အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) အကျိုးအမြတ်က များပြားတယ်၊ မင်းတို့ ကျေနပ်ပြီလား
ချင်လော့၏ ပေါ့ပေါ့ပါးပါးနှင့် ဂရုမစိုက်သော သဘောထားကြောင့် ထိုနေရာရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။
သူတို့က ဖြစ်နိုင်ခြေ ရေတွက်မရအောင် စဉ်းစားထားခဲ့သော်လည်း ဤတစ်ခုတည်းကိုသာ သူတို့ ထည့်မစဉ်းစားခဲ့ကြချေ။
စစ်ဆေးမေးမြန်းမှုက စတင်ခြင်းပင် မရှိသေးဘဲ သူ မည်သည့် စွပ်စွဲချက်များဖြင့် စွဲချက်တင်ခံရမည်ကိုပင် ချင်လော့ မသိရှိသေးသော်လည်း ထိုကဲ့သို့ အပြစ်ဝန်ခံလိုက်သည်လား။
အကယ်၍ ဤသတင်း ပေါက်ကြားသွားပါက လူတွေ ဘာပြောကြမည်နည်း။
ချင်လော့ကို အားလုံးက ဝန်ခံဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာလို့ပဲ သူတို့ ယုံကြည်ကြလိမ့်မည်။အဲဒါက လုပ်ကြံစွပ်စွဲချက်ပဲလေ။
သို့သော် ချင်လော့က လျိုရှန်ကို သတ်ခဲ့သည့် အဖြစ်အပျက်ကို အကဲခတ်ကြည့်ရလျှင် ချင်လော့သည် အရှုံးပေးမည့်သူ မဟုတ်ကြောင်း ရှင်းလင်းနေပေ၏။
‘မှားနေတယ်…’
ချူဟန် ရုတ်တရက် တစ်ခုခုကို နားလည်သွားပြီး သူက တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"လျိုရှန် သေဆုံးမှုက ချင်လော့ကို ချောက်ချတာ ဖြစ်နေရင်ကော"
"အဲဒါက ရလဒ်နဲ့ မဆိုင်ဘူး... တခြားလူတွေ ဘယ်လိုတွေးလဲ ဆိုတာနဲ့ပဲ ဆိုင်တာ"
သူ၏ ကျောရိုးတစ်လျှောက် ချက်ချင်း ချမ်းစိမ့်သွားခဲ့၏။
‘ချင်လော့က သူတို့ကိုပါ ဆွဲချဖို့ စီစဉ်နေတာပဲ’
အကယ်၍ ယနေ့ ဖြစ်ပျက်ခဲ့သည့်အရာများ သတင်းပေါက်ကြားသွားပါက နတ်ဆိုးနှိမ်နင်းရေးဌာန ကိုယ်စားပြုသော တရားမျှတမှုကို အခြားသူများက မေးခွန်းထုတ်လာကြလိမ့်မည်။
ဤသည်က သူတို့၏ နတ်ဆိုးနှိမ်နင်းရေးဌာန၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေခြင်း ဖြစ်လေသည်။
ဤသို့ ဖြစ်လာရန် သူ ခွင့်ပြုမည် မဟုတ်ချေ။
ဝမ်ကျန်းယွမ်က ချင်ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်ဖန်၏ မျက်လုံးများမှတစ်ဆင့် သူ နားလည်သွားခဲ့၏။
သူက ချက်ချင်း ပြောဆိုလိုက်သည်။
"ကောင်းပြီလေ... နဝမမင်းသားက ဝန်ခံပြီးပြီဆိုတော့ သူ့ကို ငါ့ရဲ့ တာ့လီကျောင်းတော်ဆီ လွှဲပြောင်းပေးလိုက်... စွဲချက်တွေရဲ့ အသေးစိတ်ကို ငါတို့ အပြီးသတ် ဆုံးဖြတ်လိုက်မယ်"
"အစောင့်တွေ... နဝမမင်းသားကို ဒီခေါ်ခဲ့... အရှင်မင်းသားကို တာ့လီကျောင်းတော်ဆီ ပြန်ခေါ်သွား"
ဟမ်…
ချင်လော့ အံ့အားသင့်သွားခဲ့၏။
ဤဇာတ်ကွက်က မှန်ကန်သော ဦးတည်ချက်သို့ မသွားနေချေ။
သူက ကောင်းကင်အကျဉ်းထောင်ကို သွားမှာလေ... တာ့လီကျောင်းတော် အကျဉ်းထောင်ကို ဘယ်သူက သွားချင်မှာလဲ...
