အခန်း ၁၅၉၇
Vol. 107 Ch. 1597
အခန်း (၁၅၉၇) သူ၏ မာနကို ဆက်လက်ထိန်းသိမ်းခြင်း၊ မဟာလေဟာနယ်၌ အသစ်တဖန် စတင်ခြင်း
ကျန်းဟယ်သည် အနက်ရောင်အစောင့်အရှောက်များကို အလွန် အလေးထားပေသည်။ ငွေရောင်အစောင့်အရှောက်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အနက်ရောင်အစောင့်အရှောက်များဘက်တွင် အကျအဆုံး များပြားခဲ့ရသည်။ ရှန်းယန်၏ ဖျက်ဆီးခြင်းတိုင်လုံး တိုက်ပွဲအတွင်း၌လည်း အနက်ရောင်အစောင့်အရှောက်များသည် ခွန်အားများစွာ စိုက်ထုတ်ခဲ့ရပေသည်။
လီချွင်းနှင့် ကျန်းဟယ်တို့သည် အနက်ရောင်အစောင့်အရှောက်များ၏ အခြေစိုက်စခန်းဖြစ်သော အနက်ရောင်ခန်းမဆောင်ဆီသို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။
ထိုအချိန်တွင် အခြားသော အနက်ရောင်အစောင့်အရှောက်များသည် လူသစ်များကို ရှင်းလင်းချက်များ ပေးနေကြသည်။ ထိုသူနှစ်ဦး လျှောက်လှမ်းလာသည်ကို မြင်သောအခါ သူတို့က ဦးညွှတ်ကာ အော်ဟစ်လိုက်ကြ၏။
“တပ်မှူးကျန်းကို ဂါရဝပြုပါတယ်”
ကျန်းဟယ်သည် ရွှမ်းယီခန်းမ၏ တပ်မှူးဖြစ်သကဲ့သို့ အနက်ရောင်အစောင့်အရှောက်များ၏ ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သူသည် အနက်ရောင်ခန်းမဆောင်အတွင်း၌ အမြင့်မားဆုံးသော အာဏာကို ပိုင်ဆိုင်ထားပြီး လီချွင်းက သူ့ကို ခန်းမဆောင်အား စီမံခန့်ခွဲရာတွင် ကူညီပေးရခြင်း ဖြစ်၏။
လီချွင်း၏ အခန်းကဏ္ဍမှာ အနက်ရောင်ခန်းမဆောင်အတွင်း၌ ထောက်ပံ့ရေးပိုင်းနှင့် ပို၍ သက်ဆိုင်ပေသည်။
အများအားဖြင့် တာဝန်များအားလုံးကို ကျန်းဟယ်ကသာ ခွဲဝေသတ်မှတ်ပေးလေ့ရှိသည်။
ကျန်းဟယ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်ကာ အနက်ရောင်အစောင့်အရှောက်များကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ပြောလိုက်၏။ “တခမ်းတနားတွေ လုပ်နေစရာ မလိုပါဘူး”
လီချွင်းက ဘေးဘက်၌ ရပ်နေကြသော မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “သူတို့ကတော့ အနက်ရောင်အစောင့်အရှောက် အသစ်တွေပါ”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ကျန်းဟယ်ကို ခေါင်းညိတ်ပြလိုက်ကြ၏။
ကျန်းဟယ်က မေးမြန်းလိုက်၏။ “လူသစ်အဖွဲ့အတွက် ခေါင်းဆောင်ကို ရွေးချယ်ပြီးပြီလား”
“ရွေးပြီးပါပြီ။ သူပါပဲ” လီချွင်းက လုကျိုးကို လက်ဖြင့် ညွှန်ပြကာ ပြောလိုက်သည်။
ကျန်းဟယ်သည် လုကျိုးကို အကဲခတ်ကြည့်ရှုလိုက်၏။
