အခန်း ၁၉၂၅
Vol. 129 Ch. 1925
အခန်း(၁၉၂၅) ပင်လယ်မင်းသားကို ဖိနှိပ်ခြင်း
ချူးယွင်ဖန်း ပေါ်ပေါက်လာမှုက ပါရမီရှင်နှစ်ဦး၏ ဒေါသကိုချက်ချင်းပင် မီးမွှေးလိုက်သည့်နှယ်ဖြစ်သွားသည်။ အထူးသဖြင့် ပင်လယ်အရှင်သခင်၏ အမွေအနှစ်အတွက် ၎င်းတို့နှစ်ဦးတိုက်ခိုက်နေစဥ်အတွင်း တစ်စုံတစ်ဦးက ကြားဖြတ်ဝင်ရောက်လာခြင်းသည် အစာလုနေသော ခြင်္သေ့နှစ်ကောင်အကြားသို့ ဝင်လာခြင်းနှင့် အတူတူပင်ဖြစ်သည်။ ချူးယွင်ဖန်းက ထိုသားရဲနှစ်ကောင်၏ ပြင်းထန်သော တုံ့ပြန်မှုကို ချက်ချင်း ရင်ဆိုင်လိုက်သည်။
ချူးယွင်ဖန်းက မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခတ်လာသည့် သတ်ဖြတ်လိုစိတ်များခံစားနေရသည်။ ဤပါရမီရှင်နှစ်ဦးမှဦ မည်မျှထိ ဂုဏ်မာနကြီး၍ အင်အားတောင့်တင်းကြသနည်း။
"မင်း ငါ့မျက်ကွယ်မှာ ပုန်းမနေဘဲ တကယ်ပဲ ငါ့ရှေ့ကို ထွက်လာရဲတယ်ပေါ့... မင်း တကယ် သတ္တိရှိတာပဲ" လီချန်းယွမ်က ဟိန်းဟောက်တော့မည့် အသံဖြင့် သူ၏ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည်။
လေထုတစ်ခုလုံးသည် တောင်ကြီးတစ်လုံးက ဖိချထားသကဲ့သို့ အလွန်အမင်း တင်းမာလာခဲ့သည်။
ဘေးတွင်ရပ်နေသော ပင်လယ်မင်းသားသည်လည်း တုံ့ပြန်လိုက်သည်။ သူသည်လည်း ချူးယွင်ဖန်း မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားသည်။ လီမျိုးနွယ်စု လုယက်ခံရသည့်ကိစ္စမှာ တစ်ခေတ်တစ်ခါက အလွန်တုန်လှုပ်ဖွယ် ကောင်းခဲ့သည်ဖြစ်ရာ လီမျိုးနွယ်စု၏ ကိစ္စများကို အမြဲစောင့်ကြည့်နေသော သူအဖို့ ဤအကြောင်းကို မသိဘဲ မနေပေ။
ယခုအချိန်တွင် သူသည်လည်း သတိကြီးစွာ ထားလိုက်သည်။ အကယ်၍ သာမန်လူတစ်ဦးသာဆိုလျှင် "ပင်လယ်မင်းသား" ဟူသော ဂုဏ်ပုဒ်တစ်ခုတည်းနှင့်ပင် ကြောက်လန့်တုန်လှုပ်သွားပေလိမ့်မည်။ သို့သော် ဤလူမှာ မတူပေ။ သူသည် လီမျိုးနွယ်စုကိုပင် တိုက်ခိုက်ဝံ့သူ ဖြစ်သည်။ ပင်လယ်မင်းသားက လီမျိုးနွယ်စု အရှက်ရသည်ကို ကြိတ်၍ ဝမ်းသာသော်လည်း၊ ဤလူလတ်ပိုင်း အမျိုးသားမှာ လူမိုက်တစ်ဦး မဟုတ်နိုင်ကြောင်းကိုလည်း သဘောပေါက်ထားသည်။
အကယ်၍ သူသာ လီမျိုးနွယ်စုကို တိုက်ခိုက်ဝံ့ပါက၊ ပင်လယ်မျိုးနွယ်စု၏ အရှိန်အဝါမှာလည်း သူ့အတွက် ထိရောက်မှု ရှိချင်မှ ရှိလိမ့်မည်။ ထို့အပြင် အစောပိုင်း၌ ချူးယွင်ဖန်းက သူ့ကို တိုက်ခိုက်ခဲ့သဖြင့် သူ ချက်ချင်းပင် သတိဝီရိယ ထားလိုက်ရသည်။
