အခန်း ၁၆
Vol. 2 Ch. 16
အခန်း။ ၁၆
ဝမ်ဖန် တင်ပြလိုက်သော ဗီဒီယိုဖိုင်ကို ကြည့်ရှုသူအားလုံး ကြည့်ရှုလိုက်ကြသည်။
[လီချီ "ယုံရှ... ဒီတစ်ခါတော့ တစ်ယောက်မိပြီ ချက်ချင်း ကွာရှင်းဖို့ လုပ်နေတယ်။ ဒီတစ်ခါတော့ အိမ်တစ်လုံးရမယ်။ တန်ဖိုးက တစ်သန်းကျော်တယ်။ အိမ်ကလည်း ငါ့နာမည်နဲ့ပဲ။ မင်္ဂလာကြေးက သုံးသိန်းရမယ်။ ငါ သူ့ကို ပစ္စည်းတွေ ရိုက်ခွဲအောင် စိတ်တိုအောင် လုပ်ပြီး အိမ်တွင်းအကြမ်းဖက်မှုခံရတဲ့ ဗီဒီယို ရိုက်ထားပြီးပြီ။ ဒါဆို ရပြီမလား တခြား ဘာလိုသေးလဲ"]
[လီယုံရှာ "အဲဒါဆို ရပြီ။ နင် တရားရုံးမှာ အမှုဖွင့်လိုက်။ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ကွာရှင်းချင်တယ်လို့ ပြောလိုက် ကျန်တာ ငါ အကုန်စီစဉ်ပေးမယ်"]
[လီချီ "ယုံရှ... နင်က တကယ့်ကို အကောင်းဆုံးပဲ။ အိမ်နှစ်လုံးရောင်းတဲ့ ပိုက်ဆံတွေ ရောက်လာပြီ။ နင့်ရဲ့ အွန်လိုင်းဆိုင်ကနေ ပန်းကန်တွေကို ဝယ်လိုက်မယ်။ နင် ဈေးနှုန်းတွေပဲ လိုသလို ပြင်လိုက်တော့"]
[လီယုံရှာ "အေးပါ... ဒါတွေကို နင်နဲ့ ငါပဲ သိရမယ်။ တခြားသူ မသိအောင် သတိထား"]
[လီချီ "စိတ်မပူပါနဲ့ ငါ့ရည်းစားက တစ်ခုခုကို သံသယဝင်နေသလိုပဲ။ ငါ သူ့ကို ချက်ချင်း လမ်းခွဲလိုက်တော့မယ်။ သူ ဘာမှ သိမှာမဟုတ်ဘူး"]
...
ဤသည်မှာ ဝမ်ဖန် ရိုက်ကူးခဲ့သည့် အပြည့်အစုံသော ဗီဒီယိုသက်သေဖြစ်သည်။
ဝမ်ဖန်သည် လီချီကို ဖောက်ပြန်သည်ဟုသာ ထင်ခဲ့သော်လည်း ဤမျှလောက်ထိ ပေါက်ကွဲအားကောင်းသည့် အထောက်အထားမျိုးကို ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လီယုံရှာသည် ဗီဒီယိုကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားသည်။
ဂူချန်က ဆက်လက်၍ "တရားသူကြီးမင်းခင်ဗျာ ဒီအချက်အလက်တွေကတော့ လီယုံရှာရဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း စီရင်ခဲ့တဲ့ အမှုတွဲတွေအားလုံးပါ။ လီယုံရှာနဲ့ လီချီတို့ ပူးပေါင်းပြီး ယွမ် ခုနစ်သန်းကျော်ကို လိမ်လည်ခဲ့ကြပါတယ်။ လီယုံရှာက လီချီရဲ့ ပန်းကန်အရောင်းအဝယ်တွေကနေတစ်ဆင့် ယွမ် သုံးသိန်းခွဲကျော်ကို ရယူခဲ့ပြီး အဲဒီ အရောင်းအဝယ်မှတ်တမ်းတွေအားလုံး ဒီမှာ အတိအကျ ရှိနေပါတယ်" ဟု ပြောဆို သည်။
"ဒါ့အပြင် ကျွန်တော် အစီရင်ခံလိုတာတစ်ခု ရှိပါသေးတယ်။ အရောင်းအဝယ်မှတ်တမ်းထဲမှာ မကြာသေးမီက လီယုံရှာနဲ့ ငွေလွှဲထားတဲ့ ယွမ် ခြောက်သောင်းကို တွေ့ရပါတယ်။ အဲဒီငွေလွှဲသူကတော့ ကျိုးလင်လင်ရဲ့ ရှေ့နေ ဝမ်ဟိုင်ရှန်ပါပဲ"
"ဝမ်ဟိုင်ရှန် ဝယ်ယူခဲ့တဲ့ ပန်းကန်တွေရဲ့ တကယ့်တန်ဖိုးက တစ်ရာတောင် မရှိပါဘူး။ ဒါပေမဲ့ သူက ယွမ် ခြောက်သောင်း ပေးဝယ်ခဲ့တယ်။ ဒီငွေလွှဲမှုက နောက်ဆုံးရုံးချိန်းမတိုင်ခင် တစ်ရက်အလိုမှာ ဖြစ်ခဲ့တာပါ။ အဲဒီနောက်မှာ ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့ကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး ချန်ယန်ကို လျော်ကြေး ယွမ် တစ်သိန်းရှစ်သောင်း ပေးခိုင်းခဲ့တာပါ"