လုကျိုးသည် ရင့်ကျက်တည်ငြိမ်သော အသွင်အပြင်ရှိပြီး သူ၏ အရှိန်အဝါနှင့် ဟန်ပန်မှာလည်း အလွန် ထူးခြားလှပေသည်။ သူ၏ အငွေ့အသက်မှာ အထက်တန်းလွှာ နေရာတစ်ခု၌ အချိန်ကြာမြင့်စွာ ရပ်တည်နေခဲ့သူများနှင့် တူညီနေပေ၏။ သူသည် လက်တစ်ဖက်ကို ဘေးသို့ချထားပြီး ကျန်လက်တစ်ဖက်ကို နောက်ပစ်ထားကာ လောကကြီးကို အမြင့်တစ်နေရာမှ ငုံ့ကြည့်နေသူတစ်ဦး၏ ဟန်ပန်ဖြင့် အရှေ့ဘက်သို့ ကြည့်နေပေသည်။ မဟာလေဟာနယ်မှ လူများ၏ အမြင်တွင်မူ ဤကဲ့သို့သော ကိုယ်နေဟန်ထားမျိုးမှာ သိသိသာသာပင် ရိုက်နှက်ခံချင်နေသည့် ပုံစံမျိုး ဖြစ်နေတော့၏။
လုကျိုးသည် ဤကိုယ်နေဟန်ထားကို ဆက်လက်ထိန်းသိမ်းထားခြင်းမှာ ၎င်းသည် သူ၏ သဘာဝ ဖြစ်နေသောကြောင့်သာမက အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်ပေသည်။
ကျန်းဟယ်သည် ၎င်းကို ဂရုစိုက်ပုံမပေါ်ဘဲ မေးမြန်းလိုက်၏။ “ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”
လုကျိုးသည် ကျန်းဟယ်၏ အကြည့်ကို ရင်ဆိုင်လိုက်ပြီး ပြန်ဖြေလိုက်၏။ “ငါ့မျိုးရိုးနာမည်က လုပဲ”
“အခုကစပြီး ခင်ဗျားက လူသစ်တွေရဲ့ ခေါင်းဆောင်ပဲ။ သဘောတူလား” ကျန်းဟယ်က မေးလိုက်၏။
လုကျိုးသည် အဖြေမပေးဘဲ ပြန်လည် မေးမြန်းလိုက်သည်။ “မင်းက ရွှမ်းယီခန်းမရဲ့ တပ်မှူးလား”
“ဟုတ်ပါတယ်” ကျန်းဟယ်က ပြန်ဖြေလိုက်၏။
ထိုအခိုက်အတန့်တွင် လီချွင်းက လုကျိုးကို အလောတကြီး သတိပေးလိုက်၏။ “အစ်ကိုလု... တပ်မှူးကျန်းနဲ့ ရင်ဆိုင်ရတဲ့အခါ ခင်ဗျားအနေနဲ့ ပိုပြီး ယဉ်ကျေးဖို့ လိုတယ်နော်”
ကျန်းဟယ်က လက်ကို မြှောက်ကာ ပြောလိုက်၏။ “ဒါက ကိစ္စသေးလေးပါ။ ရွှမ်းယီခန်းမအတွက် အကျိုးပြုနိုင်သရွေ့ ကျန်တာ ဘာမှ အရေးမကြီးပါဘူး”
လီချွင်းက ပြုံးလျက် ဆိုလိုက်သည်။ “ငါတို့ ရွှမ်းယီခန်းမရဲ့ တပ်မှူးဖြစ်ဖို့ တကယ်ကို တန်ပါပေတယ်။ တပ်မှူးကျန်းရဲ့ သဘောထားကြီးမှုကတော့ အတုယူချင်စရာပါပဲ”
၎င်းနောက်တွင် လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ဒီလူတွေက ငါ့လူတွေပဲ”
မဆိုင်းမတွပင် ကျန်းဟယ်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားက... ကျုပ်လူပေါ့”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ “...”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် လုကျိုးကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။ အကယ်၍ သူတို့သာ နယ်မြေကိုးခုအတွင်း၌ ရှိနေခဲ့မည်ဆိုပါက သူတို့သည် ရှေ့သို့ အရင်ဆုံး ပြေးထွက်သွားကာ ကျန်းဟယ်ကို သတ်ဖြတ်ပစ်ကြမည်သာ ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ကျန်းဟယ်က သူတို့၏ မျှော်နန်းသခင်ကို ဤကဲ့သို့သော လေသံဖြင့် ပြောရဲရသနည်း။ သို့သော်လည်း နှမြောစရာကောင်းသည်မှာ ယခုအခါ သူတို့သည် မဟာလေဟာနယ်အတွင်း၌ ရောက်ရှိနေကြပြီ ဖြစ်ရာ လူလုံးသိပ်မကွဲစေရန် နေထိုင်ရမည်ဖြစ်ပြီး အလွန်အမင်း ထင်ပေါ်အောင် နေ၍ မရနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းဟယ်ကို သည်းခံမည်၊ မခံမည်ဆိုသည်မှာ နောက်ဆုံးတွင် မျှော်နန်းသခင်အပေါ်၌သာ မူတည်နေပေတော့သည်။
