အခန်း ၁၅၉၄
Vol. 107 Ch. 1594
အခန်း (၁၅၉၄) ကောင်းကင်ဘုံသို့ တက်လှမ်းရန် အစီအစဉ်များ (၂)
“ဘာကို ရှာဖွေတွေ့ရှိခဲ့တာလဲ”
လူတိုင်း၏ အကြည့်များက မုန့်ချန်းသုံထံသို့ စုပြုံကျရောက်သွားတော့၏။
မုန့်ချန်းသုံက ပြောလိုက်၏။
“ရွှေကြာနယ်မြေဟာ သူ့ရဲ့ ကန့်သတ်ချက်တွေကြောင့် အားနည်းခဲ့ရတာမှန်ပေမဲ့ အဲဒီကန့်သတ်ချက်တွေကြောင့်ပဲ အားကောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော် ပျင်းပျင်းရိရိ မနေခဲ့ပါဘူး။ အနီရောင်ကြာနယ်မြေနဲ့ ရွှေကြာနယ်မြေတို့ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ကို လေ့လာဆန်းစစ်ပြီးတဲ့နောက်မှာတော့ ရွှေကြာနယ်မြေရဲ့ ကျင့်ကြံမှုအရှိန်ဟာ အနီရောင်ကြာနယ်မြေထက် သာလွန်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုဆိုရင် ရာစုနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်လို့ ရွှေကြာနယ်မြေရဲ့ စုပေါင်းခွန်အားဟာ အနီရောင်ကြာနယ်မြေထက် ဘာမှ လျော့မနေတော့ပါဘူး”
ထိုစကားကို ကြားရသောအခါ လူတိုင်း အံ့ဩသွားကြရရှာ၏။ “ဒီလောက်တောင် မြန်ဆန်လှတာလား”
အနီရောင်ကြာနယ်မြေသည်လည်း အားနည်းသည်ဟု ဆိုနိုင်သော်ငြား နယ်မြေကိုးခု အပြန်အလှန် မဆက်သွယ်မိကြသေးခင် အတိတ်ကာလကမူ ရွှေကြာနယ်မြေထက် များစွာ ပိုမိုအစွမ်းထက်ခဲ့ပေသည်။ ထိုစဉ်က ရွှေကြာနယ်မြေ၌ ပွင့်ချပ်ကိုးခု ရှိသူတစ်ဦးမျှ မရှိခဲ့သော်လည်း အနီရောင်ကြာနယ်မြေတွင်မူ ပွင့်ချပ် ဆယ်ခု ပိုင်ဆိုင်ထားသူ အနည်းငယ်မျှ ရှိနေနှင့်ပြီးသား ဖြစ်ပေ၏။
မုန့်ချန်းသုံက ဆက်ပြောလိုက်သည်။ “ဒါတင်မကသေးပါဘူး။ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တွေက ပိုပြီးတော့ လှုပ်ရှားရလွယ်ကူပါတယ်။ ကျင့်ကြံခြင်း ကဏ္ဍမှာဆိုရင်လည်း ရွှေကြာနယ်မြေရဲ့ အလားအလာနဲ့ အနာဂတ်ဟာ အနီရောင်ကြာနယ်မြေထက် များစွာ သာလွန်နေပါတယ်။ ရွှေကြာနယ်မြေအနေနဲ့ အနက်ရောင်ကြာနယ်မြေကို မှီသွားဖို့ဆိုတာ အချိန်အတိုင်းအတာ တစ်ခုပဲ လိုတယ်”
ထို့နောက် မုန့်ချန်းသုံက ခေတ္တမျှ ရပ်တန့်ကာ ပြောလိုက်၏။ “ဒါကြောင့်မို့လို့ ရွှေကြာနယ်မြေထဲမှာ ပါရမီရှင်အသစ်တွေ ပေါ်ထွက်လာတာဟာ အံ့ဩစရာ မဟုတ်ပါဘူး”
လုလီက ခေါင်းညိတ်လိုက်၏။
“ဒါကြောင့်ကိုး... ငါ ဘာဖြစ်လို့ အကြီးအကဲ လေးဦးရဲ့ ကျင့်ကြံခြင်းအရှိန်ကို မမှီနိုင်တော့တာလဲလို့ တွေးနေတာ”
အတိတ်ကာလက လုလီနှင့် ယန်ကျန်းလော့တို့၏ ကျင့်ကြံမှုမှာ အကြီးအကဲ လေးဦးထက် များစွာ မြင့်မားခဲ့သော်လည်း နှစ်ပေါင်း ၂၀၀ ကျော် ကုန်လွန်ပြီးနောက်တွင်မူ အကြီးအကဲ လေးဦး၏ ကျင့်ကြံမှုမှာ သူတို့နှစ်ဦးထက် လုံးဝ လျော့နည်းခြင်း မရှိတော့ပေ။
