အခန်း ၁၅၉၆
Vol. 107 Ch. 1596
အခန်း (၁၅၉၆) ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း (၂)
လီချွင်းက ပြုံးလျက် ပြောလိုက်၏။ "ပင်မလမ်းကြောင်းကနေ ပထမဆုံးအကြိမ် ဖြတ်သန်းသွားရတဲ့အခါ မင်းတို့အားလုံး အနည်းငယ် နေမထိထိုင်မသာ ဖြစ်လိမ့်မယ်။ ခဏလောက်တော့ သည်းခံကြပါ"
ကျန်သူများက ခေါင်းညိတ်ပြလိုက်ကြ၏။
အမှန်စင်စစ် ပင်မလမ်းကြောင်းသည် သာမန်လမ်းကြောင်းများနှင့် ကွာခြားမှုမရှိလှပေ။ ၎င်းအတွင်း၌ စွမ်းအင်များ ပိုမိုပြည့်နှက်နေခြင်းသာ ဖြစ်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၅ မိနစ်ခန့် ကုန်လွန်သွားခဲ့၏။
အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် သူတို့သည် တောင်ထွတ်တစ်ခု၏ ထိပ်ပိုင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ကြရသည်။
ပြာလဲ့နေသော ကောင်းကင်ယံထက်၌ တိမ်တိုက်များက ဖြည်းညင်းစွာ ရွေ့လျားနေကြ၏။ လေပြေလေညင်းများ တိုက်ခတ်နေပြီး နေမင်းကြီးကလည်း သာယာတောက်ပနေပေသည်။
အရှေ့ဘက်ရှိ ပင်လယ်ပြင်ဆီသို့ ဦးတည်စီးဆင်းနေသော မိုင်သုံးသောင်းခန့် ရှည်လျားသည့် မြစ်ကြီးတစ်စင်းနှင့် ကောင်းကင်ယံသို့ ထိုးတက်နေသော ပေငါးထောင်မြင့်သည့် တောင်ကြီးတစ်တောင်လည်း ရှိနေပေသည်။ ဤသည်မှာ သူတို့ကို ကြိုဆိုနေသော မြင်ကွင်းပင် ဖြစ်၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများအားလုံး မှင်တက်သွားကြရရှာ၏။ သူတို့သည် မျှခြေမညီမျှသော ကမ္ဘာလောကကြီးထဲတွင် နေထိုင်လာခဲ့ရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်း ၂၀၀ တိုင်တိုင် ကြည်လင်သော ကောင်းကင်ပြာနှင့် တောက်ပသော နေမင်းကြီးကို မမြင်တွေ့ခဲ့ကြရပေ။ သူတို့အားလုံးသည် မဟာလေဟာနယ်၏ လှပသော မြင်ကွင်းများ၊ သက်ရှိများနှင့် ပတ်ဝန်းကျင်ကို စိတ်ကူးယဉ်ခဲ့ဖူးကြပြီး ၎င်းသည် နယ်မြေကိုးခုရှိ မည်သည့်နေရာထက်မဆို သေချာပေါက် ပိုမိုကောင်းမွန်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း ယခု သူတို့ မြင်တွေ့နေရသောအရာများမှာ သူတို့၏ မျှော်လင့်ချက်များထက်ပင် များစွာ သာလွန်နေခဲ့ပေသည်။ မဟာလေဟာနယ်သည် သုခဘုံနှင့် တူသည်ဟု ဆိုလျှင်ပင် ဤနေရာ၏ လှပမှုကို ဖော်ပြရန် လုံလောက်မည် မဟုတ်ပေ။
“ဒါက... ဒါက မဟာလေဟာနယ်လား” ဖန်ကျန့်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏ မျက်နှာပေါ်တွင် အံ့ဩထိတ်လန့်မှုများ အပြည့်ဖြစ်နေတော့၏။
အတိတ်ကာလက နယ်မြေကိုးခုတွင်လည်း လှပသော မြင်ကွင်းများ မရှားပါးခဲ့ပေ။ သို့သော်လည်း ၎င်းတို့အားလုံးမှာ မဟာလေဟာနယ်နှင့် နှိုင်းယှဉ်လိုက်လျှင် မှေးမှိန်သွားကြရပေသည်။