သို့သော်လည်း သည်းခံခြင်းဆိုသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း၏ အလေ့အထတစ်ခု ဟုတ်ပါသလော။ သေချာပေါက် မဟုတ်ပေ။
ယခင်က လုကျိုးသည် မဟာလေဟာနယ်အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက်သာ လူလုံးမကွဲအောင် နေထိုင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ သူ၏ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ မဟာလေဟာနယ်ကြီးက ဤမျှ ကျယ်ဝန်းလှရာ သူ ရွှမ်းယီခန်းမ၌ ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။ သူသည် ကျန်းဟယ်ကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ ထို့ကြောင့် သူသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီးနောက် မျက်နှာသေဖြင့် မေးမြန်းလိုက်၏။
“မင်းက တန်လို့လား”
လီချွင်း “…”
ကျန်းဟယ် မျက်မှောင်ကြုတ်သွားတော့၏။
ပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း ရုတ်တရက် ထိုးကျသွားတော့သည်။
လီချွင်း၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် အနည်းငယ် ပြူးကျယ်သွားပြီး စိတ်ထဲမှ တွေးတောလိုက်၏။
‘ငါ့ရဲ့ သတိပေးချက်တွေက အချည်းနှီးပါပဲလား။ မင်းက ဟန်လုပ်နေတုန်းပဲ။ ဒီလိုပုံစံနဲ့ မဟာလေဟာနယ်ထဲမှာ ရှင်သန်နိုင်ပါ့မလား’
ကျန်းဟယ်က အော်ခေါ်လိုက်၏။ “လီချွင်း”
“ဘာများ အမိန့်ရှိပါသလဲ တပ်မှူးကျန်း”
“သူ့ကို ရွှမ်းယီခန်းမရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း သင်ပေးလိုက်စမ်း” ကျန်းဟယ်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ ထို့နောက် သူသည် လက်နောက်ပစ်လျက် ထွက်ခွာရန် လှည့်လိုက်သည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် ရုတ်တရက် နောက်သို့လှည့်ကာ ပြောလိုက်ပြန်၏။
“နောက်တစ်ခါ ငါ လာတဲ့အခါ သူ လိမ္မာပါးနပ်စွာ ပြုမူလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
လီချွင်း “???”
‘ဘာလို့ ငါ့အလှည့် ရောက်လာရတာလဲ’
လုကျိုးသည် လီချွင်းကို ကြည့်ကာ မျက်နှာသေဖြင့် မေးမြန်းလိုက်၏။ “မင်းက ငါ့ကို ပညာပေးနိုင်တယ်လို့ ထင်နေတာလား”
“ဒါက...” လီချွင်းသည် တကယ်ကို မတိုက်ခိုက်လိုပေ။ လုကျိုး၏ ကျင့်ကြံမှုမှာ မနိမ့်ကျကြောင်း သူ သိထားသော်လည်း သူ ဘာမှမလုပ်ဘဲ နေမည်ဆိုပါက ကျန်းဟယ်ကို သေချာပေါက် စော်ကားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လီချွင်း တစ်ခုခု မလုပ်နိုင်မီမှာပင် ကျန်းဟယ်သည် နှာခေါင်းရှုံ့လိုက်ပြီး နေရာမှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားတော့၏။ သူ၏ အရှိန်မှာ အလွန် မြန်ဆန်လှသဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားသူများမှာ လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
