← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) - ဟွမ်ယွမ်ခွန်း၏ ကဗျာ

“ကျုပ်က မြို့တော်စာမေးပွဲကို ဖြေဆိုဖို့ ကြိုးစားနေတဲ့ ကျောင်းသားတစ်ဦးပါ။ လင်မိသားစုခေါင်းဆောင်ကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းနဲ့ သူကောင်းပြုခြင်း ခံရပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးချင်လို့ပါဗျာ”

ဟွမ်ယွမ်ခွန်းသည် ဦးညွှတ်ဂါရဝပြုရင်း အစောင့်ထံသို့ ငွေစအချို့ ကမ်းပေးလိုက်သည်။

အစောင့်သည် မိမိလက်ဖဝါးပေါ်ရှိ ငွေစများကို ကိုင်တွယ်ကြည့်ကာ အလေးချိန် မည်မျှရှိမည်ကို ခန့်မှန်းကြည့်လေသည်။

သူသည် ဟွမ်ယွမ်ခွန်းနှင့် သူ၏ဘေးမှ လိုက်ပါလာသော လုလင်ငယ်လေးများကို ကြည့်လိုက်သည်။

ပုံမှန်မဟုတ်သည့် အရာတစ်စုံတစ်ရာ မတွေ့ရသဖြင့် သူသည် ဘေးဘက်တံခါးဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

“ဟိုဘက်ကိုသွားပြီး နေရာတစ်ခု ရွေးထိုင်လိုက်။ မင်းရဲ့လက်ဆောင်ကို အိမ်တော်သခင်ကြီးဆီ ငါတို့ ဆက်သပေးမယ်။ တကယ်လို့ သခင်ကြီး သဘောကျရင်တော့ မင်းကို ပင်မအဆောင်ကြီးထဲ ခေါ်တွေ့လိမ့်မယ်”

ဟွမ်ယွမ်ခွန်းက ဦးညွှတ်ကာ ဘေးဘက်တံခါးမှတစ်ဆင့် ဝင်သွားလေသည်။

အတွင်းဘက် မြင်ကွင်းမှာမူ အလွန်စည်ကားလှသည်။

ဝိုင်းဝန်းသော စားပွဲဝိုင်းများပေါ်တွင် ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများ ပြင်ဆင်ထားသည်။

စားပွဲဝိုင်းများကို ဝန်းရံထိုင်နေကြသူများမှာ ဟွမ်ယွမ်ခွန်းကဲ့သို့သော ပညာရှိကျောင်းသားများ ဖြစ်ကြပေသည်။

မလှမ်းမကမ်းရှိ ဥယျာဉ်ထဲတွင်မူ မြောက်ပိုင်းမှကျူးကျော်သူများကို တိုက်ထုတ်နေသည့် စစ်သူကြီးတစ်ဦးအကြောင်း ကပြဖျော်ဖြေနေလေသည်။

ဟွမ်ယွန်းခွန်းက စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး လင်းဖန်နှင့် ဟိုမင်တို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြလိုက်ရာ ၎င်းတို့နှစ်ဦးလုံးသည် အရိပ်များထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားကြတော့သည်။

၎င်းတို့သည် စားသောက်ပွဲကြီးတွင် အလုပ်ရှုပ်နေကြသော အစေခံများ၏ ဘေးမှ မရိပ်မိအောင် ဖြတ်ကျော်သွားကြသည်။

လင်းဖန်သည် လျှောက်လှမ်းနေစဉ်အတွင်း တောယုန်၏ အကြားအာရုံ စွမ်းရည်ကို အသက်သွင်းလိုက်သည်။

သူ့ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော များပြားလှစွာသော ဆူညံသံများထဲမှ အသုံးဝင်မည့် အသံများကိုသာ စူးစိုက်နားထောင်ရန် သူ ကြိုးစားလိုက်သည်။

“သတိထားစမ်း၊ ဟင်းပန်းကန်တွေ ဖိတ်မကျစေနဲ့”

“လင်ဟုန်ရဲ့ မွေးနေ့စားသောက်ပွဲက ငါထင်ထားတဲ့အတိုင်း ခမ်းနားတာပဲ”

“ရှင့်ရဲ့သားကို ပြန်လိုချင်လား”

နောက်ဆုံးတွင်မူ လင်းဖန်သည် သာမန်ဆူညံသံများကြားထဲမှ အသုံးဝင်မည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။

သူသည် ထိုရင်းနှီးနေသော အသံကို အာရုံစိုက်ကာ နားစွင့်လိုက်သည်။

၎င်းမှာ လုတိ၏ အသံပင် ဖြစ်သည်။

အဘိုးအိုတစ်ဦး၏ ဒေါသတကြီး ပြောဆိုသံ ထွက်ပေါ်လာသည်။

“ဟွန်း၊ ငါ့သား ပျောက်ဆုံးသွားတာ ချင်ဖုန်းဂိုဏ်းနဲ့ ပတ်သက်နေတာ သေချာတယ်”

