အခန်း ၄၄
Vol. 4 Ch. 44
အခန်း။ ၄၄
တရားသူကြီးက စီရင်ချက်ကို ချမှတ်နေချိန်တွင် နောက်ဆုံးရလဒ်မှာ မည်သို့ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။
ဂူချန်အနေဖြင့်လည်း သူတတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့ပြီးဖြစ်သည်။
တရားသူကြီး ရှန်ကျားရွေက စီရင်ချက်ကို ဆက်လက်ဖတ်ကြားသည်။
"လျိုယာကျွင်းနဲ့ ရှီးရှန်းရွာက ရွာသား ၂၀ ကျော်တို့ရဲ့ တရားမဝင် ငွေတိုးချေးစားခြင်း လုပ်ငန်းက စုစုပေါင်း ယွမ် ၁၀ သန်းကျော်အထိ ရှိခဲ့ပြီး ကြီးလေးတဲ့ ရာဇဝတ်မှု မြောက်ပါတယ်။
ဒါကြောင့် ဟွာရှား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၇၅ အရ သူတို့အားလုံးကို ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်လိုက်တယ်။
ရှီးရှန်းမီဒီယာရဲ့ အကြီးအကဲ လျူဂျင်ချန်ဟာလည်း လာဘ်ပေးလာဘ်ယူမှုတွေ ပြုလုပ်ခြင်း၊ သတင်းမှားတွေ ဖြန့်ဝေခြင်းတို့ကြောင့် ထောင်ဒဏ် ၇ နှစ် တိတိ ချမှတ်လိုက်တယ်။
ရှီးရှန်းမီဒီယာကိုလည်း ယွမ် ၃၀,၀၀၀ ဒဏ်ငွေရိုက်ပြီး လုပ်ငန်းတွေကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ခိုင်းမှာပါ။
လျိုယာကျွင်းနဲ့ ရှီးရှန်းရွာသား ၁၉ ဦးတို့က လူအများအပြားကို အကြိမ်ကြိမ် အနိုင်ကျင့်ခြင်း၊ အကြမ်းဖက် ငွေတောင်းခံခြင်းတွေ ပြုလုပ်ခဲ့တဲ့အပြင် လူသေဆုံးမှုတွေအထိ ဖြစ်ပေါ်စေခဲ့တယ်။
ဝမ်ယုံချန်ရဲ့ အမှုမှာလည်း အမှန်တရားကို တမင်ဖုံးကွယ်ခြင်း၊ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ဟန့်တားခြင်း၊ ဝမ်ရှောင်မုန်းကို ပြန်ပေးဆွဲပြီး ဆွန်ယန်မုန်ကို ရက်ရက်စက်စက် ခြိမ်းခြောက်ခြင်းတို့အတွက် တရားခံ လျိုယာကျွင်းကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်တယ်။
သူပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းအားလုံးကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရမယ်"
လျိုယာကျွင်းမှာ အသက် ၆၀ နီးပါး ရှိနေပြီဖြစ်သဖြင့် ဤတစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှာ သူထောင်ထဲမှ ပြန်လွတ်လာတော့မည် မဟုတ်ကြောင်းကို ဆိုလိုခြင်းပင်။
အွန်လိုင်းမှ ပရိသတ်များမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။
[အမလေး... တကယ်ကောင်းတဲ့ စီရင်ချက်ပဲ တစ်သက်တစ်ကျွန်းတဲ့]
[လျိုယာကျွင်း ထောင်ထဲ ရောက်သွားပြီ။ သူတို့လို လူမျိုးတွေကို သေဒဏ်ပေးသင့်တာ။ တကယ်ကို ယုတ်မာလွန်းတယ်]
[ဒီလိုလူမျိုးတွေအတွက် တစ်သက်တစ်ကျွန်းတောင် နည်းနေသေးတယ်]
[ဂူချန် တကယ်တော်တယ်။ လျိုယာကျွင်းလို လူမျိုးကို အပြစ်ပေးနိုင်ခဲ့ပြီ]
