အခန်း ၄၁
Vol. 4 Ch. 41
အခန်း။ ၄၁
[ဝိုး... ဝမ်ယုံချန် သူ့ကို သတ်လိုက်တာ မှန်တယ်]
[ငါသာ ဝမ်ယုံချန်နေရာမှာဆိုရင်လည်း ဒီအတိုင်းပဲ လုပ်မှာ။ လျိုဗြောင်က ခွေးတစ်ကောင်လို ချည်နှောင်ပြီး ကိုယ့်မိန်းမကို မုဒိမ်းကျင့်နေတာကို ဘယ်ယောကျာ်းက သည်းခံနိုင်မှာလဲ။ တကယ်လုပ်သင့်တာကို လုပ်ခဲ့တာပဲ]
[ဝမ်ယုံချန် တကယ်တော်တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်းပဲ။ ဘာပြဿနာရှိလို့လဲ]
[လျိုဗြောင်က ဓားတောင် ထုတ်သေးတာပဲ။ အဲဒီဓားနဲ့ သူ ဘာလုပ်မလို့လဲ။ ပန်းသီးလှီးမလို့တော့ မဟုတ်လောက်ဘူးနော်။ ဝမ်ယုံချန်ကို သတ်ဖို့ ကြံရွယ်တာပဲ။ ဝမ်ယုံချန်က ပြန်ခုခံတာလေ တကယ် မှန်ကန်တဲ့ လုပ်ရပ်ပဲ]
[ဝမ်ယုံချန်ဆိုတာ တကယ့် ယောကျာ်းသားပဲ။ နောက်ဆုံးလုပ်ရပ်က တကယ်ကို ရဲရင့်တယ် ဒါပေမဲ့ ဒီမြင်ကွင်းကို ပြတဲ့အခါတော့ ဆင်ဆာဖြတ်ဖို့ လိုလိမ့်မယ်]
အွန်လိုင်းမှ ကြည့်ရှုသူများအားလုံး ဝမ်ယုံချန်ဘက်မှ အပြည့်အဝ ရပ်တည်ပေးနေကြသည်။ ဝမ်ယုံချန်၏ ပြန်လည်ခုခံသတ်ဖြတ်မှုတွင် အမှားအယွင်းမရှိဘူးဟု သူတို့ ယုံကြည်နေကြသည်။
ဖန်တဥပဒေရုံးတွင် ရွှယ်ချင်းချင်းက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ "ကျွန်မ ပြောသားပဲ ဂူချန် တော်တယ်ဆိုတာ သူ တကယ်ပဲ အထောက်အထားကို ရှာတွေ့သွားပြီ။ အခုဆိုရင် ဝမ်ယုံချန်ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့တာဆိုတာ သက်သေပြလို့ရပြီ။ အနည်းဆုံးတော့ တမင်ရည်ရွယ်ချက်ရှိရှိ လူသတ်မှု မဟုတ်တော့ဘူး။ အမလေး... ဂူချန်က တကယ်ပဲ အလုပ်သင်ရှေ့နေ ဟုတ်ရဲ့လား။ ရဲတောင် မတွေ့ခဲ့တဲ့ Dashcam ကို သူရှာတွေ့သွားတာ ရဲတွေထက်တောင် အမှုလိုက်တာ ပိုတော်နေပြီ"
ရွှယ်ချင်းချင်းက ကောင်းရုန်ကို ကြည့်ကာ "အခုဆိုရင် ခုခံကာကွယ်ခြင်းဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပြဿနာ မရှိတော့ဘူးမလား" ဟု မေးသည်။
