အခန်း ၂၁၅
Vol. 15 Ch. 215
အပိုင်း(၂၁၅) ဧကရီ၏ခမ်းနားမှုက အမျိုးသမီးနှစ်ဦးကို ဖိနှိပ်ခြင်း
"ဟေး... အိပ်ရာနွေးတဲ့အစေခံအသစ်။ နင်က ချင်ချိုးကို အနိုင်ကျင့်နေတယ်လို့ ကြားတယ်။ ဒီကိုလာခဲ့။ ငါနဲ့ လာယှဉ်ကြည့်လေ... "
"..."
"ဒီလောက် ပူတဲ့ရာသီဥတုမှာ မျက်နှာဖုံးတပ်ပြီး အင်္ကျီပတ်ထားရတာ မပူဘူးလား။ ဒါမှမဟုတ် လူလုံးထွက်ပြဖို့ ရှက်နေတာလား။"
"... "
"နင်က အနေတာလား။ စကားပြောလေ... "
တုန်းဖန်လျူလီက ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်ပြီးနောက် ကြက်မကြီးတစ်ကောင်က သူ့ကြက်ပေါက်လေးများကို အသည်းအသန် ကာကွယ်ပေးနေသလိုမျိုးလုပ်နေသော ဝူတျဲကို ကြည့်ကာ မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြီး မေးလိုက်သည်။ "နင်က ငါ့ကို ပြောနေတာလား။"
ဝူတျဲက လက်ပိုက်ကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဟီးဟီး... သူက နားကန်းရုံတင် မကဘူး။ ဦးနှောက်ကလည်း သိပ်မကောင်းဘူးထင်တယ်။"
တုန်းဖန်လျူလီက မျက်လုံးများကို အောက်ချလိုက်ပြီး နက်ရှိုင်းသော အတွေးထဲသို့ ကျရောက်သွားသည်။ ခဏ စဉ်းစားပြီးနောက် ဝူတျဲ၏ ရုတ်တရက်ဒေါသပေါက်ကွဲရခြင်း၏ အကြောင်းရင်းနှင့် အကျိုးဆက်များကို သူ နားလည်သွားသည်။ သူက ရယ်လည်း ရယ်ချင်သလို အကူအညီမဲ့သလိုလည်း ခံစားရသော်လည်း ဒေါသတော့ မထွက်ခဲ့ပေ။
မမျှော်လင့်ဘဲ ပေါ်လာသော အိပ်ရာနွေးမည့်သူအား ရင်ဆိုင်ရန်အတွက် ဝူတျဲက စုချင်ချိုးနှင့် တုန်းဖန်လျူလီ တို့ဘက်မှ ရပ်တည်ပေးနေခြင်းဖြစ်ကြောင်း သူ သိသည်။
"နင်က ဘာလုပ်ဖို့ စဉ်းစားတာလဲ…" တုန်းဖန်လျူလီက စကားကို လှည့်ပတ်မနေဘဲ တိုက်ရိုက် မေးလိုက်သည်။
"စုချင်ချိုးက အဆင့်အမြင့်ဆုံး အစေခံမလေး ဖြစ်ပြီးတော့ ငါက သခင်လေးရဲ့ဘေးမှာ မျက်နှာအသာရဆုံး အစေခံမလေးပဲ။ ဧကရီ မရှိတဲ့အချိန်မှာ ငါတို့နှစ်ယောက်က ဧကရီအတွက် စောင့်ကြည့်ပေးပြီး မြေခွေးမတွေ အခွင့်အရေး ယူတာကို တားဆီးပေးရမှာ သဘာဝပဲ။"
