← Chapters

အခန်း ၁၆၀၀

Vol. 107 Ch. 1600

အခန်း ၁၆၀၀

Vol. 107 Ch. 1600

အခန်း (၁၆၀၀) သူတို့အားလုံးကို မြေကြီးနဲ့ တစ်သားတည်း ဖြစ်အောင် ရိုက်နှက်ပြမယ်

ရွှမ်းယီ၏ လုပ်ရပ်ကြောင့် ကျန်းဟယ်နှင့် လီချွင်းတို့၏ သဘောထားများမှာလည်း များစွာ ပြောင်းလဲသွားခဲ့သည်။

ထို့ကြောင့် အနက်ရောင်အစောင့်အရှောက်များသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများနှင့် ဆက်ဆံရာတွင် ပိုမို၍ ယဉ်ကျေးလာကြတော့၏။ သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို အောက်ခြေသိမ်း အလုပ်များ ခိုင်းစေရန်ပင် မဝံ့ရဲကြတော့ပေ။

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကမူ အတော်လေး နေတတ်ကြသည်။ သူတို့သည် သူတို့၏ တန်ဖိုးကို ပြသရန်အတွက် မည်သူကမျှ အကူအညီ မတောင်းဘဲနှင့်ပင် ဝင်ရောက် ကူညီပေးတတ်ကြ၏။ သူတို့၏ မျှော်နန်းသခင်အနေဖြင့် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ဆောင်ရန် မဖြစ်နိုင်သည်မှာ ပြောနေစရာပင် မလိုပေ။

ထိုကောလာဟလများ ဘယ်ကနေ ထွက်ပေါ်လာမှန်းကို မသိရသော်လည်း အနက်ရောင်အစောင့်အရှောက်များ၏ အဖွဲ့ခေါင်းဆောင်သစ် လုကျိုးနှင့် ရွှမ်းယီတို့ ညဘက်၌ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုခဲ့ကြသည့် အကြောင်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ထိုလူနှစ်ဦးသည် တာအိုအကြောင်း ဆွေးနွေးခဲ့ကြပြီး အကျိုးအမြတ်များ ရရှိခဲ့ကြသည်ဟု ဆိုကြ၏။ အံ့ဩစရာအကောင်းဆုံးမှာ ရွှမ်းယီကိုယ်တိုင်ပင်လျှင် လုကျိုးထံမှ အသိဉာဏ်ပညာများ ရရှိခဲ့သည်ဟု ကြားသိရခြင်းပင် ဖြစ်သည်။

ထိုကောလာဟလများကြောင့် အနက်ရောင်အစောင့်အရှောက်များသည် လုကျိုးအပေါ်၌ ပို၍ပင် ရိုသေလေးစားလာကြတော့သည်။

နောက်ပိုင်းကာလများတွင် လုကျိုးသည် ထိုနေရာတစ်ဝိုက်ကို စူးစမ်းလေ့လာရန် အချိန်အနည်းငယ် ပေးခဲ့သည်။ ရွှမ်းယီက သူ့ကို တန်ဖိုးထားခြင်းနှင့် အဖြူရောင်ဧကရာဇ်၏ လက်အောက်ငယ်သား ဟူသော သူ၏ နောက်ခံအစစ်အမှန်ကြောင့် တားမြစ်နယ်မြေများ မဟုတ်သရွေ့ သူသည် လွတ်လပ်စွာ သွားလာခွင့် ရှိနေပေသည်။

လုကျိုးသည် အချို့သောနေရာများကို ရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားရပြီး အချို့နေရာများကိုမူ စိမ်းသက်နေသည်ဟု ခံစားရသည်။ ဤရင်းနှီးကျွမ်းဝင်မှုများမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက မှတ်ဉာဏ်များကို သူ ရရှိထားသောကြောင့်သာ ဖြစ်ပေသည်။

လုကျိုးသည် ရွှမ်းယီနန်းဆောင်၏ သင်္ကေတခန်းမ၊ အရံအတားခန်းမနှင့် လေ့ကျင့်ရေးခန်းမများသို့လည်း သွားရောက်ခဲ့သေး၏။ တစ်ခါတစ်ရံတွင် သူသည် ဘေးနားမှနေ၍ လမ်းညွှန်စကား အနည်းငယ်မျှ ဝင်ရောက် ပြောဆိုတတ်ပေသည်။

