အခန်း ၂၁၀
Vol. 15 Ch. 210
အပိုင်း(၂၁၀) မုန်တိုင်းစပြီ၊ နဂါးနှင့်မြွေများ ထွက်ပေါ်လာခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်နှစ်ရက်ကြာသွားခဲ့သည်။
ထိုအချိန်အတွင်း လန်ယမြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးအကြောင်းသတင်းက တောမီးလို တောရိုင်းမြေ တစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး တိုက်ပွဲဓာတ်ပုံတချို့ပင် ပျံ့နှံ့သွားကာ အင်အားစုအသီးသီး၏လက်ထဲ ရောက်သွားခဲ့၏။
ဓားသူတော်စင်က နောက်တစ်ကြိမ် လှုပ်ရှားလာပြီး လန်ယတိုင်းပြည်ကို ရောက်လာသည်။ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က မျက်စိတစ်ဆုံးတွင် ရှိနေရာ သူ၏ရည်ရွယ်ချက်က ရှင်းလင်းနေပေသည်။
မည်သူမဆို လေထုထဲရှိ ကြီးမားသောဖိအားကို ခံစားမိနိုင်ပြီး ၎င်းက သတင်းစကားတစ်ခု ပေးပို့နေ၏။
မဟာကျင်းနှင့် ဗုဒ္ဓတိုင်းပြည်တို့က သူတို့၏ နောက်ဆုံးတိုက်ပွဲကြီးကို ဆင်နွှဲပေတော့မည်...
တောရိုင်းမြေကို ကြီးစိုးမည့်အင်အားစုတစ်ခု ပေါ်လာတော့မည်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ ကြာရှည်ခဲ့သော ကမောက်ကမဖြစ်မှုတွေကို အဆုံးသတ်တော့မည်။ ဤတိုက်ပွဲတွင် အနိုင်ရသူက သမိုင်းကို လုံးဝ ပြောင်းလဲပစ်မည်ဖြစ်ကာ အချိန်မြစ်ပြင်ကျယ်ထဲ အရေးပါသော အမှတ်အသားတစ်ခု ချန်ရစ်ခဲ့လိမ့်မည်။
စစ်ပွဲက ယခုအခြေအနေထိ ရောက်လာသောအခါ မည်သည့်အင်အားစုကြီးကိုမှ သက်ရောက်မှုမရှိဘဲနေမည် မဟုတ်ပေ။ သူတို့က ရွေးချယ်စရာနှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမယ်။ တွေဝေနေသူ သို့မဟုတ် မှားယွင်းသော ဘက်ကို ရွေးချယ်မိသူမဆို ကြီးစိုးမှုကို တည်ထောင်သောအချိန် ရောက်လာသောအခါ ကြီးမားသည့် ထိုးနှက်ချက်နှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်ပြီး သူတို့၏တိုင်းပြည်များ ပျက်စီးကာ အင်အားစုအသစ် ပြန်လည်ဖွဲ့စည်ခြင်းကို ခံရပေလိမ့်မည်။
အင်အားကြီးတိုင်းပြည်များ မည်သည့်ဘက်ကို ရွေးရန်နှင့်ပတ်သက်ပြီး ခေါင်းကိုက်နေကြချိန်မှာပင်...
