အခန်း ၄၆၈
Vol. 47 Ch. 468
အခန်း(၄၆၈) ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ
ဂျောက် ဂျောက် ဂျောက်…
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ခန်းမတစ်ခုလုံး ပိုက်ဆံထုတ်စက်များ အလုပ်လုပ်နေသည့် အသံများဖြင့် ပြည့်နှက်နေ၏။
ချန်ဟွိုက်အန်က ခန်းမအလယ်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်။
သူ၏လက်အောက်ငယ်သားများက ပိုက်ဆံထုတ်စက်များကြားတွင် အလုပ်ရှုပ်စွာ သွားလာနေကြသည်။
"ပိုက်ဆံထုတ်စက်က ဒီရာစုနှစ်ရဲ့ အကြီးကျယ်ဆုံး တီထွင်မှုပဲ။"
ချန်ဟွိုက်အန်က ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ပိုက်ဆံထုတ်စက်နှင့် ချိတ်ဆက်ထားပြီးဖြစ်ကာ သူ၏ အကောင့်ထဲရှိ လက်ကျန်ငွေများ တည်ငြိမ်စွာဖြင့် တိုးလာနေသည်ကို ကြည့်ရင်း နှုတ်ခမ်းပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။
"အဆင့်မြင့် ဝိညာဉ်ကြောက ဒီမှာ ရှိနေတာပဲ မဟုတ်လား။ ဟီးဟီးဟီး။"
သူက အဆင့်မြင့်ဝိညာဉ်ကြောတစ်ခုကို ယခုလေးတင် ဝယ်လိုက်ခြင်း ဖြစ်သည်။
ထိုဝိညာဉ်ကြောသည် ယခုအခါ ကစားသူ၏ သိုလှောင်အိတ်ထဲတွင် ရှိနေသည်။ ယခုအချိန်တွင် ကမ္ဘာငယ် တည်ဆောက်ရေး စတိုးဆိုင်၌ ဝယ်ယူရန် အဆင့်မြင့်ဝိညာဉ်ကြော သုံးခု ကျန်ရှိနေသေးသည်။
ချန်ဟွိုက်အန်က ကျန်ရှိနေသော အဆင့်မြင့်ဝိညာဉ်ကြော သုံးခုစလုံးကို ဝယ်ယူရန် စီစဉ်ထားသည်။
သူ နောက်ထပ် နှစ်နာရီခန့် စောင့်ဆိုင်းလိုက်၏။
အကောင့်ထဲရှိငွေက နောက်ဆုံးတွင် လုံလောက်သွားပြီ ဖြစ်သည်။
သူက ဝယ်ယူရန် စာမျက်နှာသို့ အလျင်အမြန် သွားလိုက်ပြီး တုန်ယင်နေသော လက်ချောင်းများဖြင့် ဝယ်ယူရန် နှိပ်လိုက်သည်။
[ ဝယ်ယူမှု အောင်မြင်ပါသည်။ အဆင့်မြင့်ဝိညာဉ်ကြော နှစ်ခု ရရှိသည့်အတွက် ဂုဏ်ယူပါသည် ]
"ဟားဟားဟား။ အဆင့်မြင့်ဝိညာဉ်ကြော သုံးခုနဲ့ဆိုရင် ချင်းယွန်ဘုံရော လက်တွေ့ကမ္ဘာမှာပါ ငါ လွှမ်းမိုးနိုင်ဖို့ သိပ်မလိုတော့ဘူး။" ချန်ဟွိုက်အန်က ခါးထောက်ကာ ကောင်းကင်သို့ မော့ကြည့်ပြီး သုံးကြိမ်တိုင် ရယ်မောလိုက်သည်။