မဟာလေဟာနယ်ရှိ နန်းဆောင်ဆယ်ခုထဲမှ တစ်ခုခုသို့ ဝင်ရောက်နိုင်သူများအားလုံးမှာ မဟာလေဟာနယ်၏ ဒေသခံများဖြစ်စေ၊ နယ်မြေကိုးခုမှ ကျင့်ကြံသူများဖြစ်စေ... အားလုံးမှာ ထိပ်သီးပညာရှင်များချည်းသာ ဖြစ်ကြပေသည်။ သို့သော်လည်း နယ်မြေကိုးခုမှ လာသူများကို သွန်သင်ပြသရန်မှာ ပို၍ လွယ်ကူလှပေသည်။ အချုပ်အားဖြင့်ဆိုရလျှင် လူတိုင်းသည် လုကျိုးထံမှ အသိပညာ တစ်ခု သို့မဟုတ် နှစ်ခုခန့်ကို သင်ယူရရှိခဲ့ကြ၏။

ထို့နောက်တွင် ထိုအလွန် ပါရမီပါသော ပုဂ္ဂိုလ်ကြီးသည် ရွှမ်းယီနန်းဆောင်ရှိ အနက်ရောင်အစောင့်အရှောက်များထဲမှ တစ်ဦးဖြစ်ပြီး ရွှမ်းယီကိုယ်တိုင်၏ မျက်နှာသာပေးမှုကို ရရှိထားသူဖြစ်ကြောင်း သတင်းများ ပျံ့နှံ့သွားရန် အချိန်သိပ်မကြာလိုက်ပေ။ ၎င်းက နောက်ထပ် ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီးတစ်ခုကို ဖန်တီးလိုက်ပြန်သည်။

လုကျိုးသည် ထိုကိစ္စကို သိရှိသွားချိန်တွင် ပြောလိုက်သည်။

“ငါက အသိဉာဏ်ပွင့်လင်းစေမဲ့ စကားလုံး နည်းနည်းလောက်ကိုပဲ ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ။ ဒီလောက်အထိ ချဲ့ကားပြောဆိုနေစရာ မလိုပါဘူး”

မုန့်ချန်းသုံက ဆိုလိုက်သည်။ “မျှော်နန်းသခင် ပြောတာ မှန်ပါတယ်။ လူတစ်ယောက်က အထွတ်အထိပ်သက်ရှိတစ်ဦး ဖြစ်လာတဲ့အခါ... သူ့ရဲ့ ကျင့်ကြံမှုဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ်မှာ ပိုပြီး မူတည်နေတာလေ။ စကားလုံး အနည်းငယ်လောက်နဲ့ တစ်ဟုန်ထိုး တိုးတက်လာတယ်ဆိုတာက တကယ့်ကို ထူးဆန်းလွန်းပါတယ်”

ထိုအချိန်တွင် ယန်ကျန်းလော့သည် အပြင်ဘက်မှ ဝင်ရောက်လာ၏။ “မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

“တခြားသူတွေရော ဘယ်မှာလဲ” လုကျိုးက မေးမြန်းလိုက်သည်။

“ကျွန်တော်တို့က ရွှမ်းယီနန်းဆောင်ထဲမှာ အတော်လေး လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိနေတာဆိုတော့... တခြားသူတွေက အသိပညာသစ်တွေ လေ့လာသင်ယူဖို့ နေရာအသီးသီးကို ထွက်သွားကြပါပြီ။ ဒီမှာ လေ့လာသင်ယူစရာ နေရာတွေ အများကြီး ရှိပါတယ်။ ဥပမာ သင်္ကေတခန်းမ၊ လက်နက်ဖန်တီးရေးခန်းမ၊ အရံအတားခန်းမနဲ့ စာကြည့်တိုက် တွေပေါ့။ ဒီက စာကြည့်တိုက်မှာ ကွန်ဖြူးရှပ်စ်၊ ဗုဒ္ဓဘာသာနဲ့ တာအိုကျင့်စဉ်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီး ရှိတယ်။ အဲဒီစာအုပ်တွေက နယ်မြေကိုးခုက စာအုပ်တွေထက် အများကြီး ပိုပြီး ပြည့်စုံတယ်” ယန်ကျန်းလော့က ပြန်လည်ဖြေကြားလိုက်၏။

လုကျိုး ခေါင်းညိတ်လိုက်သည်။

“ဒါက ကောင်းတဲ့ကိစ္စပဲ”

ယန်ကျန်းလော့က ပြုံးလျက် ဆက်ပြောလိုက်၏။ “မျှော်နန်းသခင်လု အလုပ်များနေတာ နှမြောစရာပဲ။ မဟုတ်ရင် ကျွန်တော်တို့က မျှော်နန်းသခင်လုရဲ့ လမ်းညွှန်မှုအောက်မှာ ပိုပြီးတော့တောင် အကျိုးအမြတ်တွေ ရရှိနိုင်ဦးမှာကို”

