အခန်း ၂၁၂
Vol. 15 Ch. 212
အပိုင်း(၂၁၂) သရုပ်မှန်ကို ဖော်ထုတ်ခြင်း၊ အိပ်ရာနွေးအစေခံ
"ဒီနိမ့်ကျတဲ့အမျိုးသမီး ကူရှီးယွဲ့က အချိန်-နေရာလွတ် ဓားသူတော်စင်ကို ဂါရဝပြုပါတယ်။"
"မင်းမှာ ကျင့်ကြံမှုအဆင့် ဘယ်လောက်ရှိလဲ။"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ နံနက်ခင်းအလင်းနယ်ပယ်ကို ဖောက်ထွက်နိုင်ခဲ့တာပါ။ နှစ်ပေါင်းများစွာ ကြာအောင် လူ့လောကမှာ လှည့်လည်သွားလာနေခဲ့တာပါ။"
"လွတ်လပ်တဲ့ စိတ်ဝိညာဉ်ဆိုတာ အတားအဆီး မရှိဘူး။ ဒီလောက်တောင် အကြံမဲ့နေတဲ့သူက ဘာလို့ ငါ့ဆီကို အကူအညီတောင်းဖို့ လာရတာလဲ။"
"ဓားသူတော်စင်ရဲ့ ခမ်းနားတဲ့ပုံရိပ်နဲ့ နက်နဲတဲ့ဉာဏ်ပညာကို မြင်ရပြီးကတည်းက လေးစားအားကျနေခဲ့တာ ကြာပါပြီ။ ပြီးတော့ တောရိုင်းမြေရဲ့အဆုံးသတ်က စတင်နေပြီဆိုတော့၊ နံနက်ခင်းအလင်းနယ်ပယ်က ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ကျွန်မလည်း ကင်းကင်းရှင်းရှင်း နေလို့မရတော့ဘူးလေ။ ကာမဂုဏ်လိုက်စားပြီး ရက်စက်တဲ့ လာမာတွေကို မှီခိုရမယ့်အစား သခင်လေးနောက်ကို သေတဲ့အထိ နောင်တကင်းကင်းနဲ့ လိုက်ပါရတာကမှ ပိုကောင်းပါလိမ့်မယ်။"
ကူရှီးယွဲ့က ရိုးသားစွာပြောပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
မုန့်ချင်ကျိုးက ခဏတာ တွေးတောလိုက်ပြီးနောက် ခေါင်းလှည့်ကာ မေးလိုက်သည်။
"ချင်ချိုး၊ ဒီမိန်းကလေးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ။"
နံနက်ခင်းအလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တွေက ဂေါ်ဖီထုပ်တွေလို တွေ့ရများတဲ့အရာတွေ မဟုတ်ဘူး။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တိုက်ပွဲမှာ သူတို့ထဲက အများစုက သုတ်သင်ခံလိုက်ရပြီ။ ကျန်ရှိနေတဲ့သူတွေက ဗုဒ္ဓတိုင်းပြည်နဲ့ မဟာကျင်းမှာ စုစည်းနေတယ်။ တခြား ထိပ်တန်းအင်အားစုတွေမှာ အလွန်ဆုံး သေလုမြောပါး ဘိုးဘေးတစ်ယောက် နှစ်ယောက်လောက်ပဲ နယ်စပ်ကို စောင့်ကြပ်ဖို့ ရှိကြတယ်။
ဒီကောင်မလေး ချင်ချိုးက ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားပြီးတော့ အသက်သိပ်မကြီးသေးတဲ့ နံနက်ခင်းအလင်းနယ်ပယ်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို ကောက်ရလာတယ်တဲ့လေ…
ဒါက လုံးဝ ယုတ္တိမရှိဘူး...
