← Chapters

အခန်း ၁၆၀၁

Vol. 107 Ch. 1601

အခန်း ၁၆၀၁

Vol. 107 Ch. 1601

အခန်း (၁၆၀၁) ကျေးဇူးပြုပြီး ခဏကြွခဲ့ပါ

မင်ရှစ်ရင်သည် စကားပြောဆိုပြီးနောက် ဘေးဘက်သို့ အနည်းငယ် ကိုင်းညွတ်ကာ ပြုံးဖျော့ဖျော့ဖြင့် မေးမြန်းလိုက်၏။ "ငါက ဓားနတ်ဆိုးရဲ့ ဟန်ပန်မျိုး မပေါ်နေဘူးလား”

တွမ့်မူရှန်းကမူ မင်ရှစ်ရင်ကို လုံးဝ ဂရုမစိုက်ပေ။ မင်ရှစ်ရင်သည် အကြောင်းပြချက်မရှိဘဲ သူတို့၏ အာ့ရှစ်ရှိုးဖြစ်သူကို အတုခိုးရသည်ကို တကယ်ကို သဘောကျလှပေသည်။ အကယ်၍ မင်ရှစ်ရင်၏ ဤလုပ်ရပ်ကိုသာ သိသွားပါက သူ သေချာပေါက် ထပ် အရိုက်ခံရပေလိမ့်မည်။ ထို့ကြောင့် ဘာမှမမြင်လိုက်ရသကဲ့သို့ ဟန်ဆောင်နေခြင်းက ပိုကောင်းသည်။

မင်ရှစ်ရင်၏ နောက်ကွယ်ရှိ ၀ရဇိန် တစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်၏။ "ဓားနတ်ဆိုးဆိုတာ ဘယ်သူလဲ”

"သူက အရမ်းကို ကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်လေ" မင်ရှစ်ရင်က ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။

"သခင်လေးရီရဲ့ ချီးကျူးမှုကိုတောင် ရရှိနိုင်တယ်ဆိုမှတော့... သူ့ရဲ့ ဓားသိုင်းက သေချာပေါက် အံ့မခန်း ဖြစ်ရမယ်”

"သူ့ရဲ့ ဓားသိုင်းက သေချာပေါက် အံ့မခန်း ဖြစ်ပေမဲ့လည်း... ငါနဲ့ယှဉ်ရင်တော့ နည်းနည်းလေး လိုအပ်ချက် ရှိနေသေးတယ်" မင်ရှစ်ရင်က ဆိုလိုက်၏။

တွမ့်မူရှန်း "..."

တွမ့်မူရှန်းသည် မင်ရှစ်ရင်ကို သတိပေးသည့်အနေဖြင့် လည်ချောင်းဟန့်လိုက်သည်။

"မဟာလေဟာနယ်မှာ ကြွားလုံးထုတ်တာက ဥပဒေနဲ့ မငြိစွန်းဘူး မဟုတ်လား" မင်ရှစ်ရင်က မေးလိုက်၏။

ထိုအခိုက်အတန့်တွင် တာအိုအစေခံတစ်ဦးသည် အဝေးမှနေ၍ ပျံသန်းရောက်ရှိလာပြီး ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။

"စောင့်ဆိုင်းရတဲ့အတွက် တောင်းပန်ပါတယ်။ နတ်အရှင်က ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုဖို့ စီစဉ်ထားခဲ့ပေမဲ့... ရုတ်တရက် အရေးပေါ် ကိစ္စတစ်ခု ပေါ်လာလို့ ကျွန်တော်မျိုးကပဲ လမ်းပြပေးပါရစေ”

မင်ရှစ်ရင် မျက်မှောင်ကျုံ့သွား၏။ "မင်းတို့ရဲ့ နတ်အရှင်က တကယ်ကို မာနကြီးတာပဲ”

"ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့”

"ထားလိုက်ပါ၊ ထားလိုက်ပါ။ ငါက သဘောထား သေးသိမ်တဲ့သူမှ မဟုတ်တာ။ လမ်းသာပြပါ"

မင်ရှစ်ရင်က ဆိုလိုက်၏။

၎င်းနောက်တွင် မင်ရှစ်ရင်၊ တွမ့်မူရှန်းနှင့် အခြားသူများသည် ရထားလုံးပျံ အတွင်းမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် ပျံသန်းနေစဉ် တောင်ပိုင်း အက်ကွဲတောင်၏ အထက် ကောင်းကင်ယံ၌ ကုန်းမြေအစိတ်အပိုင်းများနှင့် ပို၍တူသော လွင့်မျောနေသည့် စင်မြင့်များကို ငေးမောကြည့်ရှုနေကြ၏။ စင်မြင့်တစ်ခုစီမှာ တစ်ခုနှင့်တစ်ခု အနည်းဆုံး ပေ ၃,၀၀၀ ခန့် ကွာဝေးပေသည်။ ထိုစင်မြင့်များ အားလုံးကို တောင်ပိုင်း အက်ကွဲတောင်၏ စွမ်းအင်များက လေထုထဲ၌ ပင့်မထားခြင်း ဖြစ်ပေသည်။