အချိန်နှင့် ဟင်းလင်းပြင်အပေါ် ကျန်းဟယ်၏ ထိန်းချုပ်နိုင်စွမ်းမှာ မိစ္ဆာဝေဟင်မျှော်နန်းမှ လူများထက် ပိုမိုသာလွန်သော်လည်း လုကျိုးနှင့် ယှဉ်လျှင်မူ နိမ့်ကျနေသေးပေသည်။ လုကျိုး၏ မျက်လုံးထဲတွင်မူ ကျန်းဟယ်၏ အရှိန်မှာ သာမန်မျှသာ ဖြစ်ပြီး အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။ ကျန်းဟယ်၏ မျက်နှာပေါ်ရှိ ဒေါသထွက်နေသော အမူအရာကိုပင် သူ ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ ကျန်းဟယ် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာချိန်မှာပင် သူသည် ရုတ်တရက် တိုက်ခိုက်လိုက်တော့၏။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများ ရိုက်ခတ်မိသွားချိန်တွင် အကြမ်းပတမ်းနိုင်လှသော တာအိုစွမ်းအားများမှာ လှိုင်းဂယက်ထသွားတော့သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်ခန်းမဆောင်အထက်ရှိ ကောင်းကင်ယံ၌ ဟင်းလင်းပြင်လှိုင်းဂယက်များ ထလာတော့၏။
…
ထိုအချိန်၌ အဝေးရှိ ပင်မခန်းမဆောင်ကြီးထဲတွင် အနားယူနေသော ဧကရာဇ်ရွှမ်းယီသည် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
…
လုကျိုးကို တိုက်ကွက် တစ်ကွက်တည်းဖြင့် ပညာပေးနိုင်မည်ဟု ထင်မှတ်ထားခဲ့သော ကျန်းဟယ်သည် လုကျိုး၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအားများကို ခံစားလိုက်ရပြီးနောက် လုကျိုးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိ၏။ သူက မေးမြန်းလိုက်သည်။
“မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်တယ်ပေါ့”
“ဘာဖြစ်လို့ မကာကွယ်နိုင်ရမှာလဲ” လုကျိုးက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
“မင်းက ရွှမ်းယီခန်းမရဲ့ အနက်ရောင်ခန်းမဆောင်ထဲမှာ ရောက်နေတာဆိုတာကို သိရဲ့လား”
ကျန်းဟယ်က လုကျိုးကို လေးနက်တည်ကြည်စွာ သတိပေးလိုက်၏။ လူသစ်တစ်ယောက်ကို ဤမျှအထိ ရိုင်းပျစွာ ပြုမူခွင့်ပြုထားမည်ဆိုပါက ရွှမ်းယီခန်းမ၌ မည်သည့် ဂုဏ်သိက္ခာ ကျန်ရှိနေတော့မည်နည်း။
“ရွှမ်းယီ ဘယ်မှာလဲ” လုကျိုးသည် မည်သည့် ဂုဏ်ပုဒ်ကိုမှ မသုံးစွဲတော့ဘဲ ရွှမ်းယီ၏ နာမည်ကို တိုက်ရိုက် ခေါ်ဝေါ်လိုက်တော့၏။
လီချွင်းမှာ ထိတ်လန့်သွားရရှာ၏။ သူသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ လုကျိုး၏ မောက်မာမှုမှာ တကယ့်ကို ကမ်းကုန်နေပြီဟု သူ တွေးလိုက်မိသည်။
“အရှင်မင်းကြီးနဲ့ တွေ့ဖို့ မင်း တန် မတန်ဆိုတာ အရင် ကြည့်ရဦးမယ်။ မင်း...”
