← Chapters

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း(၄၆၉) ဗေဒင်တွက်ခြင်း

"သခင်မ၊ ပြဿနာကြီး ဖြစ်နေပြီ။"

တောင်တန်းတစ်သောင်း၏ အနက်ရှိုင်းဆုံး နေရာ၌။

မဟာအခင်းအကျင်းကြီးကို ယခုလေးတင် တည်ဆောက်ပြီးသွားသော တုရှန်ယွဲ့က ထိုစကားကို ကြားလိုက်ရသည်နှင့် မိုးကြိုးပစ်ခံလိုက်ရလိုပင် အမြင်အာရုံ မှောင်မိုက်သွားသည်ကို ခံစားလိုက်ရသည်။

သူက မိစ္ဆာမျိုးနွယ်ဘက်ကို ပြန်ရောက်လာသည်မှာ နှစ်ရက်ပင် မပြည့်သေးပေ။

ဘယ်လိုဖြစ်ပြီးတော့ ဒီနှစ်ရက်တည်းမှာကိုပဲ ဟိုနေရာမှာတစ်ခု၊ ဒီနေရာမှာတစ်ခုနဲ့ ပြဿနာတွေ ဒီလောက် အများကြီး ဖြစ်နေရတာလဲ။

သူ၏ကြမ်းတမ်းသောအကြည့်များက မိစ္ဆာငယ်အပေါ်သို့ ကျရောက်သွားပြီး အံကြိတ်ကာ ပြောသည်။ "ဘာလဲ။ ပြောစမ်း။"

"သခင်မ၊ ကျွန်တော်တို့ကို ဝိညာဉ်ကြောတွေ စောင့်ကြပ်ဖို့ ပြောထားတယ် မဟုတ်လား။" မိစ္ဆာငယ်သည် တုန်ယင်နေပြီး နဖူးကို မြေကြီးနှင့်ဖိကာ အဆက်မပြတ် ဦးညွှတ်နေသဖြင့် ခေါင်းပေါ်ရှိ အကြေးခွံများမှ သွေးများ ထွက်လာသည်။ "ကျွန်တော်တို့အားလုံး စောင့်ကြည့်နေခဲ့တာပါ။ မိစ္ဆာငယ်တွေ အားလုံးကတောင် ဝိညာဉ်ကြောတွေကို ဝိုင်းပြီး ဖက်တွယ်ထားကြတာ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နောက်ဆုံး ဝိညာဉ်ကြောသုံးခုက အခု မရှိတော့ဘူး..."

"ဟမ်…" တုရှန်ယွဲ့ မှင်တက်သွားသည်။

ဒီတစ်ခါတော့ တကယ်ပဲ ငါ့မျက်စိအောက်မှာတင် ဖြစ်သွားခဲ့တယ်။

ပြီးတော့ မဟာအခင်းအကျင်း တည်ဆောက်နေတုန်း နတ်ဘုရားအာရုံက ပြန့်ကျဲနေပြီး ပတ်ဝန်းကျင် လှုပ်ရှားမှုတွေကို အရမ်းအကဲဆတ်နေခဲ့တာတောင်မှ ဘာကိုမှ သတိမထားမိခဲ့ဘူး။

ဝိညာဉ်ကြောတွေကို ဘယ်လိုများ ဒီလောက် အသံတိတ် ခိုးယူသွားနိုင်ရတာလဲ။

သူက မယုံကြည်နိုင်ဘဲ မိစ္ဆာငယ်နောက်သို့ လိုက်ကာ သွားကြည့်လိုက်ရာ မိစ္ဆာပဏ္ဍိတအချို့ကလည်း ထိတ်လန့်တကြား လိုက်ပါလာကြသည်။