၎င်းတို့မှာ ရွှေကြာနယ်မြေရှိ ဖန်းလိုင်ကျွန်းနှင့် အနည်းငယ် ဆင်တူလှပေသည်။ ဖန်းလိုင်ကျွန်းတွင် ကျွန်းငါးကျွန်းကို ဆက်သွယ်ထားရန် အရံအတားများနှင့် သံကြိုးများကို အသုံးပြုထားပြီး အလယ်ရှိ ကျွန်းကို လေထုထဲ၌ ပင့်တင်ထားရန် နောက်ထပ် အရံအတားတစ်ခုကို အသုံးပြုထားခြင်း ဖြစ်၏။ အခြားကျွန်း လေးကျွန်းကလည်း ထိုအရံအတားအတွက် စွမ်းအင်များကို ထောက်ပံ့ပေးထားကြပေသည်။

တောင်ပိုင်း အက်ကွဲတောင်ရှိ လွင့်မျောနေသော စင်မြင့်များမှာမူ အလွန် ကြီးမားလှပြီး စွမ်းအင်သီးသန့်ဖြင့်သာ လေထုထဲ၌ ပင့်တင်ထားခြင်း ဖြစ်ပေသည်။ ၎င်းတို့အပေါ်၌ သစ်ပင်များနှင့် ထူးခြားသော အဆောက်အအုံများကို မြင်တွေ့နိုင်ပြီး ကျင့်ကြံရန်အတွက် အလွန်ပင် သင့်တော်သော နေရာများ ဖြစ်ကြ၏။

တောင်ဘက်ကောင်းကင်ယံနှင့် အနီးဆုံးရှိ စင်မြင့်တစ်ခုဆီသို့ ချဉ်းကပ်သွားချိန်တွင် တာအိုအစေခံက ပြောလိုက်သည်။

"လူကြီးမင်းတို့... ဒါက တောင်ပိုင်း တိမ်တိုက်ရှုခင်းကြည့် စင်မြင့်ပါ။ ဒီမှာ လှည့်လည် ကြည့်ရှုလို့ ရပါတယ်။ နတ်အရှင်က မကြာခင် ရောက်လာပါလိမ့်မယ်”

တောင်ပိုင်း တိမ်တိုက်ရှုခင်းကြည့် စင်မြင့်ပေါ်သို့ ရောက်သောအခါ နာမည်နှင့် လိုက်ဖက်စွာပင် သူတို့ မြင်တွေ့နိုင်သမျှမှာ တိမ်တိုက်များသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ကြရ၏။ အကွာအဝေးကြောင့် အခြားစင်မြင့်များ၏ ပုံသဏ္ဌာန်များကို ဝေဝါးဝေဝါးသာ မြင်တွေ့နိုင်ပေသည်။

"ဒါက တကယ့်ကို တိမ်တိုက်ရှုခင်းကြည့် စင်မြင့်ပါပဲလား" မင်ရှစ်ရင်က ဆိုလိုက်၏။

၀ရဇိန် လေးပါးမှာမူ မင်ရှစ်ရင်၏ နောက်ကွယ်၌ သစ်တုံးများကဲ့သို့ တောင့်တင်းစွာ မတ်တတ်ရပ်နေကြသည်။

"သခင်လေးရီ... လာမဲ့ တပ်မှူးနေရာ ပြိုင်ပွဲအတွက် ပြင်ဆင်ထားသင့်ပါတယ်”

ယင်းကို ကြားသောအခါ မင်ရှစ်ရင်သည် တာအိုအစေခံကို ကြည့်ကာ မေးမြန်းလိုက်၏။

"ရွှမ်းယီနန်းဆောင်က လူတွေ ရောက်လာပြီလား”

တာအိုအစေခံသည် လူမိုက်တစ်ဦး မဟုတ်ပေ။ နန်လီက ရွှမ်းယီကို သွားရောက် ကြိုဆိုနေသည်ဟု သူ သဘာဝကျကျပင် ပြောဆိုမည် မဟုတ်ချေ။ ထိုသို့ပြောဆိုခြင်းမှာ ကြက်သွေးရောင်ဧကရာဇ်ကို အထင်သေးရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် သူက ပြုံးလျက် ဖြေကြားလိုက်သည်။

"သူတို့ မကြာခင် ရောက်လာပါလိမ့်မယ်"

မင်ရှစ်ရင်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။ "ရွှမ်းယီနန်းဆောင်က ကျန်းဟယ် အကြောင်းကို မင်း သိလား”

တာအိုအစေခံက အသေးစိတ် ရှင်းပြလိုက်၏။ "တပ်မှူးကျန်းက ရွှမ်းယီနန်းဆောင်က ထိပ်သီး ပညာရှင်တစ်ယောက်ပါ။ ဧကရာဇ်ရွှမ်းယီ ကိုယ်တိုင် သဘောကျတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ တပ်မှူးကျန်းက တိမ်တိုက်တွေကို လေ့လာကြည့်ရှုရင်းကနေ မဟာတာအိုကို နားလည်သဘောပေါက်သွားခဲ့တာလို့ ပြောကြတယ်”

"စိတ်ဝင်စားစရာပဲ” မင်ရှစ်ရင် ပြုံးလိုက်၏။

တာအိုအစေခံက ထွက်ခွာရန် လှည့်လိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါဦးမယ်"