ကောင်းရုန်က ခေါင်းခါရင်း "မသေချာသေးဘူး။ ဒါက ဓားရှိတယ်ဆိုတာကိုပဲ သက်သေပြနိုင်တာ၊ ခုခံကာကွယ်ခြင်းဆိုတာကို တိုက်ရိုက် သက်သေမပြနိုင်သေးဘူး။ ဒါပေမဲ့ ဒီအဆင့်အထိ ရောက်အောင် လုပ်နိုင်တဲ့ ဂူချန်ကိုတော့ လေးစားရမယ်" ဟု ပြောလိုက်သည်။
ရဲတပ်ဖွဲ့တောင် ရှာမတွေ့ခဲ့သည့် အထောက်အထားကို ဂူချန် ရှာတွေ့သွားလိမ့်မည်ဟု ကောင်းရုန် လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သို့သော် ၎င်းသည် ခုခံကာကွယ်ခြင်း မြောက်မမြောက်ဆိုသည်မှာ နောက်ထပ်အဆင့်တစ်ခု ဖြစ်သည်။
ဗီဒီယိုတစ်ခုရှိရုံဖြင့် မလုံလောက်သေးပေ။
အကြောင်းမှာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခြင်းဆိုသည်မှာ တိုက်ခိုက်မှု ဖြစ်ပွားနေချိန်တွင် အသက်အန္တရာယ် ချက်ချင်းကြုံတွေ့နေမှသာ ဖြစ်သောကြောင့်ပင်။
လျိုဗြောင်က ဝမ်ယုံချန်ကို ထိခိုက်အောင် မလုပ်ဆောင်ရသေးခင်မှာပင် ဝမ်ယုံချန်က အရင်ထိုးသွင်းခဲ့ခြင်းဖြစ်၍ ကောင်းရုန် မျက်မှောင်ကြုတ်မိသည်။
ဤအမှုကို အလွန်အကျွံ ခုခံခြင်းသို့မဟုတ် ပေါ့ဆမှုကြောင့် လူသတ်မှုအဖြစ်သာ သတ်မှတ်နိုင်ဖွယ်ရှိသည်။
ဆိုလိုသည်မှာ ဝမ်ယုံချန်အတွက် အကောင်းဆုံးရလဒ်မှာ သေဒဏ်မှ လွတ်မြောက်ခြင်းသာ ဖြစ်နိုင်သည်။
သို့သော်လည်း တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် နှစ်နှစ်ဆယ်ခန့် ကျခံရနိုင်သေးသည်။
အပြစ်မှ လုံးဝ ကင်းလွတ်ခွင့် ရဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက် ခက်ခဲသည်။
ကောင်းရုန်က "ဒီအမှုမှာ ဂူချန်သာ တကယ်လို့ အပြစ်ကနေ ကင်းလွတ်ခွင့်ရအောင် ခုခံနိုင်မယ်ဆိုရင် သူက တကယ့်ကို ထူးချွန်တဲ့သူပဲ။ သာမန်ရှေ့နေတွေထက် သာလွန်နေတယ်" ဟု သုံးသပ်သည်။
အနီးတွင် လက်ဖက်ရည်သောက်ရင်း နားထောင်နေသော ရွှယ်ယောက်ထင်က ပြုံးလျက် "ဆက်ကြည့်ကြတာပေါ့။ အထောက်အထားကတော့ ရပြီ။ အခုကတော့ ဂူချန်ရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်တော့တယ်" ဟု ပြောလိုက်သည်။
....
