဖွားဇယားချပ်များကို အသက်သွင်းခြင်းမှာ လုပ်ရိုးလုပ်စဉ် အခမ်းအနားတစ်ခုမျှသာ ဖြစ်ပေသည်။

လုကျိုးသည် နေရာမှ ထရပ်လိုက်၏။ လူတိုင်း စစုဝေးရောက်ရှိနေကြပြီး ဟွမ်တန် ဖျက်ဆီးခြင်းတိုင်လုံးကြီးကို မော့ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူသည် ထိုနေရာသို့ လျှောက်လှမ်းသွားခဲ့သည်။

လူတိုင်း သူ့ကို မြင်သောအခါ ဦးညွှတ်လိုက်ကြပြီး ပြောလိုက်သည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

၎င်းနောက်တွင် လုကျိုးက ခေါင်းညိတ်ပြလိုက်ပြီးနောက် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုဘဲ ပျံသန်းထွက်ခွာသွားတော့သည်။

လူတိုင်း မလှုပ်မယှက်ဘဲ ငေးကြည့်နေခဲ့ကြ၏။

လုကျိုးသည် မုန့်ကျန်း ချန်ထားခဲ့သော စည်းတံဆိပ်ကို အသက်သွင်းလိုက်ရာ ၎င်းသည် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ ထို့နောက်တွင် မည်းမှောင်နေသော မြူထုကြီးမှာ စတင် လှုပ်ခတ်လာတော့၏။

မုန့်ကျန်း မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် လကဲ့သို့ တောက်ပသော အလင်းလုံးနှစ်လုံး ပေါ်ထွက်လာပြီး အောက်ဘက်ရှိ နယ်မြေကို လင်းထိန်သွားစေတော့သည်။ ၎င်းနောက်တွင် လူသားပုံရိပ်တစ်ခု လုကျိုး၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့၏။

မုန့်ကျန်းက သက်ပြင်းချကာ ပြောလိုက်၏။ “ဆယ်နှစ်တာ အချိန်က တကယ့်ကို မြန်မြန်ဆန်ဆန် ကုန်လွန်သွားတာပဲ...”

လုကျိုးက ပြန်ပြောလိုက်၏။ “ဆယ်နှစ် မဟုတ်ပါဘူး... သုံးရက်ပဲ ကုန်လွန်သွားတာပါ”

“...” မုန့်ကျန်းက ပြောလိုက်၏။ “မင်း ငါ့ကို လိမ်နေဖို့ မလိုပါဘူး”

လုကျိုး ဆွံ့အသွားရရှာသည်။ သူသည် နတ်ဝိညာဉ်ပုလဲကို တစ်ဖက်လူထံသို့ လွှင့်ပစ်ပေးလိုက်ရင်း ပြောလိုက်သည်။

“မင်း ယုံတာ မယုံတာကတော့ မင်းသဘောပဲ”

ထို့နောက် လုကျိုးသည် လှည့်ထွက်ကာ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများရှိရာဆီသို့ ပြန်လည် ပျံသန်းလာခဲ့တော့သည်။ သူ ရောက်ရှိချိန်တွင် ကျန်သူများကို ပြောလိုက်၏။

“သွားကြမယ်”

“နားလည်ပါပြီ”

ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ် လူတိုင်းသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပောက်ကွယ်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် မုန့်ကျန်းသည် သေးငယ်သော စွမ်းရည်တစ်ခုကို စမ်းသပ်ကြည့်လိုက်ပြီးနောက် အော်ဟစ်လိုက်မိတော့၏။ “တကယ်ပဲ သုံးရက်ပဲ ကုန်လွန်သွားတာ ဟုတ်လား”

လုကျိုးသည် မြေပုံပေါ်တွင် မှတ်သားထားသော နေရာအားလုံးသို့ သွားရောက်ပြီးခဲ့ပြီ ဖြစ်သည်။ အခြားသော ဖျက်ဆီးခြင်းတိုင်လုံးများဆီသို့ သွားရောက်ရန် မလိုအပ်တော့ပေ။

လုကျိုးသည် ကျိမင် ဖျက်ဆီးခြင်းတိုင်လုံးရှိ သင်္ကေတလမ်းကြောင်းမှတစ်ဆင့် မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ဘုံသို့ မည်သို့ တက်လှမ်းရမည်ကို စတင် တွေးတောတော့၏။

