အခန်း ၄၆၄
Vol. 47 Ch. 464
အခန်း(၄၆၄) ပြဿနာကြီးတစ်ခု ဖြစ်နေပြီ
"အိုးဟိုးဟိုး။ နောက်ဆုံးတော့ ငါတို့ အထဲရောက်သွားပြီ။ အထဲမှာ ဝိညာဉ်ပုံဆောင်ခဲတွေနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ အပြည့်ပဲ။"
မိုင်းတွင်းထဲတွင် ကောင်မလေးက စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်သပ်လိုက်ပြီး မျက်လုံးများမှာ တောက်ပနေသည်။ "ဒီဝိညာဉ်ကျောက်တုံးတွေ အားလုံးကို စားလိုက်ရရင် ဘယ်လောက်တောင် အစွမ်းထက် လာမလဲဆိုတာ တွေးတောင် မတွေးရဲဘူး။"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဆာလောင်နေသော ကျားတစ်ကောင်လို ဝိညာဉ်ကျောက်တုံး မိုင်းတွင်းပေါ်သို့ ခုန်အုပ်သွားပြီး အငမ်းမရ စားသောက်လေတော့သည်။
ထိုသေးငယ်ပြီး နီရဲသော နှုတ်ခမ်းလေးများက အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ကျောက်တုံးများက မမြင်ရသောစွမ်းအားတစ်ခုဖြင့် သူ့ဆီသို့ ဆွဲငင်ခံရကာ ရေစီးကြောင်း တစ်ခုကဲ့သို့ စုဝေးလာကြသည်။
အသက်တစ်ရှိုက်နှစ်ရှိုက် အတွင်းမှာပင် မိုင်းတွင်း၏အလယ်ဗဟိုတွင် ကြီးမားသော ချိုင့်ခွက်ကြီး တစ်ခု ပေါ်လာ၏။
သူက မိုင်းတွင်း၏ အနက်ရှိုင်းဆုံးအပိုင်းကို စတင်ရာနေရာအဖြစ် ဂရုတစိုက် ရွေးချယ်ခဲ့သောကြောင့် အရင်းအမြစ်များကို စုဆောင်းရန် အလုပ်ရှုပ်နေကြသော လရိပ်ဂိုဏ်းမှ တပည့်များသည် မိုင်းတွင်း၏ အလယ်ဗဟို အစားခံနေရကြောင်းကို လုံးဝ သတိမထားမိကြပေ။
"အို။ ရှင်တို့က အရမ်း မြန်မြန် ရောက်လာတာပဲ..." ကောင်မလေးက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မျက်လုံးများကို မှေးစင်းကာ နှုတ်ခမ်းများပေါ်တွင် စဉ်းလဲသော အပြုံးတစ်ခု ပေါ်လာသည်။ "ကြည့်ရတာ ငါ အရှိန်မြှင့်ဖို့ လိုလာပြီထင်တယ်။" သူက အသက်ပြင်းပြင်း ရှူလိုက်ရာ ရင်ဘတ် အနည်းငယ် ဖောင်းတက်လာပြီး တစ်ကိုယ်လုံးသည် ဝိညာဉ်ကျောက်တုံးများကို ဝါးမျိုသည့် လေဝဲကြီးတစ်ခုလို ဖြစ်သွားကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ကျောက်တုံးများက မျက်မြင်ထင်ရှားသော အရှိန်ဖြင့် ပျောက်ကွယ်သွား၏။
သူက ကောင်းကင်လျှို့ဝှက်ချက်များကို ထိုးထွင်းသိမြင်နိုင်ရာ သဘာဝကျကျပင် ၎င်းတို့ကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားနိုင်လေသည်။
အခု ငါလုပ်ရမှာက လုံးဝအမိမခံရခင် ဝိညာဉ်ကျောက်တုံးတွေကို တတ်နိုင်သမျှ အများကြီး စုပ်ယူဖို့ပဲ။
လရိပ်ဂိုဏ်းကို လက်လွတ်ခံလိုက်ရရင် တခြားဘယ်မှာမှ ကျန်တော့မှာ မဟုတ်ဘူး။
"လရိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ ဘိုးဘေးကြီးက အရမ်းကို အံ့ဩစရာကောင်းတာပဲ။" ကောင်မလေးသည် ဝိညာဉ်ကျောက်တုံးများကို ဝါးမျိုရင်း အနည်းငယ် တောက်ပနေသော နှုတ်ခမ်းများကို ကျေနပ်စွာ သပ်လိုက်ရာ မျက်လုံးများတွင် လေးစားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ "စိတ်ဝိညာဉ်ချီစွမ်းအင်တွေနဲ့ အရင်းအမြစ်တွေ တဖြည်းဖြည်း ခမ်းခြောက်လာတဲ့ ခေတ်ကြီးမှာတောင် သူတို့က ဒီလို ကြီးမားတဲ့ အဆင့်မြင့် ဝိညာဉ်ကြောကို ပိုင်ဆိုင်ထားနိုင်သေးတယ်။ ဒီနေရာကလွဲရင် မိစ္ဆာမျိုးနွယ်တွေဆီမှာပဲ နည်းနည်းပါးပါး ကျန်တော့မယ် ထင်တယ်။"
ကံဆိုးသည်မှာ သူက မိစ္ဆာမျိုးနွယ်များဆီကို ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
တောင်တန်းတစ်သောင်း၏ အနက်ရှိုင်းဆုံးနေရာက မိစ္ဆာများမှာ ဝံပုလွေများ၊ ကျားများလိုပင်။ လူသား ကျင့်ကြံသူများကို ကမ္ဘာမကြေရန်သူတွေအဖြစ် သတ်မှတ်ထားပြီး တွေ့သည်နှင့် အရှင်လတ်လတ် ဝါးမျိုပစ်ချင် နေကြသည်။
သူက ကောင်းကင်လျှို့ဝှက်ချက်များကို မြင်နိုင်စွမ်းရှိသည့် စွမ်းရည်ကို ပြသလျှင်ပင် အလဟဿ ဖြစ်ပေလိမ့်မည်။
သူက ထိုမိစ္ဆာများ၏ အကျဉ်းချခြင်းကိုခံရပြီး အသုံးချံအဖြစ် သေချာပေါက် အသုံးပြုခံရပေမည်။
...
မိုင်းတွင်းသို့ရောက်ရှိသည်နှင့် ချန်ဟွိုက်အန်က အနီးအနားရှိ တပည့်များကို ချက်ချင်း ခေါ်လိုက်သည်။
"ဟိုဗေဒင်ဆရာမလေး ဒီဘက်ကိုလာတာ မြင်မိကြလား။"
တပည့်များက အချင်းချင်းကြည့်ကာ ခေါင်းခါပြသည်။ "ဘိုးဘေးကြီး၊ ကျွန်တော်တို့ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။"
ချန်ဟွိုက်အန်က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး မျက်ခုံးနှစ်ခုကြားမှ အပြာရောင် အလင်းတန်းလေး သဲ့သဲ့မျှ ထွက်ပေါ်လာသည်။ သူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမအဆင့် နတ်ဘုရားအာရုံကို ပါးလွှာသောမြူခိုးတစ်ခုကဲ့သို့ ဖြန့်ကြက်ကာ မိုင်းတွင်းတစ်ခုလုံးကို လွှမ်းခြုံလိုက်သော်လည်း ဘာမှ မတွေ့ရပေ။
သူက ဂိမ်းကိုအသုံးပြု၍ ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်ရန် ယခုလေးတင် ကြိုးစားခဲ့သော်လည်း အမြဲအောင်မြင်လေ့ရှိသော ဂိမ်း၏ဖောက်သည်ဝန်ဆောင်မှုသည် ဗေဒင်ဆရာမလေး၏ တည်နေရာကို မတွက်ချက်နိုင်ခဲ့ပေ။
တွက်ချက်မရနိုင်ခြင်းမျိုး မဟုတ်ဘဲ လုပ်ပိုင်ခွင့်မရှိသည့်အလား တုံ့ပြန်မှုမျိုး ဖြစ်နေသည်။