ပထမဆုံး စွမ်းအားပြမဟာပဏ္ဍိတ ၏ နယ်မြေသို့ သွားကြည့်ကြသည်။

စွမ်းအားပြမဟာပဏ္ဍိတက နှစ်သုံးထောင် ကျင့်ကြံထားသော ကျောက်စိမ်းကြံ့မိစ္ဆာတစ်ကောင် ဖြစ်သည်။ သူ၏နယ်မြေတွင် မယုံနိုင်လောက်အောင် သန်မာပြီး ကြီးမားသော ကြံ့မိစ္ဆာများဖြင့် ပြည့်နှက်နေသော်လည်း ယခုအချိန်တွင် ဤကြံ့မိစ္ဆာများအားလုံး ဝိညာဉ်ကြောတည်ရှိရာနေရာတွင် စုရုံးကာ အော်ဟစ် ငိုကြွေးနေသည်။

ဝိညာဉ်ကြော မရှိတော့လျှင် အသက်သွေးကြော မရှိတော့ခြင်းပင်။

အနာဂတ်တွင် အခြေခံကျင့်ကြံခြင်းကပင် ပြဿနာတစ်ခု ဖြစ်လာနိုင်၏။

တုရှန်ယွဲ့သည် တောင်ထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်ရာ မျက်နှာ မှောင်မိုက်သွားသည်။

ထို့နောက် လေနက်မဟာပဏ္ဍိတ၏ နယ်မြေပတ်လည်ကို သွားကြည့်ကြသည်။

ထိုဝိညာဉ်ကြောနှစ်ခုကလည်း မည်သည့်သဲလွန်စမှ မကျန်ခဲ့ဘဲ တောင်ရွှေ့ မဟာပဏ္ဍိတနှင့် ခွန်ဖန် မဟာပဏ္ဍိတတို့၏ အဆင့်မြင့်ဝိညာဉ်ကြောများကို ခိုးယူသွားသည့်အဖွဲ့ကပင် ခိုးယူသွားကြောင်း ညွှန်ပြနေသည်။

"ဒီလောကမှာ ခိုးယူခြင်းနဲ့တာအိုထဲကို ဝင်ရောက်နိုင်တဲ့ ကျင့်ကြံသူတွေ တကယ် ရှိနေတာများလား။"

တုရှန်ယွဲ့က လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားသည်။

ခိုးယူတာက ကံကြမ္မာကို ပိုဆိုးစေတယ်။

အကြောင်းနဲ့အကျိုးတွေ အရမ်းများလာရင် ဘေးဒုက္ခကို အလွယ်တကူ ဦးတည်သွားစေနိုင်တယ်။

ဒီလူက မိစ္ဆာမျိုးနွယ်ရဲ့ ဝိညာဉ်ကြောတွေကိုတောင် ခိုးယူရဲတယ်။ ခေါင်းမာနေလိုက်တာ။

"သခင်မ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ကျွန်တော်တို့ဆီမှာ အဆင့်မြင့်ဝိညာဉ်ကြောတွေ တစ်ခုမှ မကျန်တော့ဘူး။"

မိစ္ဆာပဏ္ဍိတ(၅)ဦးက မျက်မှောင်ကြုတ်ကာ အဆက်မပြတ် သက်ပြင်းချနေသည်။ ထိုအသံများက လက်တွေ့တွင် တုရှန်ယွဲ့အပေါ် မမြင်ရသော ဖိအားတစ်ခု ဖြစ်နေသည်။

"ငါက အစကတော့ ချင်းယွန်ဘုံရဲ့ လူသားတွေနေထိုင်ရာအရပ်ကို သွားပြီးတော့ အခြေအနေကို စုံစမ်းဖို့ စီစဉ်ထားတာ။" တုရှန်ယွဲ့ လက်သီးများကို ဆုပ်လိုက်ရာ လက်သည်းများက လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး တကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ "အခု ဝိညာဉ်ကြောတွေ အခိုးခံလိုက်ရပြီ ဆိုတော့ ဒါက အခွင့်ကောင်းတစ်ခုပဲ။" သူက ရုတ်တရက် လှည့်လိုက်ပြီး မိစ္ဆာပဏ္ဍိတ(၅)ဦးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် လူသတ်ချင်သော ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။ "ငါတို့မိစ္ဆာမျိုးနွယ်မှာ ဝိညာဉ်ကြောတွေ မရှိတော့ဘူးဆိုရင် လူသားတွေဆီက သွားလုကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကြောတွေကို ခိုးသွားတာက လူသားကျင့်ကြံသူတွေ ဖြစ်ဖို့များတယ်ဆိုတော့ ဘာလို့ တွန့်ဆုတ်နေရမှာလဲ။"

