အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) - ထန်ယွမ်
ပုပ်စပ်ညှီဟောင်ပြီး ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးတစ်ခုသည် လေထုထဲသို့ ချက်ချင်းပျံ့လွင့်သွားလေသည်။
လင်းဖန်သည် သူမအား ထိုဆေးလုံးများကို သောက်သုံးခွင့်ပေးရန် အစီအစဉ် လုံးဝမရှိချေ။
ထိုဆေးလုံးများ၏ အစွမ်းသတ္တိနှင့် နောက်ဆက်တွဲရလဒ်များကို သူ အကြိမ်ကြိမ် မြင်တွေ့ဖူးပြီး ဖြစ်ပေသည်။
သူက မြေပြင်ကို ပြင်းထန်စွာ နင်းခြေလိုက်ရာ ခန်းမကြီးတစ်ခုလုံး တစ်ဖန် ပြန်လည် တုန်ခါသွားပြန်သည်။
လုတိ၏လက်ထဲမှ ဆေးဘူးသည် လွတ်ထွက်သွားပြီး ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားတော့သည်။
ဘုန်း…
လုတိသည် ဆေးဘူးကို အမြန် ပြန်လည်ကောက်ယူရန် ကြိုးစားလိုက်သော်လည်း အံ့ဖွယ်ခုန်ပျံခြင်းစွမ်းရည်ကို သုံးလိုက်သော လင်းဖန်က သူမထက် ပိုမိုမြန်ဆန်လှသည်။
သူက ခြေထောက်ဖြင့်ကန်ကာ ထိုဆေးဘူးကို လွင့်ထွက်သွားစေလိုက်သည်။
လုတိသည် သူမ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ဆေးဘူးမှာ ဝေးသထက်ဝေးရာသို့ လွင့်စင်သွားသည်ကို မြင်လိုက်ရသောအခါ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ရှင်လည်း တခြားယောကျာ်းတွေလိုပဲ။ ဘာလို့ လက်မလျှော့တာလဲ”
လင်းဖန်ကမူ အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မင်းသာ ငြိမ်ငြိမ်လေး လဲနေမယ်ဆိုရင် ငါ တိုက်ခိုက်တာ ရပ်ပေးမယ်”
လင်းဖန်သည် သူ၏သံတူကို မြှောက်ကာ သူမ၏ဦးခေါင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
သူမသည် ကိုယ်ကိုညွှတ်ကာ လေထဲတွင် တစ်ဖန် ကျွမ်းထိုးတိမ်းရှောင်ရန် ကြိုးစားလိုက်သည်။
ဒေါင်…
သံတူမှာ သူမ၏ မေးစေ့ကို အနည်းငယ် ထိမှန်သွားသော်လည်း ပြင်းထန်သော ထိခိုက်မှုဖြစ်စေရန် လုံလောက်ခြင်း မရှိခဲ့ချေ။
လုတိသည် မေးစေ့ကို လက်ဖြင့်အုပ်လျက် မတ်တပ်ရပ်နေရင်း လွတ်မြောက်နိုင်မည့်နည်းလမ်းကို အသည်းအသန် စဉ်းစားနေတော့သည်။
သူမသည် အနီးရှိ တိုင်လုံးကြီးတွင် ရစ်ပတ်ထားသော အနီရောင် ပိုးထည်စကို လှမ်းကြည့်လိုက်သည်။
သူမသည် ဓားကိုဝှေ့ယမ်းကာ ထိုပိုးထည်စကို ဖြတ်တောက်ချလိုက်ပြီး လင်းဖန်၏ ကိုယ်ပေါ်သို့ သိုင်းခြုံသွားစေရန် ကြိုးစားလိုက်သည်။
ပိုးထည်စသည် လင်းဖန်၏သံတူနှင့် တစ်ခဏမျှ ငြိတွယ်သွားရာ လင်းဖန်သည် မီးတောက်ဝံပုလွေအမြုတေ ပါရှိသော သံတူအတွင်းသို့ ချီစွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထည့်သွင်းလိုက်လေသည်။
ထွက်ပေါ်လာသော မီးတောက်မီးလျှံများသည် ထိုပိုးထည်စကို မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ လောင်ကျွမ်းပျက်စီးသွားစေခဲ့သည်။
သို့သော်ငြား ထိုအချိန်တိုလေးမှာပင် သူမအတွက် အနောက်လှည့်ကာ ခန်းမအပြင်ဘက်သို့ ထွက်ပြေးရန် လုံလောက်သော အခွင့်အရေး ဖြစ်သွားခဲ့ချေပြီ။
လင်းဖန်က ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့ကို သတိပေးရန် အော်ဟစ်လိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီးဟွမ်နဲ့ ဟိုမင်။ သူ ထွက်ပြေးနေပြီ”
သူသည်လည်း သူမနောက်သို့ အပြေးလိုက်ရင်း မုဆိုးအာရုံစွမ်းရည်ကို ချက်ချင်း လှုံ့ဆော်လိုက်သည်။
