အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) - မက်မွန်ပန်း
ဟွမ်ယွမ်ခွန်းသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး အနက်ရောင် ပညာရှိဦးထုပ်ကို ဆောင်းထားလေသည်။
သူ၏မျက်နှာမှာ ဖြူစင်သန့်ရှင်းနေကာ ချောမောနေလေသည်။
ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်ထံမှ မျှော်လင့်ထားရမည့် ပုံစံမျိုးတော့ မဟုတ်ချေ။
သူက လူတိုင်း၏ အာရုံစိုက်ခံနေရမှုကို ဂရုမစိုက်သလို ဟန်ဆောင်ထားလေသည်။
“အဟမ်း... မက်မွန်ပန်းပင်အောက်မှာ... ငါ...”
ဟွမ်ယွမ်ခွန်းက ကဗျာတစ်ပုဒ် ရွတ်ဆိုရန် ကြိုးစားသော်လည်း ပထမစာကြောင်းအပြီးတွင် ဆက်မရွတ်နိုင်တော့ချေ။
လင်းဖန် ချဉ်းကပ်လာသည်ကို မြင်သောအခါ အမြန်လှည့်လာပြီး ယပ်တောင်ဖြင့် လှမ်းညွှန်လိုက်သည်။
“ဘယ်သူ လာနေတာလဲ။ ကံတရားကို လာရှာတဲ့သူများလား”
လင်းဖန်က ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
‘ဒီဂိုဏ်းတူအစ်ကိုကြီးက... ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်မျိုးကြီးပဲ’
သူ စိတ်ထဲမှ တွေးလိုက်သည်။ သို့သော် အရေးမကြီးပေ။
သူက လက်ယှက်ကာ အရိုအသေပေးလိုက်လေသည်။
“ကျုပ်က လင်းဖန်ပါ။ အရည်အချင်းစစ် စမ်းသပ်မှုအတွက် လာတာပါ”
“မကြောက်ပါနဲ့ ညီငယ်။ လူကြီးလူကောင်းဓားရဲ့ လမ်းစဉ်ကို မင်းကို ပြသပေးပါ့မယ်”
ဟွမ်ယွမ်ခွန်းက လက်ကို တစ်ချက်ခါရမ်းလိုက်ရာ သူ၏ယပ်တောင်မှာ ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။
သူက လင်းဖန်ကို ဓားဖြင့်ချိန်ရွယ်ကာ စောင့်ဆိုင်းနေလိုက်သည်။
ဟွမ်ယွမ်ခွန်း၏ ခန့်ညားလှသော ဟန်ပန်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးတပည့်အချို့မှာ မျက်နှာများ နီမြန်းသွားကြသည်။
ထို့နောက် သူတို့က လင်းဖန်ကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလိုက်ကြသည်။
လင်းဖန်၏ဝတ်ရုံမှာ ဟောင်းနွမ်းနေပြီး သွေးကွက်ရာများကိုပါ ခပ်ရေးရေး မြင်တွေ့နေရပေသည်။
နှိုင်းယှဉ်ကြည့်လိုက်လျှင် သူက အရိုင်းအစိုင်းတစ်ကောင်နှင့်ပင် တူနေလေသည်။
ဟွမ်ယွမ်ခွန်းမှ လင်းဖန်အား ရိုက်နှက်ဆုံးမပေးရန် တိတ်တဆိတ် အားပေးနေကြသည်။
ဘုန်း...
လင်းဖန်က အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ဖြင့် ဟွမ်ယွမ်ခွန်းဆီသို့ ပြေးဝင်သွားလေသည်။
ဟွမ်ယွမ်ခွန်း၏ရှေ့သို့ ရောက်သည်နှင့် သူ့လက်ထဲတွင် သံတူများ ထွက်ပေါ်လာကာ ရိုက်ချလိုက်တော့သည်။
“ယုတ်မာလိုက်တာ”
“သူ့လို အရိုင်းအစိုင်းဆီကနေ ဘာများ မျှော်လင့်စရာရှိလို့လဲ”
“ရွံစရာကောင်းလိုက်တာ”
ဟွမ်ယွမ်ခွန်းကို အားပေးနေသော အမျိုးသမီးတပည့်များမှာ လင်းဖန်၏ နည်းဗျူဟာကို သဘောမကျကြပေ။
ဟွမ်ယွမ်ခွန်းက လင်းဖန်၏သံတူကို ဓားဖြင့် ပင့်ထုတ်လိုက်သည်။
ဒေါင်...