ထို့နောက် မင်ရှစ်ရင်သည် ၀ရဇိန် လေးပါးကို ကြည့်ကာ မေးလိုက်၏။ "ကြက်သွေးရောင်ဧကရာဇ်က ဘယ်အချိန်လောက် ရောက်လာမှာလဲ”

"အရှင်မင်းကြီးက တောင်ပိုင်း အက်ကွဲတောင်ကို လာမှာ မဟုတ်ပါဘူး”

"သူ မလာဘူး ဟုတ်လား" မင်ရှစ်ရင် အနည်းငယ် အံ့ဩသွားရသည်။ "သူက ငါ့ရဲ့ စွမ်းဆောင်ရည်အပေါ် လုံးဝ စိတ်မပူတဲ့ပုံပဲ”

"ကြက်သွေးရောင်ဧကရာဇ်က အမိန့်ပေးထားပါတယ်... မင်းတို့နှစ်ယောက် ရှုံးနိမ့်သွားတာနဲ့ တစ်ပြိုင်နက် မင်းတို့ကို ချက်ချင်း ပြန်ခေါ်လာခဲ့ဖို့ပါ”

"..."

...

တစ်ချိန်တည်းမှာပင်

တောင်ပိုင်း အက်ကွဲတောင်၏ မြောက်ဘက် ကောင်းကင်ယံတွင် ဖြစ်သည်။

ဤနေရာရှိ စင်မြင့်များနှင့် အဆောက်အအုံများမှာ များစွာ ပိုမို မြင့်မားပုံရ၏။

နန်လီက ပြုံးလျက် ပြောလိုက်သည်။

"တကယ့်ကို ရှားပါးတဲ့ ဧည့်သည်ပါလား။ ဧကရာဇ်ရွှမ်းယီ ကိုယ်တိုင် ကျုပ်ရဲ့ နိမ့်ချတဲ့ နေရာလေးကို လာရောက်လည်ပတ်တာ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်စရာပါပဲ”

ရွှမ်းယီ၊ ကျန်းဟယ်နှင့် လုကျိုးတို့သည် ကောင်းကင်ယံမှ ဆင်းသက်လာကြသည်။ သူတို့၏ နောက်တွင် အနက်ရောင်အစောင့်အရှောက် အနည်းငယ်နှင့် အမျိုးသမီး အစေခံများလည်း လိုက်ပါလာကြ၏။

ရွှမ်းယီက ပြုံးလိုက်သည်။ "နတ်အရှင် နန်လီ၊ ငါတို့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ မင်းက ဘယ်အချိန်ကတည်းက မြှောက်ပင်ပြောဆိုတဲ့ နေရာမှာ ဒီလောက် ကျွမ်းကျင်သွားရတာလဲ”

နန်လီသည် ပြုံးရုံသာ ပြုံးလိုက်ပြီးနောက် ကျန်းဟယ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

"တပ်မှူးကျန်း... တွေ့ရတာ ဝမ်းသာပါတယ်”

ကျန်းဟယ်ကလည်း ပြန်လည် နှုတ်ဆက်လိုက်သည်။ "နတ်အရှင် နန်လီ ကို ဂါရဝပြုပါတယ်”

နန်လီသည် ဩဇာတိက္ကမ ကြီးမားလှသော လုကျိုးကို သတိပြုမိသွားချိန်တွင် မေးမြန်းလိုက်၏။

"ဒီပုဂ္ဂိုလ်က"

"သူက အနက်ရောင်အစောင့်အရှောက်တွေရဲ့ အဖွဲ့ခေါင်းဆောင်သစ် ဆရာကြီးလုပါ"

ကျန်းဟယ်က ဖြေကြားလိုက်သည်။ ဤကဲ့သို့သော အခမ်းအနားမျိုးတွင် လုကျိုးသည် အဖြူရောင်ဧကရာဇ်၏ လက်အောက်ငယ်သား ဖြစ်ကြောင်း ပြောဆိုရန်မှာ မဖြစ်နိုင်ပေ။ သူသည် နောက်ထပ် စကားမဆိုတော့ဘဲ နန်လီကိုသာ ကြည့်နေလိုက်သည်။

နန်လီသည် လုကျိုးကို အကဲခတ်ကြည့်လိုက်၏။ ရွှမ်းယီကိုယ်တိုင်က သူ့ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်ရာ သူသည် သာမန် မဖြစ်နိုင်ကြောင်း တွေးတောလိုက်မိသည်။ ထို့နောက် သူက ပြုံးလျက် ပြောလိုက်သည်။

"ရွှမ်းယီနန်းဆောင်က တာအိုပညာရှင်တစ်ယောက်ကို စုဆောင်းနိုင်ခဲ့တယ်လို့ ငါ ကြားတယ်။ အဲဒီလူက မင်း ဖြစ်ရမယ် မဟုတ်လား အဖွဲ့ခေါင်းဆောင်လု”

အမှန်တော့ ကျန်းဟယ်၏ မိတ်ဆက်စကားအရဆိုလျှင် ဤခေါ်ဝေါ်မှုမှာ မှားယွင်းခြင်း မရှိပေ။ သို့သော်လည်း ရွှမ်းယီသည် ထိုစကားကို ကြားသောအခါ အတော်လေး မသက်မသာ ဖြစ်သွားသဖြင့် ပြင်ဆင်ပြောဆိုလိုက်၏။ "သူက မျှော်နန်းသခင်လုပါ”