သူ စကားမပြောနိုင်မီမှာပင် ချူဟန်က လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ခဏနေပါဦး"
"ဒီနေ့က နတ်ဆိုးနှိမ်နင်းရေးဌာန၊ တရားရေးဝန်ကြီးဌာနနဲ့ တာ့လီကျောင်းတော်တို့ ပူးပေါင်းစစ်ဆေးတဲ့ နေ့ပဲ... ဝန်ကြီးဝမ်... ဒီလို အလျင်စလို ဆုံးဖြတ်ချက်ချတာကို လက်ခံလို့ မရဘူး"
"နဝမမင်းသား ချင်လော့က ဘာပဲဖြစ်ဖြစ် မင်းသားတစ်ပါးပဲလေ... သူ့ရဲ့ ပြစ်မှုတွေကို ငါတို့ ပူးပေါင်းစုံစမ်းစစ်ဆေးဖို့ လိုတယ်... မဟုတ်ရင် အရှင်မင်းကြီးကို ငါတို့ ရှင်းပြနိုင်မှာ မဟုတ်ဘူး"
"တကယ်လို့ ငါတို့က အပြစ်ကို ဆုံးဖြတ်ချင်တယ်ဆိုရင် စွဲချက်တစ်ခုချင်းစီကို အတည်ပြုဖို့ လိုတယ်... ငါတို့ သုံးယောက်က ပူးပေါင်းအတည်ပြုပြီး အဆင့်မြင့်အရာရှိ သုံးဦးဆီ တင်ပြပြီးမှသာ ပြစ်ဒဏ်ချမှတ်နိုင်မယ်"
ချူဟန်၏ လေသံက အထူးသဖြင့် လေးနက်နေခဲ့၏။
ဤသည်မှာ သူတို့၏ နတ်ဆိုးနှိမ်နင်းရေးဌာနတွင် ကြားနာနေသော အမှုတစ်ခု ဖြစ်ပြီး ချင်လော့၏ နောက်ဆုံး ပြစ်ဒဏ်က မည်သို့ပင် ရှိစေကာမူ ဝေဖန်စရာ အကြောင်းမရှိစေရန် သူတို့ သေချာအောင် လုပ်ရမည် ဖြစ်လေသည်။
‘ဒီ လှုပ်ရှားမှုက အရမ်းကို ပေါ့ပျက်ပျက် နိုင်လွန်းတယ်လေ’
ဝမ်ကျန်းယွမ်၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း "ကောင်းပြီ" ဟူသော စကားတစ်ခွန်းတည်းကိုသာ သူ ပြောနိုင်ခဲ့၏။
တရားရေးဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးမှာ သဘာဝကျကျ ကန့်ကွက်စရာ မရှိခဲ့သဖြင့် ဤနေရာတွင် စစ်ဆေးမေးမြန်းမှု တရားဝင် စတင်ခဲ့လေသည်။
ချူဟန်၏ အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားပြီး လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။
"နဝမမင်းသား... အရှင်မင်းသားက ဝူယွမ်စစ်သူကြီးစံအိမ် အမှုကို အသုံးချပြီး ချင်းယွင်ဂိုဏ်းကို လုပ်ကြံစွပ်စွဲခဲ့တယ်။ ပြီးတော့ သူတို့ မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့တာက ချင်းယွင်ဂိုဏ်းရဲ့ မူလဝိညာဉ်သစ်သီးကို ရယူဖို့အတွက်ဆိုတာ အမှန်ပဲလား..."