တရားခွင်အတွင်း ရှေ့နေချုပ်က "ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာက ဒါက ခုခံကာကွယ်ခြင်း မမြောက်ဘူးလို့ ယုံကြည်ပါတယ်။ အကြောင်းရင်းက ရိုးရှင်းပါတယ်။ ဟွာရှားရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀အရ နိုင်ငံတော် အများပြည်သူ၊ တစ်ဦးတစ်ယောက်ရဲ့ အသက်၊ ခန္ဓာကိုယ်၊ ပစ္စည်းဥစ္စာတို့ကို ဥပဒေပြင်ပ ကျူးကျော်တိုက်ခိုက်မှုမှ ကာကွယ်ရန် လုပ်ဆောင်သော ခုခံမှုများကသာ တရားဝင် ခုခံကာကွယ်ခြင်း ဖြစ်ပြီး ပြစ်မှုမမြောက်တာပါ"
"ဒါပေမဲ့လည်း... တရားဝင် ခုခံကာကွယ်ခြင်းက လိုအပ်တဲ့ ကန့်သတ်ချက်ထက် သိသိသာသာ ကျော်လွန်သွားပြီး ထိခိုက်မှုကြီးမားစွာ ဖြစ်ပေါ်စေခဲ့ရင် ပြစ်မှုဆိုင်ရာ တာဝန်ယူရမှာ ဖြစ်ပေမဲ့... ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်း ပြုနိုင်တယ်လို့ ဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင်... အသက်အန္တရာယ်ကို ပြင်းထန်စွာ ခြိမ်းခြောက်နေတဲ့ ရိုက်နှက်မှု၊ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းကျင့်မှုနဲ့ ပြန်ပေးဆွဲမှုလိုမျိုး... အကြမ်းဖက် ရာဇဝတ်မှုတွေကို ခုခံကာကွယ်တဲ့နေရာမှာတော့ ကျူးလွန်သူကို ဘယ်လိုပဲ ထိခိုက်မှု ဖြစ်စေခဲ့ပါစေ... ဒါက အလွန်အကျွံ ခုခံခြင်း မမြောက်သလို ဘယ်လိုပြစ်မှုမျိုးမှလည်း လုံးဝ မမြောက်ပါဘူးခင်ဗျာ"
"CCTV ဗီဒီယိုမှတ်တမ်းအရ လျိုဗြောင်က ဓားကို ထုတ်လိုက်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီဓားက ဝမ်ယုံချန်ကို တကယ်ပဲ ထိုးခဲ့တာလား"
"အခုအချိန်အထိတော့ လျိုဗြောင်က ဓားကို ထုတ်ရုံပဲ ထုတ်ခဲ့တာပါ။ ဝမ်ယုံချန်ကို ကိုယ်တိုင် ထိခိုက်အောင် မလုပ်ဆောင်ရသေးဘူး။ ဝမ်ယုံချန်က လျိုဗြောင်ကို ချက်ချင်း ထိုးသတ်ခဲ့တာက အလွန်အကျွံ ခုခံခြင်းပါ။ ကျွန်တော့်အမြင်အရတော့ ဒါက ရည်ရွယ်ချက်ရှိရှိ လူသတ်မှုပါပဲ"
"လျိုဗြောင်က ဓားကိုင်ထားရုံနဲ့ သူက လူသတ်မယ့်သူ ဖြစ်သွားတာလား။ ဝမ်ယုံချန်ကို ဓားနဲ့ တိုက်ခိုက်မယ်လို့ ရည်ရွယ်ချက် ရှိရဲ့လား"
"ဥပမာပေးရရင် လူတစ်ယောက်က ငါးဈေးသွားတယ်။ ငါးရောင်းသူက ငါးသတ်ဖို့ ဓားကို ကိုင်လိုက်တဲ့အချိန်မှာ ဝယ်သူက ငါးရောင်းသူ ဓားကိုင်တာကို မြင်ပြီး ငါးရောင်းသူကို ထိုးသတ်လိုက်မယ်ဆိုရင် ဒါကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခြင်းလို့ ခေါ်လို့ရမလား"
"လျိုဗြောင်က ဓားကို ငါးသတ်ဖို့ သို့မဟုတ် တခြားတစ်ခုခုအတွက် ကိုင်လိုက်တာလည်း ဖြစ်နိုင်တာပဲ။ ဝမ်ယုံချန်ကတော့ သတ်လိုတဲ့ စိတ်နဲ့ တမင်သက်သက် ထိုးခဲ့တာ ဖြစ်တဲ့အတွက် ဒါက လူသတ်မှုပဲ။ ဝမ်ယုံချန်ကို သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော့် လျှောက်လဲချက် ပြီးပါပြီ"
ရှေ့နေချုပ်၏ စကားများကြောင့် ပရိသတ်များ၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ပျောက်ကွယ်သွားရသည်။
ကောင်းရုန်က ဤအမှုကို ခုခံကာကွယ်ခြင်းဟု သတ်မှတ်ရန် ခက်ခဲသည်ဟု ပြောခဲ့သည့်
အကြောင်းရင်းမှာလည်း ထိုအချက်ကြောင့်ပင်။
ရာဇဝတ်ကျင့်ထုံးဥပဒေအရ အသက်အန္တရာယ်ကို ချက်ချင်း ခြိမ်းခြောက်နေသည့် လုပ်ရပ်ရှိမှသာ ခုခံကာကွယ်ခြင်း မြောက်နိုင်သောကြောင့်ပင်။
လျိုဗြောင်က ဓားကို ကိုင်ထားရုံပဲ ရှိသေးတာ...