"အာ... ဒါက... " စုချင်ချိုး၏ ကြီးမားပြီးဆော့ကစားချင်သောမျက်လုံးများက ဟိုဟိုဒီဒီ လှည့်ကြည့်နေသည်။
သူလည်း တွေဝေသွားသည်။ ဘယ်လို ရှင်းပြရမလဲ။
မဟာကျင်းတိုင်းပြည်၏ အုပ်ချုပ်သူက ဗုဒ္ဓတိုင်းပြည်၏ နယ်စပ်ကို အသက်စွန့်ပြီး တစ်ယောက်တည်း ရောက်လာကြောင်းကို ဧကရာဇ်သိသွားလျှင် ဒေါသထွက်မည်စိုး၍ သရုပ်မှန်ကို မဖော်ပြမိရန် အကြိမ်ကြိမ် သတိပေးထားခဲ့သည်။
တုန်းဖန်လျူလီက နန်းရင်းဝန် ကျန်းစန်းဟိုင်ကို ကယ်တင်ရန် ဗုဒ္ဓတိုင်းပြည်သို့ ထွက်လာခဲ့သည်။ ထိုကိစ္စကို မူလက ချင်းဖုန်းဟော် တစ်ယောက်သာ သိခဲ့ခြင်းဖြစ်ပြီး မုန့်ချင်ကျိုးကိုပင် လျှို့ဝှက်ထားခဲ့သည်။
သူ အမှန်ကို မပြောရဲပေ။
"ကူရှီးယွဲ့က တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ပုန်းအောင်းနေထိုင်ခဲ့တာပါ။ ခေတ်ရဲ့ ကမောက်ကမ ဖြစ်မှုတွေကြောင့် သူ ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်လာရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ ဒီလိုနဲ့ တိုက်တိုက်ဆိုုင်ဆိုင် သူ့ကို တွေ့ခဲ့တာ။ သူက လန်ယမြို့တော်ကို စောင့်ရှောက်နေတဲ့ သခင်လေးအကြောင်းကို ကြားတော့ အများကြီး လေးစားအားကျစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်။ သူက သခင်လေးကို သွားတွေ့ဖို့ ကျွန်မကို ခေါ်သွားခိုင်းလို့ပါ... " စုချင်ချိုးက ဦးနှောက်ကို အသည်းအသန် အလုပ်ပေးရင်း စကားထစ်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
တူညီတဲ့ ဟင်းချက်နည်း၊ တူညီတဲ့ အရသာပဲ၊ ဒီငတုံးမလေး ထပ်လိမ်နေပြန်ပြီ…
ယခင်ကဆိုလျှင် မုန့်ချင်ကျိုးက ထိုအကြောင်းကို သိပ်ပြီးတွေးမိမည် မဟုတ်ပေ။ မည်သို့ဆိုစေ သူက ဤကမ္ဘာကြီးထဲ ရောက်လာသည်မှာ မကြာသေးပေ။ (၃)နှစ်လောက် ခရီးသွားခဲ့ပြီးနောက် ချက်ချင်းပင် တောင်တန်းများထဲ ပုန်းအောင်းပြီး သမက်အဖြစ် ဝင်နေခဲ့သည် မဟုတ်ပါလား။
ကောလာဟလများအရ ဗိုလ်ကျတတ်ပြီး ရက်စက်ကြမ်းကြုတ်သော လူဆိုးဧကရီမှာ လုံးဝဆန့်ကျင်ဘက် ဖြစ်နေသော စရိုက်နှစ်ခု ရှိနေလိမ့်မည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲပေသည်။