ပြင်ပလောကတွင်မူ အခြေအနေမှာ အလွန်ပင် ရုန်းရင်းဆန်ခတ် ဖြစ်နေချေပြီ။
ဧည့်သည်များသည် ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး တွန်းတိုက်ရင်း အော်ဟစ်နေကြသည်။
ထိုအခြေအနေကြောင့် လုတိ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ရှာဖွေရန် ခက်ခဲလှပေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏မျက်လုံးထဲတွင်မူ လင်းလက်တောက်ပနေသော ခြေရာများကို ထင်ထင်ရှားရှား မြင်တွေ့နေရပေသည်။
လင်းဖန်က လုတိနောက်သို့ လိုက်ရန် ကြိုးစားစဉ် လူအုပ်ကြီးက လမ်းပိတ်ထားသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါ့လမ်းက ဖယ်စမ်း”
စိတ်ပျက်လက်ပျက်ဖြင့် သူသည် မြေပြင်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ နင်းချလိုက်သည်။
မြေပြင်ကြီး တုန်ခါသွားပြီးနောက် လူအုပ်ကြီးသည် ဟန်ချက်ပျက်ကာ လဲပြိုသွားကြတော့သည်။
ထိုအခြေအနေက လင်းဖန်အတွက် လမ်းပွင့်သွားစေခဲ့ပေသည်။
သူသည် ခြေရာများမှာ ဥယျာဉ်ဘက်သို့ ဦးတည်နေသည်ကို မြင်လိုက်ရသဖြင့် ထိုလမ်းအတိုင်း လိုက်ပါသွားတော့သည်။
ခြေရာများသည် တံတိုင်းနံရံအနီးသို့ ရောက်ရှိသွားသောအခါ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူမသည် တံတိုင်းအပြင်ဘက်သို့ ခုန်ကျော်သွားခဲ့သည်မှာ သေချာလှပေသည်။
လင်းဖန်သည် တံတိုင်းကို ခုန်ကျော်လိုက်ရာ တံတိုင်းပြင်ပရှိ လမ်းပေါ်တွင် သူမ၏ခြေရာများ ဆက်လက် ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရပြန်လေသည်။
လင်းဖန်၏ အရိပ်အယောင်ကို မမြင်ရတော့သဖြင့် လုတိသည် ပြေးလွှားရင်း နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ လှောင်ပြုံးပြုံးလိုက်သည်။
မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းလာချေပြီ။
ထို့နောက် မိုးရေစက်များသည် ပိုမို ထူထပ်စွာ ကျဆင်းလာလေသည်။
သူမသည် စိတ်ထဲမှ ကြိတ်၍ တွေးတောလိုက်သည်။
‘အခုဆိုရင် ငါ ပိုပြီး ဘေးကင်းသွားပြီ’
ကျဆင်းနေသော မိုးရေများသည် သူမ၏ကိုယ်နံ့နှင့် သူမချန်ထားခဲ့သော ခြေရာလက်ရာအားလုံးကို ဖျောက်ဖျက်ပေးနိုင်လိမ့်မည်ဖြစ်သည်။
သူမသည် လူသူကင်းမဲ့နေသော လမ်းမထက်တွင် မီတာရာချီ ပြေးလွှားပြီးနောက်တွင်မူ ရှေ့နားဆီ၌ ရပ်တန့်နေသော လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရလေသည်။
ထိုလူမှာ လက်ထဲတွင် သံတူများကို ကိုင်ဆောင်ထားသော လင်းဖန်ပင် ဖြစ်ပေသည်။
လင်းဖန်သည် ပြုံးလိုက်ရင်း ပြောလိုက်သည်။
“ငါတို့တွေ အရမ်းပျော်စရာကောင်းတဲ့ ကစားပွဲကို ဆော့ကစားပြီးပြီပဲ။ အခုမှ ထွက်သွားဖို့ စဉ်းစားနေတာလား”
‘မဖြစ်နိုင်တာ။ သူက ငါ့နောက်ကို ဘယ်လိုမျိုး ခြေရာခံနိုင်ခဲ့တာလဲ’
သူမ မည်သို့မျှ စဉ်းစား၍မရနိုင်တော့သော်လည်း သူမတွင် စဉ်းစားနေရန် အချိန်မရှိတော့ချေ။
လုတိသည် ချက်ချင်းပင် ကိုယ်ကိုလှည့်ကာ ဆန့်ကျင်ဘက်အရပ်သို့ ပြေးထွက်ရန် ကြိုးစားလိုက်သည်။
သို့သော်ငြား သူမ၏နောက်တွင် အမျိုးသားနှစ်ဦးမှာ မတ်တပ်ရပ် လမ်းပိတ်ထားပြီး ဖြစ်ချေသည်။
၎င်းတို့မှာ ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့ပင် ဖြစ်လေသည်။
ဘုန်း...
