← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း။ ၂၉

လျိုယာကျွင်းသည် ဟန်ဇီမင်း၏လက်ကို တင်းတင်းဆုပ်ကိုင်ရင်း "ရှေ့နေဟန် ကျွန်တော့်သားရဲ့အမှုကိစ္စကို ခင်ဗျားလက်ထဲ အကုန်အပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ယုံချန်ကို သေဒဏ်ပေးရကိုပေးရမယ်။ ဒီကောင်က အလွန်အကျွံလုပ်လွန်းတယ်။ ကျွန်တော့်သားကို ဓားနဲ့ ဆယ်ချက်ကျော်အထိ ထိုးသတ်သွားတာ။ ဒါ လူတစ်ယောက် လုပ်နိုင်တဲ့အလုပ်လား။ သူ့ကို သေဒဏ်ပေးရမယ်။ သူတို့ ဘာအကြောင်းပြချက်ပဲ ပေးပေး ဝမ်ယုံချန် သေဒဏ်ရကို ရရမယ်" ဟု အမိန့်သံဖြင့် ပြောလိုက်သည်။

လျိုယာကျွင်းအတွက် အခြားစိုးရိမ်စရာမရှိပေ။ သူလိုလားသည်မှာ ဝမ်ယုံချန်၏ ခေါင်းပေါ်သို့ သေဒဏ်ကျရောက်ရေး တစ်ခုတည်းသာ ဖြစ်သည်။

ဟန်ဇီမင်းက "စိတ်ချပါ ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါမယ်။ ဒါဟာ ကျွန်တော့်ရဲ့ တာဝန်ဖြစ်တဲ့အတွက် အကောင်းဆုံး လုပ်ဆောင်ပေးသွားမှာပါ" ဟု ခပ်တည်တည် ပြန်ဖြေသည်။

လျိုယာကျွင်းက "ရှေ့နေဟန် ဒါက ခင်ဗျားကို ကျေးဇူးတင်တဲ့အနေနဲ့ ငွေတစ်သိန်းပါ။ တကယ်လို့ သေဒဏ်ချမှတ်ခြင်းခံရမယ်ဆိုရင် နောက်ထပ် တစ်သိန်း ထပ်ပေးပါမယ်" ဟု ဆိုသည်။

ဟန်ဇီမင်းက ငွေကို လက်ခံယူလိုက်ပြီး နှုတ်ခမ်းတစ်ဖက်တွန့်ကာ ပြုံးလျက် "စိုးရိမ်မနေပါနဲ့ ဒီအမှုက သေဒဏ်ပေးဖို့ အထူးသင့်လျော်တဲ့အမှုပါ။ အခုချိန်မှာ ဘယ်သူမှ မပြောင်းလဲနိုင်တော့ပါဘူး။ သက်သေအထောက်အထားတွေကလည်း အငြင်းပွားစရာမလိုဘဲ ခိုင်လုံနေတာပဲ။ ပထမအကြိမ်မှာ သေဒဏ်ဖြစ်ခဲ့သလို ဒုတိယအကြိမ်မှာလည်း သေဒဏ်ပဲ ဖြစ်လာမှာပါ" ဟု အတည်ပြု၍ ပြောလိုက်သည်။

သေဒဏ်ကို တစ်သက်တစ်ကျွန်း ဖြစ်အောင် လျှော့ချရန်မှာ ဝမ်ယုံချန်၏ အပြစ်ဝန်ခံသည့် သဘောထားနှင့် ကိုယ်တိုင်ရဲစခန်းသို့ သွားရောက်အပ်နှံခြင်း ရှိမရှိအပေါ်တွင် အနည်းငယ် မူတည်သည်။

အဓိကအချက်မှာ လူသတ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်အခြေအနေပင်။

