← Chapters

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း(၄၇၀) ‌လေဝိညာဉ်ဂိုဏ်းကို လက်နက်တပ်ဆင်ခြင်း

"မဟုတ်ဘူး။ ဒါ မဖြစ်နိုင်ဘူး..."

ဖန်တုံက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဗေဒင်ကတ်ပြားကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။

ဗေဒင်ကတ်ပြား၏ အလယ်ဗဟိုရှိ လရိပ်ဂိုဏ်းကို ကိုယ်စားပြုသော ကတ်ပြားမှာ အက်ကွဲနေ၏။

သူက ကတ်များကို ပြန်လည်မွှေနှောက်ကာ နောက်တစ်ကြိမ် ဗေဒင်တွက်ကြည့်သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေသည်။

တတိယနှင့် စတုတ္ထအကြိမ်တွင်လည်း ရလဒ်က အတူတူပင်။

ဒါပေမဲ့ လရိပ်ဂိုဏ်းက ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာကောင်းတွေကို ရရှိထားတဲ့ ဂိုဏ်းတစ်ခုဆိုတာကို အရင်ကတည်းက ငါ သေချာ တွက်ချက်ထားခဲ့ပြီးသားလေ။

ငါ့စွမ်းအားကို မြှင့်တင်ဖို့ လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ရချင်တယ်ဆိုရင် လရိပ်ဂိုဏ်းကို လာဖို့ပဲ ရှိတယ်။

ပြီးတော့ လရိပ်ဂိုဏ်းမှာ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ကာကွယ်မှု ရှိနေတယ်။ ဒီလို အားသာချက်တွေ အားလုံးနဲ့ဆိုရင် ဘယ်လိုကံဆိုးမှုမျိုးမှ မကြုံတွေ့သင့်ဘူးလေ။

ဒါပေမဲ့ အခု ဗေဒင်ရလဒ်က...

"မိစ္ဆာမျိုးနွယ်တွေ တိုက်ခိုက်နေပြီ။ လရိပ်ဂိုဏ်း အကြီးအကျယ် အန္တရာယ် ရှိနေပြီ။" ကောင်မလေးက ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ ဗေဒင်ကတ်ပြားများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

သူက ကောက်မနေတော့ဘဲ ဂိုဏ်းချုပ်၏ အဓိကခန်းမဆီသို့ ပျံသန်းသွားရန် လှည့်လိုက်သည်။

ပြေးသွားစဉ် ဗေဒင်တွက်ချက်မှုမှ အသေးစိတ်အချက်အလက်များက သူ၏စိတ်ထဲတွင် ဆက်တိုက် ဖြတ်ပြေးနေသည်။

မိစ္ဆာတပ်မတော်က လရိပ်ဂိုဏ်းကို အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာလုံးကနေ ဝိုင်းရံထားလိမ့်မယ်။ ခေါင်းဆောင်က မဟာတက်လှမ်းခြင်းအဆင့်ထိ ကျင့်ကြံထားတဲ့ "တုရှန်ယွဲ့"လို့ခေါ်တဲ့ မိစ္ဆာသခင်မတစ်ယောက်။ ပိုဆိုးတာက လရိပ်ဂိုဏ်းထဲမှာလည်း ပြဿနာတွေ ရှိနေပြီးတော့ ပြင်ပရန်သူတွေနဲ့ လျှို့ဝှက်ပူးပေါင်းနေတဲ့သူရှိတယ် ဆိုတာကိုပါ ဗေဒင်က ပြသနေတယ်။

"ဒီအကြောင်း လရိပ်ဂိုဏ်းက အထက်လူကြီးတွေကို အခုချက်ချင်း အကြောင်းကြားရမယ်။"

ကောင်မလေးက မျက်မှောင်ကြုတ်လိုက်ပြီး ရင်တဒိုင်းဒိုင်း ခုန်နေသည်။

ခြောက်ထောင့်ကြယ်ပေါ်မှ သွေးရောင်မိုးကြိုးသွားက သူ့စိတ်ထဲတွင် စွဲနေ၏။ ၎င်းက သေခြင်းတရား၏ လက္ခဏာ တစ်ခုပင်။

