← Chapters

အခန်း ၁၉၂၁

Vol. 129 Ch. 1921

အခန်း ၁၉၂၁

Vol. 129 Ch. 1921

အခန်း(၁၉၂၁) လီချန်းယွမ်နှင့် တစ်ကျော့ပြန် ဆုံစည်းခြင်း

စစ်မြေပြင်၌ ဤလူစု ရုတ်တရက် ကျူးကျော်ဝင်ရောက်လာမှုကြောင့် အခြေအနေတစ်ရပ်လုံး ပြောင်းပြန်လှန်ပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ အကယ်၍သာ ဤကျွမ်းကျင်သူများ စစ်မြေပြင်အတွင်းသို့ တစ်ဦးချင်းစီဝင်လာခဲ့လျှင် ခါသီးသော အဆုံးသတ်နှင့် ရင်ဆိုင်ရနိုင်သည့်တိုင် ယခုမူ အနည်းဆုံး စကြဝဠာအဆင့် သတ္တမအဆင့်ရှိသူများနှင့် ဖန်ဆင်းရှင်အဆင့်များအထိပါဝင်သည့် အင်အားကြီးအဖွဲ့လိုက်ဝင်ရောက်လာခြင်းဖြစ်၍ စစ်မြေပြင်၏ အခြေအနေမှာ တစ်ဆစ်ချိုးပြောင်းလဲသွားတော့သည်။

ဤကျွမ်းကျင်သူများ အတင်းအဓမ္မ ချီတက်လာကြသည့် လမ်းတစ်လျှောက်၌ လူအများ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကာ ၎င်းတို့က အလယ်ဗဟိုရှိ အက်ကွဲကြောင်းဆီသို့ တန်းတန်းမတ်မတ်ဦးတည်သွားကြသည်။

“သူတို့ကို တားကြစမ်း

တိုက်ပွဲဖြစ်နေသော နှစ်ဖက်စလုံးမှ လူများက ဤလူစုရောက်ရှိလာသည်ကို သတိထားမိကြသည်။ ၎င်းတို့က ယင်းကို ခန့်မှန်းထားပြီးဖြစ်၍ ကြိုတင်ပြင်ဆင်မှုများရှိပုံရသည်။ ချက်ချင်းပင် တုံ့ပြန်၍ ကျားကျော်လာသူများကို စတင် တိုက်ခိုက်ကြတော့သည်။

ဝုန်း

စစ်မြေပြင်တစ်ခုလုံး၌ ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွား၏။ အဆုံးမဲ့ပြင်းထန်သော လေလှိုင်းများက အရာအားလုံးကို ရိုက်ခွဲဖျက်ဆီးပစ်နိုင်သည့် လှိုင်းလုံးကြီးများဖြစ်ပေါ်လာစေသည်။ အချိန်မှီမတုံ့ပြန်နိုင်သော စကြဝဠဦအဆင့် ကျွမ်းကျင်သူအချိ့က “နတ်ဘုရားဖျက်ဆီးရေး’ လက်နက်များ၏ ထိုးဖောက်ခြင်း ခံရ၍ ပင်လယ်ထဲသို့ ပြုတ်ကျကုန်ကြသည်။

ဖန်ဆင်းရှင်အဆင့်များကမူ လျင်မြန်စွာ တုံ့ပြန်နိုင်ကြ၍ စစ်မြေပြင်ကို ဖြတ်ကျော်တိုးဝင်သွားကြသည်။ ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ ၎င်းတို့ကို အချိန်မှီတားဆီးရန် ကြိုးပမ်းသော နက်ရှိုင်းသည့် ပင်လယ်ပြင်မှ ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးများက လှိုင်းလုံးများကို စီးနင်းကာ ရောက်ရှိလာကြသော်လည်း အမှုန့်အမွှားများဖြစ်သည်အထိ ချက်ချင်း ဖျက်ဆီးခြင်းခံရလေသည်။ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသော ဤကျွမ်းကျင်သူများကို တားဆီးနိုင်မည့်သူမရှိပေ။

“ဖယ်စမ်း”