ယခုအချိန်တွင်မူ ၎င်းအတွက် စိုးရိမ်စရာမရှိဘူးဟု ဟန်ဇီမင်းက ယူဆသည်။

ဝမ်ယုံချန်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လျိုယာကျွင်း၏မိသားစုဘက်မှ ခွင့်လွှတ်ကြောင်း စာလွှာပေးအပ်ရန် မဖြစ်နိုင်သောကြောင့် ဝမ်ယုံချန်မှာ မလွဲဧကန် သေဒဏ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

ဟန်ဇီမင်းသည် ရရှိလိုက်သော ငွေနှစ်သိန်းကို တွက်ဆကြည့်ရင်း ဤအမှုမှာ အလွန်ပင် လွယ်ကူလွန်းသည်ဟု ခံစားရသည်။

သူ့၏ ပြိုင်ဘက်ကိစ္စမှာတော့ အလုပ်သင်ရှေ့နေတစ်ယောက်သာ ဖြစ်သည်။

အလုပ်သင်ရှေ့နေတစ်ယောက်ကများ... ဘာတွေ တတ်နိုင်မှာမို့လို့လဲ။ အရင်က နာမည်ကြီးအမှုတစ်ခုမှာ ကံကောင်းပြီး နိုင်သွားရုံလေးနဲ့... ဘာတွေ ထူးခြားသွားမှာတဲ့လဲ။

ငါက တရုတ်နိုင်ငံ၏ထိပ်တန်းရှေ့နေကုမ္ပဏီရဲ့ ထိပ်တန်းရှေ့နေပဲ။

ငါကိုင်တွယ်ခဲ့တဲ့ အမှုတွေလည်း မနည်းတော့ဘူး။

ဂူချန်လို ကောင်ထက် ပိုပြီး ခက်ခဲကြမ်းတမ်းတဲ့ တရားခွင်တွေကိုတောင် ဖြတ်သန်းလာခဲ့တာ... ဟမ့် ငါ့ကိုများ လာပြိုင်ချင်သေးတယ်...

....

နောက်တစ်နေ့တွင် လူအများ၏ အာရုံစိုက်မှုများက အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။

ဝမ်ယုံချန်က လျိုဗျောင်ကို သတ်ဖြတ်သည့်အမှု၏ ဒုတိယအကြိမ် တရားစီရင်မှုကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။

ဤတရားခွင်ကို တစ်ကမ္ဘာလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ထားသည်။

ထို့အပြင် ယခုတစ်ကြိမ် တရားခွင်မှာ ပိုမို၍ လေးနက်ခမ်းနားပြီး တရားရုံးချုပ်တွင် ကျင်းပခြင်းဖြစ်ကာ ဤဒုတိယအကြိမ် စီရင်ချက်မှာလည်း အပြီးသတ် စီရင်ချက်ပင်။

အကယ်၍ ဝမ်ယုံချန်သည် ယခုတစ်ကြိမ်တွင် သေဒဏ် ချမှတ်ခံရမည်ဆိုပါက နောက်ထပ် ဘာမှလုပ်ဆောင်၍ မရတော့ပေ။

ဝမ်ယုံချန်ကို မည်သူမျှ ကယ်တင်နိုင်တော့မည် မဟုတ်တော့ချေ။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ကြည့်ရှုသူ သိန်းနှင့်ချီရှိနေပြီး အားလုံးမှာ ဤအမှုကိုသာ အသက်ရှူမှားလောက်အောင် အာရုံစိုက်နေကြသည်။

[ရှေ့နေဂူ သွားပြီးလုပ်ဆောင်ပြလိုက်ပါ]

[ကျွန်တော် မျှော်လင့်တာက ရှေ့နေဂူက ဝမ်ယုံချန်ရဲ့ သေဒဏ်ကို တစ်သက်တစ်ကျွန်း ဖြစ်အောင် ကူညီပေးနိုင်ပါစေ]

[သေဒဏ်ကို တစ်သက်တစ်ကျွန်း ဖြစ်အောင် ပြောင်းလဲပေးနိုင်ရုံတင်နဲ့တင် အတော်လေး ထူးချွန်လှပါပြီ]