ဒီငတုံးမလေး စုချင်ချိုးက အရမ်းကို အပြစ်ကင်းပြီး ချစ်စရာကောင်းပုံရပေမဲ့ တခါတလေ စိတ်လှုပ်ရှားလို့ စကားထစ်နေရင်တောင်မှ ဒီလောက် လိမ်ပြောနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ထင်မှာမဟုတ်ဘူး။
သို့သော် အမှန်တရားကို သိပြီးကတည်းက။
မုန့်ချင်ကျိုး၏ လောကအမြင် လုံးဝ ပျက်စီးသွားပြီး ပြန်လည်တည်ဆောက်ခံရသဖြင့် သူ၏ပတ်ဝန်းကျင်ရှိ လူများ၏ စရိုက်များကို ပြန်လည်အကဲဖြတ်နိုင်ခဲ့သည်။
ယခင်က တုန်းဖန်လျူလီကို ဧကရီဆိုသည့်သရုပ်မှန်အား ဖုံးကွယ်ရန် ကူညီပေးတုန်းကလည်း စုချင်ချိုးက ယခုလို လေသံမျိုးနှင့်သာ စကားပြောခဲ့သည်။
ဧကန္တ…
မုန့်ချင်ကျိုးက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရာ မကောင်းသောနိမိတ်တစ်ခုက သူ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။
"ကူ... ရှီးယွဲ့။ ဟုတ်တယ်မလား။"
"ရှီးယွဲ့ ဒီမှာ ရှိပါတယ်။"
တုန်းဖန်လျူလီတွင် ချိုမြိန်သောအသံတစ်ခုရှိပြီး အိမ်နီးချင်း ကောင်မလေးတစ်ယောက်လို နူးညံ့သိမ်မွေ့သည်။ သူ၏ခါးတွင် ကျောက်စိမ်းဆွဲပြားတစ်ခု ချိတ်ဆွဲထားပြီး ၎င်းက သူ၏ မူလကိုယ်သင်းနံ့ကို ဖုံးကွယ်ပေးသော အထူးရနံ့တစ်ခုကို ထုတ်လွှတ်ပေးသည်။ ဖရိုဖရဲဖြစ်နေသော သူ၏ဆံပင်များကို မြင့်မားသော မြင်းမြီးပုံစံ စည်းနှောင်ထားသည်။ သူက သွက်လက်သော အမျိုးသမီးသူရဲကောင်းဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားကာ သူ့ကိုယ်သူ လုံးဝ ပြောင်းလဲထားသည်။
အကယ်၍ တုန်းဖန်လျူလီသာ စုချင်ချိုးကို ရှာမတွေ့ဘဲ သရုပ်မှန်ကို မဖော်ပြခဲ့ပါက နှစ်ပေါင်းများစွာ သူ့ဘေးတွင် ရှိနေခဲ့သော ဤရင်းနှီးသောအစေခံမလေးပင်လျှင် မှတ်မိနိုင်မည် မဟုတ်ပေ။
"ငါ့အပေါ် မင်း ဘယ်လို မြင်လဲ။ ငါ့ကို ပြောပြ။" မုန့်ချင်ကျိုးက အေးဆေးစွာ မေးလိုက်သည်။
တုန်းဖန်လျူလီက ခဏတာ စဉ်းစားလိုက်ပြီးနောက် တဖြည်းဖြည်း စကားစတင်ပြောလိုက်သည်။
"သခင်လေးရဲ့ နှလုံးသားထဲမှာ သတ္တဝါအားလုံးရဲ့ သုခချမ်းသာ ရှိပါတယ်။ သခင်လေးက ရက်စက်တတ်သလို သနားကြင်နာတတ်တယ်။ ယုတ်မာတဲ့သူတွေကို အပြစ်ပေးတာ၊ လန်ယဘုရင်နဲ့ ပျော်ရွှင်ခြင်းအရဟတ်ကို သတ်ဖြတ်တာတွေမှာ သခင်လေးက လုံးဝ သနားညှာတာမှု မပြသခဲ့ဘူး။ ဒါပေမဲ့ သာမန်ပြည်သူတွေနဲ့ ပတ်သက်လာရင်တော့ သခင်လေးကို သူတို့တွေ ဘယ်လိုပဲ နာမည်ဖျက်ဖို့ ကြိုးစားပါစေ သခင်လေးက တိတ်တဆိတ်ပဲနေပြီးတော့ လက်စားချေဖို့လာတဲ့ အင်အားစုတွေကိုတောင် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်။"