"အခု နင့်ရဲ့ သံချပ်ကာကို ချွတ်လိုက်... အိုး။ ငါစကားမှားသွားတယ်။ နင့်ရဲ့မျက်နှာဖုံးကို ချွတ်လိုက်။ နင့်မျက်နှာအစစ်ကို ငါ ကြည့်မယ်။"
ဝူတျဲက မာနကြီးပြီး ထောင်လွှားနေသည်။ ယခု သူသည် မုန့်မိသားစုထဲသို့ ဝင်ရောက်လာပြီး အစေခံမလေး တစ်ယောက် ဖြစ်လာပြီဖြစ်ရာ ရာထူး သို့မဟုတ် လူမှုရေး အဆင့်အတန်း ခွဲခြားမှုမရှိဘဲ သူတို့နှင့် တန်းတူညီမျှ ရှိလိမ့်မည်။
တစ်ယောက်ယောက်က နံနက်ခင်းအလင်းနယ်ပယ်က အစွမ်းထက်တဲ့ ကျင့်ကြံသူဆိုရင်ရော ဘာဖြစ်လဲ။ လူသစ် တစ်ယောက်က ဘာလို့ ငါတို့ကို ကျော်တက်သွားရမှာလဲ။
"နင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သွားမှာကို ငါ စိုးရိမ်လို့ပါ။ တခြားချဉ်းကပ်ပုံတစ်ခုကို စမ်းကြည့်ရအောင်" တုန်းဖန်လျူလီက ငြင်းဆန်သည့်အနေဖြင့် ခေါင်းခါယမ်းကာ အေးဆေးစွာ ပြောလိုက်သည်။ "လူတစ်ယောက်ကို စမ်းသပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ရုပ်ရည်က အရေးမကြီးဆုံးအရာပဲ။ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းရည်၊ လိမ္မာပါးနပ်မှု ရှိမရှိ၊ သစ္စာရှိမှု၊ စတာတွေပေါ့... "
"နင်က စုချင်ချိုးအတွက် လက်စားချေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဒီကို ဒေါသတကြီး ရောက်လာပြီး မေးခွန်းတွေ မေးနေတာ။ တကယ်တမ်းကျ နင့်ရဲ့မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့ သက်သက်ပဲ။ နင်က ကိုယ့်ကိုယ်ကိုယ် စီနီယာကျတယ်၊ ရုပ်ရည်ကောင်းတယ်၊ စိတ်နေသဘောထားကောင်းတယ်လို့ ထင်နေတော့ အိပ်ရာနွေးတဲ့သူ ဖြစ်ရမယ့်အလှည့်က နင့်အလှည့်လို့ ထင်နေတာကိုး။"
"ဟုတ်တယ်မလား... "
ဝူတျဲက လှပသော မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး စကားလုံးအနည်းငယ်ဖြင့် သူက ချက်ချင်း အရေးနိမ့်သွားကာ မောင်းမငယ်တစ်ဦးက ဧကရီကို တွေ့သောအခါ သဘာဝအလျောက် ကြောက်ရွံ့မှုမျိုးကိုပင် ပြသမိသွားသည်။
ကြွက်က ကြောင်ကို ကြောက်သလို၊ သိုးက ဝံပုလွေကို ကြောက်သလိုမျိုးပင်။
ဒီမိန်းမက... သာမန်လူ မဟုတ်ဘူးပဲ...
