အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) - အထူးတာဝန်
ထို့နောက် လင်းဖန်၏ စိတ်ထဲတွင် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာလေသည်။
[မီးပုတ်သင်၏ စွမ်းရည်များကို လက်ခံမည်လား။ လက်ခံမည်/လက်မခံပါ]
[မြေလွှာကြံ့ခိုင်မှု - အမြုတေတည်ဆောက်ခြင်းအဆင့်အထိ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခြင်း။]
[ငလျင်ခြေဆောင့် - မြေကြီးကို ဆောင့်နင်းကာ နေရာကွက်ကျား ငလျင်လှုပ်ခတ်စေပြီး ရန်သူများ၏ ဟန်ချက်ကို ပျက်ပြားစေခြင်း။]
[ပြန်လည်ကုစားနိုင်စွမ်း - တစ်ရှူးများကို ပြန်လည်မွေးဖွားပေးနိုင်ပြီး ခြေလက်အင်္ဂါများကိုပင် ပြန်လည်ပေါက်ဖွားစေနိုင်ခြင်း။]
လင်းဖန်မှာ တုံ့ဆိုင်းနေခြင်းမရှိဘဲ စိတ်ထဲမှနေ၍ လက်ခံကြောင်း ချက်ချင်း အတည်ပြုလိုက်သည်။
သူသည် ဤအချိန်လေးကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ရင်းနှီးနေသော အသံက သူ၏ စိတ်ထဲ၌ ထပ်မံထွက်ပေါ်လာပြန်သည်။
[လက်ရှိ သားရဲစွမ်းရည် - ၃/၃]
[တောယုန်စွမ်းရည် အဆင့် - ၁/၃]
[ဝံပုလွေစွမ်းရည် အဆင့် - ၁/၃]
[မြေခွဲပုတ်သင်စွမ်းရည် အဆင့် - ၁/၃]
[လက်ရှိ ခန္ဓာကိုယ်အဆင့် - ၅ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၁၆၀၀ လိုအပ်ပါသည်)]
[လက်ရှိ ကလဲ့စားချေအမှတ် - ၉၆၀]
လင်းဖန်သည် စွမ်းရည်များ၏ အဆင့်ကို မြင်လိုက်ရသောအခါ စိတ်ထဲမှ တွေးလိုက်မိလေသည်။
‘သားရဲစွမ်းရည်တွေကို ငါ ဘယ်လို အဆင့်မြှင့်ရမလဲ’
စနစ်က ပြန်လည်ဖြေကြားလာသည်။
[ဒင်]
[စွမ်းရည်များ အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၅၀၀ ကုန်ကျပါမည်။]
ကလဲ့စားချေအမှတ် ၅၀၀ လိုအပ်ကြောင်းကို မြင်သောအခါ လင်းဖန်တစ်ယောက် စဉ်းစားခန်း ဝင်သွားတော့သည်။
သူသည် စွမ်းရည်များကို အဆင့်မြှင့်တင်နိုင်သလို နောက်တစ်ကြိမ် ခန္ဓာကိုယ်အဆင့်မြှင့်တင်ရန်အတွက် အမှတ်များကို ဆက်လက်စုဆောင်းထား၍လည်း ရပေသည်။
‘နောက်တာဝန်တစ်ခု ပြီးမှပဲ ဆုံးဖြတ်တော့မယ်’
လင်းဖန် တွေးလိုက်သည်။
သားရဲစွမ်းရည်ကို စုပ်ယူပြီးသွားချိန်တွင် လင်းဖန်သည် မီးပုတ်သင်၏ ခန္ဓာကိုယ်ကို လှန်ချလိုက်ပြီး ၎င်း၏ ဝမ်းဗိုက်ကို ပေါ်လာစေသည်။
ထို့နောက် လင်းဖန်က ယန်ရိုက်ချက်ကို အသုံးပြုကာ ဝမ်းဗိုက်ကို ရိုက်ခွဲဖွင့်ချလိုက်လေသည်။
မကြာမီမှာပင် မိစ္ဆာသားရဲအမြုတေကိုရှာဖွေရန် အထဲသို့ နှိုက်နှိုက်ချွတ်ချွတ် တူးဆွလိုက်သည်။
နောက်တစ်ကြိမ် ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်ကျော်လွန်ရန် ကြိုးစားချိန်တွင် ယင်းအမြုတေကို သူ လိုအပ်ပေလိမ့်မည်။
ယခုအခါ ချီစုစည်းမှု အဆင့်ကိုးသို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် အဆင့်သစ်သို့ ကူးပြောင်းရန် နီးကပ်နေပြီဖြစ်သည်။
“သောက်ကျိုးနည်း”
မိစ္ဆာသားရဲအမြုတေကို ဆွဲထုတ်ရန် ကြိုးစားရင်း လင်းဖန်က ကျိန်ဆဲလိုက်သည်။
အားပိုပါစေရန်အတွက် မီးပုတ်သင်၏ ခန္ဓာကိုယ်ကို ခြေထောက်ဖြင့် ဖိနင်းထားရလေသည်။
“သုံး... နှစ်... တစ်...”