လီချွင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေရင်း ပြုံးလျက် ဆိုလိုက်၏။
“အားလုံးပဲ... ကြိုဆိုပါတယ်။ ဒါကတော့ လူတိုင်း တောင့်တကြရတဲ့ မဟာလေဟာနယ်ပဲ ဖြစ်ပါတယ်”
“မဟာလေဟာနယ်က တကယ်ပဲ ကောင်းကင်ယံထဲမှာ ရှိနေတာလား”
“မဟာလေဟာနယ်က အရာအားလုံးရဲ့အထက်မှာ အမြဲတမ်း ရှိနေခဲ့တာပါ။ ဒါက သာမန်လူသားတွေ ရောက်နိုင်တဲ့ အမြင့်မျိုး မဟုတ်ဘူး” လီချွင်းက ပြောလိုက်၏။
မုန့်ချန်းသုံက ချီးကျူးမှုများ ပြည့်နှက်နေသော လေသံဖြင့် ဆိုလိုက်၏။ “ဒီလိုနေရာမျိုးကို လူသားတွေက ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ”
“ဒါနဲ့ ပတ်သက်ပြီး ငါ တကယ် မသိပါဘူး။ ဒါပေမဲ့ မင်းတို့သာ စိတ်ဝင်စားမယ်ဆိုရင် မဟာလေဟာနယ်ထဲမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီး ရှိတယ်။ သူတို့နဲ့ သွားရောက်ဆွေးနွေးလို့ ရတယ်” လီချွင်းက ပြောလိုက်၏။ သူ မဟာလေဟာနယ်ထဲသို့ ဝင်ရောက်လာကတည်းက ဤကိစ္စနှင့် ပတ်သက်၍ အလေးအနက် မတွေးတောခဲ့ဖူးပေ။
မဟာလေဟာနယ်၌ မွေးဖွားကြီးပြင်းလာကြသော ဌာနေခံ အများအပြား ရှိကြသော်လည်း သူတို့သည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ဂရုမစိုက်ကြသလို သိလည်း မသိကြပေ။
ထိုအခိုက်အတန့်တွင် လုကျိုးက ပြောလိုက်၏။
“ကမ္ဘာမြေကြီးက ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုကို မွေးဖွားပေးခဲ့တယ်။ ညတွင်းချင်းပဲ အဲဒီတိုင်လုံးတွေက မဟာလေဟာနယ်ကို ပင့်တင်ပေးလိုက်ကြတာပဲ”
လီချွင်းသည် လုကျိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်၏။ “အစ်ကိုလု... ခင်ဗျား ဒါကို ဘယ်လိုလုပ် သိနေတာလဲ”
“ငါ အိပ်မက်ထဲမှာ မြင်မက်ခဲ့တာ” လုကျိုးက မျက်နှာသေဖြင့် ပြန်ဖြေလိုက်၏။
“…”
‘ခင်ဗျားရဲ့ ဟာသက နည်းနည်းမှ မရယ်ရဘူး...’
လူတိုင်းသည် မဟာလေဟာနယ်၏ လှပသော မြင်ကွင်းများကို ခေတ္တမျှ ခံစားလိုက်ကြ၏။ လေထုထဲ၌ ပြည့်နှက်နေသော ကြွယ်ဝလှသည့် သက်စောင့်စွမ်းအင်များနှင့် သဲ့သဲ့မျှ လွင့်ပျံ့နေသော မဟာလေဟာနယ် စွမ်းအင်များကိုပါ သူတို့ ခံစားလိုက်ကြသည်။ ခဏတာမျှ သူတို့အားလုံး မိန်းမောသွားကြရရှာ၏။
“ငါ သိထားသလောက်ဆိုရင် မဟာလေဟာနယ် မြေဆီလွှာနဲ့ မဟာလေဟာနယ် မျိုးစေ့တွေကသာ မဟာလေဟာနယ် စွမ်းအင်တွေကို ထုတ်လွှတ်ပေးနိုင်တာ။ ဒီနေရာမှာ မဟာလေဟာနယ် စွမ်းအင်တွေက ဘာဖြစ်လို့ ဒီလောက်တောင် ကြွယ်ဝနေရတာလဲ။ လေထုထဲမှာတောင် စွမ်းအင်တွေက ပြည့်နှက်နေတယ်...”
ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် မဟာလေဟာနယ်မှ ကျင့်ကြံသူများ အစွမ်းထက်နေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤမျှ သဘာဝအရ သာလွန်နေမှုကပင် နယ်မြေကိုးခုလုံးကို ချေမှုန်းပစ်ရန် လုံလောက်နေပေပြီ။
“မဟာလေဟာနယ်ဆီကို ဦးတည်နေတဲ့ ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုက ရေတွင်းတစ်တွင်းလိုပဲ”
လီချွင်းက ပြုံးလျက် ပြောလိုက်ပြီးနောက် သူတို့ကို သတိပေးလိုက်၏။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြောင်ကျကျ ပြောဆိုတာ၊ မေးမြန်းတာမျိုး မလုပ်ကြနဲ့။ ငါတို့အားလုံး ဒါကို သိကြပေမဲ့ ဘယ်သူမှ နှုတ်က ထုတ်မပြောကြဘူး။ ဒါ့အပြင် ဒီမှာ တခြား ရှောင်ကြဉ်ရမဲ့ တားမြစ်ချက်တွေ ရှိသေးတယ်... အဲဒါတွေကို ငါ မင်းတို့ကို ပြောပြရအုံးမယ်”
လုလီက ပြောလိုက်၏။ “ကျေးဇူးပြုပြီး ပြောပြပါဦး တာအိုသူတော်စင်လီ”
“ပထမအချက် ကောင်းကင်ကြီး ပြိုကျလာမလား၊ မကျဘူးလားဆိုတာကို မပြောကြနဲ့။ ဒါက ငါတို့နဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ဒုတိယအချက် ကောင်းကင်နဲ့ မြေကြီးရဲ့ ဟန်ချက်ညီမှုနဲ့ ပတ်သက်တဲ့ အရာအားလုံးကို အထွတ်အမြတ်ခန်းမက တာဝန်ယူထားတယ်။ တတိယအချက်၊ မင်းတို့ ဘယ်လောက်ပဲ သိချင်နေပါစေ ဆိုးယုတ်သူတစ်ပါးအကြောင်းကို မပြောကြနဲ့။ စတုတ္ထအချက် မင်းတို့က လူသစ်တွေ ဖြစ်နေတဲ့အတွက် မဟာလေဟာနယ်ထဲမှာ လျှောက်မသွားကြနဲ့။ ရွှမ်းယီခန်းမဟာ ဟွမ်တန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးနဲ့ ဆက်စပ်နေပြီး အတိုင်းအဆမသိနိုင်တဲ့ နေရာလွတ်ကို ယူထားတယ်။ နေရာက အတော်လေး ကျယ်ဝန်းပေမဲ့ ကျန်တဲ့ ခန်းမကိုးခုဆီကို မတော်တဆ ရောက်သွားတတ်တယ်” လီချွင်းက ရှင်းပြလိုက်၏။
ထို့နောက် လီချွင်းက ရှေ့ဘက်သို့ လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်၏။ “ဟိုးရှေ့မှာ ရွှမ်းယီခန်းမဆီကို သွားတဲ့ လမ်းကြောင်းတစ်ခု ရှိတယ်”
လူတိုင်းသည် ပျံသန်းသွားသော လီချွင်းနောက်သို့ လိုက်ပါသွားကြသည်။ သိပ်မကြာမီမှာပင် သူတို့သည် လမ်းကြောင်း၏ ဘေးသို့ ရောက်ရှိသွားကြတော့၏။
လီချွင်းက အနောက်ဘက်သို့ လက်ညှိုးထိုးပြလျက် ပြောလိုက်၏။
“မဟာလေဟာနယ်ထဲမှာ နတ်သားရဲတွေ အများကြီးရှိတယ်။ သူတို့ကို ယဉ်ပါးအောင် လုပ်ဖို့အတွက် ငါတို့ဆီမှာ သားရဲထိန်းကျောင်းသူတွေ ရှိတယ်။ တကယ်လို့ မင်းတို့တွေ လျှောက်သွားရင်းနဲ့ ကိုယ်မနိုင်တဲ့ သားရဲနဲ့ သွားတွေ့ရင်တော့ ငါ တာဝန်ယူမှာ မဟုတ်ဘူးနော်”