လောလောဆယ် အခြေအနေအရ မဟာလေဟာနယ်သို့ သွားနိုင်မည့် နည်းလမ်းတစ်ခု ရှိနေပေသည်။ ၎င်းမှာ အတင်းအကျပ် အတင်းအဓမ္မ သွားရောက်ခြင်းပင် ဖြစ်၏။ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုသည် မဟာလေဟာနယ်ကို ပင့်မထားခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် မဟာလေဟာနယ်နှင့် ဆက်သွယ်နေကြသည်မှာ အမှန်ပင်။ သို့သော်လည်း အတင်းအကျပ် သွားရောက်ခြင်းမှာ အလွန်ပင် လူသိရှင်ကြား ဖြစ်သွားစေနိုင်ပေသည်။ မည်သို့ပင်ဆိုစေယခုအချိန်သည် မဟာလေဟာနယ်ကို ဗြောင်ကျကျ စစ်ကြေညာရမည့် အချိန် မဟုတ်သေးပေ။ ထို့ကြောင့် သူသည် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။

ဤကိစ္စရပ်များကို တွေးတောမိချိန်တွင် သူသည် သူ၏ ခုနစ်မြောက်တပည့်ကို ထပ်မံ၍ သတိရလိုက်မိပြန်သည်။ အကယ်၍ သူ၏ ခုနစ်မြောက်တပည့်သာ ရှိနေခဲ့မည်ဆိုပါက မဟာလေဟာနယ်အတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းများစွာကို သေချာပေါက် စဉ်းစားပေးနိုင်ပေလိမ့်မည်။

၎င်းနောက်တွင် လုကျိုးသည် အကြီးအကဲ လေးဦး၊ အစောင့်အရှောက်များ၊ ဘယ်ညာသံတမန်များ၊ လူလွတ် နှင့် အခြားသူများကို ဆင့်ခေါ်ကာ မဟာလေဟာနယ်အတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ကြတော့သည်။

“မျှော်နန်းသခင်... ကျွန်တော်တို့ မဟာလေဟာနယ်ထဲကို အတင်းအကျပ် မဝင်နိုင်ဘူးဆိုရင်... လူစုခွဲပြီး တိတ်တဆိတ် ခိုးဝင်ကြရင်ကော မကောင်းဘူးလား”

ကျိုးကျစ်ဖုန်းက မေးမြန်းလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အာရုံခံမိသွားမှာပဲ။ မဟာလေဟာနယ်က ပညာရှင်တွေကို မင်းက လူအတွေလို့ ထင်နေတာလား”

ထိုအခိုက်အတန့်တွင် လုလီသည် ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“မျှော်နန်းသခင်... ကျွန်တော့်မှာ ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခု ရှိပါတယ်၊ ဒါပေမဲ့ မျှော်နန်းသခင်အနေနဲ့ သဘောကျချင်မှ ကျပါလိမ့်မယ်”

လုကျိုးက သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းပြလျက် ပြောလိုက်သည်။

“ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ”

“ဟုတ်ကဲ့ပါ”

လုလီသည် လူတိုင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

“မဟာလေဟာနယ်ဟာ ပါရမီရှင်တွေကို စုဆောင်းနေတယ်လို့ ကောလာဟလတွေ ရှိပါတယ်။ နှစ်ပေါင်း ၁၀၀ ကုန်လွန်သွားခဲ့ပြီဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အခြေအနေကို ဘယ်သူမှ မသိကြတော့ပါဘူး။ အမှန်တော့ ကျင့်ကြံခြင်းလောကမှာ မိစ္ဆာဝေဟင်မျှော်နန်း ပြိုကွဲသွားပြီဆိုတဲ့ ကောလာဟလတွေက ပျံ့နှံ့နေတာပါ။ ရွှမ်းယီခန်းမက လီချွင်းဟာ အနက်ရောင်အစောင့်အရှောက်များထဲ ဝင်ဖို့အတွက် ပါရမီရှင်တွေကို စည်းရုံးဖို့ ကြိုးစားနေတုန်းပဲမို့... ကျွန်တော်တို့ ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး အနက်ရောင်အစောင့်အရှောက်တွေအဖြစ် မဟာလေဟာနယ်ထဲကို ဝင်ရောက်ကြရင်ကော မကောင်းဘူးလား”

ထိုနေရာတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

လူတိုင်းက လုလီကို စိုက်ကြည့်လိုက်ကြ၏။ အချို့က သူ့ကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကြပြီး အချို့ကမူ ဆွံ့အသွားကြရရှာသည်။ ဘာပဲဖြစ်ဖြစ် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သည် မြင့်မြတ်လှပါသည်ဟူသော ပုဂ္ဂိုလ်ကြီးဖြစ်ရာ ဤကဲ့သို့သော နည်းလမ်းကို မည်သို့လျှင် သဘောတူပါမည်နည်း။

လုလီသည် လူတိုင်း၏ ထူးဆန်းသော အကြည့်များကို အာရုံခံမိသဖြင့် အနေခက်စွာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါက အကြံပြုချက်တစ်ခုလောက်ပါပဲ။ တကယ့်ကို မိုက်မဲတဲ့ အကြံဉာဏ်မို့... ကျေးဇူးပြုပြီး စိတ်မဆိုးကြပါနဲ့”

လူတိုင်း၏ တွေးထင်ချက်နှင့် ဆန့်ကျင်ဘက်ပင် လုကျိုးက ပြောလိုက်၏။

“ဒါက အကြံကောင်းပဲ”

လူတိုင်း “???”