[ကျွန်တော် အမှန်တရားကို လိုချင်တယ်။ လျိုဗျောင်က ဆွန်ယန်မုန်တို့ မိသားစုကို ဘာတွေ အတိအကျ လုပ်ခဲ့လို့ ဝမ်ယုံချန်က လျိုဗျောင်ကို သတ်လိုက်ရတာလဲ။ အသေးစိတ် အချက်အလက်အားလုံးကို ကျွန်တော် သိချင်တယ်]

[ဒီအမှုမှာ ဝမ်ယုံချန်ကို ကျွန်တော် ထောက်ခံတယ်။ သူက တကယ့်ယောကျာ်းပဲ သေဒဏ်နဲ့ ရင်ဆိုင်နေရပေမယ့် ကျွန်တော်သာဆိုရင်လည်း အဲ့ဒီလိုပဲ လုပ်မိမှာပဲ။ ကိုယ့်မိန်းမကို အဲ့ဒီလိုမျိုး ဆက်ဆံတာကို ဘယ်သူက သည်းခံနိုင်မှာလဲ]

တရားခွင်အတွင်း လေထုမှာ လေးနက်ပြီး မြင့်မြတ်လှသည်။

တရားခွင်အတွင်း လူတို့ဖြင့် ပြည့်နှက်နေသည်။

ပါဝင်ပတ်သက်သူ အားလုံးလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

တရားစွဲဆိုသူများ၊ အများပြည်သူဆိုင်ရာ တရားလိုရှေ့နေ အားလုံးလည်း ရောက်ရှိနေကြသည်။

တရားလိုရှေ့နေမှာ ဟန်ဇီမင်း ဖြစ်သည်။

အစဉ်အလာအရဆိုလျှင် ဤကဲ့သို့သော အမှုမျိုးတွင် တရားလိုရှေ့နေ မရှိသင့်ပေ။ အဘယ်ကြောင့်ဆိုသော် တရားစွဲဆိုမှုကို တရားရုံးချုပ်က တိုက်ရိုက် ဆောင်ရွက်

သောကြောင့်ပင်။

သို့သော် ဤကမ္ဘာတွင် လျိုယာကျွင်းမှာ ကိုယ်စားပြုရန်အတွက် ရှေ့နေတစ်ဦးကို ငှားရမ်းခွင့် ရှိနေဆဲပင်။

တရားခံ ဝမ်ယုံချန်နှင့် တရားခံ၏ မိသားစုဝင်ဖြစ်သည့် ဆွန်ယန်မုန်တို့အားလုံး တက်ရောက်နေကြသည်။

သုံးမိနစ်ခန့် ကြာပြီးနောက်...

"တရားခွင် စတင်ရန် အချိန်ကျရောက်ပါပြီ"

မှတ်တမ်းတင်သူက မတ်တပ်ရပ်၍ ကြေညာသည်။

"တရားရုံး စည်းကမ်းတွေကို ကြေညာပါမယ်။ တရားစွဲဆိုမှုမှာ ပါဝင်သူတွေအားလုံး ဥပဒေနဲ့ စည်းကမ်းချက်တွေကို တိကျစွာ လိုက်နာရမှာဖြစ်ပြီး တရားခွင်ရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရပါမယ်။ တရားခွင်အတွင်း ဆူညံတာ၊ အနှောင့်အယှက်ပေးတာတွေကို လုံးဝခွင့်မပြုပါဘူး။ စကားပြောဆိုတာ၊ ထွက်ဆိုတာနဲ့ လျှောက်လဲချက်ပေး ငြင်းခုံတာတွေ မှန်သမျှက တရားသူကြီးရဲ့ ခွင့်ပြုချက်ရမှသာ လုပ်ဆောင်ရပါမယ်"

မှတ်တမ်းတင်သူက တရားခွင်တစ်ဝိုက်ကို တစ်ချက်ကြည့်လိုက်ပြီး "ယခု... တရားစီရင်မှုကို စတင်ပါတော့မယ်။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၃၇၊ အပိုဒ် ၁ အရ တရားရုံးစည်းကမ်းတွေက……