သတင်းတစ်ခုက လျှပ်စီးလိုအလျင်အမြန်နှင့် တောရိုင်းမြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
[ ဧကရီရဲ့အစေခံ စုချင်ချိုးနဲ့ အနက်ရောင်ဝတ်ရုံဝတ် အမျိုးသမီးတစ်ယောက်က လန်ယနန်းတော်မှာ ကမောက်ကမဖြစ်အောင် လုပ်ခဲ့တယ် ]
[ ဓားသူတော်စင် မုန့်ချင်း ပေါ်လာပြီး ပုန်ကန်မှုကို နှိမ်နင်းလိုက်တယ် ]
[ ပျော်ရွှင်ခြင်းအရဟတ္တ ဆင်းသက်လာတယ်။ ပျော်ရွှင်ခြင်းအရဟတ္တ တိုက်ခိုက်တယ်။ ပြီးတော့ ပျော်ရွှင်ခြင်း အရဟတ္တ အသတ်ခံလိုက်ရတယ် ]
[ လန်ယရဲ့အရှုပ်တော်ပုံ ဖွင့်ချခံလိုက်ရပြီးတော့ လန်ယဘုရင်က သူ့အပြစ်တွေကို ဝန်ခံသွားတယ် ]
[ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က အရည်အချင်းရှိတဲ့ အမျိုးသမီးကျင့်ကြံသူ အများအပြားကို ဖမ်းဆီးပြီတော့၊ သူတို့ကို ကျင့်ကြံရေးခန္ဓာကိုယ်တွေ လျှို့ဝှက် ဗုဒ္ဓဘာသာရတနာတွေ၊ ယဇ်ကောင်တွေ၊ ထင်းတွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်... ]
ထိုကိစ္စကို ဖွင့်ချလိုက်ခြင်းက ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲသည်။
အင်အားစုအသီးသီးက မှတ်တမ်းတင်ထားသော ဗီဒီယိုများကို ကြည့်ရှုခဲ့ကြပြီး နောက်ဆုံးတွင် မုန့်ချင်းက ကမ္ဘာငယ်လေးကို ဆုတ်ဖြဲလိုက်ပြီး အထဲတွင် မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများကို မြင်လိုက်ရ၏။ သူတို့ အံ့အားသင့်သွားရခြင်းမှာ ထိုအထဲတွင် သူတို့၏ ပျောက်ဆုံးနေသော ဆွေမျိုးများ ရှိနေသည်ကို တွေ့လိုက်ရ၍ပင်။
ဂိုဏ်းတစ်ခု၏ဂိုဏ်းချုပ်က ရယ်မောပြီး မှတ်ချက်ချလိုက်သည်။
"ကြွားလုံးထုတ်နေတာပဲ။ ဒါဆို မင်းဆိုလိုချင်တာက ဗုဒ္ဓတိုင်းပြည်ဆိုတာ သင်္ကန်းဝတ်လာမာတွေ သက်သက်ပေါ့။ နှစ်ထောင်ချီကြာအောင် ဘယ်သူမှ မသိဘဲ ပုန်းအောင်းနေခဲ့ပြီးမှ ဒီကောင်လေး မုန့်ချင်းရဲ့ လက်ပူးလက်ကျပ် ဖမ်းတာကို ခံလိုက်ရတယ်ပေါ့... "
"ငါ့အမြင်ကတော့ ဒါ ဗုဒ္ဓတိုင်းပြည်ကို တမင်နာမည်ဖျက်ဖို့ ဓားသူတော်စင် စီစဉ်ထားတဲ့ အကြံအစည်တစ်ခုပဲ ဖြစ်ရမယ်... "
ဂိုဏ်းချုပ်က စကားပြောပြီးသည်နှင့် မှင်သက်သွား၏။
ဖမ်းယူထားသောပုံရိပ်ကို စူးစိုက်ကြည့်ရင်း ကမ္ဘာငယ်လေးထဲမှ ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရ၏။
သူ ချက်ချင်း မတ်တပ်ရပ်လိုက်ရာ လှိုင်းလုံးကြီး ရိုက်ခတ်လာသကဲ့သို့ တုန်လှုပ်မှုက နန်းတော်ကို တုန်သွားစေပြီး သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"လာမာတွေ၊ မင်းတို့ရဲ့ ဘိုးဘေး ရှစ်ဆက်လုံးကို ငါ သတ်ပစ်မယ်... "
"ငါ့ရဲ့ သနားစရာ မြေးမလေး... "
"ဂိုဏ်းချုပ်... ဓားသူတော်စင်ရဲ့အကြံအစည်က အတုဖြစ်ရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"
"ငါ့ဓားကို ယူခဲ့... "
"ဂိုဏ်းချုပ်... "
"ဓားကိုယူခဲ့လို့ ငါပြောနေတယ်လေ... ဂိုဏ်းချုပ်ဖြစ်တဲ့ငါက လန်ယကို အစုလိုက်အပြုံလိုက် သတ်ပစ်မယ်... နေဦး... ငါနဲ့လိုက်ပြီး လူတွေကို အရင်ရွေးကြရအောင်။"
...