"ခေါင်းစဉ် မပြောင်းနဲ့။ ငါက နင့်ကို အခု မေးခွန်းမေးနေတာ... "
"နင့်ရဲ့ ဘဝဇာတ်ကြောင်းကို အသေးစိတ် ပြောပြ။ အတည်ပြုလို့ရမယ့် မှတ်တမ်းတွေပါရင် ပိုကောင်းတယ်။ ပြီးသွားရင် နင် လိမ်ပြောထားလားဆိုတာကို စုံစမ်းဖို့ လူလွှတ်မယ်။" ဝူတျဲက ပြောလိုက်သည်။
ဝူတျဲက စိတ်ထဲမှ ရယ်မောလိုက်၏။
စကား ပြောချင် မပြောချင်၊ ငါက နင့်ကို ဆူပူကြိမ်းမောင်းပြီး ဖိနှိပ်ဖို့ အကြောင်းပြချက်တိုင်း ရှိတယ်။
စကားပြောဖို့ ရွေးချယ်လိုက်ရင် လူတစ်ယောက်ရဲ့အဟုန်က ချက်ချင်း ကျဆင်းသွားပြီးတော့ အဲဒီနောက်မှာ ရိုးရှင်းသွားလိမ့်မယ်။ အပြစ်ရှာပြီး အမှားရှာဖို့ပဲ။ ဒီကမ္ဘာပေါ်မှာ ပြည့်စုံတဲ့လူဆိုတာမျိုး မရှိဘူး။ သူတို့ရဲ့ ဘဝဇာတ်ကြောင်းမှာ စစ်ဆေးသင့်တဲ့ အရာတွေ သေချာပေါက် ရှိမှာပဲ။
စကားမပြောဖို့ ရွေးချယ်လိုက်တာက တခြားသူတွေကို တမင်လှည့်စားနေပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားရှိနေတယ်လို့ အဓိပ္ပာယ်ရတယ်။ အဲဒါဆို အိမ်ထဲကနေ ချက်ချင်း နှင်ထုတ်ပစ်သင့်တယ်။
ဟေး... ဒါက အသေအချာ နိုင်မယ့်အကွက်ပဲ...
"ဟေး... မင်းတို့ ဘာတွေလုပ်နေတာလဲ။" မုန့်ချင်ကျိုး အနည်းငယ် တွေဝေသွားပြီး ဝူတျဲက အဘယ်ကြောင့် ရုတ်တရက် ရန်စလာကြောင်းနှင့် တုန်းဖန်လျူလီက အဘယ်ကြောင့် ထိုမျှလောက် ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်နေကြောင်းကို နားမလည်နိုင်ဖြစ်နေသည်။
မျက်နှာဖုံးကို ချွတ်လိုက်ရင် လိပ်ပြာလေး ညှိုးနွမ်းသွားမှာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လည်း မမြင်ရဘဲနဲ့ ဘာလို့ အရေးတယူ လုပ်နေရတာလဲ။
"ပါးစပ်ပိတ်ထား…" တုန်းဖန်လျူလီက နောက်လှည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
"ဟမ်..."
တုန်းဖန်လျူလီက တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ပြီး စကားကို အမြန်ပြောင်းလိုက်သည်။ "သခင်... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။"
"အဲဒီလိုမှပေါ့။" မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်သည်။
၎င်းကိုမြင်သောအခါ ဝူတျဲက လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်ပြီး အရိုးအဆစ် မြည်သံများ ထွက်ပေါ်လာသည်။ သခင်လေးနောက်ကို လိုက်ကတည်းက သူသည် စည်းကမ်းများကို တစ်ကြိမ်တစ်ခါမျှ မကျူးလွန်ခဲ့ဖူးပေ။ ဤအိပ်ရာနွေးသောအစေခံမလေးက အရမ်းကို မာနကြီးလွန်း၏။
ပြီးတော့ သခင်လေးက ဘာလို့ ဒီလောက်တောင် အလိုလိုက်နေရတာလဲ။
"ကူရှီးယွဲ့၊ ငါ မေးတာကိုဖြေ။" ဝူတျဲက အေးစက်စွာ ပြောလိုက်သည်။
ဝူတျဲ၏နောက်တွင် ပုန်းနေသော စုချင်ချိုး၏ ကြီးမားဝိုင်းစက်ပြီး တောက်ပသောမျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်များ ပြည့်နှက်နေ၏။ ဖရဲခင်းထဲသို့ ပြေးဝင်လာသော ခွေးတူဝက်တူ တစ်ကောင်ကဲ့သို့ပင် သူ၏ လှပသော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။
တိုက်ကြ... ဆံပင်တွေ ဆွဲကြဟေ့...