"မင်း တကယ်ပဲဘယ်သူလဲ”
လီချန်းယွမ်က ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။ သူ၏ စိတ်အာရုံက ချူးယွင်ဖန်းကို အာရုံအပြည့်စိုက်ထား၏။ ချူးယွင်ဖန်း အနည်းငယ်မျှလှုပ်ရှားသည်နှင့် သူသည် လျှပ်စီးဖြင့် မြန်ဆန်သော အရှိန်ဖြင့် တိုက်ခိုက်တော့မည်ဖြစ်သည်။
ချူးယွင်ဖန်း၏ ပုံစံမှာ အစစ်အမှန်မဟုတ်ကြောင်းကိုလည်း သူသိသည်။ သူ့တွင် အခြားသော အထောက်အထားတစ်ခုခုရှိရမည်ဖြစ်သော်လည်း ထိုအရာမှာ မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။ ချူးယွင်ဖန်းက သူ့အပေါ် နာကျည်းချက်ရှိနေကြောင်း သူသိ၍ ထိုရန်လိုမှုမှာ ရုတ်တရက်ပေါ်လာခြင်းမဟုတ်ကြောင်း ခံစားမိသည်။
ဤအင်အားကြီး ရန်သူက မည်သူမည်ဝါဖြစ်ကြောင်း သိအောင် လုပ်ရမည်။
"မင်း သိချင်တာလား မလိုပါဘူး။ ဒီနေ့ မင်း ဒီနေရာမှာတင် သေရမှာပဲ။ ဒီနေ့ကစပြီး ပါရမီရှင်စာရင်းက ပြောင်းလဲသွားလိမ့်မယ်" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။
သူသည် သူ့လက်ထဲမှ ကျိုင်းကို တင်းတင်းဆုပ်ကိုင်ထားကာ သူ၏ခန္ဓာကိုယ်မှထွက်လာသည့်အရှိန်အဝါမှာလည်း အားနည်းခြင်းမရှိပေ။ ပါရမီရှင်စာရင်းဝင် ထိပ်တန်း ကျွမ်းကျင်သူနှစ်ဦးနှင့် ရင်ဆိုင်နေရသော်လည်း သူအနည်းငယ်မျှ နောက်ဆုတ်ခြင်းမရှိပေ။
"ကောင်းပြီ... မင်း တကယ်ကို မာနထောင်လွှားနေတာပဲ။ ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့။ မင်းရဲ့ ခြေလက်တွေကို ချိုး၊ မင်းရဲ့ ရုပ်ဖျက်ပညာကို ဖျက်ဆီးပြီးရင် မင်း ဘယ်သူလဲဆိုတာ ငါ သိရမှာပေါ့"
လီချန်းယွမ်၏ မျက်နှာအမူအရာမှာ ပို၍ တည်ငြိမ်လာကာ သူ၏ မျက်လုံးများထဲတွင် မှန်းဆ၍မရသော အေးစက်သည့် အလင်းတန်းများ ရှိနေသည်။ သူ၏ အမြင်အာရုံမှာ သာမန်မဟုတ်ပေ။ သာမန်လူများ၏ ရုပ်ဖျက်မှုမှာ သူ့ရှေ့တွင် မအောင်မြင်နိုင်ပေ။ သို့သော် သူ ချူးယွင်ဖန်း၏ ရုပ်ဖျက်မှုကို မမြင်နိုင်ခြင်းက သူ့ကို ဒေါသထွက်စေသည်။
သူ ရန်သူဖြစ်ခဲ့ဖူးသူများထဲတွင် ချူးယွင်ဖန်းနှင့် ဆင်တူသူ တစ်ဦးတစ်ယောက်ကိုမျှ သူ စဉ်းစား၍ မရပေ။ ခွန်အား၊ ရုပ်ရည် သို့မဟုတ် သိုင်းပညာ နည်းစနစ်များဖြစ်စေ၊ မည်သည့်အရာမှ ချူးယွင်ဖန်းနှင့် မတူညီပေ။ ဤလူမှာ ကျောက်ဆောင်ကြားမှ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ပင်ဖြစ်၏။