ထိုကဲ့သို့အခြေအနေမျိုးများက နေရာအနှံ့တွင် ဖြစ်ပွားခဲ့သည်။
အင်အားစု အများအပြားက အစပိုင်းတွင် မယုံကြည်ခဲ့ကြပေ။ အချိန်-နေရာလွတ် ဓားသူတော်စင်က အန္တရာယ်များသော ချဉ်းကပ်မှုကိုသုံးပြီး ဗုဒ္ဓတိုင်းပြည်၏အခြေခံအုတ်မြစ်ကို လှုပ်ခတ်ရန် တမင်နာမည်ဖျက် နေသည်ဟု သူတို့ ထင်ခဲ့ကြသည်။
လူတိုင်းသိသည့်အတိုင်း ဇန်ကျင့်ကြံခြင်းဇစ်မြစ်က သတ္တဝါများ၏ ဆုတောင်းသစ္စာများမှလာခြင်း ဖြစ်သည်။ ပြည်သူများ၏ နှလုံးသားကို ဆုံးရှုံးရခြင်းက အမြစ်မရှိသော ရေအရင်းအမြစ်ကို ဆုံးရှုံးရခြင်းနှင့် တူတူပင်။
ဗုဒ္ဓတိုင်းပြည် တည်ထောင်ခြင်းကို လူသားဧကရာဇ် ပျောက်ဆုံးသွားပြီး နှစ်ပေါင်း ရာချီကြာသည့်အချိန်အထိ နောက်ကြောင်းပြန်လိုက်၍ရသည်။ နှစ်များကြာသည်နှင့်အမျှ မရေမတွက်နိုင်သော လူများက ဗုဒ္ဓတိုင်းပြည်၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် ကြိုးစားခဲ့သော်လည်း အားလုံးက ကျရှုံးမှုနှင့်သာ အဆုံးသတ်ခဲ့ရသည်။
တိုက်ဆိုင်လိုက်တာ…
မင်းက အချိန်-နေရာလွတ် ဓားသူတော်စင်လား။ ဒါမှမဟုတ် နတ်ဘုရား စုံထောက်တစ်ယောက်လား။ ဒါမှမဟုတ် ကံကြမ္မာဖားပြုတ် ဝင်စားတာလား...
ကြုံရာနေရာတစ်ခုကို လျှောက်သွား၊ အောက်ခံဘောင်းဘီကို ဆွဲချပြီး ကြည့်လိုက်။
ဝါး... အဲဒါက အနက်ရောင်ပဲ။
ပြီးတော့ အဲဒီကောက်ကျစ်တဲ့ဖားပြုတ်က မင်းဗိုက်ကို လာထိနေတယ်...
၎င်းက ယုတ္တိမတန်လွန်း၍ ယုံကြည်ချင်သူ အလွန်နည်းပါးပေသည်။
သို့သော်လည်း အင်အားစုအသီးသီးက မှတ်တမ်းတင်ထားသော ဓာတ်ပုံများကိုကြည့်ပြီး သူတို့၏ဆွေမျိုးများကို မြင်လိုက်ရချိန် ချက်ချင်းပင် ဒေါသများ၊ မုန်းတီးမှုများနှင့် ပြည့်နှက်သွားခဲ့ကြသည်။
သူတို့က ဓားများကိုဆွဲထုတ်ပြီး မြင်းများကိုစီးကာ လန်ယကို ဖျက်ဆီးပြီး မြေကြီးကို သွေးနှင့်ဆေးကြောမည်ဟု ကြေညာခဲ့ကြသည်။ သူတို့က ဗုဒ္ဓတိုင်းပြည်ကို အံမတုရဲသော်လည်း နတ်ရွာစံသွားပြီဖြစ်သော ဧကရာဇ်တစ်ပါး အုပ်ချုပ်သော တိုင်းပြည်တစ်တိုင်းပြည်ကိုတော့ ထိရဲပေသည်...
မျက်စိတစ်မှိတ်အတွင်းမှာပင် တောရိုင်းမြေက ကမောက်ကမ ဖြစ်သွားခဲ့သည်။
အင်အားစုအသီးသီးက လူရွေးယူရန် သံတမန်များ စေလွှတ်ခဲ့ကြသည်။ လက်စားချေရန် စစ်တပ်များ စုဆောင်းခဲ့ကြသည်။
…
...
လန်ယတိုင်းပြည်ရှိ မြို့တစ်မြို့။
ရက်အနည်းငယ် ကြာသွားခဲ့ပြီးနောက် လန်ယမြို့တော်မှ ပေါက်ကွဲမှုက အရှိန်အဟုန်ရနေပြီ ဖြစ်သည်။ အခြားအင်အားစုများ၏ ပြင်းထန်သောဒေါသများနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ ပြည်သူများက အဆက်မပြတ် ကြောက်ရွံ့မှုများဖြင့် နေထိုင်နေကြရသည်။
နိုးလာတော့ ငါ့ကျောပေါ်မှာ လေးလံတဲ့အရာတစ်ခု ရှိနေသလို ခံစားလိုက်ရတယ်။ နောက်လှည့်ကြည့်လိုက်တော့ ဘုရားရေ...တော်တော်လေးကြီးတဲ့ အနက်ရောင်အိုးတစ်လုံး ဖြစ်နေတယ်...