မုန့်ချန်းသုံ ပြောခဲ့သည့်အတိုင်းပင် ရွှေကြာနယ်မြေနှင့် အနက်ရောင်ကြာနယ်မြေကြားက ကွာဟချက်မှာ တဖြည်းဖြည်း ပိုမိုကျဉ်းမြောင်းလာတော့မည် ဖြစ်ပေသည်။
“ကောင်းပြီလေ... ဒါက ရွှေရောင်ကျင့်ကြံသူတွေအတွက် ရှင်းပြလို့ရတယ်ထားပါဦး။ ဒါပေမဲ့ အနက်ရောင်ကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေနဲ့ အစိမ်းရောင်ကြာနယ်မြေက လာတဲ့ ကျန်တဲ့ငါတို့တွေကျတော့ကော ဘယ်လိုလုပ်မလဲ။ ငါတို့အားလုံးက ပါရမီရှင်တွေ ဖြစ်မနေနိုင်ဘူး မဟုတ်လား”
မုန့်ချန်းသုံက ပြောလိုက်၏။
“အစိမ်းရောင်ကြာနယ်မြေရဲ့ ကျင့်ကြံမှုအဆင့်က အနည်းငယ် မြင့်မားတာမို့ အထူးတလည် ရှင်းပြနေစရာ မလိုပါဘူး။ ကျန်တဲ့သူတွေအတွက်ကတော့... အတိတ်တုန်းက မျှော်နန်းသခင်ဟာ အမည်မသိနယ်မြေထဲက သားရဲအမဲလိုက်အဖွဲ့ကို အပြတ်အသတ် ချေမှုန်းခဲ့တာကို ကျွန်တော် မှတ်မိနေပါတယ်။ ကျုပ်တို့တွေ အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေအနေနဲ့ မဟာလေဟာနယ်ထဲကို ဝင်ရောက်ကြရင်ကော”
ထိုစကားကို ကြားသောအခါ လူတိုင်း ခေါင်းညိတ်ထောက်ခံကြတော့၏။ အတိတ်ကာလက ထိုသားရဲအမဲလိုက်အဖွဲ့မှာ အမည်မသိနယ်မြေအတွင်း လှည့်လည်သွားလာနေသော အကောင်းဆုံးအဖွဲ့များထဲက တစ်ခု ဖြစ်ခဲ့သည်မှာ အမှန်ပင်။ သူတို့အားလုံးမှာ ထူးခြားဆန်းကြယ်သော စွမ်းဆောင်ရည်များ ရှိကြပေ၏။ ယခုအခါ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ အကယ်၍ သူတို့သာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ကျင့်ကြံမှုများ အကြီးအကျယ် တိုးတက်လာခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ယန်ကျန်းလော့က ထပ်မံမေးမြန်းလိုက်၏။
“အကယ်၍ သူတို့က ငါတို့ကို သံသယဝင်လာရင်ကော ဘယ်လိုလုပ်မလဲ”
“သူတို့ သံသယဝင်တာက သဘာဝကျပါတယ်။ သူတို့ဘက်က ငါတို့ကို အစကတည်းက ဘယ်လိုလုပ် ယုံကြည်ပါ့မလဲ။ မဟာလေဟာနယ်က လူတွေကို မင်းက လူအတွေလို့ ထင်နေတာလား” လုလီက ပြုံးလျက် ပြောလိုက်၏။
“အခု ငါတို့ လုပ်ဖို့လိုတာက မဟာလေဟာနယ်ထဲကို အရင်ဝင်ဖို့ပဲ။ သူတို့က နောက်မှ ငါတို့ကို သဘာဝကျကျ စမ်းသပ်ကြလိမ့်မယ်။ အနက်ရောင်အစောင့်အရှောက်တွေဟာ ငွေရောင်အစောင့်အရှောက်တွေနဲ့ ရန်ငြိုးရှိကြတာမို့... ငါတို့ အနက်ရောင်အစောင့်အရှောက်တွေထဲ ဝင်ပြီး ဘုံအကျိုးစီးပွားအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြတာပေါ့”
“တမန်တော်လု... ကျွန်တော် ခင်ဗျာ့အကြံကို သဘောတူပါတယ်”
“ကျွန်တော်လည်း သဘောတူတယ်”
လူတိုင်း လက်မြှောက်မဲခွဲကြပြီးနောက် နောက်ဆုံးဆုံးဖြတ်ချက်အတွက် လုကျိုးကို လှမ်းကြည့်လိုက်ကြတော့၏။
