အခန်း ၁၉၂၃
Vol. 129 Ch. 1923
အခန်း(၁၉၂၃) ထိပ်တန်း ပါရမီရှင်နှစ်ဦး၏ ပူးပေါင်းကြံစည်မှု
ဤအဆင့်အထိ ကျင့်ကြံနိုင်သော မည်သည့်ပါရမီရှင်မဆို မိမိ၏ ခွန်အားနှင့် ပါရမီမှာ အခြားသူထက် နိမ့်ကျသည်ဟု မယူဆကြပေ။ အချိန်အတော်ကြာ ထိပ်ဆုံးနေရာကို ဆုပ်ကိုင်ထားသော လီချန်းယွမ် နှင့် ရင်ဆိုင်ရလျှင်ပင် ထိုသို့ပင် ဖြစ်သည်။ ပင်လယ်မင်းသား၏ အမြင်တွင်မူ ၎င်းမှာ ဘာမှမဟုတ်ပေ။ သူသည် မိမိကိုယ်မိမိ အကြွင်းမဲ့ ယုံကြည်မှုရှိကာ လီချန်းယွမ်ကိုလည်း အနည်းငယ်မျှ မကြောက်ရွံ့ပေ။
အကြောင်းမှာ ၎င်းတို့နှစ်ဦးလုံးက တစ်ခါမျှ တိုက်ခိုက်ဖူးခြင်း မရှိသေးဘဲ၊ ဆန်းကြယ်နန်းဆောင်မှ ထုတ်ပြန်သော အဆင့်သတ်မှတ်ချက်မှာ ခန့်မှန်းခြေ ခွန်အားပေါ်တွင်သာ အခြေခံထားသောကြောင့် ဖြစ်သည်။ သို့သော် တိုက်ပွဲတစ်ခုတွင် ခွန်အားကွာခြားချက်မှာ အလွန်မကြီးမားပါက မည်သည့်ရလဒ်မဆို ဖြစ်ပေါ်လာနိုင်သည်။
ဆန်းကြယ်နန်းဆောင်၏ တွက်ချက်မှုအရ ပင်လယ်မင်းသားသည် လီချန်းယွမ်တမျှ မသန်မာပေ။ သို့သော် သူ၏ တကယ့်ခွန်အားမှာ စာရွက်ပေါ်တွင် ရှိသည်ထက် ပိုမိုနက်ရှိုင်းသည်။ ဆန်းကြယ်နန်းဆောင်၌ပင် အရာအားလုံးကို မသိနိုင်ပေ။ သို့မဟုတ်ပါက သူသည် အဆင့်တစ် နေရာကို ရှိထားသည်မှာ ကြာပြီဖြစ်သည်။
"လီချန်းယွမ် ... မင်း ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား?" ပင်လယ်မင်းသားက စိန်ခေါ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါက ငါ့နယ်မြေပဲ။ မင်းက မြစ်ကိုဖြတ်လာတဲ့ နဂါးတစ်ကောင်ဖြစ်ရင်တောင် ငါ့နယ်မြေထဲမှာတော့ ခွေနေရမယ်။ မင်းက ကျားတစ်ကောင်ဆိုရင်တောင် ငါ့ရှေ့မှာတော့ ဝပ်နေရမယ်။"
"မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာပဲကွ” လီချန်းယွမ်က ပြန်အော်လိုက်သည်။
ပင်လယ်မင်းသားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော်လည်း လီချန်းယွမ်က ပို၍ပင် ယုံကြည်မှုရှိသည်။ သူသည် ထိပ်ဆုံးနေရာတွင် ရပ်တည်နေခဲ့သည်မှာ ကြာပြီဖြစ်၍ အခြားသူတစ်ဦးက သူ့ကို ကျော်တက်သွားရန်မှာ လုံးဝ မဖြစ်နိုင်ဟု ယူဆထားသည်။
"မင်းက သေချင်နေမှတော့ ငါ မင်းကို သေမင်းဆီ ပို့ပေးရတာပေါ့။ ဒီနေ့ ဒီဂူထဲကို မင်းရဲ့ အစောင့်အရှောက်ကို ခေါ်မလာခဲ့တာဟာ မင်းရဲ့ အကြီးမားဆုံး အမှားပဲ။ ဒီနေ့ကစပြီး ပါရမီရှင်စာရင်းကနေ မင်းရဲ့နာမည် ပျောက်ကွယ်သွားလိမ့်မယ်" လီချန်းယွမ်က ဟိန်းဟောက်လိုက်သည်။