ပြည်သူများမှာ တွေဝေသွားပြီး အလွန် ကြောက်လန့်နေကြ၏။
ဘာမှမလုပ်ခဲ့ဘဲနှင့် ရုတ်တရက် လူတိုင်း၏ ဝေဖန်မှုပစ်မှတ် ဖြစ်လာခဲ့သည်။ အင်အားစု အသီးသီး၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ ဝံပုလွေများ ဝိုင်းရံထားသလိုမျိုး၊ ဟထားသော ပါးစပ်များနှင့် အပိုင်းပိုင်း ဆွဲဖြဲပြီး စားသောက်ခံရတော့မည့် အခြေအနေမျိုးပင်...
"အဲဒီ ကျက်သရေတုံးလန်ယဘုရင်က ဗုဒ္ဓဘာသာလာမာတွေအတွက် တကယ် အလုပ်လုပ်ပေးခဲ့တာ။ ပြီးတော့ သူသေသွားတာတောင် ငါတို့ကို ဆွဲချသွားသေးတယ်။"
"အခု ထွက်ပြေးဖို့ နည်းလမ်းမရှိတော့ဘူး။ လန်ယဒေသတစ်ခုလုံးကို ပိတ်ဆို့ထားပြီး အဓိက အင်အားစု အားလုံးက အစွမ်းထက်ပုဂ္ဂိုလ်တွေက နယ်စပ်ကို ရောက်လာပြီး လမ်းတွေကို ပိတ်ဆို့ထားတယ်လို့ ကြားတယ်။"
"အားလုံး ပြီးဆုံးသွားပြီ။ ဘေးဒုက္ခက မကြာခင် ကျရောက်တော့မယ်... "
"လန်ယဘုရင်က သေသွားပြီဆိုတော့ သူတို့ ဒေါသထွက်စရာပစ်မှတ်က ငါတို့ သာမန်ပြည်သူတွေပဲ ရှိတော့တာပေါ့... တောက်... "
တုန်းဖန်လျူလီက ခရီးသွားနေစဉ် လမ်းသွားလမ်းလာများထံမှ ကြားရသော သတင်းအချက်အလက် အပိုင်းအစများကို ပေါင်းစပ်ကာ အဖြစ်အပျက်များ၏ အပြည့်အစုံကို ဖန်တီးခဲ့သည်။
သူက မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး ဆံပင်နီများက လေထဲတွင် လွင့်ပျံနေကာ သူ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ကျယ်ဝန်းသော ဝတ်ရုံဖြင့် ဖုံးကွယ်ထား၏။
သူက ဓားတစ်လက်ကို လွယ်ထားပြီး မြင်းကိုဆွဲကာ သိုင်းလောကမှ သာမန်ခရီးသွားတစ်ဦးနှင့် တူနေသည်။
မုန့်ချင်ကျိုးက လန်ယတိုင်းပြည်တွင် ရှိနေကြောင်းကြားရာ တုန်းဖန်လျူလီက အလွန် စိတ်လှုပ်ရှားသွားသည်။
သူက လူတိုင်းကို လျှို့ဝှက်ထားပြီး မြို့တော်မှ တစ်ယောက်တည်း ထွက်လာခဲ့ကာ ကျန်းစန်းဟိုင်ကို ကယ်တင်ရန်နှင့် တစ်ချိန်တည်းမှာပင် အဆင့်တက်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာဖွေရန် ရည်ရွယ်ခဲ့သည်။
မမျှော်လင့်ဘဲ မုန့်ချင်ကျိုးတွင်လည်း ထိုသို့သော အကြံအစည်မျိုး ရှိနေခဲ့သည်။
သူက တစ်ကြိမ်လောက် အထီးကျန် သူရဲကောင်းတစ်ယောက် ဖြစ်လာရန်ပင် စဉ်းစားခဲ့သေးသည်။
"ငါ့ခင်ပွန်းဆိုတဲ့အတိုင်းပဲ။ ငါတို့က တကယ် စိတ်တူကိုယ်တူနဲ့ အတူတူ တွေးနေကြတာပဲ။" တုန်းဖန်လျူလီ၏ ခြေလှမ်းများမှာ များစွာပေါ့ပါးသွားပြီး ကမ္ဘာအနှံ့ခရီးသွားခဲ့သည့် လွန်ခဲ့သော နှစ်အနည်းငယ်က အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။
သို့သော် စိတ်တည်ငြိမ်သွားပြီးနောက်...
