အခန်း ၃
Vol. 1 Ch. 3
အခန်း။ ၃
အပြင်လောကတွင် သတင်းများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ရှေ့နေများ၏ အကြောင်းကိုလည်း လူသိရှင်ကြား ကြေညာလိုက်သည်။
ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့က အမှုနိုင်နှုန်း ၇၀% ရှိပြီး ဥပဒေလောကတွင် နာမည်ကြီးသည့် ထိပ်တန်းရှေ့နေ ဝမ်ဟိုင်ရှန်ကို ငှားရမ်းလိုက်သည်။
တစ်ဖက်တွင်မူ ချန်းယန်က ဥပဒေလုပ်ငန်း စတင်သည်မှာ ခြောက်လရှိသော်လည်း အမှုတစ်မှုမျှပင် မကိုင်တွယ်ဖူးသေးသည့် ရှေ့နေသင်တန်းဆင်း ဂူချန်ကို ငှားရမ်းထားသည်။
ထိပ်တန်းရှေ့နေနှင့် အတွေ့အကြုံမရှိသေးသည့် ရှေ့နေသင်တန်းဆင်း…..
နယ်ပယ်ချင်း ကွာခြားလွန်းသဖြင့် အွန်လိုင်းတွင် ဝေဖန်မှုများ ပွက်လောရိုက်သွားသည်။
"အို... တကယ်လား ချန်းယန်က ရှေ့နေသင်တန်းဆင်းကိုပဲ ငှားတာလား"
"ရှေ့နေသင်တန်းဆင်းနဲ့ ဘယ်လိုလုပ် အမှုနိုင်မှာလဲ။ ရှုံးမှာသေချာနေပြီ"
"ပြိုင်ဘက်က ကျားတစ်ကောင်လို ထက်မြက်တဲ့ရှေ့နေ၊ ကိုယ့်ဘက်ကကျတော့ ခွေးပေါက်စလေးနဲ့တူတဲ့ ရှေ့နေ။ အရှုံးက သေချာနေပြီ"
"ဘာလို့ ပရော်ဖက်ရှင်နယ် ရှေ့နေကို မငှားရတာလဲ။ သင်တန်းဆင်းကို ငှားပြီး ဘာလုပ်မှာလဲ"
အွန်လိုင်းပေါ်မှ အခြေအနေများကို ကြားသိရသည့်အခါ ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့က လှောင်ပြောင်ကြသည်။
"ဒီကောင်ကတော့ ရဲတင်းလိုက်တာ။ သင်တန်းဆင်းကို ငှားပြီး ငါတို့ကို ပြန်တရားစွဲမယ်တဲ့လား"
ကျိုးလင်လင်က ရယ်မောလိုက်သည်။
ဝမ်ထျန်းထျန်းက အနည်းငယ် စိုးရိမ်သလိုဖြင့် "ညီမရေ ဒီလူကို တကယ်ပဲ တောင်းပန်ရမှာလား။ ကျွန်မတို့က သူခိုးရိုက်တယ် ထင်လို့ စစ်ဆေးကြည့်ရုံလေးပါ။ ဘာများဖြစ်သွားမှာမို့လို့လဲ" ဟု မေးသည်။
"ဘာကြောင့် တောင်းပန်ရမှာလဲ"
ကျိုးလင်လင်က ပြန်ပြောသည်။
"ငါ့ဝမ်းကွဲအစ်ကိုက အမှုနိုင်နှုန်း ၇၀% ရှိတဲ့ ထိပ်တန်းရှေ့နေလေ။ သူက ဒီတစ်ခါ ချန်းယန်ကို ထောင်ထဲတောင် ပို့ပေးမယ်လို့ ပြောထားတယ် စိတ်မပူနဲ့"
"တကယ်ပဲ ချန်းယန်ကို ထောင်ထဲ ပို့ပေးနိုင်မှာလား"
ဝမ်ထျန်းထျန်းက မေးသည်။
ကျိုးလင်လင်က ခေါင်းငြိမ့်ကာ "သေချာပေါက် ပို့ရမှာပေါ့။ ဒီလို လူက ထောင်ထဲမှာပဲ နေသင့်တာ။ ငါသာ အချိန်မီ မသိလိုက်ရင် သူ တကယ်ပဲ ငါ့ကို ခိုးရိုက်နေမှာ။ နှာဘူးလေး"
ထို့နောက် သူတို့နှစ်ဦးသည် မြေအောက်ရထားတွဲပေါ်သို့ ထပ်မံတက်လိုက်ကြသည်။