ချူးယွင်ဖန်းက အော်ဟစ်လျက် သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သောအခါ သူ့ကို တစ်ကိုက်တည်း ဝါးမြိုရန် အကြံဖြင့် ခုန်အုပ်လာသည့် ပင်လယ်နက်သားရဲကြီးမှာ တိုက်ရိုက်ပင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းတွင် ချူးယွင်ဖန်းက အနှိုင်းမဲ့သူဖြစ်သည်။ သူသည် ဤပင်လယ်နက်သားရဲကြီးများကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။ သားရဲကြီးကို သုတ်သင်ပြီးနောက် ချူးယွင်ဖန်းကလျှပ်စီးတစ်စင်းကဲ့သို့ ဟင်းလင်းပြင် အက်ကွဲကြောင်းအနီးသို့ရောက်သွားကာ ဦးဆောင်၍ အတွင်းသို့ ခုန်ဝင်သွားခဲ့သည်။

ခဏတာအတွင်း၌ပင် ချူးယွင်ဖန်းက အခြားသော အပြိုင်နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိသွား၏။ ထိုနယ်မြေကား တောင်တန်းနှင့် မြစ်ချောင်းများရှိသည့် နယ်မြေတစ်ခုဖြစ်ကာ အလွန်တရာ ထူထပ်သိပ်သည်းသော ဝိဉာဥ်စွမ်းအင်များရှိ၍ ကောင်းချီးပေးခံထားရသော မြေကဲ့သို့ ဆန်းကြယ်လှသည်။ အဝေးတစ်နေရာရှိ တောင်တန်းများနှင့် မြစ်ချောင်းများကြား၌မူ ကြောက်မက်ဖွယ်တိုက်ပွဲများ စတင်ဖြစ်ပွားနေလေပြီ။

တစ်ဖက်တွင် လီမျိုးနွယ်စုမှ ကျွမ်းကျင်သူများရှိနေကြသည်။ ထိတ်လန့်ဖွယ်အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည့် ထိုသူများသည် ဟင်းလင်းပြင်ကိုပင် လှုပ်ခတ်စေနိုင်ကာ လက်မြှောက်ခြေကြွလှုပ်ရှားမှုတိုင်းက ထို ဟင်းလင်းပြင်းကြီးကို ထိုးဖောက်တော့မည့်အတိုင်းပြင်းထန်လှသည်။

အခြားတစ်ဖက်၌မူ တစ်ကိုယ်လုံးကို အကြေးခွံများဖြင့် ဖုံးလွှမ်းနေသည့် ပင်လယ်မျိုးနွယ်စု ကျွမ်းကျင်သူတစ်စုရှိနေသည်။ ထိုလူများသည် ထူးဆန်းသော ရုပ်သွင်များရှိကြသည့်တိုင် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့၏ ရေဓာတ်ကို အခြေခံသော တိုက်ကွက်မျိုးစုံက ကောင်းကင်ယံကို လွှမ်းခြုံ၍ လီမျိုးနွယ်စုဝင်များနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။

လီမျိုးနွယ်စုဝင်များသည် သိုင်းပညာကို အဓိကထားတိုက်ခိုက်ကြသော်လည်း ပင်လယ်မျိုးနွယ်စုဝင်များကမူ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် အချိန်မရွေး လှိုင်းလုံးကြီးများကို ဖန်တီး နိုင်သည်။ ထိုလှိုင်းလုံးကြီးများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အရာအားလုံးကို တိုက်စားပစ်နိုင်စွမ်းရှိသည်။

သို့သော် နှစ်ဖက်စလုံး၏ ပြင်းထန်လှသည့်တိုက်ခိုက်မှုများက ဤလျို့ဝှက်နယ်မြေကို ပြိုလဲသွားစေခြင်းမရှိခဲ့ပေ။ ဤနယ်မြေတစ်ခုလုံးက အလွှာလိုက်၊ အထပ်ထပ် အားဖြည့်ထားသကဲ့သို့ အလွန်တရာ ခိုင်ခံ့လှသည်။ ချူးယွင်ဖန်းက အနားရှိ ပင်လယ်မျိုးနွယ်ဝင်တစ်ဦးနှင့် ထိပ်တိုက် တိုးမိသွားသောအခါ… မိုးကြိုးတမျှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်လုံးက ချူးယွင်ဖန်းကို အပြင်းအထန် ဒဏ်ရာရစေရန် ရိုက်ခတ်လာ၏။

