အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) - ရှင်းလင်းခြင်း
“ရပ်လိုက်စမ်း”
ကျောက်ရွေ့က အော်ဟစ်လိုက်သည်။
ကြာနက်ဂိုဏ်းသားများသည် တောင်တစ္ဆေကြီး မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ လှည့်၍ ထွက်ပြေးရန် ကြိုးစားကြတော့သည်။
သို့သော် ယခုအခါ သူတို့မှာ လူနည်းစုဖြစ်နေချေပြီ။
တောင်တစ္ဆေကြီး မရှိတော့သည့်နောက် ချင်ဖုန်းဂိုဏ်းမှ တပည့်များသည် ကြာနက်ဂိုဏ်းသားများကို အလွယ်တကူပင် ဖမ်းဆီးလိုက်ကြလေသည်။
“လင်းဖန်… မင်း ဘယ်လိုနေလဲ”
လင်းဖန် ထိုင်နေသည်ကို မြင်သောအခါ ဟိုမင်က အော်မေးရင်း ပြေးလာခဲ့သည်။
သူက လိုဏ်ဂူနံရံကို ကျောမှီထားလိုက်သည်။
လင်းဖန်သည် ဟိုမင်တစ်ယောက် အကောင်းပကတိအတိုင်း ရှိနေသေးသည်ကို မြင်သောအခါ လှမ်း၍ လက်ပြလိုက်သည်။
“စိတ်မပူပါနဲ့။ ဘာမှမဖြစ်ပါဘူးကွာ၊ ခဏလောက် အနားယူလိုက်ရင် သက်သာသွားမှာပါ”
လင်းဖန်က ပြောလိုက်သော်လည်း စကားပင်ဆုံးအောင် မပြောနိုင်ခင် ချောင်းဆိုးလိုက်ရလေသည်။
ကျောက်ချင်းယင် ရောက်လာပြီး လင်းဖန်ကို စစ်ဆေးကြည့်လိုက်သည်။
သူသည် လင်းဖန်၏ လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများတင်ကာ သွေးကြောစမ်းကြည့်လိုက်သည်။
ကျောက်ချင်းယင်သည် မျက်မှောင်ကြုတ်သွားပြီးနောက် မတ်တပ်ထရပ်ကာ လင်းဖန်ထံသို့ ဆေးပုလင်းတစ်ပုလင်း ကမ်းပေးလိုက်လေသည်။
“ဒါက ကောင်းကင်မူလဆေးလုံးပဲ၊ သွေးနဲ့ချီ ပြန်လည်အားဖြည့်ဆေးလုံးထက် အများကြီး ပိုစွမ်းတယ်။ ရော့… တစ်လုံး သောက်လိုက်”
လင်းဖန်သည် လက်ထဲမှ ဆေးပုလင်း၏ အဆို့ကို ဖွင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ပတ်ဝန်းကျင်ရှိ လေထုထဲ၌ လန်းဆန်းသွားစေသော ဆေးဘက်ဝင်အပင်များ၏ရနံ့တို့ ပြည့်နှံ့သွားချေသည်။
ရနံ့ကို အနည်းငယ်မျှ ရှူရှိုက်လိုက်ရုံဖြင့် လင်းဖန်သည် သူ၏ကိုယ်တွင်းမှ နာကျင်မှုအချို့ သက်သာသွားသလို ခံစားလိုက်ရသည်။
လင်းဖန်သည် အတွင်းမှ ဆေးတစ်လုံးကို ထုတ်ယူကာ ကြည့်လိုက်သည်။
ဆေးလုံးလေးမှာ အနီရောင်ဖြစ်ပြီး ၎င်း၏မျက်နှာပြင်သည် တောက်ပသော အလင်းရောင်များ ဖြာထွက်နေလေသည်။
လန်းဆန်းသောရနံ့များ ထွက်ပေါ်နေသည်နှင့်အမျှ ဆေးလုံးလေးမှာ အသက်ဝင်လှုပ်ရှားနေသကဲ့သို့ လင်းဖန် ခံစားလိုက်ရသည်။
ဂလု…
လင်းဖန်သည် မစောင့်နိုင်တော့ဘဲ ဆေးလုံးကို တစ်ခါတည်း မျိုချလိုက်လေတော့သည်။
ဆေးလုံး အစာအိမ်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပျက်စီးသွားသော တစ်သျှူးများ ပြန်လည်ကောင်းမွန်လာသည်ကို သူ ချက်ချင်း ခံစားလိုက်ရသည်။