ထိုကိစ္စကို သေချာမကိုင်တွယ်လျှင် တပည့်အများအပြား သေဆုံးသွားနိုင်သည်။

ငါ လရိပ်ဂိုဏ်းရဲ့ အဆင့်မြင့်ဝိညာဉ်ကြောတွေကို စားလို့မကုန်သေးဘူးလေ။

လရိပ်ဂိုဏ်းကို သေချာပေါက် ကယ်တင်မှရမယ်။

...

ထိုအချိန်တွင် တောင်တန်းတစ်သောင်း၏ အဝေးတစ်နေရာမှ မိစ္ဆာတပ်မတော်ကြီးသည် လူသား ကျင့်ကြံခြင်းလောကဆီသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

...

လေဝိညာဉ်ဂိုဏ်း။

"ဟူး…ဟား…ဟူး..ဟား… နောက်တစ်ခါ။"

မနက်စောစောစီးစီးပင် ဂိုဏ်း၏ရင်ပြင်တွင် လူများ ပြည့်နှက်နေပြီ ဖြစ်သည်။

ကျန်းယိပိုင်က ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်နေပြီး လီကျုံးစီက သူ၏အောက်မှနေ၍ လက်ဖြင့် ထောက်ခံထားသည်။ သို့သော် လီကျုံးစီ၏မျက်နှာမှာ ယခုအခါ နီရဲနေပြီး ကြီးမားလှသော အလေးချိန်ကြောင့် သူ၏ခြေအောက်ရှိ မြေကြီး အက်ကွဲနေသည်။ သူ မတင်သည့်လှုပ်ရှားမှု လုပ်လိုက်တိုင်း သူ၏လက်မောင်းများ တုန်ယင်သွားသည်။

"မြန်မြန်လုပ်။ အခေါက်တစ်သိန်း ကျန်သေးတယ်။" ကျန်းယိပိုင်က ဖရဲသီး တစ်ကိုက် ကိုက်စားလိုက်ပြီး အေးအေးဆေးဆေး ပြောသည်။ "မင်း အဲဒါတွေကို အကုန်လုံး မပြီးဘူးဆိုရင် စားရမှာမဟုတ်တဲ့အပြင် ဒီနေ့အတွက် ဆေးရေချိုးခွဲတမ်းလည်း ပယ်ဖျက်ခံရမယ်။"

ဤစကားကို ကြားသောအခါ၊ ပတ်ဝန်းကျင်ရှိ တပည့်များက ချက်ချင်းပင် ပိုမို၍ ကြိုးစားလုပ်ဆောင်ကြလေသည်။

အစားအစာအတွက် မဟုတ်ဘဲ အဓိကအားဖြင့် ဆေးရေချိုးအတွက်ပင်။

ဤဆေးရေချိုး၏အရသာကို တစ်ခါ မြည်းစမ်းဖူးသွားလျှင် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။

ခန္ဓာကိုယ်သန့်စင်ခြင်းပြီး၍ လုံးဝ ပင်ပန်းနွမ်းနယ်နေချိန်တွင် အထူးဖော်စပ်ထားသော ဆေးရည်ထဲကို ဝင်စိမ်လိုက်သည့် အခိုက်အတန့်လေး၊ ဆေးရည်၏ အာဟာရဓာတ်အောက် တစ်ကိုယ်လုံးမှ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည့် ခံစားချက်က နတ်သမီးလေးတစ်ပါးနဲ့ အတူ ရေချိုးရသလိုပင်။ ရင်သပ်ရှုမောဖွယ် ကောင်းလွန်း၏။ ချွေးပေါက်တိုင်း ပွင့်လာပြီး ဆေးစွမ်းများက အရေပြားထဲ စိမ့်ဝင်သွား၏။ သွေးကြောများထဲ စီးဆင်းသွားပြီ အတွင်းအင်္ဂါများကို အာဟာရ ဖြည့်တင်းပေးတာကြောင့် ကောင်းကင်ဘုံကို ရောက်နေသလို ခံစားရစေသည်။