မုန့်ချန်းသုံက ပြောလိုက်၏။ “စိတ်မပူပါနဲ့ တာအိုသူတော်စင်လီ”
ထို့နောက် လူတိုင်း လီချွင်းနောက်သို့ လိုက်ကာ လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။
ဝှစ်
လမ်းကြောင်းကြီး လင်းလက်သွား၏။ ယခုတစ်ကြိမ် ခရီးစဉ်မှာ ယခင်ကထက် များစွာ ပိုမို ချောမွေ့လှပေသည်။ ခဏအကြာတွင် သူတို့သည် မိုးထိမတတ် မြင့်မားသော ခန်းမကြီးတစ်ခု၏ ရှေ့ရှိ ရင်ပြင်ဆီသို့ ရောက်ရှိသွားကြတော့၏။
ရင်ပြင်၏ အလယ်ဗဟို၌ ခြေသုံးချောင်းပါ ကြေးအိုးကြီးတစ်ခု တည်ရှိနေပေသည်။
“ဒီပင်မခန်းမကြီးက ရွှမ်းယီခန်းမရဲ့ မဟာခန်းမလဲ ဟုတ်တယ်။ အနက်ရောင်အစောင့်အရှောက်တွေကတော့ အများအားဖြင့် အရံခန်းမတွေမှာ နေထိုင်ကြတယ်”
လီချွင်းက ပြောလိုက်၏။
သူတို့သည် ရွှမ်းယီခန်းမရှိ အဆောက်အအုံများ၏ ဗိသုကာလက်ရာများကို ငေးမောကြည့်ရှုနေကြ၏။ တစ်ခါတစ်ရံတွင် လမ်းတစ်လျှောက်၌ စပ်စုလိုသော ကျင့်ကြံသူအချို့နှင့် ဆုံတွေ့ရတတ်ပေသည်။
ထိုစပ်စုလိုသော ကျင့်ကြံသူများသည် သူတို့ကို မြင်သောအခါ ပြုံးလျက် ဆိုတတ်ကြ၏။
“နောက်ဆုံးတော့ ရွှမ်းယီခန်းမဆီကို လူသစ်တွေ ရောက်လာကြပြီပဲ”
လီချွင်းသည် ထိုသူများကို လျစ်လျူရှုထားလိုက်ပြီး လုကျိုးနှင့် ကျန်သူများကို အနက်ရောင်အစောင့်အရှောက်များ၏ အခြေစိုက်စခန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ သူက ပြောလိုက်၏။
“ဒါက အနက်ရောင်အစောင့်အရှောက်တွေရဲ့ စခန်းပဲ။ စည်းမျဉ်းဟောင်းတွေအရဆိုရင် မင်းတို့ကို လူသစ်အဖွဲ့တစ်ဖွဲ့အဖြစ် စုဖွဲ့ပေးလိမ့်မယ်။ အစ်ကိုလု... ခင်ဗျားက အဖွဲ့ရဲ့ ခေါင်းဆောင်လုပ်ရလိမ့်မယ်။ ငါ ခန်းမကို သတင်းပို့ဖို့အတွက် အရင်သွားလိုက်ဦးမယ်။ အချိန်ကျလာတဲ့အခါ မင်းတို့ကို ဧကရာဇ်နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်”
မုန့်ချန်းသုံက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလျက် ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်”
လီချွင်းသည် လုကျိုးကို ကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် အတွေးပေါက်သွား၏။ ‘ဒီလူက ခုထက်ထိ သူ့မာနကို ချမထားနိုင်သေးပါလား... ထားလိုက်ပါတော့လေ’
ထို့နောက်တွင် လီချွင်းသည် ပင်မခန်းမကြီးဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။