ပွင့်နေသော ဒဏ်ရာများ ပြန်ပိတ်သွားပြီး သွေးထွက်ခြင်းလည်း ရပ်တန့်သွားချေပြီ။
လင်းဖန်တစ်ယောက် မည်သည့်နာကျင်မှုကိုမျှ မခံစားရတော့ချေ။
တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ သူ ရုတ်တရက် ဗိုက်ဆာလာခြင်းပင်။
ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာခြင်းက သူ၏ စွမ်းအင်အများစုကို စုပ်ယူသွားခြင်း ဖြစ်ပေလိမ့်မည်။
“ငါ အများကြီး သက်သာသွားပြီ၊ ဗိုက်ဆာတာလေး တစ်ခုပဲ”
လင်းဖန်သည် ဟိုမင်၏ အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သည်။
ဟိုမင်က ရိက္ခာခြောက်အချို့ကို ထုတ်ယူကာ မေးလိုက်သည်။
“ငါ့ဆီမှာ ရိက္ခာခြောက် နည်းနည်း ကျန်သေးတယ်။ မင်း စားမလား”
လင်းဖန်သည် ရိက္ခာခြောက်ကိုယူ၍ အငမ်းမရ စားသောက်လေတော့သည်။
“အဟမ်း… မင်း တစ်ခုခုကို မေ့နေတယ် ထင်တယ်”
ကျောက်ချင်းယင်သည် နှာခေါင်းကိုရှုံ့ကာ ကောင်းကင်မူလဆေးပုလင်းဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။
“အာ… ကျွန်တော် ဒဏ်ရာ အရမ်းပြင်းထန်သွားလို့ နေမှာပါ”
လင်းဖန်က သူ၏နောက်စေ့ကို ပုတ်ရင်း မေ့သွားဟန်ဆောင်လိုက်သည်။
ထို့နောက် သူက ဆေးပုလင်းကို ကျောက်ချင်းယင်ထံသို့ ပြန်ပေးလိုက်လေသည်။
လင်းဖန်သည် ဤဆေးလုံးအချို့ကို ရအောင်ယူရမည်ဖြစ်ကြောင်း သိထားသည်။
ယင်းက သူ၏တာဝန်များကို ပို၍ ဘေးကင်းစေလိမ့်မည်။
‘စီမာလျန် ကူညီနိုင်လောက်တယ်’
လင်းဖန်သည် စိတ်ထဲမှ တွေးလိုက်သည်။
“ဟတ်ချိုး…”
စီမာလျန် နှာချေလိုက်မိပြီး ဘာကြောင့်ဖြစ်ရသည်ကို တွေးတောနေမိသည်။
သူ၏ ပြတင်းပေါက်များကို ပိတ်ထားပြီး မီးဖိုငယ်တစ်ခုလည်း ဖိုထားသေးသည်။
အအေးမိနေတာတော့ မဖြစ်နိုင်ချေ။
…
လိုဏ်ဂူကို ရှင်းလင်းပြီးနောက် ချင်ဖုန်းဂိုဏ်းသည် အခင်းဖြစ်ပွားရာနေရာကို မြို့တော်အရာရှိများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အကယ်၍သာ ကျောက်ချင်းယင်သည် အမှောင်တမန်တော်၏နောက်သို့ လိုက်သွားခဲ့ပါက သူ့အား ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားသော အစီအရင်အချို့မှာ အမှန်ပင် ရှိနေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့ ဖြစ်မလာခဲ့ပေ။
သို့သော်ငြား ဤတာဝန်က ချင်ဖုန်းဂိုဏ်းအတွက် ကြီးမားသော အသေအပျောက်များကို ဖြစ်ပေါ်စေခဲ့လေသည်။
တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားသော တပည့်ငါးဆယ်ကျော်ရှိခဲ့သော်လည်း နှစ်ဆယ့်သုံးယောက်သာ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပြန်ရောက်လာသူများထဲတွင်လည်း သုံးယောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားချေသည်။
