အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) - တစ်ဖန်ပြန်၍ ခရီးဆက်ခြင်း
လင်းဖန်နှင့် ဟိုမင်တို့နှစ်ဦးလုံး အရည်အချင်းစစ်ဆေးမှု အောင်မြင်သွားသည်ကိုမြင်သောအခါ အခြားတပည့်များအားလုံး ရူးသွပ်မတတ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
သူတို့သည် တာဝန်အတွက် စာရင်းပေးသွင်းရန် အလုအယက် တိုးဝှေ့ပြေးသွားကြတော့သည်။
သူနှင့် တိုက်ခိုက်ရန် အသင့်ပြင်ကာ တန်းစီနေကြသော တပည့်များကို ကြည့်ရင်း ဟွမ်ယွမ်ခွန်းသည် ကိုယ့်မျက်စိကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
ပထမဆုံး တစ်ယောက်သည် ယုံကြည်ချက်အပြည့်ဖြင့် ဟွမ်ယွမ်ခွန်းရှေ့သို့ တက်လာခဲ့သည်။
ဖုတ်…
တစ်စက္ကန့်မျှပင် မကြာလိုက်ဘဲ ထိုသူမှာ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
တပည့်အားလုံးမှာ မျက်လုံးအဝိုင်းသားဖြင့် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြသည်။
ရလဒ်ချင်းမှာ ဤမျှ ကွာခြားသွားလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြချေ။
နောက်ထပ် တပည့်တစ်ဦး ထပ်မံတက်သွားသော်လည်း တူညီသောရလဒ်သာ။
လင်းဖန်နှင့် ဟိုမင်တို့သည် ဤစမ်းသပ်မှုကို အလွန်လွယ်ကူသယောင် ထင်မှတ်သွားအောင် ပြုလုပ်ခဲ့ခြင်းပင်။
ကျရှုံးသွားသော တပည့်များမှာမူ လင်းဖန်နှင့် ဟိုမင်တို့ကိုသာ စိုက်ကြည့်နေမိကြတော့သည်။
‘ငါတို့နဲ့ သူတို့ကြားမှာ ဘာတွေကွာခြားနေလို့ သူတို့က အောင်မြင်သွားရတာလဲ’
ကျရှုံးသွားသော တပည့်များမှာ စိတ်ထဲမှ ကြိတ်၍ တွေးတောနေကြသည်။
သို့သော်ငြား ဟွမ်ယွမ်ခွန်းမှာ အစားထိုး၍ရသော သာမန်လူမဟုတ်ဘဲ တပည့်အများစုကို တစ်ချက်တည်းဖြင့် အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိပေသည်။
အဆုံးတွင်မူ ဂိုဏ်းအတွင်းရှိ တပည့်အများစုမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်သာ တစ်ဆို့နေကြခြင်း ဖြစ်သည်။
နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ နောက်တစ်ဆင့်ဖြစ်သော အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ကြသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်မှသည် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိနိုင်သူမှာမူ ပို၍ပင် ရှားပါးလှချေသည်။
အရည်အချင်းစစ်ဆေးမှုမှာ တစ်နေကုန် ဆက်လက်ဖြစ်ပွားနေခဲ့သည်။