"တစ်ယောက်ယောက်... သက်သေကို ခေါ်လာခဲ့စမ်း!"
ချူဟန် စကားမဆုံးသေးခင်မှာပင် ချင်လော့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ဟုတ်တယ်။"
"ဒါပေမဲ့..."
ချင်လော့က မျက်ခုံးပင့်လိုက်ပြီး ဆက်မေးလိုက်သည်။
"ငါက ချင်းယွင်ဂိုဏ်းကနေ မူလဝိညာဉ်သစ်သီးတစ်ခုတည်းကိုပဲ ယူခဲ့တယ်လို့ ဘယ်သူပြောလဲ..."
ထိုစကားကြောင့် ချူဟန်၏ နှုတ်ခမ်းထောင့်များ ချက်ချင်း တွန့်ကွေးသွားခဲ့၏။
‘မင်း ဝန်ခံပြီးသား မဟုတ်ဘူးလား... မှန်လား မမှန်ဘူးလားဆိုတာ မင်းကိုယ်တိုင် မသိဘူးလား...’
သက်သေဖြစ်သူ ဝင်လာပြီး ချင်လော့ ဝန်ခံပြီးကြောင်း ကြားလိုက်ရလေသည်။
သူ ပြင်ဆင်ထားသော စကားများအားလုံး အသုံးမဝင်တော့ကြောင်း သူ သဘောပေါက်သွားပြီး သူ၏ အမူအရာက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။
[ချင်းယွင်ဂိုဏ်းကို သုတ်သင်ပစ်မှုကို ဝန်ခံ၍ မူလဝိညာဉ်သစ်သီး ၁ လုံး ရရှိပါသည်]
[ချင်းယွင်ဂိုဏ်း ခြေလှမ်းကျင့်စဉ်ကို ရရှိပါသည် - တိမ်ပြာကောင်းကင်နင်းခြေလှမ်း (အလယ်အလတ်သူတော်စင်အဆင့် ခြေလှမ်းကျင့်စဉ်)]
[အလွန်မြင့်မားသော အမြန်နှုန်းဖြင့် ကောင်းကင်ယံထိ တက်လှမ်းနိုင်ပြီး ကောင်းကင်ကို နင်းလျှောက်သကဲ့သို့ လှုပ်ရှားနိုင်သော အဆင့်မြင့် ခြေလှမ်းကျင့်စဉ်တစ်ခု ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်မှုစွမ်းအားကိုလည်း ခြေလှမ်းများအတွင်း ပေါင်းစပ်ထားနိုင်သဖြင့် အလွန် အားကောင်းလှ၏။ ၎င်း၏ သဘောတရားမှာ ချီလင်ကောင်းကင်နင်းခြေလှမ်းနှင့် ဆင်တူနေသည်။]
"ဘာပဲဖြစ်ဖြစ် တစ်ခုခုရဖို့အတွက် ဘာလုပ်ခဲ့လဲဆိုတာကို ငါ ဝန်ခံရမှာ မဟုတ်ဘူး မလား"
ချင်လော့က သူ၏ စိတ်ထဲမှ စနစ်ကို မေးမြန်းလိုက်၏။
[စနစ်က အလိုအလျောက် ယှဉ်တွဲပေးပါမည်... အနှစ်သာရကို ထုတ်ယူပြီး အညစ်အကြေးများကို စွန့်ပစ်ကာ အမှားလုပ်ခဲ့သည့် သက်သေအထောက်အထားများကို ဖော်ပြပေးပါမည်]
"ကောင်းပြီ... ဆက်လုပ်"
ချင်လော့က ချူဟန်ကို ရုတ်တရက် မော့ကြည့်လိုက်ရာ ချူဟန်ကို တည်ငြိမ်မှု ပျက်ပြားသွားစေလုနီးပါး ဖြစ်သွားစေခဲ့လေသည်။
‘ဒါက တရားခွင် စစ်ဆေးမှုလား... ဒါက ကလေးတွေရဲ့ ကစားပွဲတစ်ခုနဲ့ ပိုတူနေတယ်လေ’
သူ ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောလိုက်၏။
"ကြယ်တာရာနန်းတော်က ငါတို့ မဟာချင်အင်ပါယာကို အညံ့ခံဖို့ ဆုံးဖြတ်ထားပြီးသားပဲ... ဒါပေမဲ့ မင်းက လုပ်ကြံစွပ်စွဲချက်တွေ အသုံးချပြီး ကြယ်တာရာနန်းတော်ကို ဖျက်ဆီးဖို့ လူတွေ စေလွှတ်ခဲ့တယ်..."