မုန့်ချင်ကျိုး ပိုပြီး သေချာသွားသလို ခံစားလိုက်ရသည်။
ဘုရားသခင်…
ငါ့ရဲ့ မကောင်းသတင်းက ကဗျာတစ်ပုဒ်ထဲ ရေးထည့်ဖို့ လုံလောက်နေပြီ။ နယ်စားတွေကို အမိန့်ပေးဖို့ ဧကရာဇ်ကို ဓားစာခံအဖြစ် ဖမ်းထားတဲ့ တုန်းကျိုးလိုပဲ။ လိုနေတာတစ်ခုက ငါ့ကို အပြစ်ပေးဖို့ သူရဲကောင်းတွေ ထွက်လာအောင် လက်နှစ်ဖက်မြှောက်ပြီး လှမ်းခေါ်မယ့် ချောင်းချောင်း ပဲ…
မင်း ငါ့ကို ချီးကျူးနေတာလား…
လောကီရေးရာတွေနဲ့ ကင်းကွာပြီး တောင်တန်းတွေထဲမှာ အချိန်ကြာမြင့်စွာ တကိုယ်တည်း နေထိုင်ခဲ့တဲ့ ငါကိုယ်တိုင်တောင် လန်ယတိုင်းပြည်တိုက်ပွဲ တစ်ခုတည်းအပေါ် အခြေခံပြီး ငါ့ရဲ့ကောင်းကွက် ဆိုးကွက်တွေကို အကဲဖြတ်ဖို့ ခက်ခဲတယ်လို့ ခံစားခဲ့ရတယ်။
လန်ယဘုရင်ကို သတ်ဖြတ်တာနဲ့ ဒုက္ခရောက်နေတဲ့ အမျိုးသမီးကျင့်ကြံသူကို ကယ်တင်တာက တကယ်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။
အင်အားစုအားလုံးက သူတို့ရဲ့ ကျေးဇူးတင်စကားကို ဖော်ပြခဲ့ကြပြီးတော့ ဗုဒ္ဓတိုင်းပြည်နဲ့ ပူးပေါင်းချင်ခဲ့တဲ့ ယိမ်းယိုင်နေတဲ့ အင်အားစုတချို့တောင် ဒီအဖြစ်အပျက်အပြီးမှာ မဟာကျင်းဘက် ရပ်တည်ဖို့ ရွေးချယ်ခဲ့တယ်။
ဒါပေမဲ့လည်း။
လန်ယဘုရင် သေဆုံးသွားတာနဲ့အမျှ နန်းတော်က အခု ဧကရာဇ်က မရှိတော့ဘူး။ မြို့တော်အပြင်ဘက်မှာ မငြိမ်မသက်ဖြစ်မှု အရိပ်အယောင်တွေ တဖြည်းဖြည်း ပေါ်ထွက်လာနေပြီးတော့ ထုံးတမ်းစဉ်လာတွေနဲ့ တေးဂီတတွေ ပြိုလဲဖို့ နီးကပ်လာနေပြီ။ အဲဒီအချိန်ရောက်ရင် ဓားပြတွေနဲ့ ဥပဒေမဲ့တဲ့သူတွေဟာ မိုးရွာပြီး မှိုတွေလို ပေါက်ဖွားလာမှာပဲ၊ အပြစ်ကင်းတဲ့ ပြည်သူတွေ သေချာပေါက် သေဆုံးဒဏ်ရာရမှု အများအပြားနဲ့ ရင်ဆိုင်ရလိမ့်မယ်။
တိုင်းပြည်က ပြိုလဲလုနီးပါး ဖြစ်နေပြီးတော့ စစ်ပွဲတွေက နေရာအနှံ့မှာ ဖြစ်ပွားနေတယ်။
ဒီအခြေအနေမှာ ကူရှီးယွဲ့က ငါ့ကို သူတော်စင်တစ်ပါးလို ချီးကျူးနေတာ...