ထိုအချက်ကို လုကျိုး၏ တပည့်ဆယ်ဦးထံတွင် မြင်တွေ့နိုင်ပေသည်။ ဤကဲ့သို့သော တွေ့ဆုံမှုမျိုးမှာ ကံကြမ္မာအပေါ်၌သာ မူတည်ပြီး အတင်းအကျပ် ရှာဖွေ၍ မရနိုင်ခြင်းမှာ နှမြောစရာပင်။

ယန်ကျန်းလော့ စကားပြောပြီးနောက် လီချွင်းသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် အပြင်ဘက်မှ ဝင်ရောက်လာခဲ့သည်။

“တာအိုသူတော်စင်လီလည်း ရောက်နေတာပဲ” ယန်ကျန်းလော့က ဆိုလိုက်၏။

လီချွင်းသည် လုကျိုးကို လက်သီးဆုပ်မိုးနှုတ်ဆက်ကာ ပြောလိုက်သည်။ “ညီအစ်ကိုလု... ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ရက်အနည်းငယ်လောက်ပဲ ရှိသေးတယ်ဆိုပေမဲ့ မင်းက ပိုပြီး တောက်ပနေသလိုပဲနော်”

လုကျိုးက မေးလိုက်၏။ “ဘာကိစ္စရှိလို့လဲ”

“ညီအစ်ကိုလုက မဟာလေဟာနယ်မှာ ရောက်နေတဲ့ အချိန်အတွင်း တော်တော်လေး အဆင်ပြေနေတယ်လို့ ငါ ကြားတယ်။ ငါတို့ရဲ့ အနက်ရောင်အစောင့်အရှောက်တွေ အများကြီးကလည်း မင်းဆီကနေ လမ်းညွှန်မှုတွေ ရရှိခဲ့ကြတယ်လေ။ ငါက နည်းနည်းလေး စပ်စုချင်စိတ်ဖြစ်လို့ မင်းဆီကို လာလည်တာပါ” လီချွင်းက ပြန်လည် ဖြေကြားလိုက်၏။ သူက စိတ်ထဲတွင်မူ အဖြူရောင်ဧကရာဇ်က လုကျိုးကို ဘာဖြစ်လို့ ဒီကို စေလွှတ်ခဲ့ရသနည်းဟု တွေးတောနေမိဆဲပင်။

အဖြူရောင်ဧကရာဇ်၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သော လုကျိုးသည် ဤမျှအထိ လူသိရှင်ကြား အရှိန်အဝါ ပြသနေပေသည်။ ဆိုလိုသည်မှာ အဖြူရောင်ဧကရာဇ်သည် သူ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ထားရန် ဂရုမစိုက်တော့ခြင်းပင်လော။ အဖြူရောင်ဧကရာဇ်သည် မဟာလေဟာနယ်သို့ ပြန်လာရန် တကယ်ပဲ စီစဉ်နေခြင်းလော။

လုကျိုးက ခေါင်းခါယမ်းလိုက်၏။ “ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ။ ဒါကို ဘယ်လိုလုပ်ပြီး လမ်းညွှန်မှုလို့ ခေါ်နိုင်မှာလဲ”

“အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး။ မနေ့က ငါ အရှင်မင်းကြီးဆီကို သွားတွေ့ခဲ့တယ်။ အရှင်မင်းကြီးက နံရံဆေးရေးပန်းချီတွေကို လေ့လာနေရင်း သူ့ဘာသာ တီးတိုးရေရွတ်နေတာ။ အဲဒီနံရံဆေးရေးပန်းချီတွေက အမြဲတမ်း ဆန်းကြယ်နေခဲ့တာပဲလေ။ ဒါတွေက အရှင်မင်းကြီးကို ကျင့်ကြံခြင်းလမ်းစဉ်အပေါ် ပိုပြီး နားလည်သဘောပေါက်လာအောင် ကူညီပေးနိုင်ခဲ့တာ သေချာတယ်”

လုကျိုးက ပြောလိုက်၏။ “အဲဒီနံရံဆေးရေးပန်းချီတွေကို ရှေးဟောင်းကာလတုန်းက မဟာပညာရှင် ဝူရှန်းဇီ က ဖန်တီးခဲ့တာ။ ဒါတွေက သာမန် ပန်းချီကားတွေ သက်သက်ပါပဲ”