…
သိပ်မကြာမီမှာပင် လီချွင်းသည် ကြီးမြတ်သော ခန်းမဆယ်ခုထဲမှ တစ်ခုဖြစ်သည့် ရွှမ်းယီခန်းမ၏ ပင်မခန်းမဆောင်သို့ ရောက်ရှိသွားခဲ့သည်။ ခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အမူအရာမှာ လေးစားသမှုဖြင့် တည်ကြည်လေးနက်သွားတော့၏။ သူက ဦးညွှတ်လိုက်ပြီး လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ တပ်မှူးကျန်းကိုလည်း ဂါရဝပြုပါတယ်”
ရွှမ်းယီခန်းမ၏ သခင်ဖြစ်သော ရွှမ်းယီနှင့် ရွှမ်းယီခန်းမ၏ တပ်မှူးဖြစ်သော ကျန်းဟယ်တို့သည် လှည့်ကာ လီချွင်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
ရွှမ်းယီက ပြောလိုက်၏။ “တခမ်းတနားတွေ လုပ်နေစရာ မလိုပါဘူး”
လီချွင်းသည် ခါးကို မတ်လိုက်ပြီးနောက် ပြုံးလျက် လျှောက်တင်လိုက်၏။ “ဒီတစ်ကြိမ်မှာတော့ အနက်ရောင်အစောင့်အရှောက်ထဲ ဝင်ဖို့ လူ ၁၉ ယောက်ကို စည်းရုံးနိုင်ခဲ့ပါတယ်”
ကျန်းဟယ်က အံ့ဩသွားသော အမူအရာဖြင့် မေးလိုက်၏။ “၁၉ ယောက်တောင်လား... ဒီတစ်ခေါက် မင်း လူအများကြီးကို စည်းရုံးနိုင်ခဲ့တာပဲ”
“ရွှမ်းယီခန်းမမှာ လူအင်အား လိုအပ်နေတာမို့ ကျွန်တော်လည်း လူတွေကို စည်းရုံးဖို့ အစွမ်းကုန် ကြိုးစားနေရတာပါ” လီချွင်းက ပြန်ဖြေလိုက်၏။
“ဒီလူတွေရဲ့ ကျင့်ကြံမှုနဲ့ ပါရမီတွေကကော ဘယ်လိုနေလဲ” ကျန်းဟယ်က မေးမြန်းလိုက်သည်။
လီချွင်းက ပြန်လည် လျှောက်တင်လိုက်၏။ “ယေဘုယျပြောရရင်တော့ သူတို့က ကောင်းမွန်ကြပါတယ်။ ဒါပေမဲ့ တချို့ကတော့ တခြားသူတွေထက် ပါရမီပိုပါကြတယ်။ တပ်မှူးကျန်းအနေနဲ့ သူတို့ကို သဘောကျမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တချို့က နည်းနည်း အားနည်းနေပေမဲ့ သူတို့အားလုံးက အချင်းချင်း သိကျွမ်းနေကြတာမို့ အားလုံးကို ဒီကိုခေါ်လာဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ”
ကျန်းဟယ်က ခေါင်းညိတ်လိုက်၏။ “ကောင်းတာလုပ်ခဲ့တာပဲ။ မင်း သူတို့ကို မဟာလေဟာနယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း ပြောပြပြီးပြီလား”
“ပြောပြပြီးပါပြီ။ အခု သူတို့ လုပ်ရမှာက မဟာလေဟာနယ်ထဲက ဘဝနဲ့ အသားကျဖို့ပါပဲ” လီချွင်းက ပြန်ဖြေလိုက်၏။
ကျန်းဟယ်က ဆိုလိုက်၏။ “တပ်မှူးတွေအတွက် ပြိုင်ပွဲကလည်း နီးကပ်လာပြီ။ အဲဒီအချိန်မတိုင်ခင် သူတို့တွေ အသားကျသွားဖို့ ငါ မျှော်လင့်ပါတယ်...”