လုကျိုးက ပြောလိုက်၏။ “ကောင်းပြီ... ဒီအတိုင်းပဲ လုပ်ကြတာပေါ့”
“နားလည်ပါပြီ”
လုလီက ဆက်ပြောလိုက်၏။ “ဆောင်းဦးနှင်းစက်တောင်မှာ ရွှမ်းယီခန်းမက လီချွင်းနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ ဒါပေမဲ့...” သူက စကားကို ခေတ္တဖြတ်ကာ လုကျိုးကို ကြည့်လိုက်၏။
လုကျိုးက ပြောလိုက်၏။ “ဆက်ပြော”
လုလီက ပြောလိုက်၏။ “လီချွင်းက မျှော်နန်းသခင်နဲ့ ကျွန်တော်တို့ထဲက အချို့ကို အရင်က တွေ့ဖူးပါတယ်။ အကယ်၍ သူက ကျွန်တော်တို့ကို မှတ်မိသွားရင် အခက်တွေ့နိုင်တယ်”
မုန့်ချန်းသုံက ပြောလိုက်၏။ “ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး။ လီချွင်းရဲ့ မူလရည်ရွယ်ချက်က ပါရမီရှင်တွေကို စည်းရုံးဖို့ပဲ မဟုတ်လား။ သူတော်စင်ချန်လည်း ကွယ်လွန်သွားပြီဆိုတော့... လီချွင်းက မျှော်နန်းသခင်နဲ့ တွေ့တဲ့အခါ ငါတို့ဘက်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ့နောက်လိုက်ဖို့ သဘောတူလိုက်ရုံပါပဲ”
“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါဆိုရင် ငါ သူ့ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်မယ်” လုလီက ပြောလိုက်၏။
ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ဦးဆောင်ကာ အစိမ်းရောင်ကြာနယ်မြေရှိ ဆောင်းဦးနှင်းစက်တောင်ဆီသို့ ထွက်ခွာခဲ့ကြတော့၏။
…
နောက်တစ်နေ့၊ ဆောင်းဦးနှင်းစက်တောင်၌ ဖြစ်၏။
လုကျိုးသည် နံရံတွင် ချိတ်ဆွဲထားသော ချန်ဖု၏ ပုံတူပန်းချီကားကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။
‘အတိတ်ကတော့ အတိတ်ပါပဲ...’ လုကျိုးသည် ထပ်မံသက်ပြင်းချလိုက်ရင်း သူ၏ အတွေးစများကို ဖယ်ထုတ်လိုက်တော့၏။
ထိုအခိုက်အတန့်တွင် လုလီသည် အလောတကြီး ဝင်ရောက်လာကာ ဦးညွှတ်လိုက်ပြီးနောက် လျှောက်တင်လိုက်၏။ “မျှော်နန်းသခင်... ကျွန်တော် လီချွင်းနဲ့ ဆက်သွယ်မိပါပြီ။ သူ မကြာခင် ဒီကို ရောက်လာပါလိမ့်မယ်”
လုကျိုး ခေါင်းညိတ်ပြလိုက်၏။ သူသည် နေရာ၌ ထိုင်ကာ ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားသူများသည်လည်း ထိုသတင်းကို ကြားသောအခါ လုကျိုးနှင့်အတူ လာရောက်စောင့်ဆိုင်းကြတော့၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက် လေထုထဲ၌ ကျယ်လောင်မြိုင်ဆိုင်လှသော ရယ်မောသံတစ်သံ ပဲ့တင်ထပ်သွားပြီးနောက် စကားသံတစ်ခု ထွက်ပေါ်လာတော့၏။
“ပညာရှိဆိုတာ အခြေအနေကို ကြည့်တတ်ကြစမြဲပဲ။ ငါက အဲဒီလိုလူမျိုးတွေကို အလေးစားဆုံးပဲကွ”
လူတိုင်း ထိုအသံထွက်ပေါ်လာရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ကြ၏။