"သခင်မ ဘာကို ဆိုလိုတာလဲ။။" ခွန်ဖန်မဟာပဏ္ဍိတ အလွန်ဝမ်းသာသွားပြီး ခုန်ပေါက်သွားသည်။

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်။" တုရှန်ယွဲ့က အင်္ကျီလက်ကို ခါယမ်းကာ ကြမ်းတမ်းစွာ ပြောလိုက်သည်။ "တပ်ဖွဲ့တွေကို စုစည်းပြီးတော့ တောင်တန်းတစ်သောင်း အပြင်ဘက်ကို ငါနဲ့အတူ လိုက်ခဲ့ကြ။"

"အမိန့်အတိုင်းပါ၊ သခင်မ။" မိစ္ဆာပဏ္ဍိတများ အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

သူတို့က တုရှန်ယွဲ့ကို လူသားများအား တိုက်ခိုက်အောင် မည်သညိ့လှုံ့ဆော်ရမည်ကို တွေးနေခဲ့ကြ၏။ အခုတော့ သူတို့ လိုချင်သည်အတိုင်း ဖြစ်လာလေပြီ။

တုရှန်ယွဲ့က တောင်ထွတ်ရှေ့တွင် ပြင်းထန်သော အကြည့်ဖြင့် ရပ်နေ၏။

"ငါတို့မိစ္ဆာမျိုးနွယ်က ဒီတောင်တန်းတွေကနေ မထွက်ခွာတာ နှစ်တစ်ထောင် ရှိနေပြီ။ ဒီနေရာမှာပဲ တိတ်တဆိတ်နေလာခဲ့တာ နှစ်တစ်ထောင်ရှိပြီ။ အဲဒါက ငါတို့မိစ္ဆာမျိုးနွယ်က ပြန်လည်ပြီးတော့ အားမွေးပြီး ကြီးပွားတိုးတက်ချင်လို့ပဲ။ ကြောက်နေလို့ မဟုတ်ဘူး။"

...

ကျိုးတိုင်းပြည်မြို့တော်၊ ကောင်းကင်မိစ္ဆာဂိုဏ်း၏ဌာနချုပ် - ယီဟုန်ခြံဝင်း၌။

"ဒီနေ့ကစပြီး ဝိညာဉ်ကျောက်တုံးတွေကို ကျင့်ကြံမှုအဆင့်အလိုက် ခွဲဝေပေးမယ်။ ရွှေရောင်အနှစ်သာရ အဆင့်အတွက် တစ်လကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀၀၊ အခြေခံအုတ်မြစ်အဆင့်အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၊ ချီသန့်စင်ခြင်းအဆင့်အတွက် အနိမ့်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀။ ပြီးတော့ ရွှေရောင်အနှစ်သာရအဆင့်အထက်မှာရှိတဲ့သူတွေ အတွက်တော့ သူတို့ရဲ့ ပါရမီနဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး ဝိညာဉ်ကျောက်တုံးတွေကို ငါ ကိုယ်တိုင် ခွဲဝေပေးမယ်။"

"ကျေးဇူးတင်ပါတယ်၊ ဘိုးဘေးကြီး။ ဘိုးဘေးကြီး သက်တော်ရာကျော်ရှည်ပါစေ။"

ကောင်းကင်မိစ္ဆာဂိုဏ်းမှ မိစ္ဆာအမျိုးသမီးအများအပြားက ရှောင်ဖုန်း၏ရှေ့တွင် ဒူးထောက်နေကြသည်။