ပြန်လည်စဉ်းစားကြည့်ရာ…
"ချင်ကျိုးက လန်ယမြို့တော်မှာ ရှိနေတုန်းပဲလား။ ဗုဒ္ဓတိုင်းပြည်ရဲ့ အရှုပ်တော်ပုံကို ဖွင့်ချတာက သူတို့ကို သေချာပေါက် ဒေါသထွက်စေလိမ့်မယ်။ ဒါဆို သူက ဘာလို့ ထွက်သွားဖို့ နှောင့်နှေးနေရတာလဲ။"
"ဘာတွေ တွေးနေတာလဲ... "
ထိုလုပ်ရပ်က ပြဿနာ၏အရင်းအမြစ်ကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင်။ ထို့ပြင် ဗုဒ္ဓတိုင်းပြည်ကလည်း သေချာပေါက် သည်းခံနိုင်မည် မဟုတ်ပေ။ ၎င်းက အတ္တကင်းမဲ့ဗုဒ္ဓကို ကိုယ်တိုင် လှုပ်ရှားလာအောင်ပင် ရန်စလိုက်သလို ဖြစ်သွားနိုင်၏။
လုယက်မှုတစ်ခု လုပ်ပြီးတော့ မြန်မြန် ထွက်ပြေးရမယ့်အစား သူက ဘာလို့ တောင်ပေါ်ကဘုရင်ကြီးလုပ်ပြီး လန်ယရဲ့ ဓားသူတော်စင်လို့ သူ့ကိုယ်သူ ကြေညာနေရတာလဲ...
မှန်ပေသည်။
မနေ့ကတင် လန်ယမြို့တော်၌ တပ်စွဲထားသော မုန့်ချင်ကျိုးက ကမ္ဘာကြီးကို ကြေညာခဲ့သည်။
"အခုကစပြီးတော့ လန်ယက ငါ့ပိုင်နက်ပဲ။"
တိုတောင်းလှသော စကားတစ်ခွန်းက ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
အသိဉာဏ်အနည်းငယ်ရှိသူတိုင်း ဤစကားက မည်သူ့အတွက် ရည်ရွယ်ကြောင်းကို သိကြသည်။
ဘာသာပြန်ရမည်ဆိုလျှင် "မင်းတို့ ကတုံးဘုန်းကြီးတွေ၊ ငါ လန်ယကနေ မထွက်သွားဘူး။ သတ္တိရှိရင် လာပြီး လက်စားချေလှည့်... " ဟူ၍ပင်။
အခြေအနေကို ပိုပြီးပြင်းထန်စေရန် မုန့်ချင်ကျိုးသည် ပျော်ရွှင်ခြင်းအရဟတ္တ၏ ခေါင်းကို ကျိုတို မြို့တံခါးဝတွင် ချိတ်ဆွဲထားခဲ့သည်။
၎င်းက လူများကို ရွေးယူရန် ရောက်လာကြသော အင်အားစုအသီးသီးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် မြို့ထဲသို့ ဝင်ရောက်စေခဲ့ပြီး ခြေလှမ်းတိုင်း ကြောက်ရွံ့တုန်ယင်နေကာ နောက်လှည့်ကြည့်လိုက်လျှင် နတ်ဘုရားများနှင့် ဗုဒ္ဓများပေါ်လာကာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပြီး အပြစ်ကင်းသော ဘေးကလူများကို ဒုက္ခရောက်စေမည်ကို စိုးရိမ်နေကြသည်။
တုန်းဖန်လျူလီက မျက်မှောင်အနည်းငယ် တွန့်ချိုးကာ သက်ပြင်းသဲ့သဲ့ချလိုက်သည်။
"နန်းရင်းဝန်အပေါ် ဖိအားတွေ လျော့ကျသွားအောင်လို့ ဗုဒ္ဓတိုင်းပြည်ရဲ့ အင်အားကို နေရာနှစ်ခုခွဲဖို့ ရှင်က အတင်းအကျပ် လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်လုံခြုံရေးကိုကော ထည့်မစဉ်းစားဘူးလား... "
"ဒီငါးပိကောင်ငတုံးကတော့... ရှင်က လုံးဝ အားကိုးလို့ မရဘူးပဲ။"
၎င်းကိုတွေးပြီးနောက် တုန်းဖန်လျူလီက စိတ်ပြောင်းသွားကာ ခင်ပွန်းဖြစ်သူ စိတ်ဖိစီးမှုများ လျော့ကျအောာင် အရင်သွားကူညီရန် အစီအစဉ် ပြောင်းလိုက်တော့သည်။
…