ရွှမ်းယီခန်းမ၏ တာအိုသူတော်စင် လီချွင်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လျှောက်လှမ်းဝင်ရောက်လာခဲ့၏။ သူသည် ကျင့်ကြံခြင်းခန်းမအတွင်းသို့ ဝင်လာပြီး လုကျိုးနှင့် ကျန်သူများကို မြင်သောအခါ ပြုံးလျက် ဆိုလိုက်သည်။
“မတွေ့ရတာ ကြာပြီပဲ။ မင်းရဲ့ ကျင့်ကြံမှုက ဒီလောက်အထိ လျင်လျင်မြန်မြန် တိုးတက်လာလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး”
လုကျိုးက ပြန်ပြောလိုက်၏။ “ငါ ကံကောင်းသွားရုံပါ”
လီချွင်းက ပြောလိုက်၏။ “ဒါဆိုရင်တော့ မင်းက တကယ်ကို ကံထူးတဲ့သူပဲ”
“ထိုင်ပါ” လုကျိုးက သူ၏ ဘေးနားရှိ ထိုင်ခုံကို ညွှန်ပြကာ ပြောလိုက်၏။
လီချွင်းသည် မဆိုင်းမတွဘဲ ထိုင်လိုက်ပြီးနောက် ပြောလိုက်၏။
“မင်း ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်။ ငါ ထပ်ပြောပြမယ်... အကယ်၍ မင်းတို့တွေ အနက်ရောင်အစောင့်အရှောက်ထဲ ဝင်ချင်တယ်ဆိုရင် ငါ အချိန်မရွေး ကြိုဆိုနေမှာပါ”
လုလီက ပြောလိုက်၏။
“မျှော်နန်းသခင်က ဒီကိစ္စကို စဉ်းစားပြီးပါပြီ။ ဘာပဲဖြစ်ဖြစ် လူဆိုတာ ပိုကောင်းတဲ့အခြေအနေကို အမြဲတမ်း ကြိုးစားတက်လှမ်းရမှာပဲ မဟုတ်လား။ တာအိုသူတော်စင်လီအနေနဲ့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်...”
လီချွင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း ပါရမီရှင်များကို အစဉ်တစိုက် ရှာဖွေနေခဲ့ခြင်း ဖြစ်ပေသည်။ သူသည် နယ်မြေကိုးခုမှ ကျင့်ကြံသူ အမြောက်အမြားကို စည်းရုံးနိုင်ခဲ့သော်လည်း အင်အားစုမှာ ယခုထက်တိုင် မလုံလောက်သေးပေ။ မဟုတ်လျှင် သူတို့ နောက်ဆုံးအခေါက် တွေ့စဉ်က ထိုလူများကို ခေါ်ယူရန် ကြိုးစားခဲ့မှာ မဟုတ်ပေ။ အခြားသော ခန်းမကိုးခုနှင့် ပြိုင်ဆိုင်နေရခြင်းသည် တာဝန်ကို ပိုတောင် ခက်ခဲသွားစေသည်။
လီချွင်းက ပြုံးလျက် ပြောလိုက်၏။
“ဒါက ပြဿနာမရှိပါဘူး။ မင်းတို့တွေ အနက်ရောင်အစောင့်အရှောက်ထဲ ဝင်လာပြီးတာနဲ့ ငါတို့အားလုံးဟာ မိသားစုတစ်စုတည်း ဖြစ်သွားကြပြီပဲ”
ထိုအခိုက်အတန့်တွင် လုကျိုးက စကားဖြတ်၍ ပြောလိုက်၏။
“ငါ ဒီနေ့ မင်းကို ဒီနေရာကို ဖိတ်ခေါ်ခဲ့တာက ဒီကိစ္စကို ဆွေးနွေးဖို့ပဲ။ ငါ့အနေနဲ့ အနက်ရောင်အစောင့်အရှောက် ဒါမှမဟုတ် ရွှမ်းယီခန်းမထဲကိုပဲ မဖြစ်မနေ ဝင်ရမယ်လို့တော့ မဆိုလိုဘူးနော်”
ထိုစကားကို ကြားသောအခါ လီချွင်း မျက်မှောင်ကြုတ်သွားတော့၏။ ‘မင်းက ငါ့ကို ကစားချင်နေတာလား’
လုကျိုးက ဆက်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မဟာလေဟာနယ်ထဲမှာ ခန်းမဆယ်ခု ရှိနေတာပဲ မဟုတ်လား”
“...”