နေဝင်ချိန်တွင်မူ ကျရှုံးသွားသော တပည့်များမှာ ညည်းတွားမြည်တမ်းနေကြပြီး ဟွမ်ယွမ်ခွန်းမှာမူ စုတ်ပြဲသွားသော သူ၏ ဝတ်ရုံဖြူကိုကြည့်ကာ မျက်မှောင်ကြုတ်နေလေတော့သည်။
…
ထွက်ခွာရန် နှစ်ရက်မျှ အချိန်လိုသေးသဖြင့် လင်းဖန်အတွက် အားလပ်ချိန်အနည်းငယ် ရှိနေသေးသည်။
သူသည် “ချီကိုဝါးမျို၍ အဆိပ်အသွင်ပြောင်းခြင်း နည်းစနစ်” သိုင်းစာအုပ်ကို ထုတ်ယူကာ ဖတ်ရှုလိုက်သည်။
ပထမဆုံးစာမျက်နှာကိုဖတ်ပြီးနောက် သူသည် ပထမဆုံးအဆင့်ကို စတင်စမ်းသပ်ကြည့်လေသည်။
သူ၏ ကျင့်ကြံခြင်းစွန့်စားမှုကို ဆက်လက်လုပ်ဆောင်ရန်အတွက် ၎င်းမှာ ချီစွမ်းအင်ကိုစုပ်ယူပြီး အဆိပ်ဂလင်းမှတစ်ဆင့် စီးဆင်းစေရန် လိုအပ်ခြင်းပင်။
လင်းဖန်တွင် ထိုသို့သော အဆိပ်ဂလင်းမရှိသဖြင့် ညွှန်ကြားချက်အတိုင်း ချီစွမ်းအင်ကို သူ၏ သွေးကြောမျှင်များမှတစ်ဆင့် ဦးတည်စီးဆင်းစေရန်သာ ကြိုးစားကြည့်လိုက်ရသည်။
အဟွတ်…
ချီစွမ်းအင်များ ပုခုံးရှိ သွေးကြောမျှင်များဆီသို့ ရောက်သွားသောအခါ သူသည် နာကျင်မှုကို ခံစားလိုက်ရသည်။
‘အဆိပ်ဂလင်း မရှိလို့ပဲ ဖြစ်ရမယ်’
သူက တွေးလိုက်မိသည်။
အဆိပ်ဂလင်းနှင့် ပတ်သက်သည့် သဲလွန်စများကိုရှာဖွေရန် စာအုပ်ကိုလှန်လှောကြည့်ရာ နောက်ဆုံးတွင်မူ သူ ရှာတွေ့သွားခဲ့သည်။
သူသည် မြွေ၊ ကင်းမြီးကောက်နှင့် ဖားပြုတ်ကဲ့သို့သော အဆိပ်ရှိသည့် သတ္တဝါများကို စားသုံးရမည်ဖြစ်ပြီး အဆိပ်ဂလင်းတစ်ခု ဖန်တီးရန်အတွက် ချီစွမ်းအင်ကို ဦးတည်လမ်းညွှန်ပေးရမည် ဖြစ်သည်။
အဆိပ်ဂလင်းရှိလာပါက သူသည် အဆိပ်များကို စုဆောင်းနိုင်မည်ဖြစ်ပြီး ကြာနက်ဂိုဏ်းမှတပည့်များ ပြုလုပ်သကဲ့သို့ သူ၏ချီစွမ်းအင်ကို အဆိပ်ငွေ့အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
သူသည် သိုင်းစာအုပ်ကို ပိတ်လိုက်ပြီး စဉ်းစားလိုက်သည်။
သူ၏ သံတူများနှင့် သားရဲစွမ်းရည်များအပြင် ဤပညာကိုသာ တတ်မြောက်သွားပါက ရန်သူများအတွက် အလွန်ဆိုးရွားသော အံ့အားသင့်ဖွယ် လက်နက်ဆန်းတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ထိုသို့ပြုလုပ်ရန် သူသည် လျှို့ဝှက်စွာ လုပ်ဆောင်ရပေမည်။
‘ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
သူ့အတွက်မူ ဤအရာမှာ လတ်တလောတွင် အရေးကြီးဆုံးကိစ္စ မဟုတ်သေးချေ။
သူ့အတွက် ဆေးလုံးများနှင့် လက်နက်ဆန်းများကို ပိုမိုလိုအပ်နေသည်။
“လင်းဖန်... မင်း ငါ့ကို ရှာနေတယ်လို့ ကြားတယ်...”