သူက နတ်ဘုရားအာရုံကို ဟင်းလင်းပြင်ပေါင်းစည်းခြင်း ပထမအဆင့်မှ နဝမအဆင့်အထိ ထို့နောက် မဟာပေါင်းစည်းခြင်းအဆင့်အထိ ဆက်လက်၍ မြှင့်တင်ခဲ့သော်လည်း ကောင်မလေး၏ခြေရာကို လုံးဝ ရှာမတွေ့နိုင်သေးပေ။
"ကျွတ်။ ငါတို့ သူ့ကို အထင်လွဲခဲ့တာများလား။" ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်သပ်ကာ မျက်မှောင် ကြုတ်လိုက်သည်။ "လရိပ်ဂိုဏ်းကနေ တကယ် ထွက်သွားချင်လို့ စိတ်ကူးပေါက်ပြီး ခရီးထွက်သွားတာများလား။"
"ဘိုးဘေးကြီး။" တန်ယွန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက အသက်ရှူမှားသွားပြီး ထစ်ငေါ့စွာ ပြောလိုက်သည်။ "ဘိုးဘေးကြီး။"
"သူက ကျွန်မတို့ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲကို ဝင်သွားနိုင်ခြေရှိတယ်လို့ ထင်လား။။"
"မပြောနဲ့။ မင်း ငါ့ကို အဲဒီလို တကယ်မပြောသင့်ဘူး။" ချန်ဟွိုက်အန် ရုတ်တရက် မော့ကြည့်လိုက်ပြီး ခြေဖနောင့်မှ ခေါင်းအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲတွင် အသင့်သုံးနိုင်သော ဝိညာဉ်ကျောက်တုံးများနှင့် ပုံဆောင်ခဲများအပြင် ယောင်ချီမြင့်မြတ်နယ်မြေနှင့် ဖန်ကျင်းမြင့်မြတ်နယ်မြေတို့မှ သိမ်းဆည်းရမိသော အရင်းအမြစ် အမြောက်အမြား ရှိသည်။
တန်ဖိုးရှိတာတစ်ခုခု ရချင်တယ်ဆိုရင် ဂိုဏ်းဘဏ္ဍာတိုက်က သေချာပေါက် အလွယ်ကူဆုံး နေရာပဲလေ။
ဒီမိုင်းတွင်းက ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိပေမဲ့ ကိုယ်တိုင် တူးဖော်ရဦးမှာပဲ မဟုတ်လား။
"သွားကြစို့။ အခုချက်ချင်း ဂိုဏ်းဘဏ္ဍာတိုက်ဆီကို သွားမယ်။"
ချန်ဟွိုက်အန်၏မျက်လုံးများ စူးရှသွားပြီး နေရာလွတ်လမ်းတစ်ခုကို တိုက်ရိုက် ဆုတ်ဖြဲဖွင့်လိုက်ကာ ရှေ့သို့အရင် ခြေတစ်လှမ်း လှမ်းဝင်သွားသည်။
တန်ယွန်က တန်ပိုင်ကိုခေါ်ကာ အနီးကပ် လိုက်ပါသွားသည်။
ထို့နောက် သူတို့ သုံးဦး ထွက်ခွာသွားကြသည်။
"ဟွန့်…" မိုင်းတွင်းထဲတွင် ကောင်မလေး၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။ "ငါက ဘဏ္ဍာတိုက်ထဲကို ဝင်သွားလောက်အောင် ရူးနေလို့လား။"
"ဘဏ္ဍာတိုက်ဆိုတာက ကြီးမားပြီး ဟာလာဟင်းလင်း ဖြစ်နေတဲ့ နေရာကြီးလေ။ အဲဒီကို သွားရင် ငါ ချက်ချင်း အဖမ်းခံရမှာပေါ့။ မိုင်းတွင်းတွေက အများကြီး ပိုကောင်းတယ်။"
သူ စကားပြောနေရင်း ဂုဏ်ယူစွာဖြင့် နောက်ထပ် အကြီးကြီးတစ်ကိုက် ထပ်ကိုက်လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် သူ စုပ်ယူလိုက်သော ဝိညာဉ်ကျောက်တုံး အရေအတွက် တိုးလာသည်နှင့်အမျှ ကျင့်ကြံမှုအဆင့်မှာလည်း အတက်အကျ ဖြစ်နေသည်။
...
