အခန်း ၁၉၂၆
Vol. 129 Ch. 1926
အခန်း(၁၉၂၆) ငါအလျင်လိုနေလို့ အတူတူလာကြစမ်း
နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ပြီးနောက် နောက်သို့ ဆုတ်ခွာသွားသူမှာ ပင်လယ်မင်းသားဖြစ်နေ၏။
လီချန်းယွမ်က ပင်လယ်မင်းသား၏ ခွန်အားအကြောင်းကောင်းစွာသိရှိထားသည်။ ၎င်းမှာ အလွန်ပင် လက်ပေါက်ကပ်သော ပြိုင်ဘက်ဟု သူယူဆထားခဲ့၏။ သို့သ်ော ချူးယွင်ဖန်းနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်မှု၌ပင် ပင်လယ်မင်းသား လွင့်ထွက်သွားခဲ့ရသည်။ ထိုအချက်က လီချန်းယွမ်ကို ထိတ်လန့်တုန်လှုပ်သွားစေကာ မျက်လုံးများ ပြူးကျယ်သွားစေခဲ့သည်။
ပင်လယ်မင်းသားက နောက်သို့ဆုတ်သွားပြီးနောက် သူ၏ သုံးခွလှံကိုလည်း တင်းတင်းဆုပ်ကိုင်ထားသည်။ အနီးကပ်ကြည့်မည်ဆိုပါက သူ၏လက်ထဲမှ သုံးခွလှံမှာ အနည်းငယ်တုန်ယင်နေသည်ကို မြင်တေွ့ရလိမ့်မည်ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်နှင့်အတူ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူ၏ သတ်ဖြတ်လိုစိတ်မှာ ပြင်းထန်ဆဲဖြစ်သော်လည်း သူ ခံစားလိုက်ရသည့် တုန်လှုပ်မှုမှာလည်း ထပ်တူပင် ကြီးမားလှသည်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ သူသည် အားနည်းချက် ရှိနေခဲ့သည်။ သူသည် ပင်လယ်မျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အကောင်းဆုံးများထဲမှ အကောင်းဆုံးဟု ဆိုနိုင်သည်။ သူတို့၏ ခန္ဓာကိုယ်မှာ အလွန်အမင်း မကြီးမားသော်လည်း၊ လျှို့ဝှက်နည်းစနစ်များ၏ လေ့ကျင့်မှုကြောင့် ပင်လယ်နက်ထဲမှ အကြမ်းကြုတ်ဆုံး သားရဲများကိုပင် အသာစီးရအောင် တိုက်ခိုက်နိုင်သည်။ သူသည် ထိုသားရဲအမြောက်အမြားကိုပင် တစ်ပြိုင်တည်း ရင်ဆိုင်နိုင်စွမ်း ရှိသည်။
ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင် သူ၏မျိုးဆက်ထဲ၌ သူ့ကို ယှဉ်နိုင်သူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။ ကျင့်ကြံမှုအဆင့် တူညီနေလျှင်ပင် သူတို့သည် ပင်လယ်မင်းသား၏ လက်အောက်တွင် အလွယ်တကူ ရှုံးနိမ့်သွားကြစမြဲဖြစ်သည်။ လီချန်းယွမ်နှင့် ရင်ဆိုင်ရလျှင်ပင် သူသည် ခွန်အားပိုင်းတွင် အားနည်းခြင်း မရှိခဲ့ပေ။
သို့သော် ချူးယွင်ဖန်းနှင့်တွေ့ဆုံချိန်၌မူ သူ ရုတ်တရက် အသာစီးပေးလိုက်ရသည်။ ထို့ကြောင့် မည်သို့မျှ အံ့သြခြင်းမရှိဘဲ နေနိုင်မည်နည်း။ ထိုကဲ့သို့သော မိစ္ဆာကောင်မျိုးမည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။
"ဟားဟားဟား" ချူးယွင်ဖန်းက ပင်လယ်မင်းသားကို တစ်ချက်တည်းဖြင့် အနိုင်ယူပြီးနောက် သူ၏လက်ထဲမှ ကျိုင်းကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော မုန်တိုင်းမှာ ရုတ်တရက် ငြိမ်သက်သွားသည်။
"ဒါက စိတ်ဝင်စားဖို့ ကောင်းသားပဲ ပင်လယ်မင်းသား၊ ဒါပေမဲ့ ဒါက ဒီလောက်ပါပဲ။ မင်းတို့ အတူတူ တိုက်ခိုက်လို့ ရပါတယ်။ ငါ အလျင်လိုနေလို့။"