စီမာလျန်က သစ်သားတဲအိမ်အတွင်းသို့ ဝင်လာရင်း ပြောလိုက်သည်။
လင်းဖန်က လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ စီမာလျန်ထံသို့ ကမ်းပေးလိုက်သည်။
ထို့နောက် သူက မေးလိုက်သည်။
“မင်း ကောင်းကင်မူလဆေးလုံးတွေကို ရအောင် ရှာပေးနိုင်မလား”
စွမ်းဆောင်ရည်အမှတ်ဖြင့် လဲလှယ်သည့်နေရာတွင် ရှာမတွေ့သဖြင့် လင်းဖန်မှာ စီမာလျန်ကိုသာ မေးမြန်းရခြင်း ဖြစ်သည်။
“ကောင်းကင်မူလဆေးလုံး ဟုတ်လား”
ထိုစကားကို ကြားသောအခါ စီမာလျန်သည် လက်ထဲမှ လက်ဖက်ရည်ခွက်ပင် လွတ်ကျလုနီးပါး ဖြစ်သွားရသည်။
“အဲဒါက တကယ့်ကို တန်ဖိုးကြီးတဲ့အရာပဲ... စွမ်းဆောင်ရည်အမှတ် သုံးရာအောက်နဲ့တော့ ဘယ်လိုမှ မရနိုင်ဘူး”
“စွမ်းဆောင်ရည်အမှတ် သုံးရာလား”
ယခုတစ်ကြိမ်တွင်မူ လင်းဖန်အံ့အားသင့်လှည့် ရောက်ရှိလာချေပြီ။
သို့သော် ကျောက်ချင်းယင်သည် ထိုအရာနှင့်ပတ်သက်၍ မည်မျှအထိ ကပ်စေးနှဲတတ်သည်ကို ပြန်လည်တွေးတောမိလိုက်ချိန်တွင်မူ သူသည် လက်တွေ့အခြေအနေကို ဖြည်းဖြည်းချင်း လက်ခံလိုက်လေတော့သည်။
မည်သို့ပင်ဆိုစေ လင်းဖန်မှာ ထိုဆေးလုံးကို ကိုယ်တိုင်သုံးစွဲဖူးပြီး ယင်း၏အာနိသင်ကို ကောင်းစွာသိရှိထားသည့်အတွက် ထိုမျှတန်ဖိုးရှိသောဈေးနှုန်းကို ပေးချေရန် အလွန်ပင် လိုလိုလားလား ရှိနေခဲ့သည်။
လင်းဖန်သည် သစ်သားတံဆိပ်ပြားကို ထုတ်ယူကာ စီမာလျန်ထံသို့ ကမ်းပေးလိုက်သည်။
သူ့၌ လက်ရှိတွင် စွမ်းဆောင်ရည်အမှတ် ငါးရာကျော် စုဆောင်းမိထားပြီး ဖြစ်သည်။
ထိုအမှတ်များကို သိမ်းဆည်းထားရုံနှင့်မူ သိပ်ပြီး အသုံးဝင်လှသည် မဟုတ်ပေ။
စီမာလျန်က သစ်သားတံဆိပ်ပြားကို လှမ်းယူလိုက်ရင်း ပြောလိုက်သည်။
“ကျုပ်ကို တစ်ရက်ပဲ အချိန်ပေးပါဗျာ။ နောက်နေ့ကျရင် ကျုပ်မိသားစုက အဲဒီဆေးလုံးတွေကိုရအောင် ယူပေးနိုင်ပါလိမ့်မယ်”
လင်းဖန်ကလည်း ပြန်လည်တုံ့ပြန်လိုက်သည်။
“ကျေးဇူးပဲ။ နောက်တစ်ခေါက် တာဝန်မသွားခင် အဲဒီဆေးလုံးတွေကိုရဖို့ မျှော်နေမယ်”
ကောင်းကင်မူလဆေးလုံး ကိစ္စပြီးသွားသည့်နောက် လင်းဖန်သည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကိုလည်း ထပ်မံဖြည့်တင်းလိုက်သေးသည်။
ထိုအခါ သူ့ထံတွင် စွမ်းဆောင်ရည်အမှတ် တစ်ရာခန့်သာ ကျန်ရှိတော့သည်။