အရေးအကြီးဆုံးမှာ ဆေးရေချိုးပြီးနောက်တွင် ရုပ်ပိုင်းဆိုင်ရာအခြေအနေက အလျင်အမြန်ပင် တိုးတက်လာသည်ကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခြင်းပင်။

ကောင်းကင်မိစ္ဆာအတတ်နှင့် ပေါင်းစပ်လိုက်သောအခါ သွေးအန်ပြီး အကြောများ ပြတ်သွားသည်အထိ ကျင့်ကြံလျှင်ပင် ဆေးရေချိုးလျှင် ချက်ချင်းပြန်ကောင်းသွားနိုင်ပြီး ပိုမိုကြီးမားသောခွန်အား၊ ပိုမိုသန်မာသော သွေးကြောများနှင့် ယခင်ကထက် ပိုမိုကြံ့ခိုင်သော ဒန်တျန်ကို ရရှိနိုင်ပေသည်။

ယခုဆိုလျှင် ကျင့်ကြံသည်မှာ သုံးရက်ပင် မပြည့်သေးပေ။ သူတို့၏ စစ်မှန်သောအနှစ်သာရ ခွန်အားက နှစ်ဆမက တိုးလာပြီး စိတ်အခြေအနေကလည်း လုံးဝအသစ် ဖြစ်သွားလေပြီ။

"အစ်ကိုကြီးကျန်း၊ အားလုံး တက်ကြွနေကြတာပဲ။"

ချန်ဟွိုက်အန်က ဓားဖြင့် ကောင်းကင်မှ ဆင်းသက်လာပြီး တောင်တံခါး အတွင်းဘက်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။ သူက ကြိုးကြိုးစားစား လေ့ကျင့်နေကြသော လေဝိညာဉ်ဂိုဏ်းမှ တပည့်များကိုကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဓားနက်ဂိုဏ်းကတည်းက ထိုတပည့်များက အမြဲပင် လက်မြှောက်အရှုံးပေးချင်စိတ်နှင့် သေချင်စိတ်သာ ရှိနေခဲ့သည်။

မိစ္ဆာများကို သတ်နေသရွေ့ တက်လှမ်းခြင်းတိုင်ကို သုံးနိုင်သည်ဟု သူတို့ ထင်ခဲ့ကြပုံရသည်။ ထို့ကြောင့် မည်သူမှ သေချာ မကျင့်ကြံခဲ့ကြပေ။

ယခုတော့ သူတို့၏ စိတ်ပိုင်းဆိုင်ရာအမြင်များ ပြောင်းလဲသွားပြီး အလွန် တက်ကြွနေပုံရသည်။

၎င်းမှာ ကျင့်ကြံသူတစ်ယောက် ဖြစ်သင့်သောပုံစံပင်။

"ညီလေး၊ မင်းရဲ့ ကောင်းကင်မိစ္ဆာအတတ်က တကယ်ကို အစွမ်းထက်တာပဲ။" ကျန်းယိပိုင်က ကျောက်တုံးကြီးပေါ်မှ ညင်သာစွာ ခုန်ဆင်းလိုက်ပြီး ချန်ဟွိုက်အန်နှင့် ပခုံးချင်းယှဉ်ကာ ရပ်လိုက်သည်။ ချွေးသံတရွှဲရွှဲ ဖြစ်နေသော လေဝိညာဉ်ဂိုဏ်းမှ တပည့်များကို ကြည့်ရင်း သူက ခေါင်းခါကာ သက်ပြင်းချလိုက်၏။ "အင်မော်တယ်ဖြစ်ဖို့ကျင့်ကြံရတဲ့ အခက်အခဲက ကြိုးစားအားထုတ်မှုတိုင်းအတွက် ဆုလာဘ်မရဘူး ကောင်းတဲ့ တုံ့ပြန်မှုမရှိဘူးဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်။ မိစ္ဆာအတတ်တွေကို အရမ်းလိုချင်ကြတဲ့ အကြောင်းရင်းက ကောင်းတဲ့တုံ့ပြန်မှုက အားကောင်းလို့ပဲ။ ဒါပေမဲ့ မမြင်ရတဲ့အန္တရာယ်တွေနဲ့ ပေးဆပ်ရတာတွေ ရှိတယ်။"