လူတိုင်းက ကျောက်ချင်းယင်၏ မျက်နှာသာပေးခံရသော လင်းဖန်ကဲ့သို့ ကံမကောင်းကြပေ။
“လင်းဖန်... မင်း ဘယ်လိုနေသေးလဲ”
စွန်းဟိုင်က သူတို့ ချင်ဖုန်းဂိုဏ်းသို့ ပြန်ရောက်လာသည်ကိုမြင်သောအခါ လင်းဖန်ဆီသို့ ပြေးသွားရင်း အော်မေးလိုက်လေသည်။
လင်းဖန်က လက်ကိုယှက်ကာ အရိုအသေပေးလိုက်ရင်း ပြန်ပြောလိုက်သည်။
“ကျုပ် အဆင်ပြေပါတယ် ဂိုဏ်းတူအစ်ကိုကြီး။ ဒါပေမဲ့ ပြန်ကောင်းလာဖို့ ရက်အနည်းငယ်လောက်တော့ အနားယူဖို့ လိုလိမ့်မယ်”
“ပြန်ကောင်းလာဖို့... မင်း ဒဏ်ရာရလာတာလား”
လင်းဖန် ဒဏ်ရာရခဲ့သည်ကို ကြားသောအခါ စွန်းဟိုင်၏မျက်လုံးများ ပြူးကျယ်သွားကာ အံ့ဩသွားတော့သည်။
လင်းဖန် မည်မျှ သနားကြင်နာတတ်ကြောင်းကို သိထားသဖြင့် သူက အခြားတပည့်များကို ကယ်တင်ရန် ကြိုးစားနေသည့် မြင်ကွင်းများ စွန်းဟိုင်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ကြာနက်ဂိုဏ်းက သူ၏ အားနည်းချက်ကို မည်ကဲ့သို့ အသုံးချသွားနိုင်ကြောင်း တွေးမိချိန်တွင် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေသည်။
လူလုံးထွက်ပြနေရသည့် အချိန်မျိုးသာ မဟုတ်ပါက စွန်းဟိုင်၏ မျက်ဝန်းမှ မျက်ရည်တစ်ပေါက်နှစ်ပေါက်မျှ ကျဆင်းသွားလောက်ပေသည်။
နောက်ဆုံးတွင် စွန်းဟိုင်က အံကြိတ်ကာ စိတ်ထဲမှ တွေးလိုက်သည်။
‘ငါ လင်းဖန်ကို အမြန်ဆုံး ပိုသန်မာလာအောင် လုပ်ပေးရမယ်။ ကောင်းတဲ့အရာတွေအကုန်လုံးကို သူ့ကို မပေးဘဲ ဖုံးကွယ်ထားခဲ့တာ ငါ တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ’
စွန်းဟိုင်က လင်းဖန်၏ ကျောကိုပုတ်ကာ ပြောလိုက်လေသည်။
“မင်း တော်တော်လုပ်နိုင်ခဲ့တာပဲ ဂိုဏ်းတူညီလေး။ ပြန်ကောင်းလာဖို့ ရက်အနည်းငယ်လောက် သွားနားလိုက်ဦး။ မင်း သက်သာလာဖို့နဲ့ ကျင့်ကြံတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဆေးလုံးတွေနဲ့ ဆေးရည်တချို့ကို ငါ ပို့ပေးလိုက်မယ်”
လင်းဖန်မှာ စွန်းဟိုင်၏ စိတ်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း မသိသောကြောင့် ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်တော့သည်။
အပိုရလာမည့် ဆေးလုံးများနှင့် ဆေးရည်များကိုတော့ သူ သေချာပေါက် ငြင်းဆန်မည် မဟုတ်ပေ။
…
ဓားတစ်သန်းခန်းမ…
ချင်းယန်ဇီနှင့် ကျန်ရှိနေသော တောင်ထွတ်သခင်များက နေရာတွင်ထိုင်ကာ ကျောက်ချင်းယင်၏ ရှင်းလင်းတင်ပြချက်ကို နားထောင်နေကြသည်။
သူတို့ မည်သည်တို့နှင့် ကြုံတွေ့ခဲ့ရကြောင်း၊ အမှောင်တမန်တော်က ကျောက်ချင်းယင်ကို မည်ကဲ့သို့ မြှူဆွယ်ရန်ကြိုးစားခဲ့ကြောင်းကို ရှင်းပြနေခြင်းပင်။
“ဟင်း...”