လင်းဖန်သည် မိုးပေါက်များကို ထိုးဖောက်ကာ သူမဆီသို့ ပြေးဝင်သွားလိုက်သည်။
သူမသည် တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်သည့် ဘေးဘက်သို့ ရှောင်တိမ်းရန် ကြိုးပမ်းရင်း သူ့ကို ဓားဖြင့် ခုတ်ချလိုက်သည်။
သို့သော် လင်းဖန်က ဓားချက်ကို ရှောင်တိမ်းခြင်းပင်မရှိဘဲ သူမ၏ လက်ကို ဖမ်းဆွဲလိုက်လေသည်။
မြေလွှာကြံ့ခိုင်မှုစွမ်းရည်ကြောင့် ဓားမှာ သူ၏ အရေပြားကို ထိုးဖောက်နိုင်ခြင်း မရှိချေ။
ဒေါင်...
လင်းဖန်သည် သူမ၏ ဦးခေါင်းကို သံတူဖြင့် ရိုက်ချလိုက်တော့သည်။
ထိုရိုက်ချက်ကြောင့် လုတိမှာ မူးဝေသွားရလေသည်။
“ဒီကြိုးကို သုံးလိုက်။ ဒါက သူ့ရဲ့ ချီလှည့်ပတ်မှုကို ကန့်သတ်ထားလိမ့်မယ်”
ဟွမ်ယွမ်ခွန်းက လင်းဖန်ထံသို့ ကြိုးတစ်စကို ပစ်ပေးလိုက်သည်။
လင်းဖန်က ကြိုးကို ဖမ်းဆွဲလိုက်ပြီး အချိန်မဆိုင်းဘဲ လုတိကို တုပ်နှောင်လိုက်သည်။
အားလုံး ပြီးစီးသွားချိန်တွင် လုတိမှာ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။
ချီစွမ်းအင်မရှိတော့သဖြင့် သူမတွင် မတ်တတ်ရပ်ရန်ပင် အင်အားမကျန်တော့ချေ။
“ဆေးလုံးတွေ”
ဧည့်ခန်းမဆောင်ထဲတွင် ကျန်ရစ်ခဲ့သော ဆေးလုံးများကို လင်းဖန်က ရုတ်တရက် သတိရသွားလေသည်။
“ကျုပ် သွားကြည့်လိုက်မယ်”
လင်စံအိမ်ကို သွားရောက်စစ်ဆေးရန် ဟိုမင်က တာဝန်ယူလိုက်သည်။
ခဏကြာသော် သူ ပြန်ရောက်လာခဲ့သည်။
ဟိုမင်သည် ခေါင်းခါယမ်းလိုက်ရင်း ပြောလိုက်ည်။
“လင်ဟုန်ကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး။ ပြီးတော့ ဆေးပုလင်းလည်း ပျောက်သွားပြီ”
“အရာရှိတွေကိုစုံစမ်းဖို့ ကျုပ် ပြောလိုက်ပါ့မယ်။ အဲ့ဒီအတွက် စိတ်မပူပါနဲ့။ ဒါပေမဲ့ အရင်ဆုံး သူ့ကို ရှင်းရမယ်”
ဟွမ်ယွမ်ခွန်းက မြေပြင်ပေါ်ရှိ လုတိကို လက်ညှိုးထိုးရင်း ပြောလိုက်လေသည်။
သူတို့သည် သူမကို ချင်ဖုန်းဂိုဏ်းသို့ အရင်ဆုံး ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့် အချိန်မဆိုင်းတော့ဘဲ ချင်ဖုန်းဂိုဏ်းဆီသို့ ထွက်ခွာလာခဲ့ကြတော့သည်။
…
ညအချိန်…
သစ်တောများဝန်းရံနေသည့် ရွှံ့လမ်းလေးပေါ်တွင်…
လင်းဖန်၊ ဟွမ်ယွမ်ခွန်းနှင့် ဟိုမင်တို့သည် မရပ်မနား မြင်းစီးလာခဲ့ကြသည်။
ကြိုးတုပ်ခံထားရသော လုတိမှာ လင်းဖန်၏ အနောက်တွင် မှောက်လျက် ပါလာခဲ့သည်။
ရုတ်တရက် အဝေးတစ်နေရာမှ ငှက်များ ထပျံသွားသည်ကို လင်းဖန် မြင်တွေ့လိုက်ရလေသည်။
ပွဲလမ်းသဘင်သုံး အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသူတစ်ယောက်က ရွှံ့လမ်း၏ အလယ်တည့်တည့်သို့ ထွက်လာခဲ့သည်။