အတင်းအကျပ် ဖိအားပေးခံရမှုအောက်တွင် သူတို့က ကြွက်သားများ ကြီးထွားလာစေမည့် ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သို့သော်လည်း လစဉ် ဝိညာဉ်ကျောက်တုံး ခွဲဝေပေးမည့်အကြောင်း ကြားလိုက်ရသောအခါ သူတို့က မည်သည့်အရာကိုမျှ ငြင်းဆန်လိုစိတ် မရှိတော့ပေ။

နည်းနည်း ရင်ထဲထိသွားတယ်။

ဘိုးဘေးကြီးက တင်းကျပ်ပေမယ့် ငါတို့ကို ဝိညာဉ်ကျောက်တုံးတွေ တကယ် ပေးတယ်။

ဒီဆက်ဆံရေးက မြင့်မြတ်နယ်မြေသုံးခုနဲ့တောင် နှိုင်းယှဉ်လို့ရလောက်တယ် မဟုတ်လား။

"ဘိုးဘေးကြီး။ ကျွန်တော်တို့ အခု အဆင့်မြင့်ဝိညာဉ်ကြောတွေကို လိုအပ်နေတယ် ဆိုပေမယ့် ဒီလို ဖြုန်းတီးပစ်တာကတော့ ပညာရှိရာ မရောက်ဘူး ထင်တယ်။ အဲဒါတွေက တစ်နေ့နေ့တော့ ကုန်သွားမှာပဲ..."

ယခု ယောကျ်ားလေး အဝတ်အစားများကို ဝတ်ဆင်ထားသော ယီဟုန်ခြံဝင်း၏ မဒမ်က ရှောင်ဖုန်း၏ နောက်တွင် ရိုသေစွာ ရပ်နေပြီး တိုးတိုးလေး သတိပေးလိုက်သည်။ "ပြီးတော့ ဘိုးဘေးကြီးက မြို့တော်ထဲက လူငယ်ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေ အားလုံးနီးပါးကို လက်ခံထားတယ်။ သူတို့ကို တစ်လကို အနိမ့်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံး တစ်ခုကနေ ဆယ်ခုအထိပဲ ပေးတယ်ဆိုပေမယ့် သူတို့ အရေအတွက်က အရမ်းများလွန်းတယ်။"

ရှောင်ဖုန်းက မယုံကြည်ဟန်ဖြင့် အေးစက်စက် နှာမှုတ်လိုက်သည်။ "မြင်းကိုပြေးစေချင်ရင် အစာကျွေးရမယ်။ ဒီလောက် ရိုးရှင်းတဲ့ သဘောတရားကို မင်း နားမလည်ဘူးလား။"

"ဒါပေမဲ့ ဘိုးဘေးကြီး။ သူတို့က အစေခံတွေ သက်သက်ပဲ။ သူတို့ကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆုချဖို့ မလိုအပ်ပါဘူး။"

"မင်းက သူတို့ကို အစေခံတွေအနေနဲ့ပဲ မြင်တာ။ ဒါပေမဲ့ သူတို့က ငါ့မိစ္ဆာဂိုဏ်းရဲ့ အခြေခံအုတ်မြစ် ဆိုတာကို မင်း မမြင်ဘူး။"

"အခြေခံအုတ်မြစ် ဟုတ်လား။" သခင်လေး ယင်ရွှီက နားမလည်စွာဖြင့် မေးလိုက်သည်။ "ဘာကို ဆိုလိုတာလဲ။"

ရှောင်ဖုန်းက ဝိညာဉ်ကြောတွင် သတ္တုတူးဖော်နေသော သာမန်လူများကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ချင်းယွန်ဘုံက ပါရမီရှင်ကျင့်ကြံသူ အများစုက ကျင့်ကြံခြင်း မိသားစုတွေက လာကြတယ်။ ပြီးတော့ သာမန်လူအနည်းငယ်သာ ကိုယ့်ဘာသာ ထင်ပေါ်ကျော်ကြားလာနိုင်တယ် ဆိုပေမယ့် ငါတို့အားလုံးက အခြေခံအားဖြင့် သာမန်လူတွေပဲ မဟုတ်ဘူးလား။"