ဘာတိုက်ခိုက်မှုမှတောင် မလုပ်ရသေးခင် ဝမ်ယုံချန်က အရင်ဦးအောင် ထိုးလိုက်တာကိုဘယ်လိုလုပ်ပြီး တရားဝင် ခုခံကာကွယ်ခြင်းလို့ ခေါ်နိုင်မှာလဲ။
ဒါကြောင့်ပဲ ရှေ့နေချုပ်က ဒါက လူသတ်မှုပဲလို့ အခိုင်အမာ ဇွတ်အတင်း စွပ်စွဲနေတာပေါ့။
ကျောက်ခေတ်မဟုတ်ဘဲ ဒီဘက်ခေတ်မှာ ဗီဒီယို အထောက်အထားကြီး အထင်အရှား ရှိနေတာတောင်မှ နောက်ဆုံးရလဒ်က ဘာမှ ထူးခြားမလာတော့ဘူးလား။
တကယ်လို့သာ လူသတ်မှုမြောက်သွားရင်တော့ ဝမ်ယုံချန်တစ်ယောက် သေချာပေါက် သေဒဏ် ကျခံရနိုင်သေးတယ်...
ထိုအခိုက်တွင် ဂူချန်က လက်မြှောက်ကာ ပြောဆိုခွင့် တောင်းလိုက်သည်။
"ရှေ့နေချုပ်ရဲ့ လျှောက်လဲချက်က တကယ့်ကို ရယ်စရာကောင်းလွန်းလှပါတယ်"
"လျိုဗြောင်က ဓားကို ထုတ်လိုက်တာက ဝမ်ယုံချန်ကို အန္တရာယ် မပေးသေးဘူးလား။ သူက ဝမ်ယုံချန်ကို ဓားနဲ့ ထိုးမှပဲ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ရမှာလား"
"ရှေ့နေချုပ်ခင်ဗျာ... ကျွန်တော် မေးခွန်းတစ်ခု မေးပါရစေ။ အသက်အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ဓားကိုင်ပြီး သတ်ဖို့ ကြိုးစားနေတယ်ဆိုရင် ခင်ဗျား ဘယ်နှစ်
ချက်လောက် အထိုးခံလိုက်မှ ခင်ဗျား ခုခံနိုင်မှာလဲ။ တစ်ချက်အထိုးခံပြီးမှ ပြန်ခုခံနိုင်မယ်လို့ ထင်တာလား"
ရှေ့နေချုပ် စကားမပြောနိုင်ဘဲ ငြိမ်သက်သွားသည်။
ဂူချန်က ဆက်ပြောသည်။
"တစ်ချက်ပဲဆိုရင်တောင်…..အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ကို တစ်ချက်လောက် ထိုးလိုက်ရင်တင် သူ လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး။ ခုခံနိုင်တော့မှာ မဟုတ်ဘူး ဒါ့အပြင် လျိုဗြောင်က ဝမ်ယုံချန်ထက် ပိုသန်မာတယ်။
တကယ်လို့ လျိုဗြောင်သာ အရင်စထိုးခဲ့ရင် ဝမ်ယုံချန် အသက်ရှင်နိုင်ဦးမလား။
လျိုဗြောင်သာ အရင်လှုပ်ရှားခဲ့ရင် ဝမ်ယုံချန်မှာ ပြန်ခုခံဖို့ အခွင့်အရေး လုံးဝ ရှိမှာ မဟုတ်ဘူး"