လင်းဖန်၏ သံတူရိုက်ချက်မှာ လက်မဝက်ခန့် လွဲချော်သွားလေသည်။
ဓားက လိုအပ်သည့် ထောင့်ချိုးအတိုင်း ကွက်တိကာကွယ် ဖယ်ရှားသွားခြင်းပင်။
ဟွမ်ယွမ်ခွန်းက ဘေးသို့ရှောင်ထွက်လိုက်ပြီး လင်းဖန်၏ ဘယ်ဘက်ခြမ်းတွင် ပေါ်လာသည်။
“ကျက်သရေရှိလိုက်တဲ့ လှုပ်ရှားမှုလေးပါလား”
“ဒါမှ လူကြီးလူကောင်းဓားသိုင်းဆိုတာပေါ့”
“ငါ့ရဲ့ သူရဲကောင်းကြီး”
အမျိုးသမီးတပည့်များမှာ ဟွမ်ယွမ်ခွန်း၏ လှပကျက်သရေရှိသော လှုပ်ရှားမှုများအတွက် မချီးကျူးဘဲ မနေနိုင်ကြတော့ချေ။
လင်းဖန်သည် မျက်စိကို မှေးကျဉ်းလိုက်ပြီး သူ၏သံတူကို ဘေးဘက်သို့ လွှဲရိုက်လိုက်သည်။
ရိုက်ချက်လွဲချော်သွားပြီး ဟွမ်ယွမ်ခွန်းက အဝေးသို့ ခုန်ရှောင်သွားလေသည်။
လင်းဖန်က ကိုယ်ကို နောက်သို့တစ်ပတ်လှည့်လိုက်ပြီး အရှိန်ကိုအသုံးချကာ ညာဘက်မှသံတူဖြင့် ပစ်ပေါက်လိုက်တော့သည်။
ဝှစ်...
သံတူသည် ကျည်ဆန်တစ်တောင့်ကဲ့သို့ ဟွမ်ယွမ်ခွန်းဆီ ပြေးထွက်သွားသည်။
ဒေါင်...
ဟွမ်ယွမ်ခွန်းက နောက်ဆုံးစက္ကန့်လေးတွင် ဓားကို အရှေ့သို့ကာလိုက်ပြီး သံတူကို ပိတ်ဆို့လိုက်လေသည်။
လင်းဖန်က သူ့ကို အချိန်မပေးတော့ဘဲ ဟွမ်ယွမ်ခွန်း၏ ခါးဆီသို့ ယင်ထိုးနှက်ချက်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်သည်။
ဒုတ်...
၎င်းက သူ့ကို အငိုက်မိသွားစေပြီး ဟွမ်ယွမ်ခွန်းက လင်းဖန်၏ ရင်ဘတ်ကို လက်ဝါးဖြင့် အမြန်ရိုက်ချလိုက်လေသည်။
ဖန်း...
ထိုရိုက်ခတ်မှုအရှိန်ကြောင့် သူတို့နှစ်ဦးလုံး အဝေးသို့ လွင့်စင်ထွက်သွားကြသည်ာ
လင်းဖန်သည် သူ၏ ကျောက်သားကဲ့သို့ ကြံ့ခိုင်သည့်စွမ်းရည်ကို အသက်သွင်းထားပြီး ဖြစ်သည်။
လက်ဝါးရိုက်ချက်ကြောင့် မည်သို့မျှ မခံစားလိုက်ရချေ။
တစ်ဖက်တွင်မူ ဟွမ်ယွမ်ခွန်းသည် သူ၏လက်ဖဝါးထံမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရလေသည်။
သံမဏိတံတိုင်းကြီးတစ်ခုကို ရိုက်မိလိုက်သကဲ့သို့ တုံ့ပြန်မှုသက်ရောက်မှုက သူ့ထံ ပြန်လည်သက်ရောက်လာခြင်းပင်။
သူ၏ခါးဆီမှလည်း အေးစိမ့်စိမ့် နာကျင်မှုကို ခံစားလိုက်ရသည်။
သူ၏ အမြုတေဖွဲ့စည်းခြင်းအဆင့် ခန္ဓာကိုယ်ကြောင့် ယင်ထိုးနှက်ချက်သည် သူ၏အရေပြားကိုသာ ပွန်းပဲ့စေနိုင်ပြီး အတွင်းပိုင်းကိုမူ မထိခိုက်စေနိုင်ချေ။
“အား...”