“တပ်မှူးကျန်း... စိတ်မပူပါနဲ့။ ဒီလူတွေက သေချာပေါက် ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
လီချွင်းက ဆိုလိုက်၏။
ထိုအခိုက်အတန့်တွင် ရွှမ်းယီက ပြောလိုက်၏။ “တာအိုသူတော်စင် အဆင့်အထက်မှာရှိတဲ့ ကျင့်ကြံသူတိုင်းက နှစ်တစ်ရာမှာ တစ်ကြိမ် ကျင်းပတဲ့ တပ်မှူးနေရာပြိုင်ပွဲမှာ ခန်းမဆယ်ခုလုံးကို စိန်ခေါ်နိုင်တယ်။ ကျန်းဟယ်... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့”
ကျန်းဟယ်သည် ဦးညွှတ်လိုက်ပြီးနောက် ပြောလိုက်၏။ “စိတ်မပူပါနဲ့ အရှင်မင်းကြီး။ ရွှမ်းယီခန်းမရဲ့ တပ်မှူးနေရာကို ကာကွယ်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ”
ခန်းမဆယ်ခုရှိ တပ်မှူးနေရာအတွက် နှစ်တစ်ရာလျှင် တစ်ကြိမ် ကျင်းပသော ပြိုင်ပွဲမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်က အထွတ်အမြတ်ခန်းမမှ စတင်ဖန်တီးခဲ့သည့် အရာတစ်ခု ဖြစ်ပေသည်။ ၎င်းမှာ အဆင့်နိမ့် ကျင့်ကြံသူများအတွက် အထက်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သလို ခန်းမဆယ်ခုကို ထိန်းချုပ်ထားနိုင်မည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ ဤပြိုင်ပွဲ ရှိနေသရွေ့ ခန်းမဆယ်ခု၏ တပ်မှူးများမှာ အပြောင်းအလဲ ရှိနေမည်ဖြစ်ပြီး ခန်းမဆယ်ခုမှ ခန်းမသခင်များအနေဖြင့် မိမိတို့ ယုံကြည်ရသော လက်အောက်ခံများကို အလွယ်တကူ ပြုစုပျိုးထောင်နိုင်လိမ့်မည် မဟုတ်ပေ။
“မင်းရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မင်း သိလား”
“ကျွန်တော် မိုးပြာဧကရာဇ်ဆီက စာတစ်စောင် လက်ခံရရှိထားပါတယ်။ တကယ်လို့ မထင်မှတ်ထားတဲ့ အခြေအနေတွေသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော့်ရဲ့ ပြိုင်ဘက်က သူ့ဘေးနားက ကျင့်ကြံသူတစ်ယောက် ဖြစ်ပါလိမ့်မယ်” ကျန်းဟယ်က ဖြေကြားလိုက်၏။
“မိုးပြာဧကရာဇ်...” ရွှမ်းယီသည် တိုးတိတ်စွာ သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်၏။ “သူ မဟာလေဟာနယ်ထဲကနေ ထွက်သွားပြီး ပျောက်ဆုံးမြေမှာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ အတော်ကြာခဲ့ပြီ။ အခု မဟာလေဟာနယ်က ဘေးကင်းလုံခြုံနေပြီဆိုတော့ သူ ပြန်လာချင်နေတာပဲ...”