ဤလူသည် သူ၏ မှတ်ဉာဏ်ထဲတွင် လုံးဝ မရှိပေ။
သို့သော် ဤအရာအားလုံးမှာ ရုပ်ဖျက်ထားခြင်းသာ ဖြစ်ကြောင်း သူသိသည်။ ချူးယွင်ဖန်းက သူ့အပေါ် နာကျည်းချက် ရှိနေသည်မှာ သေချာသည်။ ထို့ကြောင့်ပင် ချူးယွင်ဖန်းကဲ့သို့ အန္တရာယ်ရှိသော ရန်သူကို ဆက်လက် လွတ်မြောက်ခွင့် မပေးနိုင်ပေ။ သို့မဟုတ်ပါက အကျိုးဆက်မှာ မှန်းဆ၍မရနိုင်အောင် ကြီးမားလိမ့်မည်။
သူ့ရှေ့တွင် ရှိနေသောသူမှာ သူ သေဆုံးသွားပြီဟု ထင်မှတ်ထားသော မဟာရန်သူ ချူးယွင်ဖန်းဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထို”သခင်ကြီး” ဆိုသည့် နတ်ဆိုးခေါင်းဆောင်ကိုယ်တိုင် အရေးယူခဲ့သည်ဖြစ်၍ လီချန်းယွမ်က ကိုယ်တိုင်ပင် လွတ်မြောက်နိုင်ရန် ခဲယဥ်းလှသည်။ ချူးယွင်ဖန်းအဖို့ လုံးဝ မဖြစ်နိုင်ဟု ယူဆထား၏။
"လီချန်းယွမ်... ဘာပဲဖြစ်ဖြစ် ဒီအမွေအနှစ်က မင်းလက်ထဲ ဒါမှမဟုတ် ငါ့လက်ထဲပဲ ရောက်ရမှာ။ ဒီလူကတော့ ဘာမှမဆိုင်တဲ့ အပြင်လူပဲ။ ငါတို့ အရင်ဆုံး သူ့ကို အပြတ်ရှင်းလိုက်ရင် ဘယ်လိုလဲ" ပင်လယ်မင်းသားက အကြံပြုလိုက်သည်။
၎င်းမှာ သူ သေချာစဉ်းစားပြီးမှ ပြောလိုက်သော အကြံပြုချက် ဖြစ်သည်။ ချူးယွင်ဖန်းက လီချန်းယွမ်ကို ပစ်မှတ်ထားနေခြင်း ဖြစ်နိုင်သော်လည်း၊ ၎င်းတို့နှစ်ဦး တိုက်ခိုက်နေစဉ် သူက အသာစီးရယူနိုင်မည် ဖြစ်သည်။ သို့သော် တစ်ဖက်လူမှာ အမွေအနှစ်ကို ရယူရန် ပြတ်သားနေသည်ဖြစ်ရာ သူ့ကိုလည်း လွှတ်ပေးမည်မဟုတ်ကြောင်း သူနားလည်သည်။
သူ လီချန်းယွမ်ကို ရှုံးနိမ့်ခြင်းကို လက်ခံနိုင်သော်လည်း၊ ဤကဲ့သို့သော အမည်မသိလူတစ်ဦး၏ အသာစီးယူခြင်းကို ခံရပါက အကြီးအကျယ် လှောင်ပြောင်ခံရပေလိမ့်မည်။ ထို့ကြောင့် လီချန်းယွမ်နှင့် ပူးပေါင်း၍ ချူးယွင်ဖန်းကို အရင်ဖယ်ရှားခြင်းက ပိုကောင်းပေမည်။
"ကောင်းပြီ" လီချန်းယွမ်က ဝမ်းသာစွာ ခေါင်းညိတ်လိုက်သည်။ ပင်လယ်မင်းသားက သူနှင့် ပူးပေါင်းရန် သူ မျှော်လင့်နေခဲ့ခြင်း ဖြစ်၏။
"ဟားဟားဟား မင်းတို့ နှစ်ယောက်တည်းနဲ့ ငါ့ကို သတ်ချင်တာလား။ ဒီနေ့ ပါရမီရှင်စာရင်းက ပြောင်းလဲသွားလိမ့်မယ်။ အဆင့်တစ်နဲ့ အဆင့်လေး နေရာတွေဟာ တစ်ပြိုင်တည်း ပြုတ်ကျသွားမှာပဲ။ ဒီသတင်းသာ ပျံ့သွားရင် လူတွေဘယ်လိုတွေးမလဲ ငါသိချင်လိုက်တာ”