ဟွမ်ယွမ်ခွန်းသည် သူ၏ဝတ်ရုံကိုကြည့်ကာ မျက်နှာပျက်သွားသည်။
သူသည် ဤဝတ်ရုံအတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရသော်လည်း ယခုမူ လင်းဖန်ကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
ဝတ်ရုံ ထပ်မံပျက်စီးသွားမည်ကို မလိုလားသဖြင့် သူသည် မော့ကြည့်လိုက်ပြီး လက်ကို မြှောက်လိုက်သည်။
“တော်ပြီ။ မင်းက ဒီအခွင့်အရေးနဲ့ ထိုက်တန်ပါတယ်”
တိုက်ခိုက်ရန် အသင့်ပြင်ထားသည့် သံမဏိလက်သည်းများနှင့်အတူ လင်းဖန်သည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။
သူသည် လက်နှစ်ဖက်ကို ပူးယှက်ကာ ဟွမ်ယွမ်ခွန်းကို ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး”
အမျိုးသမီးတပည့်များမှာမူ ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ သိပ်ပြီး မကျေမနပ် ဖြစ်သွားကြသည်။
လင်းဖန်သည် အလွန်ယုတ်မာကောက်ကျစ်လွန်းသဖြင့် ဂိုဏ်းတူအစ်ကိုကြီး ယွမ်ခွန်းပင် ဆက်လက်သည်းမခံနိုင်တော့ခြင်း ဖြစ်ရမည်။
လင်းဖန်ကို အရည်အချင်းစစ်ဆေးမှု အောင်မြင်ခွင့်ပေးလိုက်သည့် ဟွမ်ယွမ်ခွန်း၏ စိတ်ထားမှာ မည်မျှပင် ပြည့်ဝလိုက်ပါသနည်း။
၎င်းတို့သည် သွားများကို ကြိတ်ကာ ဟွမ်ယွမ်ခွန်းသာ တောင်းဆိုပါက အသက်ပင် ပေးလှူရန် သစ္စာဆိုလိုက်ကြလေသည်။
ဟွမ်ယွမ်ခွန်းသည် ၎င်းတို့၏အမူအရာများကို မြင်သောအခါ လက်လှမ်းပြလိုက်သည်။
၎င်းတို့အား တည်ငြိမ်ကြရန် အချက်ပြလိုက်ခြင်းပင်။
“တွေ့လိုက်လား။ သူ ငါ့ကို လက်လှမ်းပြလိုက်တာ”
“မဟုတ်တာ။ နင် မျက်စိမှုန်နေတာနေမှာ။ သူ ငါ့ကို ပြတာ”
“အားလုံး တိတ်တိတ်နေစမ်း။ ဂိုဏ်းတူအစ်ကိုကြီးမှာ ထူးခြားတဲ့အမြင်ရှိတာ လူတိုင်းသိတယ်။ ဒါကြောင့် သူ ငါ့ကို လက်လှမ်းပြတာပဲ ဖြစ်ရမယ်”
အသက်ငါးဆယ်အရွယ် အမျိုးသမီးတပည့်တစ်ဦးက ပြောလိုက်ရာ ကျန်တပည့်များမှာ သူမကို ဝိုင်းဝန်းရိုက်နှက်ရန် အလွန်ပင် နီးစပ်သွားတော့သည်။
လင်းဖန်က မေးလိုက်သည်။
“ဒါဆို ကျွန်တော် နောက်ထပ် ဘာလုပ်ရမလဲ”
ဟွမ်ယွမ်ခွန်းက သူ၏လက်ကို ခါယမ်းလိုက်ရာ ရှည်လျားသော ဓားရှည်မှာ ယပ်တောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။
“အော်... ခွင့်လွှတ်ပါ။ နှစ်ရက်ကြာကျရင် ဒီမက်မွန်ပန်းပင်အောက်မှာ ပြန်ဆုံကြတာပေါ့”
အမျိုးသမီးတပည့်များမှာ တစ်ဖန်ပြန်လည် ရူးသွပ်သွားကြပြန်သည်။
လင်းဖန်သည် တာဝန်ပေးအပ်ရေးခန်းမဆီသို့ ပြန်လျှောက်လာခဲ့သည်။
တပည့်များမှာမူ ပြင်းထန်သော မနာလိုစိတ်များဖြင့် စိုက်ကြည့်နေကြလေသည်။
သူတို့သည် ချင်းယန်ဇီ၏ အတွင်းစည်းတပည့်ဖြစ်သော ဟွမ်ယွမ်ခွန်းကို မဆန့်ကျင်ရဲကြချေ။
သူသည် စိတ်အပြောင်းအလဲမြန်သူ ဖြစ်သော်လည်း သူ၏ဓားသိုင်းပညာမှာ ချင်းယန်ဇီနှင့် ကျောက်ချင်းယင်တို့မှလွဲ၍ မည်သူမျှ ယှဉ်နိုင်ခြင်းမရှိပေ။