"သာမန်လူတွေ ထင်ပေါ်ကျော်ကြား မလာနိုင်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့ လမ်းကြောင်းကို အဲဒီ ပါရမီရှင်ကျင့်ကြံသူတွေက ပိတ်ဆို့ထားလို့ပဲ။ သူတို့ကြားထဲကနေ အရည်အချင်းရှိတဲ့ ပါရမီရှင်တွေ ပေါ်မလာ နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ပါရမီရှင်တွေက ကျင့်ကြံခြင်းမိသားစုတွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့နေလို့ သတ်ဖြတ်ခံရတယ်။ ဒါမှမဟုတ် အရင်းအမြစ်နည်းပါးလို့ အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ရင်း စီနီယာဆိုတဲ့ သူတွေရဲ့ ကန်ကျောက်သတ်ဖြတ်တာကို ခံရတယ်။"

သူက သာမန်လူတစ်ယောက်ဘဝမှ မိစ္ဆာဂိုဏ်း၏ ဘိုးဘေးကြီး ဖြစ်လာခဲ့သည်။

ဤခရီးက မည်မျှခက်ခဲကြောင်း သူ ကောင်းကောင်းသိသည်။ ထို့အပြင် သာမန်လူများ၏ အလားအလာကိုလည်း သူ ကောင်းကောင်းသိသည်။

"ငါ အခု ကောင်းကင်မိစ္ဆာဂိုဏ်း ကို အခွင့်အရေးတစ်ခု ပေးနေတယ်။ ပြီးတော့ ဒီသာမန်လူတွေကိုလည်း အခွင့်အရေးတစ်ခု ပေးနေတယ်။ ကောင်းကင်မိစ္ဆအတတ်က မြင့်မားတဲ့ပါရမီ မလိုဘူး;။ အဲဒါက ကျင့်ကြံသူဟာ လုံလောက်တဲ့ ရည်မှန်းချက်ရှိသားနဲ့ လုံလောက်တဲ့ရက်စက်မှုရှိသားဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။"

သခင်လေး ယင်ရွှီက ခေါင်းညိတ်လိုက်သော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်။

သူက မိစ္ဆာဂိုဏ်း၏ မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်ပြီး ဤသာမန်လူများကို ကိုယ်ချင်းမစာနိုင်ပေ။

သို့သော် ရက်စက်ပြီး ရည်မှန်းချက်ကြီးသူတစ်ဦးဖြစ်ရန် သူ့အတွက် ပြဿနာမရှိဟု ခံစားရသည်။ မဟုတ်လျှင် သူသည် မိစ္ဆာဂိုဏ်း၏ အကြွင်းအကျန်များကို ကာကွယ်ပေးသော သခင်မတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်နိုင်ခဲ့မည် မဟုတ်ပေ။

"ဘိုးဘေးကြီး၊ ချင်းယွန်ဘုံက လက်ရှိမှာ အရင်းအမြစ်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်။ ဒီဝိညာဉ်ကျောက်တုံးတွေ ကုန်သွားရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဝိညာဉ်ကြောတွေက နှစ်တစ်ထောင် အတွင်းမှာ ပြန်မဖြစ်ပေါ်နိုင်ဘူး။"

"သုံးလို့ကုန်သွားရင် နောက်တစ်ခု ထပ်လုတာပေါ့၊" ရှောင်ဖုန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"လုမယ်။" သခင်လေးယင်ရွှီ အနည်းငယ် အံ့အားသင့်သွားသည်။ "အဲဒါက အမြဲတမ်း ပြဿနာတွေ ယူဆောင်လာမှာပဲ။"

"မိစ္ဆာဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီကိစ္စတွေကို ဘာလို့ ကြောက်နေရမှာလဲ။" ရှောင်ဖုန်း လှောင်ပြောင်လိုက်သည်။