ဘန်း
ကျန်းဟယ် စကားမဆုံးမီမှာပင် ပြင်းထန်လှသော စွမ်းအားတစ်ခု တိုက်ခတ်လာတော့၏။ ၎င်းနောက်တွင် သူသည် ပေ ၄၀ ခန့် အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သူသည် တည်ငြိမ်စွာ ရပ်နေသော လုကျိုးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိ၏။ သူက မသေချာသော လေသံဖြင့် မေးမြန်းလိုက်သည်။ “မင်းက မဟာတာအိုသူတော်စင်လား”
ကျန်းဟယ်သည် လူသစ်ကို ဆုံးမရန်သာ ရည်ရွယ်ခဲ့သဖြင့် သူ၏ အစွမ်းအကုန်ကို အသုံးမပြုခဲ့ပေ။ သို့သော်ငြား လူသစ်၏ တိုက်ခိုက်မှုကြောင့် သူ၏ လက်မောင်းမှာ အနည်းငယ် ထုံကျဉ်သွားခဲ့သဖြင့် သူ အံ့ဩသွားရသည်။ တိုက်ခိုက်မှုအပေါ် အခြေခံ၍ ကြည့်ရလျှင် ဤလူသစ်မှာ အနည်းဆုံး မဟာတာအိုသူတော်စင် အဆင့်တွင် ရှိနေပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့၏။
“ကျန်းဟယ်... လီချွင်း”
ကျန်းဟယ်နှင့် လီချွင်းတို့ တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြ၏။ ရွှမ်းယီကို မြင်သောအခါ သူတို့ ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
အနက်ရောင်အစောင့်အရှောက်များလည်း ဦးညွှတ်လိုက်ကြ၏။
“ဘာတွေ ဆူညံနေကြတာလဲ” ရွှမ်းယီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း မေးမြန်းလိုက်၏။
“ကိစ္စသေးလေးပါ။ လူသစ်တွေက အခုမှ ရောက်လာတာမို့ ဒီက စည်းမျဉ်းတွေနဲ့ အသားကျဖို့ အချိန်လိုနေလို့ပါ” ကျန်းဟယ်က ပြန်လည် လျှောက်တင်လိုက်သည်။
ရွှမ်းယီက ခေါင်းညိတ်လိုက်ပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ၏ အကြည့်တို့သည် အထူးခြားဆုံးသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် လုကျိုးထံတွင် ရပ်တန့်သွားတော့သည်။
လုကျိုးကလည်း ရွှမ်းယီကို ပြန်ကြည့်လိုက်၏။ ယခင်က လုကျိုး ရွှမ်းယီခန်းမသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ရခြင်း၌ အကြောင်းရင်းများ ရှိခဲ့သော်လည်း အခြားသူများကမူ ၎င်းကို မသိရှိခဲ့ကြပေ။ သူက ရှင်းပြရန်လည်း ပျင်းရိနေခဲ့၏။ သူတစ်ယောက်တည်း တွေးတောပြီး ကိုယ်တိုင်သာ လုပ်ဆောင်နိုင်သော ကိစ္စရပ်များစွာ ရှိနေခဲ့ပေသည်။ သူသည် ရွှမ်းယီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ ခံစားချက်ကင်းမဲ့စွာဖြင့် ဆိုလိုက်၏။
“နှစ်ပေါင်း တစ်သိန်း ကြာပြီးတဲ့နောက်မှာတော့ မင်းရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီး နတ်ဘုရင်တစ်ပါး ဖြစ်လာခဲ့ပြီပဲ”
“ဟင်”
လုကျိုးက ဆက်ပြောလိုက်သည်။
“နှစ်ပေါင်း တစ်သိန်း ကုန်လွန်ပြီးတဲ့နောက်မှာတော့ မင်းက အရင်တုန်းက ငိုယိုနေတတ်တဲ့ ကလေးလေး မဟုတ်တော့ဘူးပေါ့။ ငါ တကယ့ကို ဝမ်းသာပါတယ်”