ခဏအကြာတွင် သူတို့ရှေ့တွင် ရပ်နေသည့် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးကို သတိထားမိသွားကြသည်။
ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုထုတ်ကာ ထိုလူငယ်၏ ပုံများကို နေရာမျိုးစုံမှ ခိုးရိုက်ကြသည်။
မိနစ် ၄၀ ကြာသည့် ခရီးတစ်လျှောက်လုံး ထိုလူငယ်အား ပုံစံမျိုးစုံဖြင့် ခိုးရိုက်ကြသည်။
ထိုလူငယ်မှာ ဘောင်းဘီတို ဝတ်ထားပြီး အမျိုးသမီးနှစ်ဦးမှာ ထောင့်စုံမှ ရိုက်ကူးနေကြသည်။ ကျိုးလင်လင်က ကျောင်းသူအဖွဲ့ထဲသို့ "မိန်းကလေးတို့ မြေအောက်ရထားပေါ်မှာ ချောတဲ့ကောင်လေးတစ်ယောက် တွေ့တယ်" ဟု ပုံများတင်လိုက်သလို Weibo ပေါ်တွင်လည်း "အိုးမိုင်ဂေါ့…..ချောလိုက်တာ အရမ်းချောတယ်" ဟု တင်လိုက်သည်။
ဝမ်ထျန်းထျန်းကလည်း အလားတူပင် တင်လိုက်သည်။
"ဒီနေ့ညတော့ ဒီချောချောလေးနဲ့ အိပ်လိုက်ရရင် ကောင်းမှာပဲ"
ကျိုးလင်လင်က ပြောသည်။
"ဟုတ်တယ် ငါလည်း ဒီလိုပဲ ထင်တယ်။ ချောတဲ့သူတွေကို ကြည့်ရတာ မျက်စိအေးတယ်။ ဒီလိုလူမျိုးတွေကမှ စိတ်ဝင်စားဖို့ကောင်းတာ။ သူတို့လိုလူတွေကမှ ချစ်ဖို့ကောင်းတာ။ ဟိုတစ်
ယောက်လို ညစ်ပတ်တဲ့ နှာဘူးတွေနဲ့ မတူဘူး"
ဝမ်ထျန်းထျန်းက ထောက်ခံလိုက်သည်။
သုံးရက်မြောက်နေ့တွင် အချိန်တန်၍ အားလုံးကုန်စင်အောင် စုဆောင်းထားသော သက်သေအထောက်အထားများဖြင့် ဂူချန်သည် တရားခွင်သို့ ရောက်ရှိလာသည်။
ဤကမ္ဘာတွင် တရားစီရင်ရေးကို လူထုကြည့်ရှုနိုင်ရန် တိုက်ရိုက်ထုတ်လွှင့်ပေးသောကြောင့် တရားခွင်မစမီကပင် ကြည့်ရှုသူ တစ်သောင်းကျော် ရှိနေပြီဖြစ်သည်။
[တရားရုံးက ဘယ်အချိန် စမှာလဲ]
[အဲဒီနတ်သမီးလေးနှစ်ယောက်ကို တောင်းပန်ခိုင်းနိုင်ပါ့မလား။ လူကို မဟုတ်မမှန် စွပ်စွဲပြီး သတင်းဖြန့်တာတောင် တောင်းပန်စရာမလိုတော့ဘူးလား]
[ရှေ့နေဂူ တိုက်ခိုက်လိုက်စမ်းပါဗျာ အဲဒီနတ်သမီးလေးတွေကို တောင်းပန်အောင် လုပ်ပေးလိုက်ပါ]
အချိန်ကာလမှာ တရားခွင်စတင်ရန် သုံးမိနစ်သာ လိုတော့သည်။
တရားသူကြီး၊ တရားရုံးဝန်ထမ်းများ၊ တရားလို ချန်းယန်နှင့် တရားခံ ကျိုးလင်လင်၊ ဝမ်ထျန်းထျန်းတို့ ရောက်ရှိနေကြပြီဖြစ်သည်။
သို့သော် ရှေ့နေဂူချန်မှာ ရောက်မလာသေးပေ။
အွန်လိုင်းတွင် ကြည့်ရှုသူများက စိုးရိမ်တကြီး ဖြစ်နေကြသည်။
ရှေ့နေ နောက်ကျသည်ကို မြင်ရသဖြင့် ဂူချန်အပေါ် ယုံကြည်မှု လျော့ကျသွားကြသည်။