သို့သော် သူ့စိတ်ထဲတွင်တော့ တိတ်တဆိတ် တွေးနေမိသည်။

ငါလုပ်ခဲ့တာ မိစ္ဆာမျိုးနွယ်ဆီကနေ ဝိညာဉ်ကြောတစ်ခုကို ခိုးယူခဲ့တာ သက်သက်ပဲ။

မိစ္ဆာမျိုးနွယ်ဆီမှာ ဝိညာဉ်ကြောလေးခု ကျန်သေးတယ်လေ။

မိစ္ဆာမျိုးနွယ်ဆီမှာ ဝိညာဉ်ကြောတွေ ကျန်နေသေးသရွေ့ သူတို့တွေက တောင်တန်းတစ်သောင်းကနေ အရဲစွန့်ပြီး ထွက်လာမှာ မဟုတ်ဘူး။

အဲဒါကြောင့် မိစ္ဆာမျိုးနွယ်ရဲ့ ဝိညာဉ်ကြောတွေ အားလုံးကို မခိုးယူခင်အထိ၊ ငါ့ရဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းက လုံခြုံတယ်။

ဤအချက်ကို တွေးလိုက်မိသောအခါ ရှောင်ဖုန်းက လက်များကို နောက်ပစ်ထားပြီး နှုတ်ခမ်းပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာသည်။

ဒါက "ကံတရားက ရဲရင့်သူကို မျက်နှာသာပေးတယ်"ဆိုတဲ့ အဓိပ္ပာယ်ပဲ။

ဒါက မျိုးဆက်ဟောင်း မိစ္ဆာကျင့်ကြံသူတွေရဲ့ ဗျူဟာပဲ။

လူငယ်တွေ၊ စပြီးတော့လေ့လာကြတော့။

...

လရိပ်ဂိုဏ်း။

ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့၏ ခွင့်ပြုချက်ဖြင့် ဗေဒင်ဆရာမလေးသည် ဝိညာဉ်ကြော၏ ထွက်ပေါက်တွင် ဗေဒင်ဆိုင်ကို တိုက်ရိုက် ဖွင့်လှစ်ခဲ့သည်။

ဝိညာဉ်သတ္တုများကို တူးဖော်သော လရိပ်ဂိုဏ်းမှ တပည့်များသည် သူ့ကို အချိုးအစား တစ်ခု ပေးကြသည်။ သူတို့အတွက် အချို့ကို သိမ်းထားပြီး ဗေဒင်ဟောရန်အတွက် ပိုက်ဆံအချို့ကိုလည်း ပေးကြသည်။

ထို့ပြင် ဤတပည့်များကို ကောင်းကင်လျှို့ဝှက်ချက်များအား ထုတ်ဖော်ပြသရန် သူ တာဝန်ယူခဲ့ရသည်။

အစပိုင်းတွင် လရိပ်ဂိုဏ်းမှ တပည့်များက ကောင်းကင်၏လျှို့ဝှက်ချက်များကို အလွန် သိချင်ခဲ့ကြသည်။

သို့သော် တွက်ချက်စရာ ရှိသမျှကို တွက်ချက်ပြီးသွားသောအခါ စိတ်ဝင်စားမှု လျော့ကျသွားသည်။

ဗေဒင်လာမေးသူ တစ်ဦးမျှမရှိဘဲ နေ့ဝက်ခန့် ကုန်လွန်သွားပြီးနောက် ကောင်မလေးသည် မေးစေ့ကို လက်ထောက်ကာ ကောင်းကင်ကို မှင်တက်စွာ စိုက်ကြည့်နေပြီး အနည်းငယ် ပျင်းရိလာသည်။

"လရိပ်ဂိုဏ်းအတွက် တွက်ချက်မှု တချို့ လုပ်ကြည့်ရင် ကောင်းမလား..."