ကြည့်တဲ့သူရဲ့မျက်လုံးထဲမှာပဲ အလှတရားက ရှိနေတာများလား။
မုန့်ချင်ကျိုးက သူ့ကိုယ်သူ စဉ်းစားရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
"မဟာကျင်းရဲ့ဧကရီ ချင်းလျူလီအကြောင်း မင်း ဘယ်လိုထင်လဲ။ သူက ရက်စက်ပြီး ကရုဏာကင်းမဲ့တယ်။ မိသားစုတွေနဲ့တိုင်းပြည်ပေါင်းများစွာကို ဖျက်ဆီးခဲ့တယ်လို့ လူတွေ ပြောကြတယ်။ ဧကရီရဲ့ အစွမ်းအထက်ဆုံး အမတ်တစ်ယောက်အနေနဲ့ ငါက သူ့ရဲ့ဓားအဖြစ် အမှုထမ်းခဲ့ပြီး အဓိကအင်အားစု(၇)ခုကို သတ်ခဲ့တယ်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က အမတ်ရာနဲ့ချီကို သတ်ပစ်ခဲ့တယ်။ ငါ့ကို မင်း ဘယ်လို အကဲဖြတ်မလဲ။" မုန့်ချင်ကျိုးက ထပ်မေးလိုက်သည်။
ထိုစကားများကို ပြောလိုက်ရာ။
အရှေ့တိုင်းစတိုင် ဖန်မျက်နှာဖုံးအောက် ဖြူဝင်းသော နဖူးပေါ်တွင် မွှေးကြိုင်သော ချွေးပေါက်လေးများ တောက်ပနေပြီး တုန်းဖန်လျူလီ၏ လက်သီးဆုပ်လေးများမှာ မသိစိတ်မှ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ အနည်းငယ် စိတ်လှုပ်ရှားနေပုံကို ဖော်ပြနေသည်။
ဘာဖြစ်သွားတာလဲ။
ငါးပိကောင်က ပုံမှန်ဆို ဒီလောက် သိလွယ်မြင်လွယ် မရှိတတ်ပါဘူး။ ဒီနေ့ ဘာလို့ ဒီလောက် ထူးထူးဆန်းဆန်း ဖြစ်နေပြီး မေးခွန်းမျိုးစုံ မေးနေရတာလဲ။
မုန့်ချင်ကျိုးက မည်သည်ကို သံသယဖြစ်နေကြောင်း တုန်းဖန်လျူလီ မသိခဲ့ပေ၊ ထို့ကြောင့် သူ၏ အစစ်မှန်ဆုံး အတွေးများအတိုင်း ပြောလိုက်သည်။
"တောရိုင်းမြေက စစ်ပွဲတွေ၊ ကမောက်ကမဖြစ်မှုတွေကြောင့် ဒုက္ခရောက်နေတာ အရမ်းကြာနေပြီ။ ကုမရနိုင်တဲ့ ရောဂါသည် တစ်ယောက်လိုပဲ။ ဆေးပြင်းပြင်းမတိုက်ဘူးဆိုရင် ဘယ်လိုလုပ် ကုသနိုင်မှာလဲ။"
"သခင်လေးက ဧကရီနဲ့ တွေ့ဆုံခဲ့ပြီး စိတ်တူကိုယ်တူဖြစ်တဲ့ အပြန်အလှန် ယုံကြည်ရတဲ့ သူတစ်ယောက်ကို ရှာတွေ့ခဲ့တာ သေချာပါတယ်။ ဒါကြောင့်မို့လို့ သခင်လေးက ဒီလိုမှောင်မိုက်တဲ့ခေတ်မှာ သတ္တဝါအားလုံးအတွက် မျှော်လင့်ချက် ဖွင့်လှစ်ပေးဖို့ ရွေးချယ်ခဲ့တာပေါ့။"
မုန့်ချင်ကျိုးက စကားဝိုင်းတစ်ဝက်တွင် ကြားဖြတ်ရန် လက်ကို မြှောက်လိုက်သည်။
"ရပြီ။ တော်လောက်ပြီ။"
"မင်း ဆိုလိုချင်တာကို ငါ နားလည်ပြီလို့ ထင်တယ်။"
သိပ်ကောင်းတယ်။ အရမ်းကောင်းတယ်။ တုန်းဖန်လျူလီ... မင်းကလွဲပြီး ဒီကမ္ဘာပေါ်မှာ ဒီလို အမြော်အမြင်ရှိတဲ့ အသိတရားမျိုး ဘယ်သူ့ဆီမှာ ရှိသေးလို့လဲ။