"မျှော်နန်းသခင်တဲ့လား"

"မျှော်နန်းသခင်လုက မဟာလေဟာနယ်ကို မလာခင်က မျှော်နန်းတစ်ခုရဲ့ သခင်ဖြစ်ခဲ့တာပါ"

ရွှမ်းယီက ရှင်းပြလိုက်သည်။ ဤနည်းဖြင့် သူသည် အများကြီး ထုတ်ဖော်မပြဘဲ လုကျိုး၏ အဆင့်အတန်းကို အနည်းငယ် ထိန်းသိမ်းပေးနိုင်ပေသည်။ သူက တမင်သက်သက် သူ၏ သဘောထားကို ပြသလိုက်ခြင်း ဟုတ်၊ မဟုတ်ကိုမူ မည်သူကမျှ မသိနိုင်ပေ။

နန်လီသည် လုကျိုးကို လက်သီးဆုပ်မိုးနှုတ်ဆက်ကာ ပြောလိုက်၏။ "မျှော်နန်းသခင်လု... တွေ့ရတာ ဝမ်းသာပါတယ်”

လုကျိုးသည် ခေါင်းညိတ်လိုက်ပြီးနောက် ချီးကျူးလိုက်သည်။

"တောင်ပိုင်း အက်ကွဲတောင်က တကယ့်ကို ဖုန်းရွှေအလွန်ကောင်းတဲ့ ရတနာမြေပဲ။ ကျင့်ကြံဖို့အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုပဲ။ နှစ်ပေါင်း တစ်သိန်း ကြာပြီးနောက်မှာတောင်... ဒီက စမ်းရေက အရင်ကလိုပဲ လှပနေဆဲ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ကျန်းဟယ် "။။။"

‘ဒီဟန်ဆောင်မှုကတော့ တကယ်ကို လွန်လွန်းနေပြီ သူက ဒီနေရာကို အရင်က ရောက်ဖူးခဲ့တဲ့အတိုင်းပဲ’

နန်လီက မေးလိုက်၏။ "မျှော်နန်းသခင်လု... အရင်က ဒီနေရာကို ရောက်ဖူးခဲ့တာလား”

ရွှမ်းယီက အခြေအနေကို ဝင်ရောက် ကယ်တင်ပေးလိုက်သည်။

"ငါတို့ ဒီကိုလာတဲ့ လမ်းတစ်လျှောက်လုံးမှာ... ဒီနေရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အားလုံးကို မျှော်နန်းသခင်လုကို ငါ ပြောပြခဲ့တာပါ”

ကျန်းဟယ် "…"

‘အရှင်မင်းကြီး တကယ်ပဲ ပြောခဲ့တာလား။ ငါတို့ လာတဲ့ လမ်းတစ်လျှောက်လုံးမှာ ငါ အတူတူ ရှိနေခဲ့တာပဲ၊ ဘာဖြစ်လို့ အရှင်မင်းကြီးက တောင်ပိုင်း အက်ကွဲတောင် အကြောင်း ပြောတာကို ငါ မကြားခဲ့ရတာလဲ။ ငါ အရမ်း အိပ်ချင်နေလို့ ခေါင်းတွေ မူးဝေနေခဲ့တာများလား’

နန်လီက ပြုံးလိုက်၏။ "ဒီလိုကိုး။ အားလုံးပဲ... ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ကြပါ”

သူတို့ တာအိုခန်းမအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ခမ်းနားလှသော စားသောက်ပွဲကြီးတစ်ခု၊ ကောင်းမွန်သော သေရည်အရက်များနှင့် မိန်းမလှများကို မြင်တွေ့လိုက်ကြရသည်။

လူတိုင်း နေရာယူပြီးနောက် နန်လီက ပြောလိုက်၏။ "ခန်းမဆယ်ခုရဲ့ သခင်တွေထဲက တစ်ပါးဖြစ်တဲ့ အရှင့်ကို ကြိုဆိုခွင့်ရတာ တောင်ပိုင်း အက်ကွဲတောင် အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ အကယ်၍ အရှင့်ရဲ့ စိတ်တိုင်းမကျစရာ တစ်ခုခု ရှိခဲ့ရင်... ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ရွှမ်းယီက စကားကို လှည့်ပတ်မနေတော့ဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒီနေ့ ငါ ဒီကို လာခဲ့တာက မိတ်ဆွေဟောင်း တစ်ယောက်ကို တွေ့ဖို့နဲ့ တပ်မှူးနေရာအတွက် ပြိုင်ပွဲကို ပြင်ဆင်ဖို့အတွက်ပါ။ တောင်ပိုင်း အက်ကွဲတောင်ကို ပြိုင်ပွဲကျင်းပမဲ့ နေရာအဖြစ် ရွေးချယ်လိုက်တာက ငါမထင်ထားတာ ဖြစ်နေလို့”

"ဒါက သေးငယ်တဲ့ ကိစ္စလေးတစ်ခုပါ" နန်လီက ပြန်ပြောလိုက်ပြီးနောက် ကျန်းဟယ်ကို မေးလိုက်၏။