ရွှမ်း

ဧရာမလှိုင်းလုံးကြီးက လေထဲ၌ပင် ထက်ခြမ်းကွဲသွားတော့သည်။ ဓားအလင်းတန်း၏ အရှိန်က လျော့သွားခြင်းမရှိဘဲ ဖန်ဆင်းရှင်အဆင့်သို့ ဝင်ရောက်လာကာစ ထို ပင်လယ်မျိုးနွယ်စုဝင်ကိုပင် နှစ်ပိုင်းပြတ်သွားစေ၏။

“အားးးး”

ထို ပင်လယ်မျိုးနွယ်စုဝင်ကျွမ်းကျင်သူက ဓားတစ်ချက်တည်းဖြင့် အသက်ပျောက်ရလိမ့်မည်ဟု ဘယ်သောအခါကမျှ မထင်ထားခဲ့ပေ။ သူလုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ချေ။

“မင်းသေချင်နေတာပဲ”

အနီးနားရှိ ပင်လယ်မျိုးနွယ်စုဝင်များက ကြမ်းကြုတ်သော မျက်နှာပေးများဖြင့် ချူး ယွင်ဖန်းကို စိုက်ကြည့်လာကြသော်လည်း သူ့ကို ပြဿနာရှာရန် အချိန်မရှိကြပေ။

ထိုအချိန်၌ ချူးယွင်ဖန်းနောက်မှ သီးသန့်ကျင့်ကြံသူ အမြောက်အမြား လိုက်ပါလာကြရာ စစ်မြေပြင်တစ်ခုလုံး၌ သုံးပွင့်ဆိုင်အခြေအနေမျိုးဖြင့် ရှုပ်ထွေးကုန်၏ ။ သို့သော် လီမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုတို့က ရုတ်တရက်ကျူးကျော်လာသည့် ဤ သီးသန့်ကျင့်ကြံသူများကို နှိမ်နင်းရင် ပူးပေါင်းလိုက်ကြသည်ကို ချူးယွင်ဖန်း သတိထားမိလိုက်သည်။

ထိုနှစ်ဖက်လုံးက အခြေအနေကို အခွင့်ကောင်းယူမည့်သူများ ပေါ်မလာစေရေးအတွက် အချင်းချင်း စကားပြောရန်မလိုဘဲ နားလည်မှုယူကာ ဤကျူးကျော်သူများကို အရင်ရှင်းထုတ်ရန် ဆုံးဖြတ်ထားလိုက်ကြခြင်းဖြစ်သည်။

ဤသီးသန့်ကျင့်ကြံသူများကလည်း နှစ်ဖက်လုံး တိတ်တဆိတ်ပူးပေါင်းသွားကြသည်ကို သတိထားမိလိုက်သည့်အခါ ပို၍ ရူးသွပ်စွာတိုက်ခိုက်လာကြသည်။ ၎င်းတို့က ဤနေရာအထိ ရောက်ရှိလာပြီးကာမှ လက်လျှော့ပြန်ရန် အကြောင်းပြချက်မရှိပေ။

မဝေးလှသောနေရာ၌ အလွန်ကြီးမားသော ဂူကြီးတစ်လုံးရှိနေ၏။ နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများ မဝင်နိုင်စေရန် အစွမ်းကုန်တားဆီးနေကြကာ ၎င်းတို့နှစ်ဦးလုံးရှာ နေသည့် ရတနာက ထိုဂူအတွင်း ရှိနေသည်ကို လူတိုင်းနားလည်ထားကြသည်။

“သူတို့ ငါတို့ကို လုံးဝ မပိတ်ပစ်ခင် တစ်ခုခုလုပ်ပြီး အတင်းတိုးဝင်ရမယ်။ မဟုတ်ရင်နောက်ကျသွားလိမ့်မယ်” လူတစ်ဦးက အော်လိုက်သည်။