လီချွင်းက ဇဝေဇဝါဖြင့် ဆိုလိုက်သည်။

“ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်မှာလဲ။ အဲဒီပန်းချီကားတွေဆီကနေ ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုကို ငါ သေချာပေါက် အာရုံခံမိခဲ့တာပဲ”

လုကျိုးက ပြန်ပြောလိုက်၏။ “အကယ်၍ ဒါတွေက တကယ်ပဲ ဆန်းကြယ်တယ်ဆိုရင်... မင်းက ဒါကို အာရုံခံနိုင်လိမ့်မယ်လို့ ထင်နေတာလား”

လီချွင်း ခေါင်းညိတ်လိုက်သည်။ “ဒါလည်း ဟုတ်တာပဲ”

ဘာပဲဖြစ်ဖြစ် ၎င်းက ဤမျှအထိ နက်နဲဆန်းကြယ်နေပါက အလွယ်တကူ အာရုံခံနိုင်မည် မဟုတ်ပေ။

ဝူး

ထိုအခိုက်အတန့်တွင် စွမ်းအင် ပဲ့တင်ရိုက်ခတ်သံကြီးတစ်ခုက ရွှမ်းယီခန်းမရှိရာ အရပ်မျက်နှာမှ ထွက်ပေါ်လာတော့၏။

လီချွင်းသည် အခြေအနေကို ကြည့်ရှုရန် အပြင်သို့ ထွက်သွားလိုက်ရာ ရွှမ်းယီခန်းမ၏ အထက် ကောင်းကင်ယံ၌ ဧရာမ အလင်းစက်ဝန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုအလင်းစက်ဝန်းကြီးမှာ အစိမ်းရောင်ဖြစ်ပြီး ရွှမ်းယီခန်းမထက်ပင် ပိုမို ကြီးမားလှပေသည်။

အနက်ရောင်အစောင့်အရှောက်များသည် ထိုအစိမ်းရောင် အလင်းစက်ဝန်းကြီးကို မြင်သောအခါ ရိုသေလေးစားသော အမူအရာများဖြင့် တစ်ဦးပြီးတစ်ဦး ပြေးထွက်လာကြတော့၏။

ရွှမ်းယီနန်းဆောင်မှ ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာပြီး ရွှမ်းယီခန်းမရှိရာ အရပ်မျက်နှာသို့ ဦးညွှတ်လိုက်ရန် အချိန်သိပ်မကြာလိုက်ပေ။

“မဟာနတ်ဘုရင်တစ်ပါး ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်”

အလားတူ အော်ဟစ်သံများမှာ ရွှမ်းယီနန်းဆောင်၏ နေရာအနှံ့အပြားမှ ထွက်ပေါ်လာတော့သည်။

လီချွင်း၏ မျက်နှာပေါ်တွင် အံ့ဩသွားသော အမူအရာ ပေါ်ထွက်လာပြီးနောက် သူကလည်း အော်ဟစ်လိုက်၏။ “မဟာနတ်ဘုရင်တစ်ပါး ဖြစ်လာတဲ့အတွက်... အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြသည်။

‘သူက ဒီလိုလွယ်လွယ်လေးနဲ့ပဲ မဟာနတ်ဘုရင်တစ်ပါး ဖြစ်သွားတာလား?’

လီချွင်းသည် လုကျိုးထံသို့ ပြန်လာပြီး ပြောလိုက်၏။ “ညီအစ်ကိုလု... မင်းက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အရမ်း ဖုံးကွယ်ထားလွန်းတာပဲ။ မင်းက ငါ့ရဲ့ မျက်စိကို တကယ်ကို ဖွင့်ပေးလိုက်တာပါပဲ”

လုကျိုး “???”

“အရှင်မင်းကြီးရဲ့ ကျင့်ကြံမှုက တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့တာ နှစ်ပေါင်း ၃၀,၀၀၀ တောင် ရှိနေပြီလေ။ မင်းရဲ့ လမ်းညွှန်မှုကြောင့် အရှင်မင်းကြီး ချက်ချင်းပဲ အဆင့်တက်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး နံရံဆေးရေးပန်းချီတွေက သာမန်ပါပဲလို့ မင်းက ပြောရက်သေးတယ်နော်။ ညီအစ်ကိုလု... ဒီနေ့တော့ မူးမူးရူးရူး ဖြစ်သွားတဲ့အထိ သောက်ကြတာပေါ့ ငါ့အိမ်မှာ သွားသောက်လို့ ရတယ်” လီချွင်းက ပြောရင်း ရှေ့သို့ တိုးလာကာ လုကျိုး၏ လက်မောင်းကို ဆွဲကိုင်လိုက်၏။