"တပ်မှူးကျန်း... မင်း ယုံကြည်မှု ရှိရဲ့လား”

ကျန်းဟယ်က ပြုံးလျက် ဆိုလိုက်သည်။ "တစ်ယောက်ယောက်ကများ ငါ့ဆီကနေ တပ်မှူးနေရာကို လုယူချင်တယ်ဆိုရင်တော့... သူတို့က အတော်လေး အရည်အချင်း ရှိဖို့ လိုလိမ့်မယ်”

"ပြိုင်ဘက်က ကြက်သွေးရောင်ဧကရာဇ်ရဲ့ ဘေးနားက လူတစ်ယောက်လို့ ကြားတယ်" နန်လီက ပြောလိုက်၏။

"ကြက်သွေးရောင်ဧကရာဇ်က အစွမ်းထက်ပြီး ငါ လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမဲ့လဲ ငါတို့က မဟာလေဟာနယ်ရဲ့ စည်းမျဉ်းတွေကိုတော့ လိုက်နာရမှာပဲလေ" ကျန်းဟယ်က ဆိုလိုက်သည်။

"မင်းပြောတာ မှန်ပါတယ်။ မင်းရဲ့ နေရာကို ဆက်ပြီး ထိန်းထားနိုင်ဖို့ မင်း အတော်လေး ယုံကြည်မှု ရှိနေတဲ့ပုံပဲ" နန်လီက ပြုံးလျက် ပြောလိုက်၏။

ထိုအခိုက်အတန့်တွင် လုကျိုးက မေးမြန်းလိုက်သည်။ "ကြက်သွေးရောင်ဧကရာဇ် ရောက်နေပြီလား”

နန်လီသည် ချက်ချင်း မဖြေကြားဘဲ သူ၏ဘေးရှိ တာအိုအစေခံကို ကြည့်ကာ မေးလိုက်၏။

"ကြက်သွေးရောင်ဧကရာဇ် ရောက်နေပြီလား”

တာအိုအစေခံသည် ရှေ့သို့ တိုးလာပြီး လျှောက်တင်လိုက်သည်။

"ကြက်သွေးရောင်ဧကရာဇ် မရောက်လာသေးပါဘူး။ စိန်ခေါ်သူ နှစ်ယောက်နဲ့ ၀ရဇိန် လေးပါးပဲ ရောက်လာတာပါ”

နန်လီ ခေါင်းညိတ်လိုက်၏။ "မျှော်လင့်ထားတဲ့အတိုင်းပဲ... ကြက်သွေးရောင်ဧကရာဇ်က အလုပ်များတဲ့သူ ဖြစ်နေတာကိုး”

နန်လီသည် အလုပ်များတဲ့သူ ဟူသော စကားလုံးကို အလေးပေး ပြောဆိုလိုက်၏။ သူ အချိန်းအချက် ဖျက်ခံလိုက်ရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေကြောင်း သိသာလှပေသည်။

"ကြက်သွေးရောင်ဧကရာဇ်က ငါ့ကို ဖိတ်ကြားခဲ့တာဆိုပေမဲ့ သူကိုယ်တိုင် ပေါ်မလာဘူးလို့ ငါ မထင်ထားခဲ့ဘူး" ရွှမ်းယီက ပြုံးလျက် ပြောလိုက်သည်။

အဆုံးကျတော့လည်း ရွှမ်းယီနှင့် နန်လီတို့သည် အဆင့်အတန်း မတူညီကြပေ။ ရွှမ်းယီက မကျေမနပ်ဖြစ်ပုံ မပေါ်သဖြင့် နန်လီသည်လည်း သဘာဝကျကျပင် သူ၏ မကျေနပ်မှုကို ထုတ်ဖော်ပြသနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် ကျန်းဟယ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"သူ မရောက်လာတာ တကယ့်ကို နှမြောစရာပဲ။ အခု အရှင်မင်းကြီးက မဟာနတ်ဘုရင်တစ်ပါး ဖြစ်နေပြီလေ”

ယင်းကို ကြားသောအခါ နန်လီ၏ မျက်နှာပေါ်တွင် အံ့ဩသွားသော အမူအရာ ပေါ်ထွက်လာတော့၏။

"မဟာနတ်ဘုရင်တစ်ပါး ဟုတ်လား။ ဂုဏ်ပြုပါတယ်"

"ငါ ကံကောင်းသွားရုံလေးပါ” ယနေ့တွင် ရွှမ်းယီသည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ကြက်သွေးရောင်ဧကရာဇ် မရောက်လာခြင်းက သူ့ကို သက်ရောက်မှု မရှိခဲ့ပေ။

"ကြက်သွေးရောင်ဧကရာဇ် မရောက်လာတာက တကယ်ကို နှမြောစရာပါပဲ" နန်လီက သူ၏ သေရည်ခွက်ကို မြှောက်ကာ ပြောလိုက်၏။

"မဟာနတ်ဘုရင် ရွှမ်းယီကို ကျွန်တော် ဂုဏ်ပြုစကား ပြောချင်ပါတယ်”