လုတိက ထိုအဘိုးအို၏ အတွေးကို သွေးထိုးလှုံ့ဆော်ပေးရန် ဆက်ပြောလိုက်သည်။

“ဟုတ်တာပေါ့၊ အဲဒီလို မွန်မြတ်ပါတယ်ဆိုတဲ့ ဂိုဏ်းတွေက အတူတူပဲ။ သူတို့ကိုယ်သူတို့ လူကောင်းတွေလို ဟန်ဆောင်နေကြပေမဲ့ လုပ်ရပ်တွေကတော့ ကျွန်မတို့လိုပဲ”

“ဒါပေမဲ့ ငါ့သား ပျောက်နေတာ အတော်ကြာပြီ။ မင်းတို့က သူ့ကို ပြန်ရှာပေးနိုင်မယ်ဆိုတာ ငါ ဘယ်လိုယုံရမလဲ”

“အမှောင်တမန်တော်ကြီးက အရမ်းစွမ်းအားကြီးပါတယ်။ သူက ရှင့်ရဲ့သား ဘယ်မှာရှိလဲဆိုတာကို ရှာဖွေနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ကျွန်မ အာမခံပါတယ်။ ရှင်ကတော့ ရှင်စတင်ခဲ့တဲ့ အလုပ်ကိုပဲ ဆက်လုပ်နေဖို့ လိုတယ်”

လင်းဖန်သည် စကားသံများကို နားထောင်ရင်း ထိုအသံများ ထွက်ပေါ်ရာအရပ်ဆီသို့ အပြေးအလွှား သွားလိုက်သာ်။

ဟိုမင်ကလည်း သူ့နောက်မှ ကပ်လျက်လိုက်ပါလာသည်။

အိမ်တော်သခင်ကြီး၏ အခန်းအပြင်ဘက်တွင် အစေခံတစ်ဦးက ၎င်းတို့ကို တားဆီးလိုက်သည်။

“မင်းတို့ ဘယ်သွားမလို့လဲ။ ငါ မင်းတို့ကို တစ်ခါမှ မမြင်ဖူးပါဘူး”

ထိုအခိုက်တွင် အခန်းတွင်းမှ စကားပြောသံများ ရုတ်တရက် ရပ်တန့်သွားသည်။

လင်းဖန်က အခန်းတွင်းမှ အခြေအနေကို အာရုံစိုက် နားစွင့်ထားရင်း ပြန်ပြောလိုက်သည်။

“ကျုပ်တို့က အိမ်သာရှာရင်း လမ်းမှားသွားလို့ပါဗျာ။ အားနာပါတယ်ခင်ဗျာ”

သို့သော် နောက်ကျသွားခဲ့ချေပြီ။

အစေခံ၏ အော်ဟစ်သံကြောင့် လုတိနှင့် အိမ်တော်သခင်ကြီးတို့မှာ သတိထားမိသွားကြသည်။

အစေခံသည် အဝေးမှ သစ်သားအိမ်သာလေးတစ်ခုဆီသို့ ညွှန်ပြကာ ပြောလိုက်သည်။

“ဟိုဘက်မှာ ရှိတယ်၊ ငတုံးတွေရဲ့”

လင်းဖန်က ဗိုက်ကိုကိုင်ထားရင်း ထိုအရပ်ဆီသို့ အပြေးအလွှား သွားလိုက်သည်။

“ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျုပ်တို့ သွားလိုက်ပါဦးမယ်”

သူ ထွက်ခွာလာချိန်တွင် အခန်းထဲမှ အဘိုးအိုတစ်ဦး ထွက်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။

ထိုအချိန်တွင် သူ၏ မြင်ကွင်းမှာ ကွယ်သွားခဲ့ပြီ ဖြစ်သောကြောင့် လုတိပါ လိုက်လာသလားဆိုသည်ကိုမူ သူ မမြင်လိုက်ရချေ။

လင်းဖန်နှင့် ဟိုမင်တို့သည် ဟွမ်ယွမ်ခွန်းရှိရာ နေရာသို့ ပြန်သွားကြသည်။

သူသည် စုံစမ်းရရှိခဲ့သမျှကို ဟွမ်ယွမ်ခွန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောပြလိုက်သည်။

ဟွမ်ယွမ်ခွန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် အရက်ကို စတင် သောက်သုံးလေတော့သည်။

တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက် သောက်နေသည်။

ဘေးရှိလူများက အံ့ဩတုန်လှုပ်စွာကြည့်ရှုကာ သူ့ကို တားဆီးရန် ကြိုးစားကြသည်။

“အစ်ကိုဟွမ်၊ ဒီနေ့အတွက် ဒီလောက်ဆို တော်သင့်ပြီ ထင်တယ်”

“ဟုတ်ပဗျာ၊ အိမ်ရှင်ကို ဒုက္ခမပေးတာ အကောင်းဆုံးပါပဲ”

“အစ်ကိုဟွမ် စိတ်ဝင်စားတယ်ဆိုရင် ကျုပ် တခြားထောက်ပံ့ပေးမယ့်လူတွေနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်”

လင်းဖန်သည် တစ်ဖက်လူ ကြံစည်နေသည်ကို အသေအချာ မသိသော်လည်း တစ်ခုခု လုပ်တော့မည်ကို ရိပ်မိလိုက်သည်။

မကြာမီမှာပင် ဟွမ်ယွမ်ခွန်းသည် လည်ချောင်းကွဲမတတ် အော်ဟစ်ကာ ဆူညံပွက်လောရိုက်အောင် လုပ်တော့သည်။

“သခင်ကြီးလင်ဟုန်ခင်ဗျာ... ကျေးဇူးပြုပြီး ကျုပ်ရဲ့လက်ဆောင်ကို တစ်ချက်လောက် ကြည့်ပေးပါဦး... ကျုပ် တောင်းပန်ပါတယ်”

ဝိုင်းထဲရှိ လူတိုင်းက သူ့ကို ဝိုင်းဝန်းဖျောင်းဖျရန် ကြိုးစားကြသည်။

သူတို့သည် ထိုလူမှာ ထောက်ပံ့သူရရှိရန် အလွန်တောင့်တလွန်းသဖြင့် စိတ်ရူးပေါက်သွားပြီဟူ၍ ထင်မှတ်နေကြသည်။

လင်းဖန်က စိုးရိမ်ပူပန်ဟန်ဆောင်ကာ ဟွမ်ယွန်းခွန်းကို ဝင်ဆွဲပြီး ပြန်ထိုင်ခိုင်းသော်လည်း စိတ်ပါလက်ပါ ရှိလှသည်တော့ မဟုတ်ပေ။

အဓိကခန်းမဆောင်ကြီးထဲမှ အစေခံတစ်ဦးက အခြေအနေကို လာရောက်စစ်ဆေးရင်း အော်ဟစ်လိုက်လေသည်။

“ဘာတွေ ဆူညံပွက်လောရိုက်နေကြတာလဲ”

သေရည်ကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသော ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

“အစ်ကိုကြီးခင်ဗျာ... ကျေးဇူးပြုပြီး ကူညီပါဦး... သခင်ကြီးလင်ဟုန်အတွက် ကျုပ်ကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာလေးကို သခင်ကြီးတစ်ချက်လောက် ကြည့်ပေးဖို့ ကျုပ် တောင်းဆိုချင်လို့ပါ”

အစေခံက နှာခေါင်းကို လက်ဖြင့်ပိတ်ကာ ပြောလိုက်လေသည်။

“ကျုပ် သခင်ကြီးလင်ဟုန်ကို သွားတင်ပြပေးမယ်... မင်း သူ့ကို ငြိမ်ငြိမ်နေအောင် လုပ်ထားလိုက်ဦး”

သူက လင်းဖန်ကို လက်ညှိုးညွှန်ပြကာ လှည့်ထွက်သွားတော့သည်။

ခေတ္တမျှကြာပြီးနောက် အစေခံသည် ပြန်လည်ရောက်ရှိလာပြီး သူတို့နှစ်ဦးကို ခန်းမဆောင်ကြီးအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

ရှည်လျားသော စင်္ကြံလမ်းများတစ်လျှောက် ဖြတ်သန်းသွားရစဉ် လင်းဖန်သည် ပတ်ဝန်းကျင် တည်ဆောက်ပုံကို အကဲခတ်မှတ်သားထားလိုက်သည်။

အကယ်၍ အစီအစဉ် မအောင်မြင်ခဲ့ပါက လွတ်မြောက်နိုင်ရန်အတွက် သူ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားချိန်တွင် အစေခံက သူတို့ကို သတိပေးလိုက်လေသည်။

“သခင်ကြီးလင်ဟုန်က သဘောထားကြီးလွန်းလို့ မင်းတို့ကို အခွင့်အရေးပေးလိုက်တာ... ဒါကြောင့် ပြဿနာမရှာကြနဲ့”

လင်ဟုန်သည် သက်ရှည်ကျန်းမာခြင်း စာလုံးကြီးအား ချိတ်ဆွဲထားသော ဘိုးဘေးစင်အနီးတွင် ထိုင်နေလေသည်။