သူ၏ ရူးသွပ်သောရယ်မောသံကြောင့် လက်အောက်ငယ်သားများက လှမ်းကြည့်လာကြသည်။
တံခါးဝတွင် ရပ်နေသော လင်းလင်လင်နှင့် ကျောက်ရင်းတို့ အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
"အုပ်ချုပ်ရေးမှူး ဘာဖြစ်သွားတာလဲ။ ဖိအားတွေများလွန်းလို့ စိတ်ချောက်ချားနေတာလား။"
"အဓိပ္ပာယ်မရှိတာတွေ မပြောနေနဲ့။" ကျောက်ရင်းက လင်းလင်လင်၏ခေါင်းကို ခေါက်ကာ သတိပေးလိုက်သည်။ "ပိုက်ဆံတွေ အများကြီး ရိုက်ထုတ်နေတာက သရဲပိုက်ဆံလိုမျိုး တန်ဖိုးမရှိသလောက် ဖြစ်သွားပြီ ဆိုပေမယ့်... အုပ်ချုပ်ရေးမှူးမှာ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းတွေတော့ ရှိမှာ သေချာတယ်။"
"အဲဒီနောက်ကွယ်မှာ ဘာယုတ္တိရှိလို့လဲ။" လင်းလင်လင်က နဖူးကိုအုပ်ကာ နှုတ်ခမ်းဆူလိုက်သည်။ "အုပ်ချုပ်ရေးမှူး အရင်တုန်းက အရမ်းဆင်းရဲခဲ့တယ်လို့ ပြောကြတယ်။ ကျွန်မ ထင်တာတော့ အုပ်ချုပ်ရေးမှူးက ပျော်ဖို့သက်သက် ပိုက်ဆံတွေ ရိုက်ထုတ်နေတာပဲ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ပိုက်ဆံတွေက သေချာပေါက် တန်ဖိုးမဲ့သွားတော့မှာဆိုတော့ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်ရတာ ဘယ်လိုခံစားရလဲ ဆိုတာကို သူ မြည်းစမ်းကြည့်ချင်တာ နေမှာ။"
ချန်ဟွိုက်အန်၏ ရယ်မောသံ ရုတ်တရက် ရပ်တန့်သွား၏။
"နေပါဦး၊ အဆင့်မြင့်ဝိညာဉ်ကြော သုံးခုကျန်သေးတယ် မဟုတ်ဘူးလား။ ငါ့ကို ဘာလို့ နှစ်ခုပဲ ရောင်းတာလဲ။"
သူက စတိုးဆိုင်ကို ဖွင့်ကြည့်လိုက်ရာ အဆင့်မြင့်ဝိညာဉ်ကြောများ၏ လက်ကျန် အရေအတွက်မှာ တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သို့သော် "ဝယ်ယူရန်"ဆိုသည့် စကားလုံးမှာ မှေးမှိန်နေပြီး ထပ်မံဝယ်ယူ၍ မရနိုင်တော့ကြောင်း ပြသနေသည်။
"ဘာဖြစ်သွားတာလဲ။"
ချန်ဟွိုက်အန် မကျေနပ်ဘဲ ဝယ်ယူရန်ကို ထပ်နှိပ်လိုက်သည်။
စနစ်၏ အသိပေးချက်တစ်ခု ချက်ချင်း ပေါ်လာ၏။
[ လက်ရှိပစ္စည်းလက်ကျန် နည်းပါးနေပါသည်။ သင့်အတွက် ပစ္စည်းပြန်လည် ဖြည့်တင်းပေးနေပါသည်။ ကျေးဇူးပြု၍ နောက်မှ ပြန်လည်ဝယ်ယူပါ ]
ချန်ဟွိုက်အန် - "..."