"အခု သက်သေတွေလည်း ရှိတယ်၊ သက်သေခံတွေလည်း ရှိတယ်... မင်း အပြစ်ဝန်ခံလို့ ရပြီ!"
ချူဟန် စကားဆုံးသည်နှင့် ယခင် ကြယ်တာရာနန်းတော်မှ အဖွဲ့ဝင်တစ်ဦးက အလျင်အမြန် ပြေးဝင်လာပြီး ချင်လော့ကို လက်ညှိုးထိုးကာ စွပ်စွဲလိုက်၏။
"သူပဲ... သူက လူတွေကို ဦးဆောင်ပြီး ငါတို့ရဲ့ ကြယ်တာရာနန်းတော် တစ်ခုလုံးကို သုတ်သင်ပစ်ခဲ့တာ... ငါ့ဆီမှာ မှတ်တမ်းတင်ထားတဲ့ ကျောက်တုံးတစ်ခု ရှိသေးတယ်... အဲဒီမှာ မြင်ကွင်းကို ပြထားတယ်"
ချင်လော့လည်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။
တစ်ဖက်လူက ဤမျှ အသေးစိတ်ကျသော ပြဇာတ်တစ်ခုကို ဖန်တီးထားပြီး ရိုးရှင်းသော စွပ်စွဲချက်တစ်ခုမျှသာ မဟုတ်ကြောင်း သူ မမျှော်လင့်ထားခဲ့ချေ။
မှတ်တမ်းတင်ထားသော ကျောက်တုံးပေါ်ရှိ ပုံရိပ်မှာ အမှန်တကယ်ပင် ချင်လော့နှင့် အလွန်တူသော ပုံရိပ်တစ်ခု ဖြစ်လေသည်။
"ဟုတ်တယ်... ငါ လုပ်ခဲ့တာ"
ချင်လော့က အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ဝန်ခံလိုက်၏။
[ကြယ်တာရာနန်းတော်ကို ဖျက်ဆီးပြီး ကြယ်တာရာနန်းတော် ကျင့်စဉ်ကို ရယူပါ - ကြယ်ခုနစ်လုံးကြယ်တာရာကျင့်စဉ် (အလယ်အလတ်အဆင့်)]
[ကြယ်ခုနစ်လုံးကြယ်တာရာကျင့်စဉ်သည် ကောင်းကင်ရှိ ကြယ်ခုနစ်လုံး၏ စွမ်းအားကို ရယူနိုင်ပြီး တိုက်ပွဲတွင် အကူအညီပေးရန် စွမ်းအားကို အသုံးပြုနိုင်ပါသည်။ ကြယ်ခုနစ်လုံးမှာ ထျန်းရှု၊ ထျန်းရွှမ်၊ ထျန်းကျီ၊ ထျန်းချွမ်၊ ယွီဟန်၊ ခိုင်ယန်နှင့် ယောင်ကွမ် တို့ဖြစ်သည်]
[ကြယ်တာရာမူလအဆီအနှစ် ၁ စက် (သူတော်စင်အဆင့်မြင့်) ကို ရရှိပါသည်... ကြယ်တာရာနန်းတော်က ကြွေကျလာသော ကြယ်များမှ ထုတ်ယူထားသည့် မူလအဆီအနှစ် စွမ်းအားကို အသုံးပြုပြီး ၎င်းက ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ခြင်း၊ ဝိညာဉ်စွမ်းအားကို တိုးပွားစေခြင်းနှင့် ရုပ်ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်...]