ထို့နောက် တရားသူကြီး ရှန်ကျားရွေက ဝမ်ယုံချန်၏ အမှုကို ဆက်လက် ကြေညာသည်။
"ဝမ်ယုံချန်က လျိုဗြောင်ကို သတ်ဖြတ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး... လျိုဗြောင်က ဆွန်ယန်မုန်ကို ရက်ရက်စက်စက် မုဒိမ်းကျင့်ခဲ့ခြင်း၊ မိသားစုဝင်တွေကို အကြမ်းဖက် ရိုက်နှက်စော်ကားခဲ့ခြင်းတို့ကြောင့် လျိုဗြောင်ရဲ့ မိသားစုအနေနဲ့ ဝမ်ယုံချန်နဲ့ ဆွန်ယန်မုန်တို့ထံ ဆေးဝါးကုသစရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေး စုစုပေါင်း ယွမ် ၂၃၈,၀၀၀ တိတိ ပေးလျော်စေဖို့ စီရင်ချက်ချမှတ်လိုက်တယ်။
ဟွာရှား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၀ အရ... ဝမ်ယုံချန်ရဲ့ လုပ်ရပ်က တရားခံလျိုဗြောင် ဓားကိုင်ဆောင်ထားတဲ့ အရေးပေါ်အချိန်မှာ ကိုယ့်ကိုကိုယ် ပြန်လည်ခုခံခဲ့ခြင်း ဖြစ်တာမို့ တရားဝင် ခုခံကာကွယ်ခြင်းမြောက်ပါတယ်။
ဒါကြောင့် တရားရုံး အယူခံအဖွဲ့အနေနဲ့ ဝမ်ယုံချန်အပေါ် ပြစ်မှုထင်ရှားစီရင်ခြင်း လုံးဝ မပြုတော့ဘဲ သူ့အပေါ် ချမှတ်ထားခဲ့တဲ့ ပထမအကြိမ် စီရင်ချက်အားလုံးကို အပြီးအပိုင် ပယ်ဖျက်ပြီး ဝမ်ယုံချန်မှာ လုံးဝ အပြစ်မရှိကြောင်းတစ်ကမ္ဘာလုံးသိအောင် တရားဝင် ကြေညာလိုက်တယ်..."
ဒုတ်…ဒုတ်…ဒုတ်…..
တရားရုံးက စီရင်ချက် ချမှတ်လိုက်ပြီဖြစ်သည်။
ဝမ်ယုံချန်မှာ အပြစ်ကင်းစင်သွားပြီဖြစ်ကာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခြင်းသည် ဝမ်ယုံချန် လွတ်မြောက်သွားပြီဟု ဆိုလိုခြင်းပင်။
လျိုဗြောင်၏ မိသားစုပိုင် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အဆိုပါ နစ်နာကြေး ယွမ် ၂၃၈,၀၀၀ ကို ဝမ်ယုံချန် မိသားစုသို့ ဦးစားပေး လျော်ကြေးပေးမည်ပင်။
ဝူခယ်ရှင်းက ဘေးမှ ဆွန်ယန်မုန်ကို လက်ဟန်ဖြင့် ပြောပြသည်။
ဆွန်ယန်မုန်မှာ ဝမ်းသာလွန်း၍ မယုံနိုင်အောင် ဖြစ်နေရသည်။
အပြစ်မရှိဘူးတဲ့။ ငါ့ယောကျာ်းမှာ အပြစ်မရှိဘူးတဲ့။
သူမ အမြဲတမ်း ကြောက်ရွံ့နေခဲ့ရသည့် သေဒဏ် အမိန့်မှ လွတ်မြောက်သွားပြီ ဖြစ်သည်။
တရားရုံး၏ စီရင်ချက်မှာ ပြီးဆုံးသွားပြီဖြစ်ကာ ထိုအမှုမှာလည်း အောင်မြင်စွာ ပိတ်သိမ်းသွားခဲ့ပြီဖြစ်သည်။
လျိုယာကျွင်းနှင့် ရှီးရှန်းရွာမှ ရွာသားများအားလုံးကို ထိန်းသိမ်းရန် ခေါ်ဆောင်သွားခဲ့ကြသည်။
ထိုအချိန်တွင် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှာ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားသည်။
ဂူချန်သည် နောက်ထပ်အမှုတစ်ခုတွင်လည်း ထပ်မံ အနိုင်ရရှိခဲ့ပြီဖြစ်သည်။
ဝမ်ယုံချန်မှာ အပြစ်ကင်းစင်သွားပြီး တရားခွင်မှ ချက်ချင်း ပြန်လည် လွတ်မြောက်လာခဲ့သည်။