"ငါးရောင်းသူ ဥပမာနဲ့ ပတ်သက်ပြီးတော့ ရှေ့နေချုပ်က အကြောင်းအရာတွေကို လွဲမှားစွာ ယှဉ်ပြနေတာပါ။ ငါးဈေးမှာက ဝယ်သူနဲ့ ရောင်းသူကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ ဒါပေမဲ့ လျိုဗြောင်နဲ့ ဝမ်ယုံချန်ကြားမှာတော့ ရန်ငြိုးကြီးကြီး ရှိနေတာပါ"
"ဗီဒီယို မရိုက်ကူးခင် မိနစ်အနည်းငယ်ကမှ လျိုဗြောင်က ဝမ်ယုံချန်ရဲ့ ခွေးကို အဲဒီဓားနဲ့ သတ်ခဲ့တာ။
လျိုဗြောင်က ဝမ်ယုံချန်ရဲ့ ဇနီးကို မုဒိမ်းကျင့်ခဲ့တာ။
သူက မုဒိမ်းကောင်ဖြစ်သလို အကြမ်းဖက်သမားတစ်ယောက်ပါ။
အဲဒီလိုလူက ဓားကိုင်ပြီး ခင်ဗျားကို သတ်မယ်လို့ ခြိမ်းခြောက်နေရင် ခင်ဗျားက သူအရင် လာထိုးခံရတဲ့အထိ စောင့်နေရမှာလား"
"ငါးရောင်းသူက ဓားကိုင်တာ ပုံမှန်ပဲ။ ဒါပေမဲ့ ရှေ့နေချုပ်ခင်ဗျာ... လျိုဗြောင်က ရာဇဝတ်ကောင်၊ မုဒိမ်းကျင့်ထားသူ၊ ဝမ်ယုံချန်ရဲ့ ခွေးကို သတ်ထားသူပါ။ သူက အဲဒီဓားနဲ့ ငါးသတ်ဖို့ပဲ ရည်ရွယ်တယ်လို့ ခင်ဗျား တကယ် ယုံကြည်နေတာလား"
"ရာဇဝတ်ကောင်တစ်ယောက်က ဓားကိုင်လိုက်ပြီဆိုရင်ပဲ ဝမ်ယုံချန်ရဲ့ အသက်အန္တရာယ်ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေတာပါ"
"ကျွန်တော် အယူအဆတစ်ခု ပြောပါရစေ။ အဓိပ္ပာယ်မရှိတဲ့ ဥပမာတစ်ခုပါပဲ။ တစ်နေ့နေ့မှာ ရှေ့နေချုပ်သာ ဓားကိုင်ထားတဲ့ ရာဇဝတ်ကောင်တစ်ယောက်ရဲ့ ဓားစာခံ ဖြစ်သွားတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ရဲတွေအားလုံး ရောက်နေတယ်"
"ရှေ့နေချုပ်အနေနဲ့ ဘာကို ရွေးမလဲ။ ရဲတွေက ရာဇဝတ်ကောင်ကို ချက်ချင်း ပစ်သတ်တာကို လိုလားသလား ဒါမှမဟုတ် အဲဒီ ရာဇဝတ်ကောင်က ခင်ဗျားကို အရင်ထိုးပြီးမှ ရဲတွေက ပစ်သတ်တာကို လိုလားသလား"
"ဘာပဲဖြစ်ဖြစ် ရာဇဝတ်ကောင်က ဓားကိုင်ထားတာပဲလေ သူက ငါးသတ်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်တာပဲ မဟုတ်လား"
ဂူချန်၏ စကားလုံးများကြောင့် ရှေ့နေချုပ်မှာ စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ငြိမ်သက်သွားသည်။
အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း အံ့အားသင့်သွားကြသည်။
ရှေ့နေတစ်ယောက်အနေဖြင့် ဂူချန်၏ တရားခွင်အတွင်း လျှောက်လဲမှုမှာ တကယ့်ကို ပြင်းထန်လွန်းလှသည်။