"ညီလေး၊ မင်းရဲ့ ကောင်းကင်မိစ္ဆာအတတ်က အားသာချက်တွေကို အပြည့်အဝ အသုံးချပြီး အားနည်းချက်တွေကို ရှောင်လွှဲနိုင်တယ်။ ဆိုးရွားတဲ့ အကျိုးဆက်တွေ မရှိတဲ့အပြင်ကို အားကောင်းတဲ့ ကောင်းတဲ့တုံ့ပြန်မှုကိုလည်း ပေးစွမ်းနိုင်တယ်။ ဒီလိုတုံ့ပြန်မှုမျိုးက တက်လှမ်းခြင်းတိုင်ကနေ အလကားပေးတဲ့ ကျင့်ကြံခြင်းအမှတ်တွေထက် အများကြီး ပိုပြီးတော့ ကျေနပ်စရာ ကောင်းတယ်။ ဒါကြောင့် တပည့်အားလုံးက အဲဒါကို ကျင့်ကြံချင်ကြပြီးတော့ အဲဒီအပေါ်မှာ အတော်လေး စွဲလမ်းနေကြတာပေါ့။"

"ဒါပေမဲ့ မကြာခင် ဖြစ်လာမယ့် ပဋိပက္ခတွေမှာ ပါဝင်ဖို့အတွက် သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်း လိုအပ်နေသေးတယ်။"

ချန်ဟွိုက်အန်၏စကားကို ကြားသောအခါ ကျန်းယိပိုင်၏မျက်လုံးများ ချက်ချင်း စူးရှသွား၏။ "ဘာကို ဆိုလိုတာလဲ။ ညီလေး။ ဝိညာဉ်ကျောက်စိမ်းမိုင်းတွင်းက ပေါ်လာတော့မှာလား။"

"အမှန်ပဲ။" ချန်ဟွိုက်အန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ အဲဒါက ဝိညာဉ်ကြော မဟုတ်ဘူး၊ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီလို့ခေါ်တဲ့ ရတနာ တစ်ခုပဲ။ ဒီရတနာကို မြေအောက်မှာ စိုက်ပျိုးလိုက်ရင် ဝိညာဉ်ကျောက်စိမ်းကျောက်ကြောတစ်ခုကို မြန်မြန်ဆန်ဆန် ဖန်တီးပေးလိမ့်မယ်။"

"ရတနာတွေအတွက် ယှဉ်ပြိုင်တာပေါ့..." ကျန်းယိပိုင်က မေးစေ့ကို ပွတ်သပ်လိုက်ပြီး မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ တစ်ခုခု လွဲမှားနေကြောင်း သူ ချက်ချင်း ခံစားလိုက်ရ၏။ "ဒီရတနာ သေးသေးလေးတွေအတွက် ယှဉ်ပြိုင်မှုက ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်။ ဖုံးကွယ်ဖို့နဲ့ ခိုးယူဖို့အတွက် လွယ်ကူလို့ အလယ်အလတ်နဲ့ အသေးစားဂိုဏ်းတွေကိုတောင် စတေးဖို့ တွန်းအားပေးခံရနိုင်တယ်။"

"ညီလေးချန်၊ လေဝိညာဉ်ဂိုဏ်းက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ငါတို့ သတိထားမယ်ဆိုရင် အခုလောလောဆယ် တိုက်ရိုက် ထိပ်တိုက်တွေ့တာတွေကို ရှောင်သင့်တယ်လို့ ထင်တယ်။" ကျန်းယိပိုင်က ချန်ဟွိုက်အန်ကို ကြည့်လိုက်သည်။ "မင်း ဘယ်လိုထင်လဲ။"