ဘုရားရေ... ချင်လော့၏ မျက်လုံးများ တောက်ပသွားခဲ့၏။ ကြယ်တာရာနန်းတော်က အဘယ်ကြောင့် ဖျက်ဆီးခံရသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပေသည်။ သာမန်လူတစ်ယောက်က အပြစ်ကင်းပေမဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာက ပြစ်မှုတစ်ခုပဲ...
သူတော်စင်အဆင့်မြင့် ကြယ်တာရာမူလအဆီအနှစ် တစ်စက်တည်းကပင်... ကျွတ်ကျွတ်... သူ့အတွက်တောင် ၎င်းက တန်ဖိုးဖြတ်မရသော ရတနာတစ်ခု ဖြစ်လေသည်။
တကယ့်ကို လန်းဆန်းသွားပြီး အရမ်း ကောင်းမွန်လွန်းလို့ ငါ့နှလုံးသားကို ပျံဝဲသွားစေတာပဲ...
ထို့နောက် တရားခွင်က ဆက်လက် ကျင်းပသွား၏။
"နဝမမင်းသားက ငါ့ရဲ့ မီးတောက်နီမြင့်မြတ်နယ်မြေကို ဖျက်ဆီးဖို့ လူတွေ လွှတ်ခဲ့တယ်ဆိုတာကို တစ်ယောက်ယောက် ပြောတာ ငါ့နားနဲ့ဆတ်ဆတ် ကြားခဲ့ရတယ်..."
"မှန်တယ်... အဲဒါ ငါပဲ..." ချင်လော့က အဆင်သင့် ဝန်ခံလိုက်သည်။
[မီးတောက်နီမြင့်မြတ်နယ်မြေကို ဖျက်ဆီးလိုက်သည့်အတွက် ဆုချီးမြှင့်မှု ရရှိပါသည် - မီးဝိညာဉ်ပုလဲ ၁ လုံး (အဆင့်မြင့်) ... မီးဝိညာဉ်များအတွက် ကျင့်ကြံခြင်း ရတနာတစ်ခုဖြစ်ပြီး မီးနိယာမနှင့် ပတ်သက်သော ထိုးထွင်းသိမြင်မှုများကို ထောက်ပံ့ပေးကာ ကြွယ်ဝသော မီးမူလအဆီအနှစ် စွမ်းအား ပါဝင်ပြီး လက်နက်သန့်စင်ခြင်း အဓိကအရာအဖြစ်လည်း အသုံးပြုနိုင်ပါသည်...]
[အဆင့်မြင့် သူတော်စင်အဆင့် မီးဝိညာဉ်သွေးကြော တစ်ခု ရရှိပါသည်။]
[ဤမီးဝိညာဉ်သွေးကြောသည် ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး လက်နက်သန့်စင်ခြင်းနှင့် ဆေးလုံးဖော်စပ်ရာတွင်လည်း အထောက်အကူ ပြုနိုင်သည်။ မီးသဘာဝကျင့်စဉ်များကို ကျင့်ကြံသော ကျင့်ကြံသူများအတွက် နတ်သွေးကြော တစ်ခု ဖြစ်သည်။]
ချင်လော့က သူ အလွန် ချမ်းသာသွားပြီဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းလိုက်၏။ လုံးလုံးလျားလျား ချမ်းသာသွားခြင်းပင်။
"ဆက်လုပ်... ဆက်လုပ်... ငါ့ကို ဘယ်သူ စွပ်စွဲဦးမလဲ... လာစမ်း... လာစမ်း..."