ဗြောင်လိမ်နေတာလား။
ပစ္စည်းလက်ကျန် ရှိနေတာ သိသာနေတာကို မလုံလောက်ဘူးလို့ ပြောနေတာလား။ ဂရပ်ဖစ်ကတ်တွေ ရောင်းဖို့ ကြိုးစားနေတာလား။
"ငါ တိုင်ကြားချင်တယ်။ တိုင်ကြားချင်တယ်။"
ချန်ဟွိုက်အန် အလွန် ဒေါသထွက်သွားသော်လည်း ၎င်းမှာ ခဏသာ ဖြစ်သည်။
ဤဂိမ်းစနစ်နှင့် ပတ်သက်ပြီး တိုင်ကြားစရာနေရာ လုံးဝ မရှိပေ။
"ထားလိုက်ပါတော့။ အဆင့်မြင့်ဝိညာဉ်ကြော လေးခု ပိုင်ဆိုင်ထားတာက ချင်းယွန်ဘုံအပေါ် ငါ့ရဲ့ လွှမ်းမိုးမှုကို ထိခိုက်စေမှာ မဟုတ်ပါဘူး။" ချန်ဟွိုက်အန်က သက်ပြင်းချလိုက်သည်။ "အရင်းအမြစ်တွေကို အကုန်ထုတ်ယူလို့တော့ မဖြစ်ဘူး။ ချင်းယွန်ဘုံမှာ အဆင့်မြင့်ဝိညာဉ်ကြော တစ်ခုမှ မကျန်တော့ဘူးဆိုရင် အဲဒီမိစ္ဆာတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေ ရူးသွပ်ကုန်မှာ မဟုတ်ဘူးလား။ သူတို့တွေ ရူးသွပ်သွားရင် နေရာတိုင်းမှာ ပြဿနာတွေ ရှာကြမှာ မဟုတ်လား။ ပြီးတော့ ငါ့ရဲ့လရိပ်ဂိုဏ်းက တပည့်တွေလည်း သူတို့ရဲ့ ပြဿနာတွေကြောင့် ဆိုးကျိုးတွေ ခံစားရမှာပဲ။"
ထိုသို့ တွေးလိုက်မိသောအခါ သူ ချက်ချင်း စိတ်သက်သာရာ ရသွား၏။
"စီနီယာ။ စီနီယာ။"
တံခါးဝမှ ဝမ်ရှိုယီ၏ အလောတကြီး အသံ ထွက်ပေါ်လာသည်။
"ဘုရားရေ။ စီနီယာ။ ဘာတွေ လုပ်နေတာလဲ။။"
ဝမ်ရှိုယ်က ခန်းမထဲတွင် ပြည့်ကျပ်နေသော ပိုက်ဆံထုတ်စက်များကို စိုက်ကြည့်ကာ လေထဲတွင် ပြင်းထန်သော ပုံနှိပ်မင်နံ့များကို ရှူရှိုက်ရင်း မှင်တက်သွားသည်။
ဒါက... အရူးတစ်ယောက်လို ပိုက်ဆံတွေ ရိုက်ထုတ်နေတာများလား။
ချန်ဟွိုက်အန်က ပိုက်ဆံကို ဘာထက်မဆို ပိုချစ်တယ်လို့ အရင်က ကြားဖူးပေမယ့် ဒီလောက်အထိ စွဲလမ်းနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။
"အို၊ ညီလေးဝမ်ပါလား။ ဘာကိစ္စလဲ။"
ငွေစက္ကူတောင်ကြီးပေါ်တွင် ထိုင်နေသော ချန်ဟွိုက်အန္ဥ သူ၏နေရာကို ပြင်ထိုင်လိုက်ပြီး ဝမ်ရှိုယီကို လာထိုင်ရန် လက်ဟန်ပြလိုက်သည်။
ခန်းမထဲတွင် ပိုက်ဆံထုတ်စက်များနှင့် ငွေစက္ကူများသာ ပြည့်နှက်နေပြီး စားပွဲများနှင့် ကုလားထိုင်များကို လုံးဝဖုံးကွယ်ထားသည်။ ပိုက်ဆံထုတ်စက် ဆယ်လုံးသည် ဘဏ်ကတ်များထဲသို့ ငွေသွင်းရန် မရပ်မနား အလုပ်လုပ်နေပြီး ပုံရိပ်ယောင်ကောင်မလေးဂိမ်းစနစ်က ဘဏ်ကတ်များထဲမှ ငွေများကို ဂိမ်းပွိုင့်များအဖြစ် ပြန်လည် ထုတ်ယူသွားမည် ဖြစ်သည်။