"ထူးဆန်းတယ်၊ ဘဏ္ဍာတိုက်ထဲက ဘာကိုမှ မထိထားဘူး။"
ချန်ဟွိုက်အန်က ဘဏ္ဍာတိုက်ကို ရှာဖွေကြည့်ရာ ရတနာများ အခိုးမခံရသည့်အပြင်၊ ကြမ်းခင်းကြွေပြား တစ်ချပ်ပင် ပျောက်ဆုံးနေခြင်း မရှိကြောင်း တွေ့လိုက်ရသည်။
"ငါတို့ သူ့ကို အထင်လွဲခဲ့တာ ဖြစ်နိုင်တယ်။ သူက ဝိညာဉ်ကျောက်တုံးတွေအတွက် လရိပ်ဂိုဏ်းကို ရောက်လာတာ မဟုတ်နိုင်ဘူး။ ဒါမှမဟုတ် သူက သူတော်စင်ယွိစီရဲ့ အလောင်း မဟုတ်တာလည်း ဖြစ်နိုင်တယ်။"
တန်ယွန်က ဘာပြောရမှန်းမသိဘဲ အနေခက်စွာ ရပ်နေသည်။
အခြေအနေက ယခုတွင် သူ၏ထိန်းချုပ်မှုအောက်မှ လုံးဝ လွတ်ထွက်သွားလေပြီ။
ကြိုတင်ပြီး ခွဲခြမ်းစိတ်ဖြာထားခဲ့သမျှအားလုံး ကျားတစ်ကောင်လို ကြမ်းတမ်းခဲ့သော်လည်း အားလုံးက လုံးဝကို အမှားကြီး ဖြစ်သွားခဲ့သည်။
ဒီကောင်မလေးသာ ယွိစီရဲ့အလောင်း မဟုတ်ခဲ့ဘူးဆိုရင် သူ လရိပ်ဂိုဏ်းကိုလာရတဲ့ တခြား ပြောမထွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလား။
အဲဒါဆို ပိုပြီးတော့တောင် အန္တရာယ်များနေမှာ မဟုတ်ဘူးလား။
သူတို့နှစ်ဦး ကောင်မလေး၏တည်နေရာကို တွေးတောနေစဉ်မှာပင်။
လရိပ်ဂိုဏ်းမှ တပည့်တစ်ဦးက တုန်ယင်စွာ ဝင်လာပြီးသူ၏မျက်နှာမှာ စက္ကူကဲ့သို့ ဖြူရော်နေကာ ချန်ဟွိုက်အန်ရှေ့တွင် ဒူးထောက်ကျသွားသည်။
"ဘိုးဘေးကြီး။ ပြဿနာကြီးတစ်ခု ဖြစ်နေပြီ။"
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အဝေးမှ ကျယ်လောင်သော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရသောအခါ တပည့်ဖြစ်သူ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားပြီး ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ယင်နေသည်။
"ဖြည်းဖြည်းချင်းပြော၊ မလောနဲ့။" ချန်ဟွိုက်အန်၏ရင်ထဲတွင် တင်းကျပ်သွားပြီး မကောင်းသော နိမိတ်တစ်ခု ပေါ်လာသည်။
တပည့်ဖြစ်သူ၏အသံမှာ တုန်ယင်နေပြီး ငိုသံပါနေ၏။ "ဘိုးဘေးကြီး၊ ကျွန်တော်တို့ရဲ့ မိုင်းတွင်းကြီးက အထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီ။ ပြိုကျတော့မယ်..."
"မဟုတ်ဘူး၊ မဟုတ်ဘူး။ အခု ပြိုကျသွားပြီ။ ခုနက အသံကြီးက သေချာပေါက် မိုင်းတွင်း ပြိုကျတဲ့ အသံပဲ ဖြစ်ရမယ်။"
"ဘာပြောတယ်။" ချန်ဟွိုက်အန်၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။
စကားတစ်ခွန်းမှ မပြောတော့ဘဲ သူ လက်ဝှေ့ယမ်းလိုက်ရာ နေရာလွတ်က ထပ်မံအက်ကွဲသွားသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီး မိုင်းတွင်းရှေ့သို့ ရောက်ရှိသွားသည်။
တစ်ချိန်က ရှင်းလင်းစွာ ပုံဖော်ထားသော တောင်ကြီးက ယခုအခါ အတွင်းသို့ ပြိုကျသွားပြီး ဧရာမ သားရဲကြီးတစ်ကောင်၏ အတွင်းမှနေ၍ ဝါးမျိုခံလိုက်ရသည့်အလား ဖြစ်နေသည်။
မူလက ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများဖြင့် ပြည့်နှက်နေသော ဧရိယာက ယခုအခါ ဗလာဖြစ်နေသော ဥခွံကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ဝိညာဉ်ကျောက်တုံး အပါးလွှာလေးတစ်လွှာသာ အပြင်ဘက်တွင် ကျန်ရစ်ကာ အတွင်းဘက်မှာမူ လုံးဝဟာလာဟင်းလင်း ဖြစ်နေသည်။