"အရူးပဲ..."
ချင်ဖန်က ချင်လော့ မည်သို့လုပ်ချင်နေသည်ကို မသိသော်လည်း ချင်လော့၏ အခြေအနေမှ အကဲဖြတ်ရလျှင် ချင်လော့သည် ပုံမှန်လူတစ်ယောက် လုံးလုံးလျားလျား မဟုတ်ကြောင်း သူ ခံစားလိုက်ရလေသည်။
"ဖြစ်နိုင်တာက သူ့ရဲ့ ပါရမီ မရှိမှုက သူ့ကို အသိဉာဏ် နည်းသွားစေတာပဲ..." ချင်ဖန်က သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။
"ဒါပေမဲ့ တကယ်လို့ မင်းရဲ့ စိတ်က ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် မင်းရဲ့ အရည်အချင်းတွေကို ပံ့ပိုးပေးပြီး မင်းရဲ့ အစ်ကိုကြီးက မင်းအတွက် ကောင်းကောင်း အသုံးချပေးတာကို ခွင့်ပြုလိုက်သင့်တယ်..."
အကယ်၍ ဤအခြေအနေသာ ဆက်သွားပါက ချင်လော့သည် သေချာပေါက် ကွပ်မျက်ခံရမည်ဖြစ်ပြီး သူ၏ စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင် ဖြစ်လာမည် ဖြစ်ပေသည်။
"မင်းကမင်းရဲ့ ကာမရာဂကို ဖြည့်ဆည်းဖို့ ယွင်ကျိုးက သခင်မလေး စုန့်ကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့တယ်... ပြီးတော့ မင်းက ပိုပြီး ယုတ်မာစွာနဲ့ သူမရဲ့ မိသားစု တစ်ခုလုံးကို သုတ်သင်ပစ်ခဲ့တယ်..."
"ဒီကိစ္စက တကယ်ပဲလား..." ချူဟန်က လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။
သူက ယွင်ကျိုးစုန့်မိသားစုနှင့် အတိတ်တစ်ခု ရှိခဲ့ဖူးပြီး ဤသည်ကို ကြားချိန်တွင် သူက စားပွဲကို ချက်ချင်း ထုရိုက်လိုက်လေသည်။
မဝေးလှသော နေရာရှိ လှပသော အမျိုးသမီးတစ်ဦးက ချင်လော့ကို အမုန်းတရားများဖြင့် စိုက်ကြည့်နေခဲ့ရာ ချင်လော့က ဤကဲ့သို့သောအရာကို သူ အမှန်တကယ် လုပ်ခဲ့သည်ဟု ထင်သွားစေမတတ် ဖြစ်သွားစေခဲ့၏။
"အဲဒါ ငါဆိုတာ မင်း သေချာလား..." ချင်လော့က အမျိုးသမီးကို ကြည့်ကာ မေးမြန်းလိုက်သည်။
အမျိုးသမီးက အံကြိတ်ကာ ပြောဆိုလိုက်၏။
"တကယ်လို့ မင်းက ပြာဖြစ်သွားရင်တောင်မှ ငါ မင်းကို မှတ်မိနေဦးမှာပဲ... မင်းက ငါ့ကို နေ့ရက် ခုနစ်ရက်တိတိ နှိပ်စက်ခဲ့တယ်... ခုနစ်ရက်တိတိနော်... မင်းက တိရစ္ဆာန်ပဲ..."