တစ်နည်းအားဖြင့်ဆိုသော် ရွှမ်းယီခန်းမမှာ တစ်ခုတည်းသော ရွေးချယ်ခွင့် မဟုတ်ပေ။
ထိုစကားကြောင့် အနည်းငယ် လန့်သွားသော လီချွင်းက ပြုံးလျက် ပြောလိုက်၏။ “ဘယ်လိုလုပ်ပြီး အတူတူ ဖြစ်နိုင်မှာလဲ။ ရွှမ်းယီခန်းမရဲ့ အဆင့်အတန်းက မြင့်မားလှပါတယ်။ အထွတ်အမြတ်ခန်းမကလွဲရင် ကျန်တဲ့ ခန်းမကိုးခုကို ငါတို့ ဂရုစိုက်နေစရာ မလိုဘူး။ အကယ်၍ မင်း တခြားခန်းမတွေကို သွားဝင်ရင် အခြေအနေက တူမှာမဟုတ်ဘူး”
သူက စကားကို ခေတ္တရပ်ကာ ဆက်ပြောလိုက်သည်။
“လူတိုင်း ရွှမ်းယီခန်းမထဲကို ဝင်ခွင့်ရတာ မဟုတ်ဘူးနော်။ ဒါကို သေသေချာချာ စဉ်းစားတာက ပိုကောင်းပါလိမ့်မယ်”
လုကျိုး ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်၏။
“အကယ်၍ မင်းက ငါ့ကို ရွှမ်းယီခန်းမထဲ ဝင်စေချင်တယ်ဆိုရင် မင်း ငါ့ရဲ့ စည်းကမ်းချက်တစ်ခုကို သဘောတူရမယ်”
လီချွင်းက မေးမြန်းလိုက်၏။ “ပြောစမ်းပါဦး” သူ၏ သဘောထားမှာ ယခင်ကထက် သိသိသာသာ ပြောင်းလဲသွားတော့၏။
လုကျိုးက ပြောလိုက်၏။ “ဒီမှာ ရှိနေတဲ့သူတွေ အားလုံးဟာ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေပဲ။ ငါက သူတို့ကို ငါနဲ့အတူ ကံကြမ္မာ မျှဝေခံစားခွင့် ပေးချင်တယ်”
လီချွင်းသည် လူတိုင်းကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ သူသည် ဤအခြေအနေမှာ တစ်ဦးတစ်ယောက် အောင်မြင်သဖြင့် ကျန်သူများပါ လိုက်ပါအကျိုးခံစားရခြင်းမျိုး ဖြစ်ကြောင်း တွေးတောမိလိုက်ပေသည်။ သူသည် သူတို့၏ ကျင့်ကြံမှုကို ခေတ္တမျှ အာရုံခံကြည့်လိုက်ရာ မဆိုးလှကြောင်း တွေ့လိုက်ရ၏။ အချို့မှာ သတ်မှတ်ထားသော စံနှုန်းကို မမှီသော်ငြား လုကျိုး၏ မျက်နှာကြောင့် သူတို့ကို လက်ခံရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ယခုအချိန်တွင် သူ၌ လူအင်အား လိုအပ်နေသဖြင့် စံနှုန်းများကို လျှော့ချရန် ဆုံးဖြတ်လိုက်တော့၏။
လီချွင်းသည် သူတို့ကို ခဏမျှ စူးစိုက်ကြည့်ရှုပြီးနောက် ရုတ်တရက် ထူးဆန်းသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။
“မင်းဆီမှာ ကျင့်ကြံမှု တော်တော်ကောင်းတဲ့ တပည့်အနည်းငယ် ရှိတယ်လို့ ငါ မှတ်မိနေတယ်။ သူတို့ အခု ဘယ်မှာလဲ”
ထိုစကားကို ကြားသောအခါ လီချွင်းအနေဖြင့် မသိသေးသော အကြောင်းအရာများစွာ ရှိနေကြောင်း လုကျိုး နားလည်လိုက်ပေသည်။ ၎င်းမှာ အံ့ဩစရာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူ၏ တပည့်များသည် မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်များ ဖြစ်ကြပြီး အထွတ်အထိပ်သက်ရှိငါးဦး၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ သူ၏ တပည့်များနှင့် တွေ့ဆုံရန် သို့မဟုတ် သူတို့၏ သတင်းကို စုံစမ်းရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။ မဟာလေဟာနယ်အတွင်း၌ ရှိနေသော ရှန်ကျန်းပင်လျှင် ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို အဆက်မပြတ် စောင့်ကြည့်ခိုင်းထားရရာ ပျောက်ဆုံးနေသော နယ်မြေများအတွင်း ရောက်ရှိနေသည့် ကျန်တပည့်များအကြောင်းကိုမူ ဆိုနေစရာ ပင် မလိုတော့ပေ။