ရေတွက်အပြီးတွင် ခပ်ပြင်းပြင်း တစ်ချက်ဆွဲထုတ်လိုက်ရာ နောက်ဆုံး၌ မိစ္ဆာသားရဲအမြုတေကို အောင်မြင်စွာ ဆွဲထုတ်နိုင်သွားတော့သည်။
၎င်းမှာ သူ၏ လက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး မီးလောင်ထားသော မြေနီရောင်သန်းနေသည့် အညိုရောင်ရှိပေသည်။
ယင်းအမြုတေထဲတွင် မီးပုတ်သင်ပုံသဏ္ဌာန် မှိန်ပျပျ အလင်းရောင်လေးတစ်ခုကို သူ မြင်တွေ့နေရသည်။
ထိုအရာကို ရရှိပြီးနောက် သူသည် ရွာသို့ ပြန်လာခဲ့လေသည်။
ရွာထဲသို့မဝင်မီ အစောပိုင်းအချိန်များက သူ လုပ်လေ့ရှိသည့်အတိုင်း ရေတွင်း၌ ကိုယ်လက်သန့်စင်လိုက်သည်။
သူ့အိမ်သို့ ပြန်ရောက်သောအခါ နေ့လယ်စာစားချိန် ရောက်နေပြီဖြစ်သည်။
“ပြန်လာပြီလား။ နေ့လယ်စာ အဆင်သင့်ဖြစ်နေပြီနော်”
လင်းဖန်ကို မြင်သောအခါ မေဖုန်းက လှမ်းပြောလိုက်သညါ။
“ဘယ်တွေ သွားနေတာတုန်းကွ”
ဦးလေးလျိုက လင်းဖန်အနေဖြင့် တောထဲရှိ မိစ္ဆာသားရဲကို ဖြေရှင်းလိုပါက ကူညီပေးနိုင်မည်ဟုတွေးကာ မေးလိုက်သည်။
လင်းဖန်က ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“မိစ္ဆာသားရဲကို ကျုပ် သတ်ပြီးသွားပြီ။ မကြာခင် တခြား တောကောင်တွေလည်း ပြန်ရောက်လာကြတော့မှာပါ”
မေဖုန်းမှာမူ လက်ထဲရှိ အသားနှင့် ဟင်းသီးဟင်းရွက်ပန်းကန်များကို ကိုင်ထားရင်း ကျောက်ရုပ်တစ်ရုပ်လို အေးခဲသွားချေသည်။
ဦးလေးလျိုမှာလည်း အလားတူပင်။ ထိုစကားကို ကြားသောအခါ သူ၏နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားရသည်။
“မင်း... ဘာပြောလိုက်တယ်။ တစ်မနက်တည်းနဲ့လားကွ။ အချိန်တစ်ခုတော့ ယူရမယ်လို့ ငါ ထင်ထားခဲ့တာ
ဦးလေးလျိုက စိတ်လှုပ်ရှားစွာဖြင့် အာမေဍိတ်သံ ပြုလိုက်လေသည်။
လင်းဖန်တစ်ယောက် ကျင့်ကြံသူတစ်ဦးအနေဖြင့် တိုးတက်နေမှန်း သိထားသော်လည်း ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
“မေဖုန်းရေ... အောင်ပွဲခံရအောင် ဆူဖြိုးနေတဲ့ ကြက်တစ်ကောင်လောက် သတ်လိုက်ဟေ့”
“ဟုတ်တယ် အဖေ။ သား ကြက်သားမစားရတာ အတော်ကြာနေပြီ”
ဦးလေးလျိုမှာ သူ၏ဝမ်းသာမှုကို မထိန်းချုပ်နိုင်တော့ဘဲ ကြက်ကင်ဖြင့် စားသောက်ကာ အောင်ပွဲခံချင်နေလေသည်။
မေဖုန်းသည် ပန်းကန်များကို စားပွဲပေါ်သို့ အမြန်ချထားလိုက်ပြီး သူတို့ခြံထဲရှိ ကြက်များကိုဖမ်းရန် ထွက်သွားတော့သည်။
“လင်းဖန်၊ ခဏစောင့်ဦး။ ကြက်ကင်စားဖို့ ဗိုက်နည်းနည်း ချန်ထားဦးနော်”
မေဖုန်းက ထွက်သွားရင်း လှမ်းအော်လိုက်သည်။
လင်းဖန်အနေဖြင့် ထိုမျှ ဖော်ရွေပျူငှာသော ဧည့်ဝတ်ကျေပွန်မှုများကို ငြင်းဆန်နိုင်စွမ်း မရှိခဲ့ချေ။