သူသည် အသက်ငါးဆယ်ကျော်ခန့် ရှိပုံရပြီး မင်္ဂလာရှိသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ စားသောက်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနေလေသည်။

သူ့နောက်ကွယ်တွင်မူ လုတိ ရပ်နေသည်။ မည်သည့်စကားမျှ မဆိုဘဲ အခြေအနေအရပ်ရပ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။

မိတ်ဆွေများနှင့် မိသားစုဝင်များသည် ဟွမ်ယွမ်ခွန်း ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ပြောလက်စ စကားသံများအားလုံး ရုတ်ခြည်း ရပ်တန့်သွားကြသည်။

“သခင်ကြီးလင်ဟုန်ခင်ဗျာ... ကျုပ် ရေးစပ်ထားတဲ့ ကဗျာကို ကြည့်ရှုပေးဖို့ အခွင့်အရေးပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်ဗျာ”

လင်းဖန်သည် ဟွမ်ယွန်းခွန်း၏ ကဗျာပုရပိုက်လိပ်ကို လက်တွင်ကိုင်ဆောင်ကာ လင်မိသားစုခေါင်းဆောင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

ထို့နောက် သူသည် ပုရပိုက်လိပ်ကို စားပွဲပေါ်တွင် တင်ကာ ဖြန့်လိုက်လေသည်။ သခင်ကြီးလင်ဟုန်သည် မတ်တပ်ရပ်ကာ ကဗျာကို ကြည့်လိုက်သည်။

“မက်မွန်ပန်းများ ပွင့်ဖူးဝေဆာ”

“ကြက်ဖများ တွန်ကျူးကာ”

“တောင်ထိပ်ဆီသို့ တက်လှမ်းပါရှာ”

“ချက်ပြုတ်ကာဖြင့် ထာဝရ တည်တံ့နေပါတော့သည်”

လင်ဟုန် ရေရွတ်လိုက်သော ကဗျာစာသားများကို ကြားလိုက်ရသောအခါ ခန်းမဆောင်အတွင်းရှိလူတိုင်းမှာ မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ဟားတိုက်ရယ်မောကြတော့သည်။

“ဒါက ကျုပ်တစ်သက်မှာ ကြားဖူးသမျှ အဆိုးဆုံးကဗျာပဲ”

“ဒီကောင် ဘာတွေ လာလုပ်နေတာလဲ”

“ဒါပေမဲ့ တစ်ခုတော့ သေချာတယ်... သူက ပွဲကို ပိုပြီး သက်ဝင်လှုပ်ရှားသွားစေတာပဲ”

သခင်ကြီးလင်ဟုန်၏ နှုတ်ခမ်းများမှာ ဆတ်ခနဲ လှုပ်ရှားသွားပြီး ဘာလုပ်ရမည်ကို မသိတော့ချေ။

ယနေ့သည် သူ၏ မွေးနေ့စားသောက်ပွဲ ဖြစ်သဖြင့် ဒေါသထွက်၍ မရချေ။ သို့သော်လည်း ဤလူမှာ အလွန်လွန်လွန်းလှပြီး ထိုကဲ့သို့ အဓိပ္ပာယ်မရှိသောကဗျာကို လာရောက်တင်ဆက်ဝံ့ပေသည်။

လင်းဖန်သည် ရယ်မောသံများကြားမှ ရှေ့သို့ တိုးလာကာ ပုရပိုက်လိပ်ကို ပြန်လည်လိပ်ရင်း ပြောလိုက်သည်။

“တောင်းပန်ပါတယ်ခင်ဗျာ... ကျုပ်ရဲ့ သခင်လေးက နောက်နောင် ပိုကောင်းအောင် ကြိုးစားပါလိမ့်မယ်”

လင်ဟုန်မှာလည်း အခြားသူများနှင့်အတူ ရယ်မောရန်သာ တတ်နိုင်တော့သဖြင့် ဟားတိုက်ရယ်မောလိုက်လေသည်။ လင်းဖန်အပေါ် မည်သူမျှ အာရုံစိုက်မနေကြတော့ချေ။

မကြာမီမှာပင်... လင်းဖန် လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် သူ၏ လက်နှစ်ဖက်ထဲ၌ သံတူနှစ်လက် ရုတ်ခြည်း ပေါ်ထွက်လာတော့သည်။

ဝှစ်… ဘုန်း…

သူသည် လုတိ၏ ဦးခေါင်းကို ရိုက်ခွဲရန် အင်တိုက်အားတိုက် လွှဲရိုက်လိုက်သော်လည်း သူမက နောက်ဆုံးစက္ကန့်တွင် သီသီလေး ရှောင်တိမ်းသွားနိုင်ခဲ့လေသည်။

All Chapters