ထိုအချိန်တွင် ရွှမ်းယီသည် သူ၏ ကျေးဇူးရှင် လုကျိုးကို မည်သို့လျှင် ချန်လှပ်ထားနိုင်ပါမည်နည်း။

ရွှမ်းယီသည် မျက်နှာသေဖြစ်နေသော လုကျိုးကို တစ်ချက် ကြည့်လိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

"မျှော်နန်းသခင်လုနဲ့ တာအိုအကြောင်း ဆွေးနွေးခဲ့တာကြောင့်သာ ငါ အသိဉာဏ်ပွင့်လင်းသွားခဲ့တာပါ။ အဲဒီလိုမှ မဟုတ်ရင်... မဟာနတ်ဘုရင်တစ်ပါး ဖြစ်လာဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလိုမျိုး ခက်ခဲနေမှာ သေချာပါတယ်”

ကျန်းဟယ်သည် ရွှမ်းယီကို ပို၍ပင် နားမလည်နိုင်တော့ဟု ခံစားလာရ၏။ လုကျိုးသည် အဖြူရောင်ဧကရာဇ်၏ လက်အောက်ငယ်သား ဖြစ်နေလျှင်ပင် လုကျိုးကို ဤမျှအထိ မြှောက်စားနေစရာ မလိုပေ။

နန်လီက အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။

"ဒါကြောင့်ကိုး မဟာနတ်ဘုရင်ရွှမ်းယီက မျှော်နန်းသခင်လုကို ဒီကို ခေါ်လာခဲ့တာ အံ့ဩစရာ မရှိတော့ဘူး သူက တကယ်ကို တာအိုပညာရှင်ကြီး တစ်ယောက်ပဲ"

လုကျိုးက ခေါင်းခါယမ်းလိုက်၏။ "သူ အဆင့်တက်သွားတာက ငါနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဒါက သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ”

နန်လီသည် သူ၏ သေရည်ခွက်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။

"မျှော်နန်းသခင်လု... အရှင်က အရမ်းကို နှိမ့်ချလွန်းနေပါပြီ လာပါ... အရှင့်ကို ကျုပ် ဂုဏ်ပြုစကား ပြောပါရစေ"

ယင်းကို ကြားသောအခါ ကျန်းဟယ်သည် သူ၏ သေရည်ခွက်ကို မြှောက်ကာ ပြောလိုက်၏။

"နတ်အရှင်နန်လီကို အရင်ဆုံး ဂုဏ်ပြုစကား ပြောပါရစေ”

နန်လီက ပြုံးလျက် ဆိုလိုက်သည်။

"တပ်မှူးကျန်းရဲ့ ဘေးနားမှာ ဒီလို ပညာရှင်ကြီးတစ်ယောက် ရှိနေမှတော့... အားလုံး အတူတကွ အကြံဉာဏ်တောင်းဖို့ အခွင့်အရေးကို ဆုပ်ကိုင်ကြတာပေါ့ လာကြ... မျှော်နန်းသခင်လုကို ဂုဏ်ပြုကြစို့"

ကျန်းဟယ် "..."

ကျန်းဟယ်မှာ ဆွံ့အသွားရရှာသည်။ ‘ငါ တကယ်ပဲ ဒီကိစ္စကို ဆက်ပြီး မရင်ဆိုင်ချင်တော့ဘူး။ ငါ အိမ်ပြန်ချင်ပြီ’

သို့သော်လည်း ကျန်းဟယ်သည် ရွှမ်းယီနန်းဆောင်၏ တပ်မှူးဖြစ်နေသည် မဟုတ်ပါလော။ သူ မည်ကဲ့သို့ ထွက်သွားနိုင်မည်နည်း။ သူက စိတ်ထဲမှ တွေးလိုက်မိ၏။ ‘ထားလိုက်ပါတော့လေ။ သူ့ကို အဖြူရောင်ဧကရာဇ်လိုမျိုးပဲ သဘောထားလိုက်တော့မယ်။’

ဤအတွေးကို တွေးတောလိုက်ပြီးနောက် ကျန်းဟယ်သည် အတော်လေး စိတ်သက်သာရာ ရသွားတော့သည်။ လုကျိုးကို အဖြူရောင်ဧကရာဇ်ကဲ့သို့ သဘောထားလိုက်ခြင်းက လုကျိုး ခံစားနေရသော ဆက်ဆံမှုကို သူ ပိုမို နားလည် လက်ခံလာနိုင်စေပေသည်။

သေရည်သောက်ပြီးနောက် လုကျိုးက မေးမြန်းလိုက်၏။ "ကြက်သွေးရောင်ဧကရာဇ် မရှိဘူးဆိုမှတော့... စိန်ခေါ်သူ နှစ်ယောက်ကရော ဘယ်မှာလဲ”

နန်လီသည် တောင်ပိုင်း တိမ်တိုက်ရှုခင်းကြည့် စင်မြင့်ရှိရာ အရပ်မျက်နှာသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"သူတို့က တောင်ပိုင်း တိမ်တိုက်ရှုခင်းကြည့် စင်မြင့်မှာ ရှိနေပါတယ်။ မျှော်နန်းသခင်လုကလည်း မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင်တွေကို စိတ်ဝင်စားလို့လား”