ချန်ဟွိုက်အန်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ "ဒါကြောင့်မို့လို့ ကျွန်တော် လာခဲ့တာလေ။"

သူက ကစားသူ သိုလှောင်အိတ်ထဲမှ ချင်းယွန်ဘုံဗားရှင်း M4များကို ထုတ်ယူလိုက်ရာ ရှေ့တွင် အလက် တစ်ရာကျော်ခန့် တောင်ငယ်လေး တစ်လုံးကဲ့သို့ ပုံနေသဖြင့် ကျန်းယိပိုင်၏မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။

"ညီလေး၊ ဒါတွေက..."

"ကျင့်ကြံသူတွေသုံးတဲ့ သေနတ်တစ်မျိုးပဲ။"

ချန်ဟွိုက်အန်က ချင်းယွန်ဘုံ M4တစ်လက်ကို ကောက်ယူလိုက်ပြီး ကျွမ်းကျင်စွာ မောင်းတင်ကာ အနီးအနားရှိ တောင်ထိပ်တစ်ခုကို ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်သည်။

ဝုန်း…

မိုးခြိမ်းသံတစ်ခုနှင့်အတူ တောင်ထိပ်ပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာ၏။

အမြောက်ဆန်များ၏ ပေါက်ကွဲမှုပျက်စီးခြင်းမျိုး မဟုတ်ဘဲ ချင်းယွန်ဘုံ M4သည် လေဆာကဲ့သို့ ထိုးဖောက်ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။ အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် ဤကဲ့သို့သော ထိုးဖောက် ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ခြင်းသည် ချင်းယွန်ဘုံ M4၏ အလွန်မြင့်မားသော စွမ်းအားကိုလည်း ပြသနေသည်။ ကျည်ဆန်မျာက တောင်နှင့်ထိခိုက်မိချိန်တွင် ကြီးမားသော အပူရှိန်နှင့် အရှိန်အဟုန်ကို ဖြစ်ပေါ်စေ၏။

"ဘုရားသခင်။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ။။"

ကျန်းယိပိုင်က ကြီးမားသော အပေါက်ကြီးကို စိုက်ကြည့်နေသည်။

ထိုစွမ်းအားက အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူတစ်ယောက် အင်အားအပြည့် တိုက်ခိုက်ခြင်းထက် လုံးဝ မနိမ့်ကျပေ။

အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အင်အားအပြည့် တိုက်ခိုက်မှုကို အထင်မသေးသင့်။ မည်သို့ဆိုစေ ချင်းယွန်ဘုံတစ်ခုလုံးမှ ကျင့်ကြံသူအများစုမှာ ချီသန့်စင်ခြင်းနှင့် အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူများပင် မဟုတ်ပါလား။

အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူများ၏ အင်အားအပြည့်နှင့် ပေါင်းစပ်တိုက်ခိုက်မှုက ရွှေရောင်အနှစ်သာအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်သည်။

ထို့ပြင် ဤတိုင်းတာမှုယူနစ်မှာ ကမ္ဘာမြေမှ တက်လှမ်းသူများမဟုတ်ဘဲ ချင်းယွန်ဘုံ၏ ကျင့်ကြံသူများ ဖြစ်သည်။

ဒီသေနတ်တွေကိုသုံးပြီး ကမ္ဘာမြေက တက်လှမ်းလာသူတွေကို တိုက်ခိုက်မယ်ဆိုရင် တစ်ချက်ပစ်ရင် တစ်ယောက်သေမှာ မဟုတ်ဘူးလား။