ကြက်ကင်မှာ စောင့်ဆိုင်းရကျိုး နပ်လှပေသည်။
မေဖုန်းသည် အကောင်းဆုံးဖြစ်အောင် ကင်ပေးထားခြင်းပင်။
အရေခွံများက ဆီပြန်ကာ ကြွပ်ရွနေပြီး ဘေးဘက်တွင် အနည်းငယ် တူးနေသော နေရာလေးများပင် ပါသေးသည်။
ထိုအချက်က ကြက်ကင်၏ အရသာနှင့် အထိအတွေ့ကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ပေးထားလေသည်။
လျိုဟန်မှာမူ စားသောက်ပြီးသွားချိန်တွင် သူ၏လက်ချောင်းများကို စုပ်နေမိတော့သည်။
ကြက်ကင်၏ နောက်ဆုံးလက်ကျန် အရသာလေးကိုပင် မြိန်ယှက်စွာ ခံစားနေခြင်းပင်။
…
နေ့လယ်စာ စားပြီးနောက်တွင် လင်းဖန်နှင့် ဟိုမင်တို့ ထွက်ခွာရန် အချိန်ကျလာချေပြီ။
ဟိုမင် ရောက်လာချိန်တွင် သူ၏ကိုယ်မှ အရက်နံ့များ လှိုင်လှိုင်ထွက်နေလေသည်။
ဟိုမိသားစုအတွက် ပေးဆပ်ရမည့် မလွှဲမရှောင်သာသော တန်ဖိုးတစ်ခုဖြစ်သဖြင့် လင်းဖန်က ခေါင်းယမ်းလိုက်သည်။
နောက်တစ်ဆင့်သို့ အရှိန်အဟုန်ဖြင့် ကျော်တက်နိုင်ရန်အတွက် လူအများအပြားထံမှ အထောက်အပံ့များ လိုအပ်ပေသည်။
မည်သူ့အပေါ် အလောင်းအစား လုပ်နေရမှန်း မသိပါက ထိုလူများအနေဖြင့် ဝင်ရောက်ရင်းနှီးမြှုပ်နှံကြမည် မဟုတ်ချေ။
ကံကောင်းသည်မှာ ဟိုမင်၏ ဓားနှစ်လက် ကျင့်ကြံခြင်းအမြုတေက သူတို့အတွက် ယုံကြည်မှု အများအပြား ပေးစွမ်းနိုင်ခဲ့ခြင်းပင်။
သူတို့၏ ခြေလှမ်းအမြန်နှုန်းဖြင့်ဆိုလျှင် ဂိုဏ်းသို့ ပြန်ရောက်ရန် နေ့တစ်ဝက်သာ အချိန်ယူလိုက်ရသည်။
သူတို့ ပြန်ရောက်ချိန်တွင် ဂိုဏ်းတစ်ခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံပွက်လောရိုက်နေလေသည်။
“လူတွေအားလုံး ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ။”
ဟိုဒီပြေးလွှားနေသော တပည့်တစ်ယောက်ကို လင်းဖန်က မေးလိုက်သည်။
ထိုတပည့်က လင်းဖန်အား တောသားတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“မင်းတို့ မကြားရသေးဘူးလား။ အထူးတာဝန်တစ်ခု ကျလာတယ်။ ဆုကြေးက စွမ်းဆောင်ရည်အမှတ်သုံးရာနဲ့ စာကြည့်တိုက်ထဲက မိမိနှစ်သက်ရာ သိုင်းစာအုပ်တစ်အုပ်ကို ရွေးချယ်ခွင့်ပေးထားတာကွ။”
သိုင်းစာအုပ်ဆိုသောစကားကြောင့် လင်းဖန်မှာ ချက်ချင်း စိတ်ဝင်စားသွားတော့သည်။
သူ၏ ယင်ယန်တူသိုင်းက အလုပ်ဖြစ်သော်ငြား ပိုကောင်းသော သိုင်းပညာတစ်ခုခုလည်း ရှိနိုင်ပေသေးသည်။
သူနှင့် ဟိုမင်တို့သည် အခြေအနေကို လေ့လာကြည့်ရန် တာဝန်ပေးခန်းမသို့ ထွက်လာခဲ့ကြသည်။
တာဝန်ပေးခန်းမမှာ ပုံမှန်ထက် ပို၍ လူစည်ကားနေလေသည်။