လုကျိုးက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်၏။ “သူတို့ ဘယ်ကို သွားကြလဲဆိုတာ ငါ မသိဘူး”
လီချွင်းက နှမြောတသစွာဖြင့် ပြောလိုက်၏။
“နှမြောစရာကောင်းလိုက်တာ...” ထို့နောက် သူက ချန်ဖု၏ ပုံတူပန်းချီကားကို တစ်ချက်လှမ်းကြည့်ကာ မေးမြန်းလိုက်ပြန်သည်။ “ချန်ဖု ကွယ်လွန်ရမဲ့အချိန် ရောက်ခဲ့တာ ကြာပါပြီ။ သူ့တပည့်တွေကော အခု ဘယ်မှာလဲ”
လူတိုင်း ဆွံ့အသွားကြရရှာ၏။ လီချွင်းသည် ပါရမီရှင်များကို စည်းရုံးရန် မည်မျှအထိ အသည်းအသန် ဖြစ်နေကြောင်း သိသာလှပေသည်။
ချန်ဖု ကွယ်လွန်သွားခြင်းကို ပြန်လည်အမှတ်ရမိချိန်တွင် လုကျိုး စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သူသည် မဟာလေဟာနယ်က လူများ ချန်ဖု၏ တပည့်များကို လာရောက်နှောင့်ယှက်မည်ကို မလိုလားသဖြင့် ပြောလိုက်၏။ “သူတို့တွေ တံခါးပိတ် ကျင့်ကြံဖို့ ထွက်ခွာသွားကြတာ ကြာပါပြီ”
လီချွင်းက နှမြောတသသော အမူအရာဖြင့် ပြောလိုက်၏။ “တကယ့်ကို နှမြောစရာပါပဲ။ ချန်ဖုရဲ့ တပည့်တွေက ပါရမီတော်တော် ရှိကြတာ။ နည်းနည်းလေး ပြုစုပျိုးထောင်ပေးလိုက်ရင် နောင်တစ်ချိန်မှာ ထူးချွန်တဲ့ ကျင့်ကြံသူတွေ ဖြစ်လာကြမှာ။ ဒါပေမဲ့ အခုတော့ နောင်တရလည်း နောက်ကျသွားပြီပေါ့...”
ခေတ္တမျှ ကြာပြီးနောက် လီချွင်းက ပြောလိုက်၏။
“မင်းရဲ့ စည်းကမ်းချက်ကို ငါ သဘောတူနိုင်တယ်။ ဒါပေမဲ့...” သူက စကားကို ခဏရပ်ကာ ဆက်ပြောလိုက်သည်။
“မင်းတို့ မဟာလေဟာနယ်ထဲ ဝင်ပြီးတာနဲ့ မဟာလေဟာနယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ လိုက်နာရလိမ့်မယ်”
လုကျိုး မတုံ့ပြန်မီမှာပင် လုလီက ကြားဖြတ်ပြောလိုက်၏။ “ဒါကတော့ သေချာတာပေါ့”
ဘာပဲဖြစ်ဖြစ် သူတို့အနေဖြင့် မဟာလေဟာနယ်အတွင်းသို့ ဦးစွာ ဝင်ရောက်နိုင်ရန် လိုအပ်ပေသည်။ ထို့နောက်မှသာ အရာရာကို ဖြည်းဖြည်းချင်း ဆောင်ရွက်သွားနိုင်မည် မဟုတ်ပါလော။ အကယ်၍ မဟာလေဟာနယ်အတွင်းသို့ပင် မဝင်ရောက်နိုင်ပါက ကျန်သည့်အရာများကို ပြောနေဆိုနေခြင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ...” လီချွင်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားတော့၏။ သူသည် နေရာမှ ထရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ကျုပ် လီချွင်းအနေနဲ့ ခင်ဗျားတို့အားလုံးကို ကြိုတင်ပြီး ဂုဏ်ပြုလိုက်ပါတယ်။ နောင်ကျရင် ခင်ဗျားတို့အားလုံးဟာ လူအများရဲ့ အထက်မှာ ရပ်တည်နိုင်မဲ့သူတွေ ဖြစ်လာကြတော့မှာပါ။ သုံးရက် ပြည့်တဲ့အခါ... ခင်ဗျားတို့ကို ကျုပ်နဲ့အတူ ကောင်းကင်ဘုံဆီ ခေါ်ဆောင်သွားပါ့မယ်”
…