လုကျိုးသည် နေရာမှ ထရပ်လိုက်ပြီး လက်နောက်ပစ်ကာ လှေကားထစ်များအတိုင်း ဆင်းလာခဲ့သည်။ သူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

“ခွန်အားက အရေးကြီးတယ်ဆိုပေမဲ့... အဲဒီအပေါ်မှာပဲ အမြဲတမ်း အားကိုးနေတာကတော့ မိုက်မဲရာ ရောက်တယ်”

“မျှော်နန်းသခင် ပြောတာ မှန်ကန်ပါတယ်”

“မျှော်နန်းသခင်က တကယ့်ကို ပညာရှိပါပေတယ်။ ဒီလိုကိစ္စတွေကို ဖြေရှင်းတဲ့အခါ ဉာဏ်ပညာကို အသုံးပြုတာက အကောင်းဆုံးပါပဲ”

လုလီ “...”

ထိုစဉ် ယန်ကျန်းလော့က ပြောလိုက်၏။ “မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စုပေါင်းခွန်အားက မဆိုးလှပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ လူဦးရေက အရမ်းများနေတယ်။ ဒါက သူတို့ကို သံသယဝင်စေနိုင်တယ် မဟုတ်လား”

မူလကတည်းက ပါရမီရှင်များဟူသည် အလွန် ရှားပါးလှပေသည်။ အကယ်၍ သူတို့အုပ်စုကြီးတစ်ခုလုံး ရုတ်တရက် ပေါ်ထွက်လာခဲ့မည်ဆိုပါက လူတို့မှာ သေချာပေါက် သံသယဝင်ကြပေလိမ့်မည်။

“ဒါက တကယ့်ကို ပြဿနာတစ်ခုပါပဲ” လုလီက ဆိုလိုက်၏။

မုန့်ချန်းသုံက ခေါင်းခါယမ်းလျက် ပြန်ပြောလိုက်သည်။

“ကျွန်တော်ကတော့ ဒါကို ပြဿနာတစ်ခုလို့ မထင်ပါဘူး” ဟု ပြန်ပြောလိုက်သည်။

လုကျိုးက မေးမြန်းလိုက်၏။ “မင်းက ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ”

မုန့်ချန်းသုံက ပြန်လည်လျှောက်တင်လိုက်၏။

“မျှော်နန်းသခင်လုဆီကနေ မဟာလေဟာနယ်မြေဆီလွှာကို ရရှိခဲ့ပြီးကတည်းက ကျွန်တော်ဟာ မဟာလေဟာနယ်ရဲ့ စွမ်းအင်တွေနဲ့ အမြဲတမ်း ပြုစုပျိုးထောင်ခြင်း ခံခဲ့ရတာပါ။ အဲဒါကြောင့် ကျွန်တော့်ရဲ့ ကျင့်ကြံမှုဟာ အဟုန်အပြင်း တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံ... အကြီးအကဲ လေးဦးကိုတော့ မှီအောင် မကျင့်နိုင်သေးပါဘူး။ ဖန်ကျန်းနဲ့ ကျိုးကျစ်ဖုန်းတို့တောင်မှ ကျွန်တော့်ကို မှီလုနီးပါး ဖြစ်နေပါပြီ”

“မင်း တကယ်ပဲ ဘာပြောချင်တာလဲ”

“ရွှေကြာနယ်မြေရဲ့ ကျင့်ကြံမှုအပေါ်မှာ ကန့်သတ်ချက် ရှိနေခဲ့တာကို လူတိုင်း သိကြတာပဲ။ အဲဒီပြဿနာကို နောက်ပိုင်းမှာ ကြာပွင့်ကို ဖြတ်တောက်ပြီး ဖြေရှင်းနိုင်ခဲ့ကြတယ်။ အတိတ်တုန်းက ကျွန်တော်ဟာ ရွှေကြာနယ်မြေရဲ့ ကျင့်ကြံခြင်းအကြောင်းကို သတ္တမသခင်လေးနဲ့အတူ လေ့လာခဲ့ဖူးပြီး ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ရှိခဲ့ပါတယ်...”

မုန့်ချန်းသုံက ဖြည်းညင်းစွာ ဆိုလိုက်၏။ သူသည် လူတိုင်းကို တကယ့်ကို ရင်ခုန်အောင် လုပ်နေခြင်း ဖြစ်ပေသည်။

…

All Chapters