သူ့တွင် ကျန်ရှိတော့သည့် စွမ်းဆောင်ရည်အမှတ်များကိုစိုက်ကြည့်ရင်း လင်းဖန် စိတ်ထဲမှ ကြံစည်တွေးတောလိုက်မိသည်။
‘ဒီလုတိဆိုတဲ့ မိန်းမဆီမှာ ပစ္စည်းဥစ္စာတွေ အများကြီးရှိပါစေလို့ပဲ ဆုတောင်းရတော့မယ်’
မထွက်ခွာမီ လင်းဖန်သည် လက်လှမ်းမီသမျှ အရာအားလုံးကို ဖားပြုတ်ရုပ်တုငယ်ထဲသို့ ထည့်သွင်းရန် ကြိုးစားလိုက်သေးသည်။
၎င်း၏အတွင်းပိုင်း သိုလှောင်မှုနယ်မြေသည် အကန့်အသတ်မရှိ ကျယ်ဝန်းလှသည်တော့ မဟုတ်ပေ။
သူသည် အလျား ၁၀ မီတာ၊ အနံ ၁၀ မီတာ ပတ်လည်ခန့်ရှိသော အရာဝတ္ထုများကိုသာ သိုလှောင်ထားနိုင်စွမ်းရှိသည်။
ထို့ကြောင့် လင်းဖန်သည် စားသောက်ဖွယ်ရာများ၊ လက်နက်များနှင့် မီးပန်းများအပါအဝင် အရေးကြီးသည်ဟု ထင်ရသော လိုအပ်သမျှ ပစ္စည်းအစုံအလင်ကို အတွင်းထဲသို့ စုပြုံထည့်သွင်းထားလိုက်သည်။
သူသည် ဆိုးရွားလှသော အန္တရာယ်များအတွက် အမြဲတစေ ကြိုတင်ပြင်ဆင်ထားတတ်သူပင် မဟုတ်ပါလော။
တစ်ရက် ကုန်ဆုံးသွားပြီးနောက် စီမာလျန်သည် ကောင်းကင်ဖန်ဆင်းဆေးလုံးများကို လာရောက်ပေးအပ်လေသည်။
လင်းဖန်မှာ အလွန်ဝမ်းမြောက်သွားရပြီး ၎င်း၏ စွမ်းဆောင်ရည်ကိုလည်း စိတ်ထဲမှ အထင်ကြီးသွားမိသည်။
စီမာလျန်နှင့်ရင်းနှီးအောင် ပေါင်းသင်းခဲ့ခြင်းဟူသောလောင်းကြေးမှာ ယခုအခါ အကျိုးအမြတ် စတင်ခံစားနေရပြီ ဖြစ်သည်။
စီမာမိသားစု၏ နောက်ခံအင်အားနှင့်ဆိုပါက သူ၏ကျင့်ကြံခြင်းလမ်းခရီးသည် ပိုမိုချောမွေ့ဖြောင့်ဖြူးလာပေလိမ့်မည်။
…
နောက်ဆုံးတွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာရမည့်အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
ဟွမ်ယွမ်ခွန်းသည် မက်မွန်ပန်းပင်အောက်တွင် သူတို့ကို စောင့်ဆိုင်းနေလေသည်။
သူသည် ဝတ်စုံသစ်တစ်ထည်ကို ဆင်ယင်ကာ ရင်ဘတ်ရှေ့တွင် ယပ်တောင်ကို ကိုင်ဆုပ်ထားရင်း အခန့်ဆုံးပုံစံမျိုးရအောင် ပြင်ဆင်နေသည်။
အမျိုးသမီးတပည့်အချို့မှာလည်း သူ့အား လာရောက်နှုတ်ဆက်နေကြသည်။
သူတို့၏ ဂိုဏ်းတူအစ်ကိုကြီးဟွမ်ကို တစ်အောင့်တစ်ဖြုတ်မျှ မမြင်တွေ့ရတော့မည်ကို တွေးတောမိရင်း ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေကြရှာသည်။
လင်းဖန်သည် ဟန်ယန်ကွန်းရှိရာသို့ လျှောက်လှမ်းသွားရင်း ဟိုမင်ကို တိုးတိုးကပ်မေးလိုက်သည်။
“ဓားတောင်ထွတ်က အမြဲတမ်း ဒီလိုပဲလားကွ”