သူ၏ မျက်နှာအမူအရာမှာ အလွန်အေးစက်နေသည်။ အခြားသူများအတွက်မူ ပင်လယ်မင်းသား သေဆုံးခြင်းမှာ အလွန်ကြီးမားသော တုန်လှုပ်မှုကို ဖြစ်စေမည်ဖြစ်၍ ပင်လယ်မျိုးနွယ်စု တစ်ခုလုံး အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။ ဤသူသည် ပင်လယ်မျိုးနွယ်စု မျိုးဆက်သစ်များထဲတွင် အလားအလာအကောင်းဆုံးသူ ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် လီချန်းယွမ်ကမူ ပင်လယ်မျိုးနွယ်စု၏ လက်စားချေမှုကို မကြောက်ပေ။ သူသည် တရှ၏ ဟန်ထျန်မြို့ဝန်အဖြစ် ပင်လယ်မျိုးနွယ်စုနှင့် ရန်သူဖြစ်နှင့်ပြီးသားဖြစ်၏။
ရန်သူကို ရက်ရက်စက်စက် သတ်ဖြတ်နိုင်လေလေ၊ သူ၏ ရာထူးတိုးရန် ပို၍လွယ်ကူလေလေ ဖြစ်သည်။
"ဟားဟားဟား လီချန်းယွမ်... မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာပဲ။ ငါ့ရဲ့ အစောင့်အရှောက် လည်းမလာသလို မင်းရဲ့ အစောင့်အရှောက်လည်း ပါမလာဘူး။ ငါတို့ အခြေအနေက အတူတူပဲ။ ဒီနေ့ မင်း ငါ့ကို အနိုင်ယူနိုင်ရင် အရာအားလုံးက မင်းအပိုင်ဖြစ်မယ်။ မင်း ငါ့ကို မနိုင်ရင်တော့ ငါ ဟန်ထျန်းမြို့ဝန်ရဲ့ ခေါင်းကို ဖြတ်ပြီး ငါ့ရဲ့ ဂုဏ်ဒြပ်ကို လူတိုင်းသိအောင် လုပ်ပြမယ်။" ပင်လယ်မင်းသားက ရယ်မောလိုက်သည်။
နှစ်ဖက်စလုံးမှ အစောင့်အရှောက်များ အထဲတွင် မရှိသည်ကို သူသိသည်။ အတိအကျ ပြောရလျှင် သူတို့နှစ်ဦးမှာ အပြင်ဘက်တွင် တစ်ဦးကိုတစ်ဦး ထိန်းချုပ်ထားကြခြင်း ဖြစ်သည်။
"ဒီနေ့ ငါ 'ပင်လယ်အရှင်သခင်' ရဲ့ အမွေအနှစ်ကို ရယူရမယ်" ပင်လယ်မင်းသားက ရယ်မောလိုက်သည်။
လီချန်းယွ၎်၏ အစောင့်အရှောက်နှင့် ပင်လယ်မင်းသား၏ အစောင့်အရှောက်တို့သည် အပြင်ဘက်တွင် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ ၎င်းတို့မှာ စစ်မှန်သော ထိပ်တန်း ပညာရှင်များ ဖြစ်ကြသဖြင့် ခဏတာအတွင်း အနိုင်အရှုံးကို ဆုံးဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
"ငါ့ရဲ့ အစောင့်အရှောက်ဟုတ်လား။ မင်းကိုသတ်ဖို့ သူတို့ကို မလိုအပ်ပါဘူး" လီချန်းယွ၎်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ချက်ချင်းပင် လီချန်းယွမ်က စတင်တိုက်ခိုက်သည်။ သူ၏လက်ထဲမှ လှံမှာ တိုင်လုံးကြီးတစ်ခုကဲ့သို့ မြင့်တက်လာပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ပင်လယ်မင်းသားထံသို့ ဝေ့ယမ်းသွားသည်။