[အမလေး... ကြက်သီးတောင် ထသွားတယ်။ ဝမ်ယုံချန် အပြစ်မရှိဘူးတဲ့။ ရှေ့နေဂူချန် တကယ့်ကို ထိပ်တန်းပဲ။ ဒါကိုများ အလုပ်သင်ရှေ့နေလို့ ခေါ်ဦးမှာလား။ တရားလိုကိုပါ ထောင်ထဲ ပို့လိုက်တာပဲ]
[ဘယ်လိုလုပ် အလုပ်သင်ရှေ့နေ ဖြစ်နိုင်မှာလဲ။ တကယ်ကို ထူးချွန်လွန်းတယ်။ ဝမ်ယုံချန်ကို တကယ်ပဲ အပြစ်မရှိဘူးလို့ ဆုံးဖြတ်လိုက်တယ် အရမ်းမိုက်တယ်]
[ဂူချန် တကယ်တော်တယ် ဒီလောက်တော်တဲ့ ရှေ့နေမျိုးကို တစ်ခါမှ မမြင်ဖူးဘူး၊ အလုပ်သင်ရှေ့နေဆိုတာ မယုံတော့ဘူး]
[ဂူချန်က တရားလိုကို တိုက်ရိုက် ထောင်ပို့လိုက်တာပဲ။ လျိုယာကျွင်းကိုလည်း တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်တယ်]
လျိုယာကျွင်းကို ထောင်ထဲ ပို့လိုက်ပြီဖြစ်ကာ သူ၏ မျက်ဝန်းတို့တွင် မကျေနပ်မှုများ၊ နောင်တများဖြင့် ပြည့်နှက်နေသည်။
သူသည် တရုတ်နိုင်ငံ၏ ထိပ်တန်းရှေ့နေရုံးမှ ထိပ်တန်းရှေ့နေများကို ငှားရမ်းခဲ့သော်လည်း နောက်ဆုံးတွင် သူကိုယ်တိုင် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံရပြီး ဝမ်ယုံချန်မှာမူ အပြစ်ကင်းစင်သူ ဖြစ်လာခဲ့သည်။
သူ၏ ဘဝကျန်ရှိသမျှ အချိန်များကို ထောင်ထဲတွင်သာ ကုန်ဆုံးရတော့မည်ပင်။
မကြာမီပင် ဤသတင်းသည် Weibo တွင် လူကြိုက်အများဆုံး ခေါင်းစဉ်ဖြစ်လာခဲ့သည်။
ဂူချန်သည်လည်း တစ်ခါပြန်၍ နာမည်ကြီးလာပြန်သည်။
[တရားခံဘက်က ခုခံပေးရမယ့် ရှေ့နေက တရားလိုကိုပါ ထောင်ပို့လိုက်တယ်တဲ့လား]
[ဒါကတော့ တကယ့် ဥပဒေမဲ့မိုက်ရူးရဲပဲ။ ရှေ့နေဆိုတာ တရားခံကိုပဲ ကာကွယ်ပေးရမယ်လို့ ဘယ်သူပြောလဲ။ ဂူချန်ကတော့ တရားလိုရော တရားခွင်မှာ ထိုင်နေတဲ့သူတွေကိုပါ ထောင်ပို့လိုက်တာပဲ]
[တကယ့် ဥပဒေမဲ့မိုက်ရူးရဲပါပဲ။ ရှီးရှန်းရွာသားတွေကို အစုလိုက်အပြုံလိုက် ထောင်ပို့လိုက်တာပဲ]
[ဟားဟား... ဒီ ဥပဒေမဲ့မိုက်ရူးရဲကို သွားစ ရဲဦးမလား။ ရွာသားပေါင်း နှစ်ဆယ်နီးပါး ထောင်ကျသွားပြီ။ လျိုယာကျွင်းရဲ့ မိသားစုတစ်ခုလုံး ထောင်ကျသွားပြီ]
ဂူချန်သည် ဤတစ်ကြိမ်တွင် တကယ့်ကို နာမည်ကြီးသွားခဲ့သည်။
သူ၏ Weibo နှင့် Douyin အကောင့်များကို လူပေါင်းများစွာ Follow လုပ်လာကြသည်။
ဂူချန်ကို သူတို့၏ အမှုအခင်းများအတွက် ငှားရမ်းလိုသူများမှာလည်း ရေတွက်၍ မရတော့ပေ။
ဂူချန်၏ ဥပဒေရုံးမှာလည်း ချက်ချင်းပင် ရေပန်းစားလာခဲ့သည်။
လူတိုင်း သိကြသည့်အတိုင်း ဂူချန်သည် အမှုနှစ်ခုကိုသာ ကိုင်တွယ်ခဲ့သော်လည်း နှစ်ခုလုံးတွင် အောင်မြင်စွာ အနိုင်ရခဲ့သည်။
ပထမအမှုတွင် ပြိုင်ဘက်ရှေ့နေ၊ တရားသူကြီးနှင့် တရားခံအားလုံးကို ထောင်ပို့ခဲ့သည်။ ဒုတိယအမှုတွင် တရားလိုနှင့် တရားခွင်အတွင်းရှိသူအားလုံးကို ထောင်ထဲပို့ခဲ့သည်။
ဒီလောက်ထူးချွန်တဲ့ရှေ့နေ့မျိုးကို ဘယ်သူက မလေးစားပဲနေမှာလဲ။