ဘဏ်က အဘယ်ကြောင့် ထိုမျှအလွယ်တကူ ပူးပေါင်းပါဝင်နေကြောင်းမှာ အင်အားနည်းနည်း သုံးထားရ၍ပင်။
"စီနီယာ၊ ငွေကြေးဆိုတာ အပြင်ပန်းအရာတစ်ခု သက်သက်ပါ၊ အဲဒီအပေါ်မှာ စွဲလမ်းမနေသင့်ဘူး။" ဝမ်ရှိုယီက ချန်ဟွိုက်အန်၏ဘေးတွင်ထိုင်ကာ အကြံပေးသည်။ "စီနီယာ၊ အားတဲ့အချိန်ကျရင် အရှင်မနဲ့ နှစ်ယောက်တည်း တာအိုအကြောင်း ဆွေးနွေးလို့ ရပါတယ်။ တိတ်ဆိတ်တဲ့ အခန်းထဲမှာ နှစ်ယောက်တည်း၊ ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ပါဘူး ။အရှင်မက စီနီယာ့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပြီး သံသယတွေကို ရှင်းလင်းပေးပါလိမ့်မယ်။ အရှင်မနဲ့ တာအိုအကြောင်း ဆွေးနွေးပြီးရင် စီနီယာ့ရဲ့ နှလုံးသားထဲက ကံကြမ္မာ အတားအဆီးတွေ သဘာဝကျကျပဲ ပျောက်ကွယ်သွားပါလိမ့်မယ်။"
ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွား၏။
ဒါက... ဒါက တကယ်ပဲ သင့်တော်တဲ့ ဆွေးနွေးမှုတစ်ခုလား။
မင်း စကားပြောတဲ့ပုံစံကို ကြည့်လိုက်ဦး။ ကော်နည်းနည်းသုတ်ပြီး ဈာန်ရသွားသလိုမျိုး လုပ်နေတယ်။
"တာအိုအကြောင်းကို နောက်မှ ဆွေးနွေးကြတာပေါ့။" ဝမ်ရှိုယီတွင် အရေးကြီးသည့် ပြောစရာ ရှိပုံရသည်ကိုမြင်ပြီး အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ချန်ဟွိုက်အန်တွင် အကြမ်းဖျဉ်း အကြံဉာဏ်တစ်ခု ရသွားသည်။ "ဒီနေ့ မင်းလာတာ ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းနဲ့ ပတ်သက်တဲ့တာလား။ ဝိညာဉ်ကျောက်စိမ်း မိုင်းတွင်းက တကယ်ပဲ ပေါ်ထွက်လာတော့မလို့လား။"
"စီနီယာက တကယ်ကို အံ့ဩစရာကောင်းလောက်အောင် ထိုးထွင်းမြင်နိုင်တာပဲ။" ဝမ်ရှိုယီက လေးစားစွာဖြင့် လက်အုပ်ချီလိုက်သည်။
"ဒီနေ့ည သန်းခေါင်ယံအချိန် ထျန်ဖူခရိုင်မှာ ဝိညာဉ်ကျောက်စိမ်း သတ္တုတူးဖော်မှု လှိုင်းလုံးကြီး တစ်ခု ပေါက်ကွဲထွက်လာလိမ့်မယ်။ ပြီးတော့ ဂိုဏ်းအားလုံးက မိုင်းတွင်းတွေကို သိမ်းပိုက်ဖို့ အဖွဲ့တွေကို ဦးဆောင်ပြီး လာကြလိမ့်မယ်။"
ချန်ဟွိုက်အန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်ခုခု လွဲနေသည်ဟု ခံစားလိုက်ရသည်။
ဒီသတ္တုလှိုင်းလုံးကြီးက မြေအောက်ကနေ ပေါ်လာမှာလား။
သူ မေးလိုက်သည်။ "ဒီကျောက်ကြောက ဘယ်မှ သွားပါဘူး။ သူ့ရဲ့ တည်နေရာကို သိနေပြီဆိုမှတော့ ဘာလို့ ကြိုပြီးတော့ မတူးဖော်ကြတာလဲ။"