တုန်းဖန်လျူလီက စုချင်ချိုးကို လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် သတိပေးမှု အရိပ်အယောင်များ ပြည့်နှက်နေသည်။ ဝူတျဲ၏ ပြင်းထန်သောတုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်တွင် မည်သူက ပြဿနာရှာနေကြောင်း သူ သိလိုက်ရသည်။
ဒီကောင်မလေးက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ လွန်လာပြီ။ အိမ်ပြန်ရောက်ရင် မိသားစု စည်းကမ်းတွေကို သေချာပေါက် ကျင့်သုံးပြီး သင်ခန်းစာကောင်းကောင်း ပေးရမယ်။
"ဟေး... ချင်ချိုးကို ထပ်စွေကြည့်ရဲရင် ကြည့်ကြည့်လေ... " ဝူတျဲက စုချင်ချိုး၏ ရှေ့သို့ဝင်ရပ်ကာ သူ့ကို စူးစိုက်ကြည့်လိုက်သည်။
တုန်းဖန်လျူလီမှာ မတတ်သာသလို ခံစားရသော်လည်း အေးဆေးစွာ ပြောလိုက်သည်။
"ကောင်းပြီလေ။"
"ဒါဆိုရင် နင်နဲ့ငါ သေချာ စကားပြောကြတာပေါ့... "
"ဧကရီအတွက် အစေခံမလေးတွေကို စစ်ဆေးရွေးချယ်ဖို့ ဒီကို ရောက်နေတယ်လို့ နင်ပြောတယ်၊။ ဒါပေမဲ့ နင် နားလည်ချင်မှ နားလည်လိမ့်မယ်။ ငါက အချိန်-နေရာလွတ် ဓားသူတော်စင်ဆီကို နောက်လိုက်တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာ။ အစေခံမလေးအဖြစ် တာဝန်ပေးခံရတာက ဓားသူတော်စင်က ငါ့ကို ပေးအပ်ခဲ့တာ။ ငါ့ကိုယ်ပိုင်ဆန္ဒ မဟုတ်ဘူး။"
"ဓားသူတော်စင်ကိုဖြစ်ဖြစ်၊ နင့်နောက်က စုချင်ချိုးကိုဖြစ်ဖြစ်မမေးဘဲ ဘာလို့ ငါ့ကို လာမေးနေရတာလဲ။"
ဒါက သင့်တော်ရဲ့လား။
သူကြားလိုက်ရသော စကားများကြောင့် ဝူတျဲမှာ မှင်သက်သွား၏။ သူက ပြန်လည် ချေပချင်သော်လည်း တွေးကြည့်ပြီးနောက် ၎င်းက အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
ဟမ်...
တစ်ခုခုတော့ မှားနေပြီ။ ဒီမိန်းကလေးက အစေခံမလေးအဖြစ် အတင်းအကျပ် ခိုင်းစေခံရတာလား။ ဒါမှမဟုတ် သခင်လေးက သူ့အပေါ် အတင်းအကျပ် တောင်းဆိုခဲ့တာလား...
ဒါဆို ပြဿနာ မရှိသလိုပဲ။
တုန်းဖန်လျူလီ၏ အကြည့်များ ပိုမို၍ စူးရှလာပြီး သူက ဝူတျဲထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားကာ အနီးသို့ ရောက်လာစဉ် ပြောလိုက်သည်။
"ပြီးတော့ ငါ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့စရိုက်ကို စမ်းသပ်ဖို့ ရည်ရွယ်ချက်နဲ့ ငါ့ရဲ့ဘဝနဲ့ နောက်ခံအကြောင်းကို နင်က အတင်းအကျပ် မေးခွန်းထုတ်နေတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဓားသူတော်စင်နဲ့ ငါ ဆွေးနွေးပြီးသွားပြီ။ အဲဒါကို စုချင်ချိုး နင့်ကို ရှင်းရှင်းလင်းလင်း မပြောပြခဲ့ဘူးလား။"
ဝူတျဲမှာ မသိစိတ်မှ နောက်သို့ ဆုတ်သွားပြီး ချောမွေ့သော နဖူးပေါ်တွင် ချွေးအေးများ ထွက်လာ၏။
"မ... မပြောပါဘူး... "
တုန်းဖန်လျူလီက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ဆက်ပြောသည်။
"ပြီးတော့ လူတစ်ယောက်ရဲ့ အတိတ်ဘဝအကြောင်း မေးတာက သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို စမ်းသပ်ဖို့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူးဆိုတာကို ငါ ထပ်ပြောချင်တယ်။"
"တခြားသူတွေကို မမေးခင် ကိုယ့်အကြောင်းကိုယ် အရင်ဆုံး ဘာလို့ မစဉ်းစားတာလဲ။ သစ္စာဖောက်ဘုရင် ကျောက်ယွီဟွမ်ရဲ့ နယ်ရုပ်တစ်ရုပ် အနေနဲ့ တကယ်လို့ စုံစမ်းစစ်ဆေးမယ်ဆိုရင် နင်က အညစ်ပတ်ဆုံး ဖြစ်ဖို့ များတယ်။"
ဒုန်း...