လုကျိုးသည် မျက်မှောင်ကျုံ့လိုက်ပြီး လီချွင်း၏ လက်ကို ဖယ်ရှားလိုက်ကာ ပြောလိုက်သည်။

“ရွှမ်းယီက သူ့ရဲ့ ကိုယ်ပိုင် ကံကြမ္မာကြောင့် အဆင့်တက်သွားတာပါ။ သူ့ရဲ့ ကျင့်ကြံမှုက နတ်ဘုရင်အဆင့်မှာ ရပ်တန့်နေခဲ့တုန်းမှာ သူက အတွေ့အကြုံတွေကို ဆက်လက် စုဆောင်းပြီး ကျင့်ကြံနေခဲ့တာမို့ ဒီနေ့မှာ အဆင့်တက်သွားရတာပဲလေ။ ငါက သူ့ကို ဘာအသိဉာဏ်မှ ဖွင့်မပေးခဲ့ပါဘူး”

“ညီအစ်ကိုလု... ဆက်ပြီးတော့သာ ဟန်ဆောင်နေလိုက်ပါတော့”

လုကျိုး၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး ပြောလိုက်၏။ “မင်းက တာအိုသူတော်စင်တစ်ပါးလေ။ မင်းက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ပညာရှိတွေ အများကြီးရဲ့ စကားတွေကို နားထောင်ခဲ့ဖူးတာပဲ။ အဲဒီအထဲက ဘယ်နှစ်ယောက်ကများ မင်းကို အသိဉာဏ်ပွင့်လင်းအောင် လုပ်ပေးနိုင်ခဲ့လို့လဲ”

ယင်းကို ကြားသောအခါ လီချွင်း အနည်းငယ် မှင်တက်သွားရသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ငါက နောက်နေတာပါ ညီအစ်ကိုလု။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့”

ဝှစ်

ထိုအခိုက်အတန့်တွင် အနက်ရောင်ခန်းမ၏ အထက် ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။

အနက်ရောင်အစောင့်အရှောက်များသည် ဦးညွှတ်လိုက်ကြသည်။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

လီချွင်းသည်လည်း လှည့်ကြည့်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

မဟာနတ်ဘုရင်သစ် ဖြစ်လာသော ရွှမ်းယီသည် လူတိုင်းကို လျစ်လျူရှုထားလိုက်၏။ ထိုအစား သူသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး လုကျိုး၏ ရှေ့မှောက်၌ ပေါ်ထွက်လာကာ ပြုံးလျက် ဆိုလိုက်သည်။

“မျှော်နန်းသခင်လုရဲ့ အသိဉာဏ်ပွင့်လင်းစေတဲ့ စကားတွေကြောင့်သာ ကျွန်တော် အဆင့်တက်နိုင်ခဲ့တာပါ”

လီချွင်း “???”

‘ဒီတစ်ကြိမ်တော့ လုကျိုး သမုဒ္ဒရာထဲ ခုန်ချပြီး ဆေးရင်တောင်မှ အပြစ်ကင်းအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး’ လီချွင်းက စိတ်ထဲမှ တွေးလိုက်မိ၏။

အမှန်တော့ လီချွင်းသည် လုကျိုးအပေါ် ရွှမ်းယီ၏ ဆက်ဆံပုံကို ဇဝေဇဝါ ဖြစ်နေမိဆဲပင်။ လုကျိုးသည် အဖြူရောင်ဧကရာဇ်၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်နေလျှင်ပင် ဤမျှအထိ ကောင်းမွန်စွာ ဆက်ဆံခံရရန် မသင့်တော်ပေ။ ဘာပဲဖြစ်ဖြစ် ရွှမ်းယီသည် ရွှမ်းယီနန်းဆောင်၏ သခင်ဖြစ်သည် မဟုတ်ပါလော။ အဆင့်အတန်းအရဆိုလျှင် ရွှမ်းယီသည် အဖြူရောင်ဧကရာဇ်ထက် မည်သို့မျှ နိမ့်ကျခြင်း မရှိပေ။

ရွှမ်းယီ၏ မျက်စိထဲတွင် လုကျိုးသည် အဖြူရောင်ဧကရာဇ် တစ်ဦးတည်းသာမကဘဲ လူတိုင်းထက် များစွာ သာလွန်မြင့်မားသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း လီချွင်းက မည်သို့လျှင် သိရှိနိုင်ပါမည်နည်း။