ကြက်သွေးရောင်ဧကရာဇ် ခေါ်ဆောင်သွားခဲ့သော မဟာလေဟာနယ်မျိုးစေ့ ပိုင်ရှင် နှစ်ဦးမှာ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့ ဖြစ်ကြောင်း လုကျိုး သိရှိထားပေသည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

"သူတို့ကလည်း ဧည့်သည်တွေပဲဆိုတော့... သူတို့ကို ဒီကို ခေါ်ပြီး စကားစမြည် ပြောကြရင်ကော မကောင်းဘူးလား"

‘သူတို့က ငါ့ရဲ့ ဆိုးသွမ်းတဲ့ တပည့်နှစ်ယောက် ဟုတ်၊ မဟုတ် အရင်ဆုံး အတည်ပြုပြီး အခြေအနေအရ လုပ်ဆောင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေရာက မဟာလေဟာနယ်လေ... နယ်မြေကိုးခုမှ မဟုတ်တာ။’

နန်လီက ပြုံးလျက် ပြောလိုက်သည်။ "မျှော်နန်းသခင်လုကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ။ တပ်မှူးနေရာ ပြိုင်ပွဲ မစခင်မှာ မတွေ့ဆုံတာက အကောင်းဆုံးပါပဲ”

"တပ်မှူးနေရာ ပြိုင်ပွဲတဲ့လား"

ရွှမ်းယီက ရှင်းပြလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းက ကုန်းမြေကြီး အက်ကွဲသွားပြီးတဲ့နောက် ဖျက်ဆီးခြင်းတိုင်လုံး ဆယ်ခုက မဟာလေဟာနယ်ကို ကောင်းကင်ယံအထိ မြှောက်တင်ပေးခဲ့တယ်။ မဟာလေဟာနယ် တည်ငြိမ်မှုရှိစေဖို့အတွက် ခန်းမဆယ်ခုက လောကအရပ်ရပ်က ကျင့်ကြံသူတွေကို စုဆောင်းခဲ့တယ်။ လူတိုင်းမှာ ကိုယ်ပိုင် တာဝန်တွေ ရှိကြတယ်။ နန်းဆောင်တစ်ခုရဲ့ တပ်မှူးဟာ အဲဒီနန်းဆောင်ရဲ့ အဓိက ခွန်အားပဲ။ မဟာဧကရာဇ်က ခန်းမဆယ်ခုအတွက် သွေးသစ်တွေ ထောက်ပံ့ပေးနိုင်ဖို့ တပ်မှူးနေရာ ပြိုင်ပွဲကို အနှစ် ၁,၀၀၀ မှာ တစ်ကြိမ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ”

ကျန်းဟယ်က ဝင်ပြောလိုက်၏။ "ဒီနေ့ ငါ လာခဲ့တာက သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ပါ။ လူတိုင်းက ဒီလောက်တောင် စိတ်အားထက်သန်နေကြမှတော့ စောင့်နေစရာ မလိုတော့ပါဘူး”

နန်လီက မေးမြန်းလိုက်သည်။ "တပ်မှူးကျန်း... မင်း အခုပဲ ယှဉ်ပြိုင်ဖို့ စီစဉ်နေတာလား”

"ငါ့ရဲ့ လက်သီးတွေက ယားယံနေပြီ" ကျန်းဟယ်က ပြောပြီးနောက် လွင့်မျောနေသော စင်မြင့်နှစ်ခုကြားရှိ ဧရာမ ကွင်းပြင်ကြီးဆီသို့ ဖျတ်ခနဲ လှုပ်ရှားသွားတော့သည်။

ထိုကွင်းပြင်ကြီးမှာ အလွန် ကျယ်ပြောပြီး ရှစ်ထောင့်ပုံသဏ္ဌာန် ရှိပေသည်။ ၎င်း၏ ပတ်လည်တွင် သိသာထင်ရှားသော အရံအတားများ ရှိနေပြီး တိမ်တိုက်များက ၎င်းကို ရစ်ပတ်ဝဲပျံနေသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကို ပေးစွမ်းနေပေသည်။

ကျန်းဟယ်သည် ကွင်းပြင်၏ အလယ်ဗဟို၌ ပေါ်ထွက်လာပြီးနောက်၊ တောင်ပိုင်း တိမ်တိုက်ရှုခင်းကြည့် စင်မြင့်ဆီသို့ အသံလွှင့်ကာ ဆက်သွယ်လိုက်၏။

"ငါက ရွှမ်းယီနန်းဆောင်ရဲ့ တပ်မှူး ကျန်းဟယ်ပါ။ ကျေးဇူးပြုပြီး ခေတ္တ ကြွလှမ်းခဲ့ပါ”

ထိုအချိန်တွင် လုကျိုးက မေးမြန်းလိုက်သည်။ "စိန်ခေါ်သူ နှစ်ယောက်ရဲ့ ကျင့်ကြံမှုတွေက ဘယ်အဆင့်မှာ ရှိနေလဲ”