"ဟူး။ စီနီယာက ဒီအကြောင်းကို မသိလို့ပါ၊" ဝမ်ရှိုယီက ရှင်းပြသည်။ "မြေကြီးထဲကနေ ပေါ်ထွက်လာမှာက ဝိညာဉ်ကျောက်စိမ်းကျောက်ကြော မဟုတ်ဘူး၊ ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီ လို့ခေါ်တဲ့ ရတနာတစ်ခုပါ။ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ရယူပြီးတော့ ဂိုဏ်းရဲ့မြေကြီးထဲမှာ စိုက်ပျိုးလိုက်တာနဲ့ သုံးရက်မတိုင်ခင်အချိန်အတွင်း ဝိညာဉ်ကျောက်စိမ်းကျောက်ကြောတစ်ခု ဖွဲ့စည်းသွားပါလိမ့်မယ်။"
"ကျောက်စိမ်းခြင်ဆီတွေကို အမြင့်ဆုံး၊ အလယ်အလတ်နဲ့ အနိမ့်ဆုံးအဆင့်တွေ ဆိုပြီးတော့ ခွဲခြားထားတယ်။ အဲဒါက ဝိညာဉ်ကျောက်စိမ်းကျောက်ကြေရဲ့ အရည်အသွေးနဲ့ ကိုက်ညီတယ်။"
"ကျွန်တော်တို့ ခွန်းလွန်အင်မော်တယ်နန်းတော်ရဲ့ ဒီတစ်ကြိမ် ရည်မှန်းချက်က အမြင့်ဆုံးအဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို သိမ်းပိုက်ဖို့ပါ။ မဟာမိုးကြိုးကျောင်းတော်ပဲဖြစ်ဖြစ်၊ တခြား အင်အားငယ်တဲ့ အင်အားစုတွေပဲဖြစ်ဖြစ်၊ အားလုံးက ဒီအမြင့်ဆုံးအဆင့် ကောင်းကင်အနှစ်သာရ ကျောက်စိမ်းခြင်ဆီကို ရဖို့ ယှဉ်ပြိုင်ကြမှာမို့ တကယ်ကို ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာပါ။"
ဪ။ ကြည့်ရတာ သူတို့က ရှားပါးပြီးတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လုယူကြမှာပဲ...
ချန်ဟွိုက်အန် သူ့ဘာသာ တွေးလိုက်သည်။
ဒီဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းက ကြီးမားတဲ့ပစ်မှတ်တစ်ခု ဖြစ်ပြီးတော့ သိမ်းပိုက်ဖို့ ခက်ခဲပေမယ့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီ တော့ ကောင်းတဲ့အရာ တစ်ခုလိုပဲ။
နဂိုက အစ်ကိုကြီးကျန်း၏ ကြမ်းတမ်းသော ပေါက်ကွဲမှုသည် အာရုံစိုက်ခံရမှာကို စိုးရိမ်နေခဲ့သော်လည်း အခုတော့ မစိုးရိမ်တော့ပေ။
ထိုမျှသေးငယ်သော အရာလေးတစ်ခုအတွက် တိုက်ခိုက်ကြခြင်းက ရှုပ်ထွေးပွေလီသော တိုက်ပွဲကြီး တစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
အမြင့်ဆုံးအဆင့် ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို အခုလောလောဆယ် မေ့ထားလိုက်။ ခွန်းလွန်အင်မော်တယ်နန်းတော်နဲ့ မဟာမိုးကြိုးကျောင်းတော်ကို သေတဲ့အထိ တိုက်ခိုက်ခိုင်းထားလိုက်မယ်။
အစ်ကိုကြီးကျန်း ဦးဆောင်တဲ့ လေဝိညာဉ်ဂိုဏ်းကတော့ အလယ်အလတ်အဆင့် ပစ္စည်းတွေအတွက် ဦးစားပေးခံရနိုင်တယ်။