ထိုအခိုက်အတန့်တွင် ရွှမ်းယီသည် သူ၏ လုပ်ရပ်များက မလိုလားအပ်သော အာရုံစိုက်မှုများကို ဖိတ်ခေါ်မိနေကြောင်း သတိထားမိလိုက်ပုံရသဖြင့် သူသည် လည်ချောင်းဟန့်ကာ ကျောပြင်ကို မတ်လိုက်ပြီး သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ထိန်းသိမ်းလိုက်၏။ ထို့နောက် သူက ဩဇာလွှမ်းမိုးသော လေသံဖြင့် မေးမြန်းလိုက်သည်။ “တာအိုသူတော်စင်လီ... မင်းက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ”

လီချွင်းက ပြုံးလျက် လျှောက်တင်လိုက်၏။ “ညီအစ်ကိုလုဆီမှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အသိဉာဏ်တွေ ရှိတယ်လို့ ကျွန်တော် ကြားသိရတာမို့ အကြံဉာဏ်တောင်းဖို့ လာခဲ့တာပါ”

ရွှမ်းယီ မျက်မှောင်ကျုံ့သွား၏။ “မင်းက ထိုက်တန်လို့လား”

“ဗျာ” လီချွင်းမှာ ဇဝေဇဝါ ဖြစ်သွားရတော့သည်။

ရွှမ်းယီသည် သူ၏ အမှားကို ထပ်မံ သတိထားမိလိုက်ပြန်၏။ သူသည် လည်ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။

“မင်းက မျှော်နန်းသခင်လုကို ပိုပြီး အဖော်ပြုပေးရမယ်။ ပြီးတော့ ရွှမ်းယီနန်းဆောင်နဲ့ အမြန်ဆုံး အသားကျလာအောင် သူ့ကို ကူညီပေးရမယ်”

“စိတ်ချပါ အရှင်မင်းကြီး” လီချွင်းက ဆိုလိုက်၏။

ရွှမ်းယီသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လုကျိုးဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ကျွန်တော့်ကို တောင်ပိုင်း အက်ကွဲတောင်ကနေ တာအိုအကြောင်း ဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။ အကယ်၍ မျှော်နန်းသခင်လု အနေနဲ့ အချိန်ရမယ်ဆိုရင်... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလား”

“တောင်ပိုင်း အက်ကွဲတောင်လား” လီချွင်းက မေးလိုက်၏။

“ကြက်သွေးရောင်ဧကရာဇ်က ကျွန်တော်ကို အဲဒီကို ဖိတ်ကြားထားတာမို့... သူ့ရဲ့ ဖိတ်ကြားချက်ကို ငြင်းပယ်ဖို့ ခက်ခဲနေလို့ပါ” ရွှမ်းယီက ပြောပြလိုက်သည်။

ယင်းကို ကြားသောအခါ လီချွင်းက အလျင်အမြန်ပင် ပြောလိုက်သည်။

“ကျွန်တော် အားပါတယ် ကျွန်တော် အားပါတယ်” လျှောက်တင်လိုက်၏။

ရွှမ်းယီ မျက်မှောင်ကျုံ့လိုက်ပြီး ပြောလိုက်သည်။ “အနက်ရောင်ခန်းမထဲမှာ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ကျန်နေသေးတယ်။ တာအိုသူတော်စင်လီ... မင်း ဒီမှာပဲ နေခဲ့သင့်တယ်”

“အာ”

‘သူက ငါ့ကို ညီအစ်ကိုလု နဲ့အတူ အဖော်ပြုပေးဖို့ ပြောထားတာ မဟုတ်ဘူးလား။’

ရွှမ်းယီက ဆက်ပြောလိုက်၏။ “ဒီကိစ္စက တပ်မှူးနေရာတွေအတွက် ပြိုင်ပွဲနဲ့ သက်ဆိုင်နေတယ်။ ကျန်းဟယ်က ငါနဲ့အတူ လိုက်ခဲ့လိမ့်မယ်”

လီချွင်းမှာ သဘောပေါက်သွားတော့၏။ အကယ်၍ သူပါ ထွက်သွားမည်ဆိုပါက အနက်ရောင်ခန်းမရှိ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးမည့်သူ ရှိတော့မည် မဟုတ်ပေ။

ရွှမ်းယီသည် လုကျိုးထံသို့ ပြန်လှည့်ကာ မေးမြန်းလိုက်သည်။ “မျှော်နန်းသခင်လု... အရှင် ကျွန်တော်နဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒရှိပါသလား”

လီချွင်း - “...”

‘ဒီလို ဆက်ဆံရေးမျိုးက တကယ်ကို လွန်လွန်းနေပြီ’

လုကျိုးက ခပ်အေးအေးပင် ဆိုလိုက်၏။ “သိပ်ကောင်းတယ်။ ငါ လိုက်သွားပြီး ကြည့်ရှုရတာပေါ့”

...