၎င်းကိုတွေးပြီး မုန့်ချင်ကျိုးက ရှင်းပြလို့မရအောင် ဒေါသထွက်သွားသည်။
တုန်းဖန်လျူလီတွင် ကျန်းမာရေး ပြဿနာများရှိနေပြီး အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်တော့ကြောင်း သူ သိသည်။ ဤကဲ့သို့ အရေးကြီးသောအချိန်တွင် သူက မြို့တော်မှ တစ်ယောက်တည်း ထွက်လာပြီး လန်ယတွင် သူ့ကို တိုက်ဆိုင်စွာ တွေ့ခဲ့သည်။ သူ ဘာလုပ်နေကြောင်း ဘယ်သူမဆို မြင်နိုင်ပေသည်။
မုန့်ချင်ကျိုး၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း မည်းမှောင်လာပြီး လက်ညှိုးဖြင့် ကုလားထိုင်၏ လက်တန်းကို ပုတ်လိုက်ရာ ကြည်လင်သော ခေါက်သံလေး ထွက်ပေါ်လာသည်။
"သခင်လေး... သခင်လေးရဲ့ ဆုံးဖြတ်ချက်က ဘာမျာလဲ။" တုန်းဖန်လျူလီက သတိထား၍ မေးလိုက်သည်။
စုချင်ချိုးက အလွန် စပ်စုချင်စိတ်ဖြင့် ကြည့်နေပြီး သူ၏မျက်လုံးပြူးကြီးများမှာ အတင်းအဖျင်းများဖြင့် တောက်ပနေကာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
အရှင်မ ဒီလောက် ဖော်လံဖားနေတာကို ဘယ်တုန်းက မြင်ဖူးလို့လဲ။
ဒီလိုမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး…
ဒါသာ အပြင်ကို ပေါက်ကြားသွားရင် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်။
မဖြစ်ဘူး။ ဒီလို ကောင်းတဲ့အရာကို ဝူတျဲကို ဝေမျှလို့ မဖြစ်ဘူး။ ငါ တစ်ယောက်တည်းပဲ ခံစားရမယ်။
စုချင်ချိုးက ခွေးခြေငယ်လေး တစ်ခုကို ယူလာကာ ဖရဲသီးတစ်လုံးကို ကောက်ယူပြီး လက်ဖဝါးဖြင့် နှစ်ခြမ်း ခွဲလိုက်သည်။ ထို့နောက် ဖရဲသီး အသားများကို စားရန် ဇွန်းတစ်ချောင်းကို ကောက်ယူလိုက်၏။
ရုတ်တရက် မုန့်ချင်ကျိုးက လက်ညှိုးဖြင့် ခေါက်နေခြင်းကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဒီကနေ့ကစပြီး မင်းက ငါ့ရဲ့ အိပ်ရာနွေးတဲ့ အစေခံ လုပ်ရမယ်... "
ဒုန်း…
ဗျစ်…
စုချင်ချိုး ခဏတာ မှင်သက်သွားပြီး ခွေးခြေမှာ နောက်သို့စောင်းသွားကာ သူက ပက်လက်လန်ကျသွားပြီး ဖရဲသီးမှာမူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သူ၏ လှပသောမျက်လုံးများလည်း ပြူးကျယ်သွားတော့သည်။
ဟမ်…
အိပ်ရာနွေးတဲ့ အစေခံ...
တုန်းဖန်လျူလီ၏ နူးညံ့သော ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်တော့သည်။
…