"ကျွန်တော့်အမှုသည် ချန်ယန်က တရားမျှတမှုအတွက် အမှုဖွင့်ခဲ့ပေမဲ့ ပြန်ပြီး လျော်ကြေးပေးရမယ်ဆိုတာ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ တရားသူကြီးတွေက လာဘ်ပေးလာဘ်ယူလုပ်၊ ရှေ့နေတွေက အထောက်အထားအတု လုပ်နေရင် တရားမျှတမှုဆိုတာ ဘယ်မှာရှိတော့မလဲ။ ဒီလိုလူတွေကို ပြင်းထန်စွာ အရေးယူရပါမယ်"
ဂူချန် စကားပြောပြီးနောက် အထောက်အထားများအားလုံးကို တင်ပြလိုက်သည်။
တရားရုံးက ထိုအထောက်အထားများကို စတင်စစ်ဆေးပြီး ရဲတပ်ဖွဲ့က လီယုံရှာကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းလိုက်သည်။
အမှုမှာ အလွန်အရေးကြီးပြီး တရားသူကြီးကိုယ်တိုင် ပါဝင်ပတ်သက်နေသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ချက်ချင်း ဖွဲ့စည်းလိုက်သည်။
တရားခွင်ကို တစ်ရက်တာ ရပ်နားလိုက်သည်။
ဤအရေးကြီးသော အမှုအခင်းကို စုံစမ်းစစ်ဆေးမှု ပြီးဆုံးမှသာ ဆက်လက်ဆောင်ရွက်မည်ပင်။
ဤအမှုအခင်းကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်နေသဖြင့် တစ်နိုင်ငံလုံးက အာရုံစိုက်နေကြသည်။
တရားစီရင်ရေးမဏ္ဍိုင်အတွင်းမှ ပြဿနာများသည် လူအများ၏ စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး စုံစမ်းစစ်ဆေးမှုများမှာ ချက်ချင်းပင် စတင်ခဲ့သည်။
အင်တာနက်စာမျက်နှာတစ်ခုလုံးမှာလည်း အကြီးအကျယ် ပေါက်ကွဲထွက်မတတ် ဖြစ်သွားခဲ့သည်။
အွန်လိုင်းပေါ်တွင် ပရိသတ်များ၏ အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
[ဝါး... ဂူချန်... တကယ်ကို ဒဏ္ဍာရီပဲ]
[ဂူချန်က ပြိုင်ဘက်ဘက်က တရားသူကြီးကိုပါ ဖြုတ်ချလိုက်နိုင်တာလား]
[ဘာဖြစ်တာလဲ။ ဒါက အလုပ်သင်ရှေ့နေတစ်ယောက်လုပ်တာလား အလုပ်သင်ရှေ့နေက ဒီလောက်ထိ စွမ်းနိုင်တာလား]
[လီယုံရှာဆိုတာ တရားသူကြီးချုပ်မဟုတ်လား။ သူမက တကယ်ပဲ ဒီလိုလူစားမျိုးလား။ သူမကို ပြင်းထန်စွာ အရေးယူရမယ်]
[သူတို့ ထောင်ကျရမယ်။ ဂူချန် တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ တရားစွဲဆိုမှုတစ်ခုကနေတစ်ဆင့် ပြိုင်ဘက်ရှေ့နေကိုရော၊ တရားသူကြီးကိုပါ ထောင်ထဲပို့လိုက်နိုင်တာ တကယ့်ကို လက်စွမ်းပြလိုက်တာပဲ]
[ကျွန်တော်လည်း ဂူချန်ကိုပဲ ရှေ့နေငှားပြီး အမှုလိုက်ခိုင်းချင်တော့တယ်]
[ဂူချန်... တကယ်ကို ထူးချွန်တယ်။ ရှေ့နေဆိုတာ ဒီလိုအဆင့်မျိုးရှိမှပဲ။ အမှုနိုင်ရုံတင်မကဘဲ လူ့အဖွဲ့အစည်းရဲ့ အမှိုက်တွေကိုပါ သုတ်သင်ပေးလိုက်တာပဲ။ တကယ်ကို ကောင်းလိုက်တာ]