ထိုဧရာမချိုင့်ခွက်ကြီး၏ အလယ်ဗဟိုတွင် သူနှင့်တန်ယွန်တို့ ရှာဖွေနေသည့် ပစ်မှတ်ဖြစ်သော ဗေဒင်ဆရာမလေးကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ ယခုတွင် သူက ချိုင့်ခွက်ထဲ ပျင်းရိစွာ လှဲလျောင်းနေပြီး လက်တစ်ဖက်က ဖောင်းကားနေသောဗိုက်ကို ပွတ်သပ်နေကာ နောက်လက်တစ်ဖက်က လက်ချောင်းထိပ်မှ ကျန်နေသည့် စိတ်ဝိညာဉ်ချီစွမ်းအင်များကို ညင်သာစွာ ယက်နေ၏။ သူ၏မျက်နှာက ကျေနပ်မှုနှင့် ပျင်းရိမှုများ ပြည့်နှက်နေလေသည်။
"အိုး။ လရိပ်ဂိုဏ်းရဲ့ ဘိုးဘေးကြီး မဟုတ်လား။"
ချန်ဟွိုက်အန်၏ ပြာနှမ်းနေသောမျက်နှာကို မြင်လိုက်ရသောအခါ ကောင်မလေး၏ အပြုံးက ချက်ချင်း အေးခဲသွားသည်။
ဒုက္ခပဲ။ ငါ ဝိညာဉ်ကျောက်တုံးတွေကို အစားကြူးနေတာနဲ့ လမ်းကြောင်းကို သေချာ မပြင်ဆင် လိုက်မိဘူး။ ပြီးတော့ အချက်အချာကျတဲ့ နေရာတချို့ရဲ့ အလေးချိန် ခံနိုင်ရည်ကို လျစ်လျူရှုမိလိုက်လို့ မိုင်းတွင်း တစ်ခုလုံး ပြိုကျသွားတာပဲ။ အခု ဒီမိုင်းတွင်းထဲက တစ်ဝက်နီးပါးလောက်ကို စားပြီးသွားပြီဆိုတော့ကာ ချန်ဟွိုက်အန်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။
လွတ်လမ်း တစ်ခုပဲ ရှိတော့တယ်။ ပြေးပေတော့။
ဝိညာဉ်ကျောက်တုံး အများအပြားကို စုပ်ယူထားသည့်အတွက် သူ၏ကျင့်ကြံမှုအဆင့်က အပြည့်အဝ မတည်ငြိမ်သေးပေ။
သို့သော် ပုံမှန်ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့်တော့ အတော်လေး ဆင်တူနေလေပြီ။
ထိုအဆင့်ကို ရောက်သွားသည်နှင့် ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ပုံဆောင်ခဲများကို စားသုံးရုံ သက်သက်က သိပ်ပြီးအသုံးမဝင်တော့ပေ။ ရှေ့ဆက်တက်လှမ်းချင်ပါက၊ ပိုပြီးတန်ဖိုးရှိသော အရာများကို စားသုံးရန် လိုအပ်ပေသည်။
ငါ့ရှေ့မှ လရိပ်ဂိုဏ်းဘိုးဘေးကြီးကလည်း ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်မှာပဲ ရှိနေတယ်။ ငါ့ရဲ့ စွမ်းရည် အားလုံးကို အာရုံစိုက်ပြီး ထွက်ပြေးဖို့လောက်ကတော့ သေချာပေါက် လုပ်နိုင်မှာပေါ့။
သို့သော်လည်း သူက ချန်ဟွိုက်အန်၏စွမ်းအားကို လျှော့တွက်မိနေဆဲ ဖြစ်သည်။
သူ၏ခြေဖျားလေးများ မြေပြင်ကိုထိပြီး ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် လည်ကုပ်၌ တင်းကျပ်မှုတစ်ခုကို ခံစားလိုက်ရပြီး လေထဲတွင် တွဲလောင်းဖြစ်သွားကာ ချန်ဟွိုက်အန်က သူ့ကို ကြက်ကလေး တစ်ကောင်ကို ကောက်ကိုင်လိုက်သကဲ့သို့ လက်တစ်ဖက်တည်းဖြင့် မတင်လိုက်သည်။
"ငါ့ရဲ့ ဝိညာဉ်မိုင်းတွင်းကိုစားပြီးတော့ ထွက်ပြေးလို့လွတ်မယ် ထင်နေတာလား။"
ချန်ဟွိုက်အန်က သံညှပ်ကြီး တစ်ခုကဲ့သို့ပင် ကောင်မလေး၏ကော်လာကို ဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာမှာ ကြမ်းတမ်းနေ၏။
"မင်းက သူတော်စင်ယွိစီရဲ့ ညီမပဲဖြစ်ဖြစ်၊ သူတော်စင်ယွိစီ ပိုင်းဖြတ်ထားတဲ့ အလောင်းတစ်လောင်းပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။"
"ဒီနေ့ မင်း စားထားတဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံး ပြန်မအန်ထုတ်ဘူးဆိုရင် မင်းပါးစပ်ထဲက ချီးတွေထွက်လာတဲ့အထိ ရိုက်ပစ်မယ်။"
...