"ဘယ်လောက်တောင် ထောင်လွှားလိုက်သလဲ။ စောစောက အလစ်အငိုက် တိုက်ခိုက်နိုင်တာလေးနဲ့ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့" ပင်လယ်မင်းသားက အေးစက်စွာ ပြောလိုက်သည်။
ယခုအချိန်တွင် သူ၏ လက်မောင်းမှာ မူလအတိုင်း ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ ပင်လယ်မျိုးနွယ်စုများ၏ ပြန်လည်နာလန်ထူနိုင်စွမ်းမှာ လူသားများထက် များစွာ သာလွန်လှကာ သူကဲ့သို့ ပညာရှင်တစ်ဦးအတွက် ပို၍ပင် မြန်ဆန်လှသည်။
"ဒါဆိုရင်လည်း ငါ မင်းကို အရင်သတ်ပေးရတာပေါ့။ ဘယ်သူ့ကို အရင်သတ်သတ် အတူတူပါပဲ။"
ချူးယွင်ဖန်းက လှောင်ရယ်၍ လေထဲသို့ ပျံတက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် သူသည် မူလနေရာမှ ပျောက်ကွယ်သွားကာ ပင်လယ်မင်းသားရှေ့၌ ပေါ်လာ၏။
ချူးယွင်ဖန်းက သူ၏ သံကျိုင်းကိုဝှေ့ယမ်းလိုက်ကာ ပိဿာတစ်ထောင်ခန့်ရှိသော အားအင်များ ပါဝင်နေ၏။ ၎င်းသည် ကြီးမားသော မျောက်ဝံကြီးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံများကို ထုတ်လွှတ်နေသည်။ မျောက်ဝံမိစ္ဆာဘုရင်သည် သူ၏စိတ်ဝိဉာဥ်ကို ကျိုင်းထဲ၌ ထည့်သွင်းထားခဲ့သဖြင့် ၎င်းမှာ ပိုမိုအစွမ်းထက်နေခြင်း ဖြစ်သည်။
"မိစ္ဆာတွေရဲ့ အရှိန်အဝါလား" ပင်လယ်မင်းသား၏ မျက်နှာမှာ အေးစက်သွားသည်။
"မင်းက မိစ္ဆာလား လူလားဆိုတာ ငါ မင်းရုပ်ဖျက်ထားတာကို ဖျက်ဆီးပြီး ကြည့်ရသေးတာပေါ့"
မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်လယ်မင်းသား၏ လက်ထဲ၌ သုံးခွလှံတစ်ခု ပေါ်လာသည်။ မိုးကြိုးမုန်တိုင်းကဲ့သို့ အားအင်ဖြင့် သုံးခွလှံသည် ချူးယွင်ဖန်း၏ ကျိုင်းကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ချွမ်း
သတ္တုချင်း ထိခိုက်သံကြီး မြည်ဟည်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာ၍ ဂူတစ်ခုလုံးကို လွင့်စင်သွားစေမတတ် ဖြစ်သွားသည်။ သို့သော် ထိုလှိုင်းလုံးများသည် ၎င်းတို့နှစ်ဦး၏ အနားမှ ပေ ၁၀၀ ခန့် ဝေးကွာသွားသည်နှင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
လှိုင်းလုံးများကြားမှ ပုံရိပ်တစ်ခုက နောက်သို့ ဆုတ်ခွာသွားသည်။ လီချန်းယွမ် လှမ်းကြည့်လိုက်သောအခါ ထိုသူမှာ ပင်လယ်မင်းသားဖြစ်နေသဖြင့် သူ အလွန်အံ့အားသင့်သွားတော့သည်။
--