တစ်ချိန်တည်းမှာပင်

ရွှမ်းယီနန်းဆောင်၏ အနီး၊ မဟာလေဟာနယ်၏ တောင်ဘက်ပိုင်းရှိ တောင်ပိုင်း အက်ကွဲတောင်တွင် ဖြစ်ပေသည်။

ဤနေရာ၌ သီးခြား တာအိုခန်းမတစ်ခု ရှိနေပေသည်။ ၎င်းကို နတ်ဘုရင်တစ်ပါးဖြစ်သော နန်လီက စောင့်ကြပ်နေ၏။

ကောင်းကင်ယံ၌ လွင့်မျောနေသော စင်မြင့်များနှင့် အဆောက်အအုံများ ဒါဇင်ကျော်ခန့် ရှိနေပေသည်။ ၎င်းမှာ တကယ့်ကို ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုပင်။

တောင်ပိုင်း အက်ကွဲတောင်သည် နန်းဆောင်ဆယ်ခုနှင့် ယှဉ်ပြိုင်လေ့မရှိဘဲ လူတိုင်းနှင့် မိတ်ဆွေဖွဲ့ထားပေသည်။ ၎င်းသည် လောကီရေးရာ ကိစ္စရပ်များကိုလည်း ရှောင်ကြဉ်လေ့ရှိ၏။

နတ်အရှင် နန်လီသည် မဟာလေဟာနယ်၏ ဒေသခံတစ်ဦး ဖြစ်ပေသည်။

ဤအခိုက်အတန့်တွင် နန်လီ၏ ခန်းမအပြင်ဘက်၌ ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြီး လျှောက်တင်လိုက်၏။

“နတ်အရှင်... ကြက်သွေးရောင်ဧကရာဇ်ရဲ့ လူတွေ ရောက်လာပါပြီ”

နန်လီသည် ခေါင်းညိတ်လိုက်ပြီး ခန်းမ၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် သူက မေးမြန်းလိုက်၏။ “ကြက်သွေးရောင်ဧကရာဇ် ရောက်လာပြီလား”

“သူ မရောက်သေးပါဘူး။ သူက မီးလျှံပင်လယ်ကနေ လာရတာဆိုတော့... သူ ရောက်မလာခင်အထိ ကျွန်တော်တို့ အချိန်အနည်းငယ်လောက် စောင့်ရပါလိမ့်မယ်။ သခင်လေးရီနဲ့ သခင်လေးတွမ့်မူ တို့ကတော့ မီးလျှံပင်လယ်ရဲ့ ဝရဇိန် လေးပါးနဲ့အတူ ရောက်နေပါပြီ”

နန်လီက ပြောလိုက်၏။ “အဲဒီနှစ်ယောက်က အလွန်ထူးချွန်တဲ့ ပါရမီတွေ ရှိပြီး မဟာလေဟာနယ်မျိုးစေ့တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကို ငါ ကြားဖူးတာ ကြာပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ သူတို့ရဲ့ ကျင့်ကြံမှုတွေက အဟုန်အပြင်း တိုးတက်လာခဲ့တယ်။ သူတို့ကလည်း နန်းဆောင်ဆယ်ခုရဲ့ တပ်မှူးနေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြလောက်တယ်”

“နတ်အရှင် သူတို့နဲ့ တွေ့ချင်ပါသလား”

“သေချာတာပေါ့။ မဟာလေဟာနယ်မျိုးစေ့တွေနဲ့ ဘယ်လိုလူမျိုးတွေက ထိုက်တန်သလဲဆိုတာကို ငါ ကြည့်ချင်တယ်” နန်လီက ပြန်လည်ဖြေကြားလိုက်သည်။

ထိုအချိန်တွင် နန်လီ၏ ခန်းမအပြင်ဘက်၌ အခြားကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြန်၏။ သူသည် ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။ “နတ်အရှင်... ဧကရာဇ်ရွှမ်းယီ ရောက်လာပါပြီ”

နန်လီသည် ခေါင်းခါယမ်းလိုက်ပြီး အားကိုးရာမဲ့သော အမူအရာဖြင့် မေးလိုက်၏။ “သူက ဖိတ်ကြားမခံရဘဲနဲ့ ရောက်လာတာလား”

“သူ့ကို ကြက်သွေးရောင်ဧကရာဇ်က ဖိတ်ကြားထားတာလို့ ပြောပါတယ်”

နန်လီက ရယ်မောလိုက်၏။ “ကြက်သွေးရောင်ဧကရာဇ်က ရွှမ်းယီနန်းဆောင်ကို မျက်စိကျနေတာလား။ သူက ရွှမ်းယီနန်းဆောင်ရဲ့ တပ်မှူးနေရာကို လုယူဖို့ ကြိုးစားနေတာလား။ ဘာပဲဖြစ်ဖြစ်... ဧည့်သည်ဆိုတာ ဧည့်သည်ပါပဲ။ သူ့ကို ကြိုဆိုလိုက်ပါ”

“နားလည်ပါပြီ”

...