ကျန်းဟယ်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။ “မိုးပြာဧကရာဇ်က ပြန်လာချင်တယ်ဆိုရင်တောင်... အထွတ်အမြတ်ခန်းမက ဘယ်လိုသဘောထားလဲဆိုတာကို သူ ကြည့်ရလိမ့်မယ်”
“မင်းပြောတာလည်း ဟုတ်တာပါပဲ။ ခန်းမဆယ်ခုရဲ့ သခင်နေရာတွေကို မဟာလေဟာနယ်အပေါ် သစ္စာမရှိတဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတွေက အစားထိုး ဝင်ရောက်လာတာကို မင်ရှင်းက လက်ပိုက်ကြည့်နေလိမ့်မယ်လို့ ငါ မယုံကြည်ဘူး” ရွှမ်းယီက ဆိုလိုက်၏။
ကျန်းဟယ်က ခေါင်းညိတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လီချွင်းက ပြောလိုက်၏။
“မိုးပြာဧကရာဇ်ရဲ့ ဘေးနားမှာ ပညာရှင် သိပ်အများကြီး မရှိပါဘူး။ သူ့ဘေးမှာ တာအိုသူတော်စင် သိပ်မရှိသလို မဟာတာအိုသူတော်စင် ဆိုရင်လည်း တစ်ယောက်မှ မရှိဘူး။ သူကိုယ်တိုင် တပ်မှူးကျန်းကို ဝင်စိန်ခေါ်ဖို့ စီစဉ်နေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
မည်သို့ပင်ဆိုစေ တပ်မှူးနေရာအတွက် ကျန်းဟယ်ကို စိန်ခေါ်ခြင်းမှာ မိုးပြာဧကရာဇ်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည်သာ ဖြစ်ပေသည်။
ကျန်းဟယ်က ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက မိုးပြာဧကရာဇ်ဟာ မဟာလေဟာနယ် မျိုးစေ့ပိုင်ရှင် နှစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ သူတို့က တာအိုသူတော်စင် အဆင့်မှာ ရှိတယ်၊ ဒါမှမဟုတ် အနည်းဆုံး အဲဒီလောက် စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်လို့ ကြားရတယ်”
“မဟာလေဟာနယ် မျိုးစေ့ပိုင်ရှင်တွေလား”
“လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်ကတည်းက သူတို့ ရှိနေမှန်း ကျွန်တော် သိခဲ့တာ။ တစ်ယောက်က ဓားကို ကျွမ်းကျင်ပြီး ဓားမော့ကို သူ့အသက်လို ချစ်မြတ်နိုးတယ်။ အလားတူပဲ... နောက်တစ်ယောက်ကလည်း ဓားသိုင်းအကျော်အမော် ဖြစ်ပြီး သူ့ဓားကို သူ့အသက်လို တန်ဖိုးထားတယ်။ သူတို့က ပါရမီရှင်တွေ ဖြစ်ကြပေမဲ့ ကျွန်တော့်ကို အနိုင်ယူဖို့ကတော့ အဝေးကြီး လိုပါသေးတယ်” ကျန်းဟယ်က ဆိုလိုက်၏။
“မင်းရဲ့ ပြိုင်ဘက်တွေကို အထင်မသေးနဲ့” ရွှမ်းယီက သတိပေးလိုက်၏။
“နားလည်ပါပြီ” ကျန်းဟယ်က ပြန်ပြောလိုက်ပြီးနောက် သူ၏ ခါးကို မတ်ကာ လီချွင်းကို ကြည့်လျက် ပြောလိုက်၏။ “တာအိုသူတော်စင်လီ... မင်း ခေါ်လာတဲ့ လူ ၁၉ ယောက်ကို ငါ အရမ်းစိတ်ဝင်စားသွားပြီ။ သူတို့နဲ့ တွေ့ရအောင် ငါ့ကို ခေါ်သွားပေးပါ”
လီချွင်းသည် ထိုသို့လုပ်ဆောင်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ လူသစ်များကို ပညာပေးရန်နှင့် သူတို့၏ အပြုအမူများကို ပြုပြင်ပေးရန်မှာ သူ၏ တာဝန် မဟုတ်ပေ။ သူသည် ဘေးဘက်သို့ ဆုတ်ကာ ဖိတ်ခေါ်သည့် ဟန်ပန်ဖြင့် ပြောလိုက်တော့၏။
“ကြွပါ တပ်မှူးကျန်း”
…