ပင်လယ်မင်းသားကလည်း အလျှော့မပေးပေ။ သူက ခြေလှမ်းတစ်ချက် နင်းလိုက်ရာ သူ၏ခြေဖဝါးအောက်မှ အဆုံးမဲ့ ပင်လယ်ရေများ မြင့်တက်လာသည်။ ၎င်းသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး သူ့ကို မြင့်မြတ်သော ပင်လယ်နတ်ဘုရားတစ်ပါးကဲ့သို့ ပုံဖော်ပေးလိုက်သည်။ ထို့နောက် သုံးခွလှံကို ကိုင်ဆောင်ကာ လှံကိုင်ထားသော လီချန်းယွမ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
မျိုးဆက်သစ် ထိပ်တန်းပညာရှင်နှစ်ဦးသည် သူတို့၏ အတောက်ပဆုံးသော တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ လှံအရိပ်များနှင့် သုံးခွလှံ၏ အလင်းတန်းများသည် ဟင်းလင်းပြင်ထဲတွင် ထိပ်တိုက်တွေ့ကာ အရာအားလုံးကို စုတ်ဖြဲပစ်လျက်ရှိသည်။
ဤနေရာမှာ တိုက်ပွဲကြောင့် ပျက်စီးသွားမည်ကို နှစ်ဖက်စလုံးက စိုးရိမ်ခြင်းမရှိကြပေ။ ၎င်းတို့အားလုံး ကြိုတင်စမ်းသပ်ထားပြီးသား ဖြစ်သည်။ ဤနေရာမှ ဟင်းလင်းပြင်မှာ အပြင်ဘက်ထက် ပို၍ တည်ငြိမ်ပြီး အကာအကွယ်အတားအဆီးများ အထပ်ထပ် ရှိနေသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြိုကျသွားမည် မဟုတ်ပေ။
“ဖန်ဆင်းရှင်အဆင့် တတိယအဆင့်”
ချူးယွင်ဖန်းက သူတို့နှစ်ဦး၏ တိုက်ပွဲကို စောင့်ကြည့်နေသည်။ သူတို့နှစ်ဦးစလုံးသည် ဖန်ဆင်းရှင်အဆင့် တတိယအဆင့်သို့ရောက်နေကြောင်းသံသယဖြစ်ရန်မလိုပေ။
သို့သော် ကွာခြားချက်မှာ လီချန်းယွမ်က တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နောက်တစ်ဆင့် သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ပင်လယ်မင်းသားမှာမူ တတိယအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးဘဲ အခြေခံကို ခိုင်မာအောင် လုပ်ဆောင်နေဆဲသာ ဖြစ်သည်။
သို့သော် ဤသည်မှာပင် အံ့ဖွယ် ကောင်းလှသည်။ မကြာသေးမီက ထွက်ပေါ်ခဲ့သော ပါရမီရှင်စာရင်း၏ အချက်အလက်အသစ်များအရ လီချန်းယွ၎်သည် ဖန်ဆင်းရှင်အဆင့် ဒုတိယအဆင့်သို့သာ ရောက်ရှိသေးကြောင်း မှတ်တမ်းတင်ထားသည်။ ထိုအချိန်ကပင် သူသည် သက်တူရွယ်တူများထဲတွင် အားလုံးကို အံ့အားသင့်စေခဲ့သည်။ ယခုမူ သူသည် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်၍ စတုတ္ထအဆင့်သို့ ရောက်ရှိရန်မှာ အချိန်ပိုင်းသာ လိုတော့ကြောင်း ထင်ရှားနေသည်။
ပင်လယ်မင်းသား၏ တိုးတက်မှုမှာ လီချန်းယွမ်ထက် အနည်းငယ်နှေးကွေးသော်လည်း သူသည်လည်း ထိုအဆင့်အတွင်း၌ပင် ရှိနေသည်။ ထို့ကြောင့် သူသည် လီချန်းယွမ်ထက် အနည်းငယ်သာ နိမ့်ကျနေခြင်းဖြစ်သည်။ ဤသည်မှာ ပင်လယ်မင်းသားက လီချန်းယွမ်၏ ပြိုင်ဘက်မဟုတ်ဟု မဆိုလိုပေ။ အဆင့်အတန်းမှာ တိုက်ခိုက်ရေးစွမ်းရည်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း အရာအားလုံးတော့ မဟုတ်ပေ။