[တရားရုံးက ဘယ်တော့ပြန်စမှာလဲ။ သက်သေအထောက်အထားတွေ ဘယ်လိုစုဆောင်းနေလဲဆိုတာ ကြည့်ချင်တယ်]
ထိုနေ့တွင်ပင် ဝမ်ဟိုင်ရှန်၊ လီယုံရှာ၊ ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့၏ အမည်များသည် ဆိုရှယ်မီဒီယာထိပ်ဆုံးရှိ ရှာဖွေမှုအများဆုံး စာရင်းများတွင် နေရာယူလာခဲ့သည်။
ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့၏ လုပ်ရပ်များကို သိရှိသွားသည့်အခါတွင်လည်း အင်တာနက်အသုံးပြုသူများက ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ကြသည်။
ဝမ်ဟိုင်ရှန်နှင့် လီယုံရှာတို့မှာမူ ရာဇဝတ်မှု ကျူးလွန်ထားသူများဖြစ်ရာ ထောင်ဒဏ်ကျခံရတော့မည့်အရေးနှင့် ရင်ဆိုင်နေရသည်။
တရားရုံးနှင့် ရဲတပ်ဖွဲ့တို့က အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးလျက်ရှိပြီး လီယုံရှာနှင့် ဝမ်ဟိုင်ရှန်တို့မှာ ထောင်ဒဏ်ဘယ်လောက်ကျမည်သာ ကျန်ရှိတော့သည်။
ချန်ယန်မှာမူ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ရှေ့နေတစ်ယောက်ကို ရှာဖွေရာတွင် မည်သူမျှ လက်မခံသည့်အဆုံး နောက်ဆုံးမျှော်လင့်ချက်အဖြစ် ဂူချန်ကို ရှာတွေ့ခဲ့ခြင်းပင်။
အလုပ်သင်ရှေ့နေဆိုသော်လည်း သူလက်ခံခဲ့သည်။
သူလိုချင်သည်မှာ ထို နတ်သမီးလေးနှစ်ဦး တောင်းပန်ရန်သာဖြစ်သည်။
သို့သော် သူတို့မှာ တောင်းပန်ရန် ငြင်းဆန်ခဲ့ကြသည်။
ဂူချန်ကမူ တစ်ချက်လွှတ်လိုက်ရုံဖြင့် ပြိုင်ဘက်ရှေ့နေနှင့် တရားသူကြီးကိုပါ ထောင်ထဲပို့ပေးလိုက်နိုင်ခဲ့သည်။
ချန်ယန်တစ်ယောက် ဤမျှကြီးမားသော အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
သူ့အတွက်တော့ သူငှားရမ်းလိုက်သည့် ရှေ့နေမှာ တကယ့်ကို ထိပ်တန်းပုဂ္ဂိုလ်ကြီးပင်။
...
ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းမှာမူ အတူတူရှိနေဆဲပင်။
ကျိုးလင်လင် "အစ်မရေ... ငါတို့ တကယ်ပဲ ဖမ်းဆီးပြီး ထောင်ကျတော့မှာလား။ အွန်လိုင်းမှာ ငါတို့အကြောင်း ပြောနေကြတဲ့သူတွေ အများကြီးပဲ"
ဝမ်ထျန်းထျန်းက ခေါင်းခါရင်း "ငါတို့က တရားသူကြီးကို လာဘ်ပေးတာမှ မဟုတ်တာ။ ဘာမှလည်း မလုပ်ခဲ့ဘူးလေ။ စာနည်းနည်းရေးတာကို ကြောက်နေရမှာလား။ အများဆုံး တရားရုံးက တောင်းပန်ခိုင်းမှာပေါ့။ ငါတို့ မတောင်းပန်ဘူးဆိုရင် သူတို့ ဘာတတ်နိုင်မှာလဲ။ ငါတို့ ပါးစပ်ပဲလေ။ တရားသူကြီးက ငါတို့ကို ဘာမှ လုပ်လို့မရပါဘူး။ ကြောက်စရာ မလိုပါဘူး"
ယခင်က အိုချင်ရှုံ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့စဉ်ကလည်း ရဲများရောက်လာပြီးနောက် ဘာမှမဖြစ်ခဲ့ပေ။
ထိုမျှကြီးမားသော ဖြစ်ရပ်တောင် ဘာမှမဖြစ်ခဲ့ရာ ယခုတော့ ပို၍ ဘာမှဖြစ်စရာမရှိဘူးဟု သူတို့က ထင်မှတ်နေဆဲပင်။
စာရေးလိုက်ရုံနဲ့ တကယ်ပဲ ထောင်ကျသွားနိုင်ပါ့မလား။