အခွင့်အရေး ရမယ်ဆိုရင်တော့ ငါတို့က ထိပ်တန်းနေရာတစ်ခုကို ရအောင် ကြိုးစားသင့်တယ်။ ပြီးတော့ အကောင်းဆုံးအရည်အသွေးရှိတဲ့ ပစ္စည်းတွေကိုရဖို့ တခြားသူတွေနဲ့တောင် ပူးပေါင်းလုပ်ဆောင်သင့်တယ်။
"စီနီယာ၊ ပစ္စည်းတွေ သိမ်းလိုက်တော့။ ကျွန်တော်တို့ အခု ထွက်ခွာလို့ ရပြီ။" ဝမ်ရှိုယီက စိတ်လှုပ်ရှားစွာ ပြောသည်။ "အဓိကအဖွဲ့နဲ့ သွားဆုံဖို့ ခွန်းလွန်အင်မော်တယ်နန်းတော်ကို အရင် သွားကြရအောင်။ ဒီတစ်ခါ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို သိမ်းပိုက်တာက ကိစ္စကြီးပဲ။ ဟိုဟိုဒီဒီ ပြန့်ကျဲနေတဲ့ ခွန်းလွန် အင်မော်တယ်နန်းတော်က တပည့်တွေအားလုံး ပြန်လာကြလိမ့်မယ်။ အဲဒီအခါကျရင် ပိုပြီးအရေးပါတဲ့ ပုဂ္ဂိုလ် တချို့နဲ့လည်း စီနီယာ့ကို မိတ်ဆက်ပေးမယ်။"
ချန်ဟွိုက်အန် ခဏတာ ရပ်တန့်သွား၏။
"ညီလေးဝမ်ရှိုယီ၊ ငါ အခုချက်ချင်း ခွန်းလွန်အင်မော်တယ်နန်းတော်ကို မသွားနိုင်သေးဘူး။ မင်း အရင် သွားနှင့်ပါလား။ ငါ ခဏနေ လိုက်ခဲ့မယ်။"
"ဘာဖြစ်လို့လဲ။" ဝမ်ရှိုယီက မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများဖြင့် မေးလိုက်သည်။
ချန်ဟွိုက်အန် ခဏတာ တွေးလိုက်ပြီး မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားကာ ပြောသည်။
"မနေ့ညက မင်းရဲ့မရီးအပေါ် နည်းနည်း ကြမ်းတမ်းသွားလို့။ သူ ဒေါသထွက်နေတုန်းပဲ။ ငါက ခရီးဝေး သွားမှာဆိုတော့ ရက်နည်းနည်းလောက် ကြာနိုင်တယ်။ အဲဒါကြောင့် သူ့ကို အရင်ချော့ရဦးမယ် မဟုတ်လား။ မိန်းမတွေလေ။ သူတို့ ဘယ်လိုမျိုးလဲ ဆိုတာ မင်းလည်း သိတာပဲ…"
ဝမ်ရှိုယီ ချက်ချင်း နားလည်သွားသည်။ "ဪ၊ ဒါဆိုရင်လည်း အမြန်သွားလေ။ စီနီယာ။"
သူက ချန်ဟွိုက်အန်၏ အလောတကြီး ထွက်ခွာသွားပုံကို မနာလိုမှုမဖြစ်ဘဲ ကြည့်နေခဲ့သည်။
"ဟူး၊ စီနီယာလိုမျိုး စွမ်းအားကြီးတဲ့သူတောင်မှ ကျင့်ကြံခြင်း တာအိုလက်တွဲဖော်ကို ရှာတွေ့ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ထည့်သွင်းစဉ်းစားရပြီး ချော့နေရသေးတာပဲ..."
သူသည် မူလကတည်းက တာအိုလက်တွဲဖော်တစ်ယောက် လုံးဝ မရှာချင်ခဲ့ပေ။ ယခုတော့ ပို၍ပင် မရှာချင်တော့။
ဝမ်ရှိုယီ ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။ "မိန်းမတွေက ငါ့ရဲ့ ဓားဆွဲထုတ်တဲ့အရှိန်ကို နှေးကွေးသွားစေရုံသက်သက်ပဲ။"
…