ဝူတျဲမှာ နံရံသို့ အတင်းအကျပ် နောက်ဆုတ်သွားရပြီး သူ၏ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးသူငယ်အိမ်များ ပြူးကျယ်သွားသည်။
ရှုံးပြီ...
လုံးဝ အပြတ်အသတ် ရှုံးနိမ့်သွားပြီ...
ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးမရှိဘဲ လုံးဝကို ဖိနှိပ်ခံလိုက်ရတဲ့ ကြီးမားတဲ့ ရှုံးနိမ့်မှုကြီးပဲ...
"ငါက လောကီရေးရာနဲ့ကင်းကွာပြီး နှစ်ပေါင်းများစွာ တကိုယ်တည်း နေလာခဲ့တာ။ နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းအဆင့်မှာရှိပြီး သခင့်ရဲ့ ဘေးနားမှာ အစွမ်းအထက်ဆုံးနဲ့ အသုံးအဝင်ဆုံး အစေခံမလေးပဲ။"
စကားပုံတစ်ခု ရှိတယ်လေ။ "သိုင်းလောကမှာ အရင်ရောက်တာ နောက်ရောက်တာ မရှိဘူး။ အမြင့်ဆုံးအဆင့်ကို ရောက်တဲ့သူက အရင်ပဲ။" အဲဒါက ငါတို့ မိသားစုနဲ့လည်း သက်ဆိုင်နိုင်မလား...
"ငါတို့က စီနီယာဖြစ်မှုနဲ့ အဆင့်အတန်းအကြောင်း ပြောနေတာဆိုရင် နင်က ချင်ချိုးကို အစ်မချင်ချိုးလို့ ခေါ်သင့်တယ်လေ။ ငါပြောတာ ဟုတ်တယ်မလား။"
"အခု၊ ငါက အိပ်ရာနွေးတဲ့သူ ဖြစ်တယ်ဆိုတာကို နင် သဘောတူလား။" တုန်းဖန်လျူလီက နံရံကိုမှီကာ မောဟိုက်နေသော ဝူတျဲကို အပေါ်စီးမှ ကြည့်ရင်း အဖြေတောင်းလိုက်သည်။
"သ…သဘောတူပါတယ်။" ဝူတျဲက ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြီး နှလုံးသားမှာ အကြောက်တရားကြောင့် တုန်ယင်နေသည်။
သူ့ကိုယ်သူ ဖရိုဖရဲအခြေအနေတွင် မြင်တွေ့လိုက်ရသောအခါ ဝူတျဲက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားပြီး တုန်းဖန်လျူလီ၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ရဲတော့ပေ။
"ဒီကနေ့ကစပြီး နင် ငါ့ကို ဘယ်လို ခေါ်မလဲ။" တုန်းဖန်လျူလီက ဝူတျဲ၏မေးစေ့ကို ပင့်တင်လိုက်ပြီး သူ၏ မျက်လုံးများကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"အစ်မ... " ဝူတျဲက နှုတ်ခမ်းနီနီလေးများကို စေ့ထားကာ မျက်လုံးများ မှေးမှိန်သွားပြီး ခက်ခက်ခဲခဲ ပြောလိုက်သည်။
၎င်းက အသစ်ရောက်ရှိလာသော အိပ်ရာနွေးသူ၏ အဆင့်အတန်းကို အသိအမှတ်ပြုခြင်းနှင့် အတူတူပင်။
ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လက်ချောင်းများကို အောက်ချကာ မုန့်ချင်ကျိုး၏ဘေးသို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး လက်ဖက်ရည်နှင့်ရေကို ဆက်လက် ဆက်သနေလိုက်သည်။
ဘုတ်...