ချင်းယန်ဇီက သူ၏ဘေးရှိ စစ်တုရင်ခုံကို ကြည့်ကာ စဉ်းစားခန်း ဝင်နေလေသည်။
ယခုအချိန်အထိ အမှောင်တမန်တော်နှင့် အရေခွံရုပ်သေးတျောင်တို့မှာ သူတို့ဘာသာ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပုံရသည်။
ဤအချက်က ချင်ဖုန်းဂိုဏ်းအတွက် အသုံးချနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပေသည်။
ယခုလေးတင် သူတို့ ဖျက်ဆီးခဲ့သော ဂိုဏ်းခွဲနှင့်ပတ်သက်၍မူ ချွမ်မင်းဆက်၏ နယ်မြေများအတွင်း အခြားဂိုဏ်းခွဲများ ထပ်မံထွက်ပေါ်လာနိုင်သေးပေသည်။
“ဒီလောက်အောင်မြင်တဲ့ တာဝန်တစ်ခုအတွက် ဂုဏ်ပြုပါတယ်ဗျာ”
ထန်ခွန်းက မတ်တတ်ရပ်ကာ ကျောက်ချင်းယင်ကို ချီးကျူးလိုက်လေသည်။
ကျောက်ချင်းယင်က ပခုံးတွန့်ကာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ တူအတွက်တော့ စိတ်မကောင်းပါဘူးဗျာ...”
“ဟမ့်... ငါ့မှာ အဲဒီလိုတူမျိုး မရှိဘူး။ ကြာနက်ဂိုဏ်းအတွက်နဲ့ ဂိုဏ်းကို သစ္စာဖောက်ရတယ်လို့”
ထန်ခွန်းက စားပွဲကို လက်ဖြင့်ရိုက်ချကာ အော်ဟစ်လိုက်လေသည်။
“တော်ကြတော့။ အဲဒီမိန်းမ လုတိကိုဖမ်းဖို့အတွက် တာဝန်တစ်ခု ငါ ထုတ်ပြန်လိုက်မယ်။ သူက ကြာနက်ဂိုဏ်းရဲ့ တည်နေရာကို သိဖို့အတွက် ငါတို့ လိုအပ်နေတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တယ်”
ချင်းယန်ဇီက ထန်ခွန်း၏ လှုပ်ရှားမှုတိုင်းကို မျက်ခြည်မပြတ် စိုက်ကြည့်ရင်း ပြောလိုက်သည်။
ထန်ဖေး သေဆုံးသွားပြီးကတည်းက ထန်ခွန်းသည် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ မလုပ်ခဲ့ပေ။
သူက တောင်ထွတ်သခင်တစ်ယောက်၏တာဝန်အား မညသည့်အရာများ မဖြစ်ပျက်ခဲ့သကဲ့သို့ ဆက်လက် ထမ်းဆောင်နေခြင်းပင်။
“ဆေးတောင်ထွတ်မှာ လူအင်အား လိုအပ်နေတဲ့အတွက် စိတ်ဝင်စားတဲ့တပည့်တွေကို အခွင့်အရေးဖွင့်ပေးဖို့ ငါ အကြံပြုချင်တယ်”
“ဂိုဏ်းချုပ်ကြီး အလိုရှိတဲ့အတိုင်းပါပဲ”
ထန်ခွန်းက လက်ယှက်ကာ ချင်းယန်ဇီကို အရိုအသေပေးလိုက်လေသည်။
သို့သော် သူ၏ စိတ်အောက်ခြေတွင်မူ ချင်းယန်ဇီကို ကျိန်ဆဲနေခဲ့သည်။
ချင်းယန်ဇီသည် သူ၏လူတချို့ကို ဆေးတောင်ထွတ်သို့ ထည့်သွင်းရန် ကြိုးစားနေကြောင်းကို ဦးနှောက်ရှိသူတိုင်း သိမြင်နိုင်ပေသည်။
သူ၏ လွှမ်းမိုးနိုင်စွမ်းများ လုံးဝပျောက်ကွယ်မသွားမီ သူ တစ်ခုခု လုပ်ရပေမည်။
ထန်ခွန်းက သူ၏အခန်းသို့ ပြန်ရောက်သောအခါ စားပွဲပေါ်ရှိ အရာအားလုံးကို ရိုက်ခွဲပစ်လိုက်တော့သည်။
ထို့နောက် သူ၏ ဒေါသများကို ပေါက်ကွဲထုတ်ပစ်လိုက်သည်။
ထန်ဖေးနှင့် ထန်ရွေ့တို့လည်း သေဆုံးသွားခဲ့ပြီ။
သူ၏ အစီအစဉ်များအားလုံး ဖျက်ဆီးခံလိုက်ရလေသည်။
အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ ကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုရတော့မည်ပင်။
ထန်ခွန်းက စာရွက်တစ်ရွက်ကို ထုတ်ယူကာ စတင်ရေးသားလိုက်လေသည်။