တစ်မိနစ်အလိုတွင် ဂူချန် တရားခွင်အတွင်းသို့ လမ်းလျှောက်ဝင်လာသည်။
ကျိုးလင်လင်သည် ဝမ်ဟိုင်ရှန်ကို မေးလိုက်သည်။
"ဝမ်းကွဲအစ်ကို ဘာပြဿနာမှ မရှိဘူးမလား"
ဝမ်ဟိုင်ရှန်က "စိတ်မပူပါနဲ့ ချန်းယန်ကို ထောင်ထဲပို့နိုင်မယ့် အထောက်အထားအသစ် ငါ့ဆီမှာ ရှိတယ်။ ညီမတို့က ငါပြောတဲ့အတိုင်းပဲ လုပ်လိုက်" ဟု တိုးတိုးလေး ပြောလိုက်သည်။
ဝမ်ဟိုင်ရှန်သည် ဂူချန်ကို အနှောင့်အယှက်ပေးရန် ကြံစည်လိုက်သည်။
"ကန့်ကွက်ပါတယ်။ တရားလိုရှေ့နေက နောက်ကျမှ ရောက်လာပြီး တရားရုံးစည်းကမ်းကို စိန်ခေါ်နေတဲ့အတွက် သူ့ကို ချက်ချင်း ထုတ်ပေးဖို့ တောင်းဆိုပါတယ်"
ဂူချန်က တည်ငြိမ်စွာပင် "တစ်ဖက်ရှေ့နေခင်ဗျား ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ရှေ့နေမလုပ်သင့်တော့ဘူး။ တရားရုံးက မစရသေးဘဲနဲ့ ကျွန်တော် ဘယ်နေရာမှာ နောက်ကျနေတာလဲ။ ကျွန်တော် မျက်စိဆရာဝန်တစ်ယောက်နဲ့ သိထားတယ်။ ခင်ဗျား မျက်စိသွားစစ်ဖို့ မိတ်
ဆက်ပေးရမလား" ဟု ပြန်တုံ့ပြန်လိုက်သည်။
ဂူချန်မှာ လက်မလျှော့ဘဲ ပြန်တိုက်ခိုက်လိုက်သည်။
ဝမ်ဟိုင်ရှန်က "ကျွန်တော်က နောက်နေတာပါ။ ရှေ့နေဂူက နောက်ပြောင်တာတောင် မခံနိုင်ဘူးဆိုတော့ ရှေ့နေသင်တန်းဆင်းဘဝက ဘာလို့ မတက်နိုင်တာလဲဆိုတာ နားလည်ပါပြီ။ ခြောက်လအတွင်း အမှုတစ်မှုမှ မရဘူးဆိုတာလည်း မထူးဆန်းတော့ပါဘူး" ဟု လှောင်ပြောင်သည်။
ဂူချန်က အေးဆေးပင် "ခင်ဗျားရဲ့ အမေဆုံးသွားပြီလို့ ကြားတယ်။ တောင်းပန်ပါတယ် ကျွန်တော်လည်း နောက်ပြောင်တာပါ။ တကယ်တော့ ခင်ဗျားအမေ အသက်ရှိပါသေးတယ်" ဟု ပြန်ပြောလိုက်သည်။
တရားရုံးတွင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုမျိုးကို ဂူချန် မနှစ်သက်သော်လည်း တစ်ဖက်ရှေ့နေက စတင်စော်ကားလာသဖြင့် ပြန်လည်တုံ့ပြန်ခြင်းသာဖြစ်သည်။
ဝမ်ဟိုင်ရှန်၏ အကြည့်တို့ ပိုမိုအေးစက်လာသည်။
"ရှေ့နေဂူက စကားပဲ ပြောတတ်တာပါ။ ဒီအမှုက ခင်ဗျားရဲ့ နောက်ဆုံးအမှု ဖြစ်မသွားပါစေနဲ့။ ခင်ဗျားရုံးခန်းကလည်း ပြိုလဲလုနီးပါး ဖြစ်နေတာ မဟုတ်လား။ အမှုရှုံးရင် ဒီနေရာမှာတင် ပြိုလဲသွားမလားပဲ"
ဂူချန်က ရေတစ်ခွက်သောက်ရင်း "ကျွန်တော့်ရုံးခန်း ပြိုလဲမလဲဆိုတာက အရေးမကြီးပါဘူး။ ဒီအမှုပြီးသွားရင်တော့ ရှေ့နေဝမ်တစ်ယောက် ရှေ့နေဆက်လုပ်နိုင်မလားဆိုတာပဲ မေးစရာရှိတော့တယ်" ဟု အေးအေးဆေးဆေးပင် ပြောလိုက်တော့သည်။