"တကယ့် ရတနာပဲ။" ကျန်းယိပိုင်၏ မျက်လုံးများတွင် လေးစားမှုများ တောက်ပနေပြီး ချင်းယွန်ဘုံ M4 တစ်လက်ကို ကောက်ယူကာ သိသာထင်ရှားသောဝမ်းသာမှုဖြင့် ကြည့်ရှုနေသည်။ "ငါ အရင်က ဒီလို စက်ယန္တရား ပစ္စည်းလေးတွေကို ကလိရတာ သဘောကျခဲ့တယ်။ ဒါပေမဲ့ ဒီနယ်ပယ်မှာ ငါ့ရဲ့ဗဟုသုတ နည်းပါလို့ ချင်းယွန်ဘုံကို ကူးပြောင်းလာပြီးတဲ့နောက် တည်ဆောက်နိုင်ခဲ့တာဆိုလို့ စက်ရုပ်ရုပ်သေးရုပ်တချို့ပဲ ရှိတယ်... ဒါကို မင်း ဘယ်ကရလာတာလဲ။"

"M4 တစ်လက်ကို ချင်းယွန်ဘုံထဲ ကျွန်တော် ယူသွားခဲ့တာ။ လက်နက်ဂိုဏ်း ဂိုဏ်းချုပ် ရှန်းထျန်ကောက အဲဒါကို နှစ်ရက်တည်းနဲ့ မွမ်းမံပေးလိုက်တာပဲ။" ချန်ဟွိုက်အန်က သုံးပြီးသား ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူပြီး အသစ်တစ်ခု ထည့်လိုက်သည်။ "ရှန်းထျန်ကောက နောက်နည်းနည်းကြာရင် အမြောက်တစ်လက် လုပ်မယ်လို့လည်း ပြောခဲ့သေးတယ်။ သူ့ကို သုတေသန လုပ်ဖို့ TAC-50 အဆောက်အဦးဖျက် စနိုက်ပါသေနတ် တချို့နဲ့ ရဟတ်ယာဉ်အမြောက်တချို့ ရှာပေးဖို့ စီစဉ်ထားတယ်။ ကျင့်ကြံသူတွေနဲ့ သင့်တော်တဲ့ ခေတ်သစ် လက်နက်တွေရဲ့ ချင်းယွန်ဘုံဗားရှင်းကို သူ ဖန်တီးပေးနိုင်လောက်တယ်။"

"သိပ်ကောင်းတဲ့အကြံပဲ။" ကျန်းယိပိုင် လက်မထောင်ပြလိုက်သည်။ "ကမ္ဘာနှစ်ခုကြား သွားလာနိုင်တဲ့ စွမ်းရည်ရှိတာက အတော်လေး အဆင်ပြေတာပဲ။"

သူ မနာလိုစွာဖြင့် ပြောလိုက်သည်။ "အဲဒီအချိန်တုန်းကသာ ငါ ဒီစွမ်းရည်မျိုး ရှိခဲ့မယ််ဆိုရင် ယောင်ချီမြင့်မြတ်နယ်မြေနဲ့ ဖန်ကျင်းမြင့်မြတ်နယ်မြေတို့ ဘာဖြစ်သွားမလဲ။ ငါ သူတို့အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်မှာ။"

"ဒီချင်းယွန် M4 အလက် (၁၀၀)ကို လေဝိညာဉ်ဂိုဏ်းအတွက် လက်နက်တွေအဖြစ်သုံးမယ်။"

ချန်ဟွိုက်အန်က မျက်လုံးများကို ကျဉ်းလိုက်ပြီး ကျန်းယိပိုင်ကို ကြည့်လိုက်သည်။ "အစ်ကိုကြီး၊ ကောင်းကင်အနှစ်သာရကျောက်စိမ်းခြင်ဆီကို ရဖို့ဆိုရင် ခင်ဗျားမှာ အခွင့်အရေး ဘယ်လောက်ရှိမလဲ။"

ကျန်းယိပိုင်က လက်ထဲရှိ သေနတ်ကို ပွတ်သပ်လိုက်ပြီး နှုတ်ခမ်းပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "လုံးဝပဲ။ ဟီးဟီး…"

...

All Chapters