လူတိုင်းက တာဝန်ကြေညာသင်ပုန်းပေါ်ရှိ အထူးတာဝန်အကြောင်းကို ကြည့်ရှုနေကြခြင်းပင်။
လင်းဖန်သည် လူအုပ်ကို တိုးဝှေ့ကာ ရှေ့ဆုံးသို့ သွားလိုက်ပြီး တာဝန်ကျောက်ပြားကို ကြည့်လိုက်သည်။
“လုတိကို ဖမ်းရမယ်။ ဒါက ပြဿနာမရှိနိုင်ပါဘူး”
တာဝန်ကျောက်ပြားပေါ်ရှိ ဖော်ပြချက်ကို ဖတ်ရင်း လင်းဖန်က မိမိဘာသာ ရေရွတ်လိုက်သည်။
ယခင်က သူနှင့် လုတိတို့ ရင်ဆိုင်ခဲ့ရစဉ်က အခြေအနေ တင်းမာခဲ့သော်လည်း ထိုစဉ်က သူ၏ ခန္ဓာကိုယ်အဆင့်မှာ ၄ သာ ရှိသေးသည်။
ယခု ခန္ဓာကိုယ်အဆင့် ၅ ဖြင့်ဆိုလျှင် လုတိကို လွယ်လွယ်ကူကူပင် အနိုင်ယူနိုင်သင့်ပေသည်။
“ပြဿနာမရှိဘူး မဟုတ်လား”
လင်းဖန်၏ ဘေးတွင် ရပ်နေသော တပည့်များက သူပြောသည်ကို ကြားသွားပြီး လှမ်းကြည့်လာကြသည်။
တစ်ယောက်သောသူက လင်းဖန် မည်မျှ ဘဝင်မြင့်နေကြောင်းကို ဒေါသတကြီး ဆဲရေးတိုင်းထွာချင်သွားသည်။
သို့သော်ငြား ထိုလူသည် လင်းဖန်ကို မှတ်မိသွားသောအခါ လျှာကိုကိုက်ကာ ငြိမ်ကျသွားတော့သည်။
လင်းဖန်နှင့် ဟိုမင်တို့သည် ယခင်တာဝန်တွင် အဆုံးထိတိုင် ရှင်သန်နိုင်ခဲ့သည့် အငယ်တန်းတပည့်များ ဖြစ်ကြသည်။
တပည့်အားလုံး၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် လင်းဖန်သည် နံရံပေါ်မှ တာဝန်ကျောက်ပြားကို ဖြုတ်ယူလိုက်ပြီး မှတ်တမ်းတင်ကောင်တာရှိ တပည့်ဖြစ်သူထံသို့ လျှောက်သွားလေသည်။
ထိုတပည့်က တာဝန်ကျောက်ပြားကို ယူလိုက်ပြီး ပြောလိုက်သည်။
“ဒီတာဝန်ကိုမယူခင် မင်းအနေနဲ့ အရည်အချင်းစစ်ဆေးမှုကို အောင်မြင်အောင် အရင်လုပ်ရလိမ့်မယ်”
“အရည်အချင်းစစ်ဆေးမှု”
“ဟုတ်တယ်။ ဂိုဏ်းတူအစ်ကို ဟွမ်ယွမ်ခွန်းနဲ့ တိုက်ခိုက်ရမယ်။ သူ့ကို အနိုင်ယူနိုင်ရင် ဒီတာဝန်ကို မင်း ယူလို့ရပြီ။”
“ဘယ်အချိန်၊ ဘယ်နေရာမှာ လုပ်ရမှာလဲ”
လင်းဖန်က မေးလိုက်သည်။
ထိုတပည့်က မော့ကြည့်လိုက်ပြီး တံခါးပေါက်ဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“သစ်ပင်အောက်မှာ ရပ်နေတဲ့လူလေ။ သူက ဂိုဏ်းတူအစ်ကို ဟွမ်ယွမ်ခွန်းပဲ။ မင်းကို ငါ သတိပေးရမှာက သူက အမြုတေတည်ဆောက်ခြင်းအဆင့်မှာ ရှိတယ်။”
လင်းဖန် အပြင်သို့ လှမ်းကြည့်လိုက်သောအခါ ဟွန်ယန်ခွန်းမှာ လက်ထဲတွင် ယပ်တောင်ကိုကိုင်ထားရင်း သစ်ပင်အောက်၌ရပ်ကာ ပွင့်နေသောပန်းများကို မော့ကြည့်နေလေသည်။
တပည့်များအားလုံးမှာ တိုက်ပွဲဖြစ်လာမည့် အလားအလာကြောင့် စိတ်လှုပ်ရှားသွားကြတော့သည်။
သူတို့သည် တာဝန်ပေးခန်းမထဲမှ တဝေါဝေါ ထွက်လာကြပြီး ဖြစ်လာတော့မည့် ပွဲကောင်းတစ်ပွဲကို ကြည့်ရှုရန် အသင့်ပြင်ထားလိုက်ကြတော့သည်။