ဤအခိုက်အတန့်တွင် လီချွင်းမှာ တကယ့်ကို ဆွံ့အသွားရရှာ၏။ လုကျိုး၏ မောက်မာမှုကို ဖော်ပြရန် သူ၌ စကားလုံးများပင် မရှိတော့ပေ။ ရွှမ်းယီခန်းမ၏ သခင်ကို ဤကဲ့သို့သော လေသံဖြင့် ပြောဆိုရဲသော လုကျိုးမှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် တွေ့ဖူးသမျှ အမောက်မာဆုံးသော လူသစ်ပင် ဖြစ်သည်။ သူသည် တိတ်ဆိတ်စွာနေလိုက်ပြီး ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်တော့ပေ။ ရွှမ်းယီ ဤနေရာ၌ ရှိနေပြီဖြစ်ရာ ဤလူသစ်သည် သူ၏ မောက်မာမှုအတွက် သဘာဝကျကျပင် ပြစ်ဒဏ်ခံရတော့မည် မဟုတ်ပါလော။
မမြင်ရအောင် ပုန်းကွယ်နေရန် ဆုံးဖြတ်လိုက်သော လီချွင်းနှင့်မတူဘဲ ကျန်းဟယ်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ “ရိုင်းစိုင်းလိုက်တာ”
ဝူး
ကျန်းဟယ် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
ဟင်းလင်းပြင်မှာ လှိုင်းဂယက်ထသွားတော့၏။
သူ၏ အထက်၌ ဟင်းလင်းပြင် လှိုင်းဂယက်ထသွားချိန်တွင် လုကျိုး တိုက်ခိုက်လိုက်သည်ဟု ကျန်းဟယ် ထင်မှတ်လိုက်၏။ သို့သော်လည်း အထက်မှ ကျဆင်းလာသော စွမ်းအားတစ်ခုက သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ သူ ထိတ်လန့်သွားရရှာသည်။
ဘုန်း
၎င်းနောက်တွင် ကျန်းဟယ်သည် အစွမ်းထက်လှသော ဟင်းလင်းပြင်စွမ်းအားတစ်ခုကြောင့် လွင့်ထွက်သွားတော့၏။ သူ လွင့်စဉ်သွားချိန်၌ သူ၏ စိတ်ထဲတွင် ဗလာကျင်းနေပြီး စကားတစ်ခွန်းတည်းသာ ပေါ်ထွက်လာခဲ့သည်။ ‘ဘာဖြစ်လို့လဲ’
အနက်ရောင်အစောင့်အရှောက်များလည်း ဇဝေဇဝါ ဖြစ်သွားကြ၏။ ဧကရာဇ်ရွှမ်းယီ လူမှားပြီး တိုက်ခိုက်မိလေသလားဟု သူတို့ တွေးတောလိုက်ကြသည်။
“အရှင်မင်းကြီး...” နောက်ဆုံးတွင် ခြေမှန်ပြန်ကျသွားသော ကျန်းဟယ်သည် ရွှမ်းယီကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိ၏။ သူသည် ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော သွေးနှင့် ချီစွမ်းအင်များကို ဖိနှိပ်ထိန်းချုပ်လိုက်ရင်း မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ”
ရွှမ်းယီ၏ အမူအရာမှာ အနည်းငယ်မျှသာ မသဘာဝကျဖြစ်နေပြီး သူက ပြောလိုက်၏။
“အနက်ရောင်အစောင့်အရှောက်တွေကြားမှာ တိုက်ခိုက်မှုတွေ လုပ်တာကို တားမြစ်ထားတယ်။ မင်းရဲ့ အမှားတွေကို သုံးရက်တိတိ ပြန်လည်သုံးသပ်ဆင်ခြင်ဖို့ ငါ ပြစ်ဒဏ်ပေးလိုက်မယ်”
“ဟင်” ကျန်းဟယ်သည် တကယ့်ကို ဇဝေဇဝါ ဖြစ်သွားရရှာ၏။ သို့သော်လည်း ရွှမ်းယီ၏ မျက်နှာပေါ်ရှိ လေးနက်တည်ကြည်သော အမူအရာကို မြင်သောအခါ သူသည် လေသံတိုးတိုးဖြင့်သာ ပြန်လည် လျှောက်တင်နိုင်ခဲ့သည်။ “မှန်လှပါ အရှင်မင်းကြီး”
တစ်ချိန်တည်းမှာပင် ကျန်းဟယ်သည် စိတ်ထဲမှ တွေးတောလိုက်၏။ ‘ငါတောင် ပြစ်ဒဏ်ပေးခံရတယ်ဆိုတော့... ဒီလူသစ်ကတော့ အနည်းဆုံး ခြေထောက်တစ်ချောင်းတော့ အချိုးခံရလောက်တယ်’
ရွှမ်းယီသည် လုကျိုးဘက်သို့ လှည့်လိုက်ပြီးနောက် ဆက်လက်၍ ပြောလိုက်၏။ “မင်းရဲ့ ကျင့်ကြံမှုက မဆိုးပါဘူး။ ငါက ပါရမီရှင်တွေကို အမြဲတမ်း တန်ဖိုးထားတတ်တဲ့သူပါ။ ပင်မခန်းမဆောင်ကြီးထဲမှာ ငါနဲ့ စကားနည်းနည်းလောက် ပြောချင်လား”
ကျန်းဟယ် “???”
လီချွင်း “???”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ “???”
အနက်ရောင်အစောင့်အရှောက်များ “???”
…