သူက နှုတ်ခမ်းစူကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။

ချန်ဟွိုက်အန်ကဲ့သို့သော စွမ်းအားကြီးမားသည့်ပုဂ္ဂိုလ်၏ အစောင့်အရှောက်ဖြင့် လရိပ်ဂိုဏ်းသည် မည်သည့် အကျပ်အတည်းနှင့်မျှ မရင်ဆိုင်ရသင့်ကြောင်း သူ သိထားသော်လည်း…

စိတ်ဆန္ဒကို မခုခံနိုင်ဘဲ စမ်းကြည့်ချင်လာာသည်။

ကောင်မလေးက အင်္ကျီလက်ထဲမှ သစ်သားသေတ္တာဟောင်းလေးတစ်ခုကို ထုတ်ယူကာ ဂရုတစိုက် ဖွင့်လိုက်သည်။

အထဲတွင် ဝါကြင့်ကြင့်ဖြစ်နေသော ဗေဒင်ကတ်ပြား တစ်အုပ် ရှိနေသည်။ သူက ကတ်ပြားများ၏ မျက်နှာပြင်ကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ လက်ဖြင့် မုဒြာပုံစံ ပုံဖော်လိုက်သည်။

ဗေဒင်ကတ်ပြားများက လေမတိုက်ဘဲ ပါကွပုံစံအဖြစ် ပွင့်ထွက်လာသည်။ သူ၏စိတ် ပိုမို နက်ရှိုင်းစွာ နစ်မြုပ်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လေထုက ခဲသွားသကဲ့သို့ ဖြစ်လာပြီး ကတ်ပြားများပေါ်ရှိ မှော်စာများ ပိုမိုတောက်ပလာသည်။ ရုတ်တရက် ဖန်တုံ၏ လက်ချောင်းများ တုန်ယင်သွားပြီး မျက်မှောင်ကြုတ်သွားကာ မျက်နှာက သေမတတ် ဖြူရော်သွား၏။

"ဒါ ဒါက..."

ခြောက်ထောင့်ကြည်သည် "လေရေတွင်းအထက်မှရေ" နှင့် "လေအိုးအထက်မှမီး"တို့ ထပ်နေသည်ကို ပြသနေပြီး မကြာမီ ကျရောက်တော့မည့် ကြီးမားသောဘေးဒုက္ခကို ညွှန်ပြနေသည်။

ပို၍ပင် ကြောက်စရာကောင်းသည်မှာ အထက်တြိဂံ"ရေ"သည် မြောက်ဘက်ကို ကိုယ်စားပြုပြီး "မီး"သည် တောင်ဘက်ကို ကိုယ်စားပြုကာ အတူတကွ ပေါင်းစပ်လိုက်လျှင် မြောက်နှင့်တောင် နှစ်ဖက်စလုံးမှ တိုက်ခိုက်ခံရခြင်းကို အဓိပ္ပာယ်ရ၏။

"လေ"သည် အရပ်မျက်နှာ အားလုံးမှ တိုက်ခိုက်မှုများကို ကိုယ်စားပြုသည်။

ဖန်တုံ၏နဖူးတွင် ချွေးအေးများ သီးလာပြီး ဗေဒင်တွက်ခြင်းကို ပိုမိုနက်ရှိုင်းစွာ လုပ်ဆောင်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ မျက်လုံးရှေ့တွင် ဖြတ်ပြေးသွားသည်။

မရေမတွက်နိုင်သော မိစ္ဆာသားရဲများက တောင်တန်းတစ်သောင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ နေရောင်ကို ကွယ်ပျောက်သွားစေ၏။

ခေါင်းဆောင်မှာ နောက်ဘက်တွင် အမြီးကိုးချောင်းပေါက်နေပြီး အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော မိစ္ဆာမတစ်ဦး ဖြစ်သည်။

ကောင်းကင်ယံကိုတ်၍ မိမိကို တိုက်ရိုက် ကြည့်နေသကဲ့သို့ သူ၏မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ လင်းလက်နေ၏။

သူ၏နောက်ကွယ်ရှိ မိစ္ဆာတပ်မတော် ဖြတ်သန်းသွားရာ နေရာတိုင်း သစ်ပင်ပန်းမန်များ ညှိုးနွမ်းသွားပြီး မြစ်များ ခမ်းခြောက်သွားလေသည်။

သူတို့၏ ပစ်မှတ်မှာ အခြားမဟုတ်၊ လရိပ်ဂိုဏ်းပင်။

...

All Chapters