ဝူတျဲက မြေပြင်ပေါ်သို့ ခွေကျသွားပြီး ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ လုံးဝ အားအင် ကုန်ခမ်းသွားကာ မတ်တပ်မရပ်နိုင်တော့ပေ။
"ဒါနဲ့ ငါ့ရဲ့အတိတ်အကြောင်းကို နင် ဘယ်လိုလုပ် သိတာလဲ။" ဝူတျဲက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။
တစ်ဖက်လူက ဒီကိုရောက်တာ တစ်ရက်ပဲ ရှိသေးတာ။ ဒီလျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။
တုန်းဖန်လျူလီက ခေါင်းလှည့်ပြီး ပြောလိုက်သည်။ "နင် ဟုတ်လား..."
"အစ်မ... "
"အဟက်... ဒီလိုဖြစ်ရမှာပေါ့။ ချင်ချိုးက ငါ့ကို ပြောပြတာ။ သူကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ သခင်လေး ဖြစ်နိုင်လို့လား။"
ဝူတျဲ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ခေါင်းလှည့်ကာ စုချင်ချိုးကို စူးစိုက်ကြည့်ရင်း သူ၏ သွားများကြားမှ စာလုံး တစ်လုံးချင်းစီကို ရွတ်ဆိုလိုက်သည်။
"စု... ချင်... ချိုး... "
ဝူတျဲမှာ ဘာမှမသိသူ ဖြစ်နေသော်လည်း နောက်ကွယ်တွင် သူ့ကို မည်သူက လျှို့ဝှက်ကြံစည်နေသနည်း ဆိုတာကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။
"မဟုတ်ဘူး... ငါ အဲဒီလို မပြောခဲ့ပါဘူး... " စုချင်ချိုးမှာ ဝမ်းနည်းသွားပြီး သူ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လာသည်။
ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ဝန်ခံလို့ရပေမဲ့ မလုပ်ခဲ့ဘူးဆိုရင် အဲဒါက သေချာပေါက် တစ်ယောက်ယောက်ကို အကွက်ဆင်တာပဲ...
မဟုတ်ဘူး...
အရှင်မက ဒီအကြောင်းကို သိပြီးသားဆိုတော့ ငါ ပြောပြဖို့ မလိုဘူးလေ...
သို့သော်လည်း သူသည် အိပ်ရာနွေးသူ၏ သရုပ်မှန်ကို တိုက်ရိုက် မဖော်ပြနိုင်ပေ။ ၎င်းက အကျိုးဆက်များကို ပိုဆိုးသွားစေမည်ဖြစ်သည်။ စုချင်ချိုးက အမှန်တရားကို သိပြီး သူ့ကို တမင်လမ်းလွဲအောင် လုပ်ခဲ့သည်ကို ဝူတျဲ ချက်ချင်း သဘောပေါက်သွားလိမ့်မည်။
အကျိုးဆက်များကို မတတ်သာဘဲ လက်ခံရုံကလွဲပြီး ဘာမှ မလုပ်နိုင်ခဲ့ပေ။
စုချင်ချိုး အလစ်အငိုက် မိသွား၏။ သူက ဖရဲသီးကို ဝအောင်မစားရသေးခင်မှာပင် ကြားညပ်သွားခဲ့လေသည်။
…