ဟိုမင်က ပုခုံးကိုတွန့်လိုက်ရင်း ပြန်ပြောလိုက်သည်။
“ငါလည်း မသိဘူး။ ဂိုဏ်းတူအစ်ကိုကြီးဟွမ်က မကြာသေးခင်ကမှ ဒီကို ပြန်ရောက်လာတာ”
လင်းဖန်က ဟိုမင်၏ကျောကို ပုတ်ပေးလိုက်သည်။
သူ့အနေဖြင့် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရမည့် ထိုသို့သောပြကွက်များအတွက် စာနာနားလည်ပေးသည့် သဘောဖြင့် နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်သည်။
ဟွမ်ယွမ်ခွန်းသည် လင်းဖန်နှင့် ဟိုမင်တို့ကို လှမ်းမြင်လိုက်ရချိန်တွင် အော်ပြောလိုက်သည်။
“အာ... မင်းတို့ ရောက်လာကြပြီကိုး။ ငါတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွန့်စားခန်းဆီကို ဦးတည်ပြီး ခရီးဆက်ဖို့ အဆင်သင့်ဖြစ်ပြီလား ရဲဘော်တို့”
လင်းဖန်တစ်ယောက် ဆက်လက်သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
“ဂိုဏ်းတူအစ်ကို စကားကို ပုံမှန်အတိုင်း မပြောနိုင်ဘူးလား”
“ဟက်ဟက်... မင်းတို့အတွက် ကဗျာဆန်ဆန် စကားလုံးတွေက ပိုပြီး ခံ့ညားထည်ဝါပြီး ကျက်သရေရှိမယ် ထင်လို့ပါ”
လင်းဖန်က မည်သည့်ခံစားချက်မျှမရှိသော မျက်နှာပေးဖြင့် အေးစက်စက် တုံ့ပြန်လိုက်သည်။
“မလိုပါဘူး”
ဟွမ်ယွမ်ခွန်းက အနေခက်စွာ ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါတို့ရဲ့ သတင်းပေးဆီကရတဲ့ အချက်အလက်အရ လုတိကို ဟုန်ဖုန်းမြို့အနီးတစ်ဝိုက်မှာ နောက်ဆုံးတွေ့ခဲ့ရတယ်တဲ့။ ငါတို့ အဲဒီကနေပဲ စပြီး ရှာကြစို့”
ဤတာဝန်ကို ထမ်းဆောင်ရန် အခြားအဖွဲ့နှစ်ဖွဲ့လည်း ရှိနေသည့်အတွက် လင်းဖန်က သတိပေးလိုက်သည်။
“ကျွန်တော်တို့ အရှိန်မြှင့်မှ ဖြစ်မယ်။ တခြားအဖွဲ့တွေ ကျွန်တော်တို့ထက် ဦးသွားတာမျိုးတော့ မလိုချင်ဘူး”
ဟွမ်ယွမ်ခွန်းက သဘောတူလိုက်ပြီးနောက် သူတို့တစ်စုသည် ဟုန်ဖုန်းမြို့ဆီသို့ စတင်ထွက်ခွာခဲ့ကြလေသည်။
ဟုန်ဖုန်းမြို့ဟူသော အမည်နာမမှာ လင်းဖန်အတွက် အကျွမ်းတဝင်ရှိလှသဖြင့် လမ်းလျှောက်နေရင်း အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားနေမိသည်။
အတန်ကြာ စဉ်းစားပြီးနောက်တွင်မူ လင်းဖန် ချက်ချင်း သတိရသွားချေပြီ။
လင်ကျားတုန့်…
သူတို့ ချင်ဖုန်းဂိုဏ်းသို့ လာရာလမ်းတွင် တည်းခိုခန်း၌ သူကိုယ်တိုင် သတ်ဖြတ်ခဲ့သောလူပင်။