တောင်ပိုင်း အက်ကွဲတောင်၏ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းတွင် ဖြစ်ပေသည်။

အညိုရောင် ပျံသန်းရေးရထားလုံး တစ်စင်းအတွင်း၌...

မင်ရှစ်ရင်က မေးမြန်းလိုက်၏။ “သူက ဘာဖြစ်လို့ ဒီနေရာကို ရွေးချယ်ရတာလဲ။ တစ်ဖက်လူရဲ့ နယ်မြေထဲကို သွားလို့ ရနေတာပဲကို။ ဘာဖြစ်လို့ ကြားနေနယ်မြေတစ်ခုကို ရှာဖို့ လိုအပ်နေရတာလဲ”

“သခင်လေးရီ... ဒါက ကြက်သွေးရောင်ဧကရာဇ် နဲ့ နန်းဆောင်ဆယ်ခု၊ အထွတ်အမြတ်ခန်းမ တို့ကြားက ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်တာပါ။ နတ်အရှင် နန်လီက လောကီရေးရာ ကိစ္စတွေမှာ ဘယ်တုန်းကမှ ဝင်ရောက် စွက်ဖက်လေ့ မရှိတာမို့ ဒါက အကောင်းဆုံး နေရာပါပဲ” ဝရဇိန် လေးပါးထဲမှ တစ်ဦးက ရှင်းပြလိုက်သည်။

“ဟန်ဆောင်ကောင်းတဲ့လူ” မင်ရှစ်ရင်က ဆိုလိုက်၏။

တွမ့်မူရှန်းက မေးလိုက်သည်။ “လောင်စစ်... မင်း ယုံကြည်မှု ရှိရဲ့လား”

“သေချာတာပေါ့” မင်ရှစ်ရင်က ပြုံးလျက် ပြန်ဖြေလိုက်၏။ “စောင့်သာ ကြည့်နေလိုက်ပါ။ ရွှမ်းယီနန်းဆောင် တစ်ခုလုံးကို မြေကြီးနဲ့ တစ်သားတည်းဖြစ်အောင် ငါ ရိုက်နှက်ပြမယ်”

ထိုအခိုက်အတန့်တွင် မင်ရှစ်ရင်၏ နောက်ကွယ်၌ ရပ်နေသော ဝရဇိန်က ဝင်ပြောလိုက်သည်။

“ရွှမ်းယီနန်းဆောင်ရဲ့ တပ်မှူးကို အထင်မသေးနဲ့။ သူ့ရဲ့ ကျင့်ကြံမှုက အတော်လေး နက်နဲတယ်။ ဒါတင်မကသေးဘူး... ရွှမ်းယီနန်းဆောင်က အနက်ရောင်အစောင့်အရှောက် အသစ်တချို့ကိုလည်း စုဆောင်းထားသေးတယ်။ အဲဒီအထဲက တစ်ယောက်က တာအိုပညာရှင်တစ်ယောက် ဖြစ်တယ်လို့ ပြောကြတယ်။ ဧကရာဇ်ရွှမ်းယီ ကိုယ်တိုင်တောင် သူ့ကို ရိုသေလေးစားမှု အပြည့်နဲ့ ဆက်ဆံရတယ်တဲ့”

ဤအခိုက်အတန့်တွင် မင်ရှစ်ရင်သည် သူ၏ အာ့ရှစ်ရှိုးကို သတိရလိုက်မိ၏။ သူ၏ အရှိန်အဝါမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး သူသည် လက်နောက်ပစ်ကာ မတ်တတ်ရပ်လိုက်သည်။ သူသည် သူ၏ အာ့ရှစ်ရှိုးကို အတုခိုးလျက် ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။

“စိတ်မပူပါနဲ့။ အားလုံးက အတူတူပါပဲ။ သူတို့အားလုံးကို ငါ မြေကြီးနဲ့ တစ်သားတည်းဖြစ်အောင် ရိုက်နှက်ပြမယ်”

…

All Chapters