ဤထိပ်တန်းပါရမီရှင်များသည် အင်အားကြီးအဖွဲ့အစည်းများ၏ ထောက်ပံ့မှုကို ရရှိထားကြပြီး အခြားသူများ ရရန်မလွယ်ကူသော အရင်းအမြစ်မျိုးစုံကို အလွယ်တကူ ရရှိနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့က အဆင့်ကြီးတစ်ခုကို ကျော်ဖြတ်ပြီးသည်နှင့် ၎င်းတို့၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်သွားလေ့ရှိသည်။
'မဟုတ်ဘူး... လီချန်းယွမ်ရဲ့ အမူအရာက တစ်ခုခု လွဲနေတယ်။ သူ့ရဲ့ ခွန်အားက ပင်လယ်မင်းသားကို ဖိနှိပ်ဖို့ လုံလောက်နေပေမဲ့၊ အခုတော့ သရေကျနေသလိုမျိုး ဟန်ဆောင်နေတာပဲ' ချူးယွင်ဖန်း အကဲခတ်မိလိုက်သည်။
ပင်လယ်မင်းသားမှာမူ ဤအချက်ကို သတိမပြုမိပေ။ သူသည် တိုက်လေတိုက်လေ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လီချန်းယွမ်ထက် မနိမ့်ကျကြောင်း သက်သေပြနိုင်တော့မည်ဟု ခံစားနေရသည်။ သူ အရှေ့ပင်လယ်တွင်သာမက မျိုးဆက်သစ်များထဲတွင် နံပါတ်တစ် ဖြစ်ရမည်ဟု ယူဆထားသည်။
သို့သော် လီချန်းယွမ်၏ လုပ်ရပ်က ချူးယွင်ဖန်း၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ လီချန်းယွမ်က သူ၏ ခွန်အားအပြည့်ကို အသုံးမပြုထားကြောင်း သူ သိသာစွာ ခံစားမိသည်။
ထိုအချိန်တွင် ရုတ်တရက် ဟင်းလင်းပြင်ထဲ၌ အခြားပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေပြီး အမှန်တကယ် မတိုက်ခိုက်ခဲ့သော လီချန်းယွမ်၏ ကိုယ်ပွားပင် ဖြစ်သည်။ ပထမ လီချန်းယွမ်က ပင်လယ်မင်းသားကို အချိန်ဆွဲထားချိန်၌ ဒုတိယ လီချန်းယွမ်က ရှေ့သို့ လှမ်းတက်လာပြီး လွင့်မျောနေသော ရှေးဟောင်းစာအုပ် ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူက လက်လှမ်း၍ ထိုစာအုပ်ကို သိမ်းဆည်းလိုက်သည်။
"ဘာလဲ.. လီချန်းယွမ် မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့" ပင်လယ်မင်းသားလည်း ဤသည်ကို ချက်ချင်း မြင်သွားသည်။
အစောပိုင်းက တိုက်ခိုက်မှုက လီချန်းယွမ်၏ တမင်တကာ ဟန်ဆောင်မှုသာ ဖြစ်ကြောင်း၊ သူသည် ရှေးဟောင်းစာအုပ်ကို ရယူရန် ခွန်အားမရှိတော့ဟု ပင်လယ်မင်းသား ထင်စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်သွားသည်။ ထိုအချိန်၌ လီချန်းယွမ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေးဟောင်းစာအုပ်ကို သိမ်းယူသွားခဲ့လေပြီ။
--