၁။ တရားစွဲဆိုမှုမှာ ပါဝင်သူတွေအနေနဲ့ မေးခွန်းထုတ်ဖို့ လိုအပ်ရင် တရားသူကြီးရဲ့ ခွင့်ပြုချက်ကို အရင်ဆုံး ရယူရပါမယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးတွေကိုပဲ အသုံးပြုရမှာဖြစ်ပြီး ဘယ်သူ့ကိုမဆို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်စော်ကားတာမျိုး လုံးဝ ခွင့်မပြုပါဘူး...

၂။ ...

၃။ ...

တရားသူကြီးချုပ်နဲ့ တရားသူကြီးများ... ခုံရုံးမှာ နေရာယူပေးကြပါရန်"

အားလုံး မတ်တပ်ရပ်လိုက်ကြသည်။

တရားသူကြီးချုပ်နှင့် တရားသူကြီးများ ခုံရုံးတွင် နေရာယူလိုက်ကြသည်။

တရားရုံးချုပ်၏ တရားသူကြီးချုပ်မှာ ရှန်ကျားရွှေဖြစ်သည်။

ရှန်ကျားရွှေက တရားခွင်ကို တူနှင့်ခေါက်ကာ "တိတ်ဆိတ်ကြပါ။ အားလုံး နေရာယူကြပါ" ဟု အမိန့်ပေးလိုက်သည်။

လူတိုင်း နေရာယူလိုက်ကြသည်။

တရားသူကြီးချုပ်က တရားလိုဘက်မှ ရှေ့နေများကို ကြည့်ကာ "ပထမအကြိမ် စီရင်ချက်ရဲ့ အခြေအနေတွေ ကို တစ်ကြိမ်ထပ်ရှင်းပေးပါ" ဟု ပြောလိုက်သည်။

တရားလိုရှေ့နေက စပြောလိုက်သည်။

"ပထမအကြိမ် တရားစီရင်တုန်းက... တရားခံ ဝမ်ယုံချန်က သူ့ဇနီး ဆွန်ယန်မုန်နဲ့ လျိုဗျောင်တို့ ဖောက်ပြန်နေတာကို သိသွားပြီးနောက်မှာ... ဒေါသအလျောက် ရည်ရွယ်ချက်ရှိရှိနဲ့ လူသတ်မှုကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

သူကသေဆုံးသူ လျိုဗျောင်ကို ကတ်ကြေးနဲ့ ဆယ်ချက်မက ရက်ရက်စက်စက် ထိုးသွင်းပြီး အသက်ပျောက်တဲ့အထိ လုပ်ခဲ့တာပါ။

ဒါကြောင့်လည်း ရည်ရွယ်ချက်ရှိရှိ လူသတ်မှုမြောက်ပြီး ပထမအကြိမ်မှာတင် သေဒဏ် အမိန့်ချမှတ်ခြင်း ခံခဲ့ရတာပါ"

တရားသူကြီးချုပ် ခေါင်းညိတ်လိုက်ပြီး တရားလိုဘက်မှရှေ့နေ ဟန်ဇီမင်းဘက်သို့ လှည့်ကာ "တရားလိုရှေ့နေရဲ့ တောင်းဆိုချက်ကို တင်ပြပါ" ဟု ဆိုသည်။

ဟန်ဇီမင်းက "ကျွန်တော်တို့ရဲ့ တောင်းဆိုချက်က ရှင်းပါတယ်။ အသက်ကို အသက်နဲ့ ပြန်ပေးဆပ်ရမယ်။ ဝမ်ယုံချန်ကို သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်။

ဝမ်ယုံချန်ရဲ့ဇနီး ဆွန်ယန်မုန်က လျိုဗျောင်နဲ့ အကြိမ်ကြိမ် ဖောက်ပြန်ခဲ့တာပါ။

ဝမ်ယုံချန်က ဒါကို သိရှိသွားတဲ့အခါ ဒေါသအလျောက် လျိုဗျောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုပါပဲ။