အမျိုးသမီး၏ ကြမ်းကြုတ်သော အမူအရာကို မြင်တွေ့လိုက်ရချိန်တွင် အခြားသူများကို မဆိုထားနှင့်၊ ချင်လော့ပင်လျှင် ၎င်းကို ယုံကြည်သွားမတတ် ဖြစ်သွားခဲ့ပေသည်။
"သေစမ်း!... ငါ ဝန်မခံဘူး... လူသတ်ဖူးတယ်၊ မီးရှို့ဖူးတယ်၊ လမ်းပိတ်ဖူးတယ်၊ လုယက်ဖူးတယ်... ဒါပေမဲ့ ငါ တစ်ခါမှ မိန်းမတစ်ယောက်ကို အတင်းအကျပ် မလုပ်ဖူးဘူး"
"ငါ မင်းသားက လူပျိုလေး ဖြစ်နေတုန်းပဲ... ဒီအပြစ်ကို ငါ တာဝန်မယူဘူး!... ငါ လက်မခံနိုင်ဘူး!"
"ယောက်ျားစစ်စစ်တစ်ယောက်မှာ သူယုံကြည်တဲ့အရာတွေရှိသလို မယုံကြည်တဲ့အရာတွေလည်း ရှိတယ်"
‘သေစမ်း... စွပ်စွဲချက်တွေက အဆုံးမရှိတော့ဘူး... အဲဒါကို ဝန်ခံတာက သူတစ်ပါး အထင်သေးခံရတာကလွဲပြီး ဘာအကျိုးကျေးဇူးတွေ ရနိုင်မှာလဲ’
"တကယ်လို့ ငါက သူမရဲ့ မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့တယ်လို့ ပြောရင် ငါ ဝန်ခံနိုင်တယ်... ဒါပေမဲ့ ငါက သူမကို အတင်းအကျပ် လုပ်ခဲ့တယ်လို့ ပြောရင်တော့ ငါ ဝန်မခံဘူး"
ယင်းက ချင်လော့ ပထမဆုံးအကြိမ် ငြင်းဆိုခြင်းဖြစ်ပြီး စိန်ခေါ်မှုတစ်ခု ပေါ်လာပြီဟု ချူဟန် ခံစားလိုက်ရ၏။
သူက ချင်လော့သည် လူပျိုလေး ဟုတ်မဟုတ်ဆိုတာကို သွားရောက် စစ်ဆေးသင့်သလားဟုပင် တွေးတောမိလေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ချင်လော့က ပြောလိုက်သည်ကို ကြားလိုက်ရ၏။
"ငါ့ကို စွပ်စွဲတဲ့သူတိုင်းကို ဒီလာခိုင်းလိုက်... မိန်းမတစ်ယောက်ကို အတင်းအကျပ် လုပ်တာကလွဲရင် ကျန်တဲ့ ပြစ်မှုတွေအားလုံးကို ငါ ချင်လော့က တစ်ယောက်တည်း တာဝန်ယူမယ်"
မကြာမီမှာပင် ချင်လော့ကို စွပ်စွဲသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပြီး ပြစ်မှုအားလုံးကို ချင်လော့က အပြည့်အဝ တာဝန်ယူလိုက်လေသည်။
[ပြစ်မှုများကို ဝန်ခံပါသည်။ ဆေးလုံးကို ရရှိပါသည် - နုပျိုခြင်းထိန်းသိမ်းရေးဆေးလုံး ၁၀ လုံး (အဆင့်နိမ့်သူတော်စင်အဆင့်)]
[ရရှိသောအရာ - နတ်ဘုရားလက်နက် - လေဟာနယ်နတ်ဘုရားလေး (အလယ်အလတ်သူတော်စင်အဆင့်)]
[မြှားတစ်စင်း ပစ်လွှတ်ခြင်းက လေဟာနယ်နယ်မြေကို ဖျက်ဆီးပစ်နိုင်ပြီး ခုခံရန် မဖြစ်နိုင်အောင် လုပ်ဆောင်နိုင်ကာ အာရုံခံနိုင်စွမ်း အားနည်းသူများကို ချက်ချင်း သတ်ဖြတ်နိုင်ပါသည်]