ချူးယွင်ဖန်းလည်း ထိုအချက်ကို သတိပြုမိသည်။ သူ ချက်ချင်းပင် အမြန်ဆုံးအရှိန်ဖြင့် လျှပ်စီးတစ်စင်းအလား ဂူအတွင်းသို့ ပြေးဝင်သွားရာ သူ့ထက် အဆင့်မြင့်သော ကျွမ်းကျင်သူများပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။

“တောက်… အသေဆိုးနဲ့သေရမယ့်ကောင်”

လီမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုမှ ကျွမ်းကျင်သူများ အလွန်ဒေါသထွက်ကုန်သည်။ ၎င်းတို့က အချင်းချင်းတိုက်ခိုက်၍ ခက်ခက်ခဲခဲ တားဆီးနေကြရသည့်ကြားမှ တစ်စုံတစ်ဦးက အခွင့်ကောင်းယူကာ ဝင်သွားနိုင်ခြင်းဖြစ်၏။

“ဒီပိုးမွှားတွေကို အကုန်သတ်ပစ်ကြ” လီမျိုးနွယ်စုမှ လူလတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးက အေးစက်စွာပြောလိုက်သည်။ ပြဿနာရှာရန် ရောက်လာကြသည့် ဤသီးသန့်ကျင့်ကြံသူများကို ကြည့်လျက် သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။

သီးသန့်ကျင့်ကြံဿူများအနက် ဖန်ဆင်းရှင်သတ္တမအဆင့်နှင့် အထူးကျွမ်းကျင်သည့် ဖန်ဆင်းရှင်အထွတ်အထိပ်အဆင့်များပါဝင်ကြသော်လည်း စစ်ဗျူဟာဖြင့် တိုက်ခိုက်နေသော အဖွဲ့အစည်းနှစ်ခုနှင့်ယှဥ်လျှင်မူ ၎င်းတို့၌ ထိုသို့ နားလည်မှုမျိုးမရှိကြပေ။

နှစ်ဖက်စလုံးက သီးသန့်ကျင့်ကြံသူများကို စတင်ဖိနှိပ်လာသောအခါ အခြေအနေမှာ အကျပ်အတည်းဖြစ်သွားသည်။ သို့သော် လီမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုတို့သည်လည်း ဤကျင့်ကြံသူများကို ခဏချင်းအတွင်း အနိုင်ယူရန် မလွယ်ကူလှပေ။

အနိမ့်ဆုံး စကြဝဠာအဆင့် ရှိသူများ ပါဝင်သော ဤသုံးပွင့်ဆိုင် တိုက်ပွဲမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။ သို့သော် လျှို့ဝှက်နယ်မြေတစ်ခုလုံးမှာ အကာအကွယ် အလွှာပေါင်းများစွာဖြင့် ဝန်းရံထားပုံရသဖြင့် မည်မျှပင် တိုက်ခိုက်ကြစေကာမူ နယ်မြေမှာ တုန်လှုပ်ခြင်း မရှိပေ။

ထိုအချိန်တွင် ဂူအတွင်းသို့ ရောက်ရှိသွားသော ချူးယွင်ဖန်းက ထိပ်တိုက်ရင်ဆိုင်နေကြသည့် အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦးကို မြင်တွေ့လိုက်ရသည်။ တစ်ဦးမှာ ချူးယွင်ဖန်း၏ ရန်သူဟောင်းဖြစ်သူ တရှ နိုင်ငံ၏ ဟန်ထျန်းမြို့ဝန်လီချန်းယွမ်ဖြစ်၍ အခြားတစ်ဦးမှာ တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းနေသော လူငယ်တစ်ဦး ဖြစ်သည်။ ထိုလူငယ်၏ မျက်နှာမှာ လူသားနှင့် တူ၍ ချောမောလှပကာ အသားအရေမှာ အလွန်ပင် ဖြူဖွေးဝင်းပနေလေသည်။

--

All Chapters