လျိုဗျောင်က ဝမ်ယုံချန်ရဲ့ဇနီးနဲ့ ဖောက်ပြန်တာဟာ ကိုယ်ကျင့်တရားအရသာ မှားယွင်းတာဖြစ်ပြီး ဥပဒေအရ မဟုတ်ပါဘူး။

ဝမ်ယုံချန်က လူသတ်မှု ကျူးလွန်ခဲ့တာကတော့ ပြတ်သားတဲ့ အချက်အလက်ဖြစ်တဲ့အတွက် သူ့ကို ချက်ချင်း သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်" ဟု ပြောသည်။

ထို့နောက် တရားလိုရှေ့နေက ဆက်လက်ပြောသည်။

"ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ် ၃ နာရီ ၃၅ မိနစ်မှာ ဝမ်ယုံချန်က ကတ်ကြေးကို အသုံးပြုပြီး လျိုဗျောင်ကို သတ်ဖြတ်ခဲ့တာပါ။

လုပ်ကြံရတဲ့ ရည်ရွယ်ချက်က ရှင်းသလို လုပ်ဆောင်တဲ့နည်းလမ်းကလည်း ရိုးရှင်းပါတယ်။ ဝမ်ယုံချန်က အလင်းဝင်လာခဲ့ပေမဲ့ ဒီလူသတ်မှုအတွက် နောင်တရတဲ့ အရိပ်အယောင် လုံးဝမပြပါဘူး။

ဒါကြောင့် သူ့ကို သေဒဏ်ချမှတ်ဖို့ တောင်းဆိုပါတယ်"

တရားလိုဘက်မှ ရှေ့နေများနှင့် အဖွဲ့အစည်းများအားလုံးက ဝမ်ယုံချန်ကို သေဒဏ်ပေးရန် တညီတညွတ်တည်း တောင်းဆိုလိုက်ကြသည်။

ဝမ်ယုံချန်မှာ သေချာပေါက် သေဒဏ်ကျတော့မည့် အခြေအနေ ဖြစ်သည်။

အထူးသဖြင့် ဝမ်ယုံချန်က နောင်တမရကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေသည်။

အင်တာနက်အသုံးပြုသူများမှာ ဂူချန်ကိုသာ စိုးရိမ်တကြီး ငေးကြည့်နေကြသည်။

ဂူချန် ဘာပြောမလဲ မသိဘူး…..

တရားသူကြီးချုပ် ရှန်ကျားရွှေက ဂူချန်ဘက်သို့ လှည့်ကြည့်ကာ "တရားခံရှေ့နေဘက်က တင်ပြစရာရှိတာကို ပြောနိုင်ပါပြီ" ဟု ဆိုသည်။

ဂူချန်က မတ်တပ်ရပ်ကာ တည်ငြိမ်စွာပင် "တရားသူကြီးချုပ်ခင်ဗျား ကျွန်တော့်အမြင်ကတော့ တော်တော်လေး ရိုးရှင်းပါတယ်။ ကျွန်တော် ပြောစရာ စကားလုံးအနည်းငယ်ပဲ ရှိပါတယ်"

"ကျွန်တော် ယုံကြည်တာကတော့ တရားခံ ဝမ်ယုံချန်က အပြစ်မရှိပါဘူး။ ဝမ်ယုံချန်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တရားရုံးကို တောင်းဆိုပါတယ်။ ဒါ့အပြင် လျိုယာကျွင်းအနေနဲ့ ဝမ်ယုံချန်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု၊ ဆေးကုသစရိတ်၊ လုပ်ခလစာဆုံးရှုံးမှုနဲ့ အခြားသော ကုန်ကျစရိတ်တွေအတွက် ခြောက်သိန်း ၆၀၀,၀၀၀ ယွမ် လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်" ဟု အသံမာမာဖြင့် ကြေညာလိုက်သည်။

All Chapters