[ရရှိသောအရာ - ကျင့်စဉ် - သွေးသတ်ဖြတ်ရေးဓားသိုင်း (အဆင့်နိမ့်သူတော်စင်အဆင့်) သတ်ဖြတ်ရန်အတွက် မွေးဖွားလာခြင်းဖြစ်ပြီး လူပိုသတ်လေလေ၊ ပို၍ အစွမ်းထက်လာလေလေ ဖြစ်သည်]
[ရရှိသောအရာ - နတ်ဘုရားလက်နက် - မိုးကြိုးစစ်ပွဲပုဆိန် (အဆင့်နိမ့်ဆုံးသူတော်စင်အဆင့်) မိုးကြိုးစွမ်းအားများ ထပ်မံ ပေါင်းထည့်ထားပြီး ကြီးမားသော ကြီးစိုးမှုနှင့် အံ့မခန်း စွမ်းအားများကို ပိုင်ဆိုင်ထားပါသည်]
"နဝမမင်းသား... အရှင်မင်းသားရဲ့ လက်ထဲမှာ 'လူသားဧကရာဇ်အလံ' လို့ခေါ်တဲ့ နတ်ဘုရားလက်နက်တစ်ခု ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်... အဲဒါက သေဆုံးသွားတဲ့ ဝိညာဉ်တွေကို သိမ်းဆည်းထားနိုင်ပြီး တိုက်ခိုက်မှုတွေက ထူးဆန်းကာ ခုခံဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြတယ်... အဲဒါ အမှန်ပဲလား"
ပရိသတ်ထဲတွင် ထိုင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စကားပြောလာခဲ့၏။
သူက ချင်လော့ကို ထက်မြက်သော အကြည့်ဖြင့် ကြည့်လိုက်ရာ အားကောင်းသော အငွေ့အသက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့လေသည်။
ရှေ့တွင် ထိုင်နေသော ဝမ်ကျန်းယွမ်၏ မျက်နှာ ပြောင်းလဲသွားပြီး သူက ချက်ချင်း ပြောဆိုလိုက်သည်။
"ချန်ဖိန်မင်းသားရဲ့ အမွေဆက်ခံသူ... ဒီကိစ္စက ဒီအမှုနဲ့ မသက်ဆိုင်ပါဘူး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့"
သူ စကားမဆုံးမီမှာပင် ချင်လော့က သူ့ကို ဖြတ်ပြောလိုက်ပြီး ပြုံးကာ ပြောဆိုလိုက်၏။
"ဟုတ်တယ်... ဟုတ်တယ်... မင်းပြောတာ မှန်တယ်!"
ချင်လော့က မေးခွန်းများကို လျင်မြန်စွာ ဖြေဆိုတတ်လာပြီ ဖြစ်လေသည်။
"ဒါက လူသားဧကရာဇ်အလံ မဟုတ်ဘဲ ဝိညာဉ်တစ်သောင်းအလံ ဖြစ်ရမယ်လို့ မင်း ပြောချင်နေတာ ငါ ခန့်မှန်းမိတယ်... ငါ လူအများကြီးကို သတ်ခဲ့တာက ဝိညာဉ်တစ်သောင်းအလံကို သန့်စင်ဖို့နဲ့ ငါ့ရဲ့ ဝိညာဉ်တစ်သောင်းအလံကို ပိုအစွမ်းထက်လာအောင် လုပ်ဖို့ပဲ မဟုတ်လား"
"မှန်တယ်... မင်းတို့ ပြောတာတွေ အကုန်လုံးကို ငါ ဝန်ခံတယ်... ငါ လူအများကြီးကို သတ်ခဲ့တာက ဝိညာဉ်တစ်သောင်းအလံကို သန့်စင်ဖို့နဲ့ ငါ့ရဲ့ ဝိညာဉ်တစ်သောင်းအလံကို ပိုအစွမ်းထက်လာအောင် လုပ်ဖို့ပဲ"
"မင်းတို့ အကုန်လုံး ကျေနပ်ပြီလား"