သူ၏အနောက်တွင် ချင်ဖုန်းဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားသော လူအချို့ ရှိနေပေသည်။
ထိုသူမှာ လင်ဟုန်ပင်ဖြစ်ပြီး အခြားလူများမှာမူ လုတိကို လိုက်လံရှာဖွေရန် ထွက်လာသည့် နောက်တစ်ဖွဲ့ပင် ဖြစ်လေသည်။
ဟွမ်ယွမ်ခွန်းက လက်ကာပြလိုက်ကာ သူ၏မြင်းကို ရပ်တန့်လိုက်သည်။
သူသည် ယပ်တောင်ကို ကိုင်ဆောင်ထားလျက် မိုးရွာနေသော ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။
“မိစ္ဆာတွေ သောင်းကျန်းတဲ့ မှောင်မိုက်တဲ့ ညချမ်းမှာ ရဲရင့်သူတွေက မားမားမတ်မတ် ရပ်တည်ပြီး မိစ္ဆာတွေ ကျရှုံးရလိမ့်မယ်”
“ဂိုဏ်းတူညီလေး။ မင်းက အရင်လိုပဲ ထူးဆန်းနေတုန်းပါလား”
ချင်ဖုန်းဂိုဏ်းဝတ်စုံနှင့် လူများထဲမှ တစ်ယောက်က ရှေ့သို့ ထွက်လာခဲ့သည်။
ထိုလူမှာ အသက်အရွယ်ရနေပြီဖြစ်ကာ တစ်ကိုယ်လုံးတွင် အမာရွတ်များ ပြည့်နှက်နေပြီး သူ၏လက်ထဲတွင်လည်း ဧရာမဓားကောက်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။
“အာ... ဂိုဏ်းတူအစ်ကို ထန်ယွမ်ပဲ။ ခင်ဗျားလည်း အရင်လိုပဲ ရွံစရာကောင်းနေတုန်းပါလား”
“ဟမ့်... ရွံစရာကောင်းတယ်ဟုတ်လား။ မင်းတို့အားလုံးကိုသတ်ပြီး သူ့ကို လုယူလို့မရဘူးလို့ ဘယ်စည်းမျဉ်းကမှ သတ်မှတ်မထားဘူးလေ”
ထန်ယွမ်က ထိုသို့ပြောလိုက်ရင်း ကျယ်လောင်စွာ အသံထွက်ရယ်မောလိုက်လေသည်။
ဘေးတွင် ရပ်နေသော လင်ဟုန်မှလွဲ၍ သူ၏အနောက်ရှိ လူများကလည်း လိုက်လံရယ်မောကြတော့သည်။
ဝှစ်...
သတိပေးခြင်း တစ်စုံတစ်ရာမရှိဘဲ လင်ဟုန်၏ ခန္ဓာကိုယ်ထဲမှ အမည်းရောင် ရေဘဝဲလက်တံတစ်ခုက ဟွမ်ယွမ်ခွန်းထံသို့ ပစ်မှတ်ထား ထွက်ပေါ်လာလေသည်။
ဟွမ်ယွမ်ခွန်းက ငုံ့ရှောင်လိုက်ရာ ရေဘဝဲလက်တံမှာ သူ့ဘေးမှ ဖြတ်သွားလေသည်။
နောက်ထပ် ရေဘဝဲလက်တံတစ်ခုက သူစီးနင်းနေသော မြင်းဆီသို့ ထိုးဝင်လာပြန်သည်။
ထိုရေဘဝဲလက်တံက မြင်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသဖြင့် နာကျင်မှုကြောင့် မြင်းမှာ ရူးသွပ်စွာ ကန်ကျောက်တော့သည်။
ဟွမ်ယွမ်ခွန်းမှာ မြင်းပေါ်မှ ခုန်ဆင်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
“မင်းက ဘယ်ကို ကြည့်နေတာလဲ။ မင်းရဲ့ ပြိုင်ဘက်က ဒီမှာလေ”
ထန်ယွမ်က သူ၏ဓားကောက်ကြီးဖြင့် လင်းဖန်ထံသို့ ပြေးဝင်လာရင်း ပြောလိုက်လေသည်။
သူသည် ဓားဖြင့်ခုတ်ချလိုက်ရာ ဓားလေလှိုင်းတစ်ခုက လင်းဖန်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။