သို့သော်ငြား လင်းဖန်သည် သူ့ကို ရင်ဆိုင်ရဲရုံသာမက အရည်အချင်းစစ်ဆေးမှုကိုပင် အောင်မြင်သွားခဲ့သေးသည်။
သူသည် တာဝန်ကျောက်ပြားရှိရာ ကောင်တာသို့ လျှောက်သွားလိုက်သည်။
လင်းဖန်က မေးလိုက်သည်။
“ကျွန်တော် စစ်ဆေးမှု အောင်မြင်သွားပြီဆိုတော့ အခု တာဝန်ယူလို့ ရပြီလား”
တာဝန်ကျောက်ပြားကို ကိုင်ထားသည့် တပည့်ဖြစ်သူက လင်းဖန်ထံသို့ လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“ဒီမှာ... မင်းရဲ့လက်ဗွေကို တာဝန်ကျောက်ပြားပေါ်မှာ နှိပ်လိုက်ပ။”
လင်းဖန်သည် သူ၏လက်ဗွေကို နှိပ်လိုက်ပြီးနောက် ဟိုမင်ကို လှည့်ကြည့်လိုက်သည်။
သူက တပည့်ဖြစ်သူကို မေးလိုက်သည်။
“ဒီတာဝန်ကို တခြားလူတွေလည်း ယူလို့ရသေးလား”
တပည့်ဖြစ်သူက ပြန်ဖြေလိုက်သည်။
“ရတာပေါ့။ ဒီတစ်ခေါက် လုတိကို လိုက်လံရှာဖွေတဲ့နေရာမှာ အဖွဲ့အမျိုးမျိုးရှိလိမ့်မယ်”
လင်းဖန်သည် ဟိုမင်၏ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး မေးလိုက်သည်။
“ဟိုမင်... မင်းလည်း ဝင်စမ်းကြည့်ပါလား။ မင်း ငါ့နောက်ကနေ စောင့်ရှောက်ပေးရင် ငါ ပိုပြီး စိတ်ချရသလို ခံစားရလို့ပါ”
ဟိုမင်သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်အပေါ် စိုးရိမ်ပူပန်နေမိသည်။
“ဒါပေမဲ့ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်လေ...”
သို့သော် လင်းဖန်သည် ပုခုံးတွန့်လိုက်ရုံမျှသာ ပြုလုပ်ပြီး ပြောလိုက်သည်။
“ဟွမ်ယွမ်ခွန်းက သူ့စွမ်းအားအပြည့် သုံးမသွားဘူး။ မင်းဆိုရင် အေးဆေး အောင်မြင်နိုင်မှာပါ”
ဟိုမင်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
သူသည် တာဝန်ယူရန် တောင်းဆိုလိုက်ပြီးနောက် အပြင်သို့ လျှောက်သွားကာ ဟွမ်ယွမ်ခွန်းနှင့် ရင်ဆိုင်လိုက်သည်။
ဟိုမင်သည် သူ၏စွမ်းရည်များနှင့် နည်းစနစ်များအားလုံးကို ထုတ်သုံးလိုက်လေသည်။
သို့သော် ဟွမ်ယွမ်ခွန်းသည် ဟိုမင်၏လှုပ်ရှားမှုများကို အလွယ်တကူပင် ရိပ်မိသွားခဲ့သည်။
ထိုအခါ ဟိုမင်သည် အသက်ရှင်သန်ရေးအတွက် အစွမ်းကုန်တိုက်ခိုက်သည့်ပုံစံသို့ ပြောင်းလဲလိုက်လေတော့သည်။
၎င်းက ဟွန်းယန်ကွန်းကို အံ့အားသင့်သွားစေခဲ့သည်။
အမျိုးသမီးတပည့်များမှာ ဤမြင်ကွင်းကို မြင်သောအခါ လင်းဖန်ကို စူးစိုက်ကြည့်လိုက်ကြသည်။
လင်းဖန်သည် ဟိုမင်ကို အရိုင်းအစိုင်းကဲ့သို့ တိုက်ခိုက်တတ်ရန် သွန်သင်ဆုံးမထားခြင်း ဖြစ်ရမည်။
သို့သော် ၎င်းက အလုပ်ဖြစ်သွားခဲ့သည်။
ဟွမ်ယွမ်ခွန်းသည် သူ၏ရင်ဘတ်ကို ဓားချက်တစ်ချက် ဖြတ်သန်းသွားပြီးနောက် တိုက်ပွဲကို ရပ်တန့်လိုက်လေသည်။
သူသည် ဟိုမင်ကိုလည်း အရည်အချင်းစစ်ဆေးမှုကို အောင်မြင်ခွင့် ပေးလိုက်သည်။
ဟွမ်ယွမ်ခွန်းသည် သူ၏စုတ်ပြဲနေသော ဝတ်ရုံကိုကြည့်ကာ ခေါင်းခါယမ်းရင်း စိတ်ထဲမှ တွေးလိုက်သည်။
‘ဒီတာဝန် ပြီးသွားရင်တော့ ဆရာက ငါ့ဝတ်ရုံအတွက် လျော်ကြေးပေးရမယ်’