နန်လီက ပြန်လည်ဖြေကြားလိုက်၏။ "သူတို့နှစ်ယောက်စလုံးက မဟာလေဟာနယ်မျိုးစေ့တွေကို ပိုင်ဆိုင်ထားကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက သူတို့က သူတော်စင်တွေ ဖြစ်ခဲ့ကြတယ်။ အခုဆိုရင်တော့ သူတို့က မဟာတာအိုကို နားလည်သဘောပေါက်ပြီး တာအိုသူတော်စင်တွေ ဖြစ်နေလောက်ပြီလို့ ထင်ပါတယ်”

ရွှမ်းယီက ဆက်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မဟာလေဟာနယ်မှာ ထိပ်တန်း အသက်ဓာတ်နှလုံးသားတွေနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ မရှားပါဘူးလေ။ သူတို့ တာအိုသူတော်စင်တွေ ဖြစ်လာတာက ပုံမှန်ပါပဲ”

"ဒါက ပျမ်းမျှလောက်ပဲ ရှိတာပါ..." လုကျိုးက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

"ဘာ"

"သူတို့က တာအိုသူတော်စင် အဆင့်မှာပဲ ရှိနေသေးတာ။ သူတို့ ပိုပြီး ကြိုးစားဖို့ လိုသေးတယ်" လုကျိုးက ပြောလိုက်သည်။

နန်လီသည် ပို၍ပင် အံ့ဩသွားရတော့၏။ မူလက သူသည် လုကျိုးကို တာအိုသူတော်စင်တစ်ပါးဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း 'သူတို့က တာအိုသူတော်စင် အဆင့်မှာပဲ ရှိနေသေးတာ' ဟူသော စကားများအရ လုကျိုး၏ ကျင့်ကြံမှုမှာ များစွာ ပိုမို မြင့်မားကြောင်း သိသာထင်ရှားလှပေသည်။ ဆိုလိုသည်မှာ လုကျိုးသည် အနည်းဆုံး မဟာတာအိုသူတော်စင် တစ်ပါး ဖြစ်ပေလိမ့်မည်။

မြောက်ဘက် တာအိုခန်းမနှင့် တောင်ဘက် တိမ်တိုက်ရှုခင်းကြည့် စင်မြင့်တို့မှနေ၍ ထိုကွင်းပြင်ကြီးကို အလွန် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ တောင်ပိုင်း အက်ကွဲတောင်ကို ပြိုင်ပွဲကျင်းပမည့် နေရာအဖြစ် ရွေးချယ်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ အရံအတားများနှင့် ပေါင်းစပ်လိုက်သောအခါ မည်သူက ပိုမို သာလွန်ကြောင်းကို အလွယ်တကူ မြင်တွေ့နိုင်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ကျန်းဟယ်သည် မြေပြင်မှ သုံးလက်မခန့် အကွာ၌ ဝဲပျံနေပြီး လက်နောက်ပစ်ကာ မတ်တတ်ရပ်နေ၏။ တောင်ပိုင်း တိမ်တိုက်ရှုခင်းကြည့် စင်မြင့်ဆီမှ မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ သူက အသံကျယ်ကျယ်ဖြင့် ထပ်မံ ပြောဆိုလိုက်သည်။

"မီးလျှံပင်လယ်က မိတ်ဆွေများ... ကျေးဇူးပြုပြီး ခေတ္တ ကြွလှမ်းခဲ့ပါ။ နတ်ဘုရင် ရွှမ်းယီ၊ နတ်အရှင် နန်လီ... ကောင်းကင်၊ ကမ္ဘာမြေ၊ နေနဲ့ လ တို့က ငါတို့ရဲ့ သက်သေတွေ ဖြစ်လိမ့်မယ်”

ထိုအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသော လှံရှည်တစ်လက်သည် တိမ်တိုက်များကြားမှနေ၍ ကြယ်ကြွေသကဲ့သို့ ကျန်းဟယ်ထံသို့ တဟုန်ထိုး ပျံသန်းလာတော့၏။

ကျန်းဟယ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။ သူသည် လက်တစ်ဖက်မှ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ထိုရွှေရောင်လှံရှည်ကို ဖယ်ရှားရန် လှမ်းကိုင်လိုက်၏။

ကျန်းဟယ်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ရွှေရောင်လှံရှည် ဖမ်းမိသွားချိန်၌ ပြင်းထန်သော လေမုန်တိုင်းကြီးတစ်ခု တိုက်ခတ်လာတော့သည်။

"သွားစမ်း"

ကျန်းဟယ်၏ လက်ထဲတွင် ဓားသွား တစ်ထောင်၏ စွမ်းအားများ ကိန်းဝပ်နေပုံရပေသည်။ သူသည် ရွှမ်းယီနန်းဆောင်တွင် သာမန်လက်ချည်းသက်သက်ဖြင့် တိုက်ခိုက်ရာ၌ နာမည်ကြီးသော ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

ရွှေရောင်လှံရှည်မှာ တုန်ခါသွားပြီးနောက် ကျန်းဟယ်၏ လက်ချောင်းနှစ်ချောင်းဖြင့် ကျယ်လောင်သော အသံကြီးနှင့်အတူ လွင့်စဉ်သွားတော့၏။ တိုက်ခတ်လာသော လေပြင်းများမှာ တောင်တန်းများဆီသို့ ဦးတည်သွားပြီး သစ်ရွက် ထောင်ပေါင်းများစွာကို လွင့်စဉ်သွားစေတော့သည်။

…

All Chapters