ချူးယွင်ဖန်းက အနည်းငယ်ပြုံးလိုက်သည်။ တစ်ချိန်က ပါရမီရှင်စာရင်းမှ ဤလူများသည် ချူးယွင်ဖန်းအတွက် အဆုံးမဲ့ပြဿနာများရှာပေးခဲ့ကြသည်။ အထူးသဖြင့် လီချန်းယွမ်ပင်ဖြစ်၏ မိုးကြိုးခရမ်းဓားနယ်မြေ၌ ရှိစဥ်က သူသည် လီချန်းယွမ်၏ ပစ်မှတ်ထားခြင်းကို ခံရကာ အကြိမ်ကြိမ် အမဲလိုက်ခံခဲ့ရသည်။
တရှသို့ရောက်လာပြီးနောက်၌လည်း ထိုလိုက်လံဖမ်းဆီးမှုက ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ အကယ်၍ သူသာ သာမန်လူတစ်ဦး သို့မဟုတ် သာမန်ပါရမီရှင်တစ်ဦးဆိုပါက လွတ်မြောက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းက တိုက်ဆိုင်မှုများကြောင့်သာ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပင် ဖြစ်သော်လည်း နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာများပင် ပေါ်ထွက်လာခဲ့သည်။ သီအိုရီအရ ဖန်ဆင်းရှင် အထွတ်အထိပ် ပညာရှင်တစ်ဦးပင်လျှင် အသက်ရှင်ရန် မလွယ်ကူသော အခြေအနေမျိုးတွင် ချူးယွင်ဖန်း အသက်ရှင် လွတ်မြောက်ခဲ့သည်။
ယခုမူ နောက်ဆုံးတွင် ပြန်လည်တိုက်ခိုက်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်၍ ချူးယွင်ဖန်းက ဂုဏ်ယူမှုနှင့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။
တစ်ချိန်က သူ၏အမြင်တွင် လီချန်းယွမ်သည် ကောင်းကင်ပေါ်မှ နတ်ဘုရားနဂါးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ ယခုမူ သူ လူနှစ်ဦးကို ဖိအားမရှိဘဲ ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။
"စကားကတော့ အတော်ကြီးကြီးကျယ်ကျယ်ပြောတတ်တာပဲ” လီချန်းယွမ် ဒေါသထွက်သွားသည်။
သူ့လက်ထဲမှ သုံးခွလှံမှာ ကောင်းကင်ကြီးကို ချေမှုန်းလိုက်သကဲ့သို့ လေထဲတွင် ဝေ့ယမ်းလာသည်။ ဤတိုက်ကွက်မှာ သာမန်ဟု ထင်ရပြီး သုံးခွလှံမှ ထွက်သော အလင်းတန်းမှာပင် အနည်းငယ် မှိန်ဖျော့နေသည်။ သို့သော် ထိုတိုက်ကွက် ရောက်လာချိန်တွင်မူ တစ်ကမ္ဘာလုံးကို ထိုးဖောက်လိုက်သကဲ့သို့ ခံစားရစေသည်။
သုံးခွလှံ၏ အလင်းတန်းမှာ ပြင်းထန်သော ဒီရေလှိုင်းများကဲ့သို့ ချူးယွင်ဖန်းကို လုံးဝ လွှမ်းမိုးသွားသည်။
"ကောင်းပြီ" ချူးယွင်ဖန်းက ၎င်းကို ကြည့်ပင်မကြည့်ဘဲ သူ၏ ကျိုင်းကို ရိုက်ချလိုက်သည်။
သူ၏ ခွန်အားမှာ လက်တစ်ဖက်တည်းဖြင့် အရာအားလုံးကို ဖိနှိပ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ချွင်း
ကျိုင်းနှင့် သုံးခွလှံတို့ ထိပ်တိုက်တွေ့သွားသည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာ စိတ်ဝိဉာဥ်နှစ်ခုမှာ အပြင်းအထန် ပွတ်တိုက်၍ ရှုပ်ထွေးမှုများမှသည် ရိုးရှင်းမှုသို့ ပြောင်းလဲကာ ဤရိုးရှင်းသော တိုက်ကွက်ထဲတွင် ပေါင်းစပ်သွားသည်။ ချက်ချင်းပင် ၎င်းမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်နှံ့သွားသော ကြောက်မက်ဖွယ်လှိုင်းလုံးကြီးအဖြစ်ပြောင်းလဲသွား၏။
ဝှမ်း
သူကိုယ်တိုင်ပင် လက်ပေါက်ကပ်သည်ဟု ထင်ရသော ပင်လယ်မင်းသားသည် အဘယ်ကြောင့် ချူးယွင်ဖန်း လက်ထဲတွင် အရှုံးပေးခဲ့ရသည်ကို လီချန်းယွမ် ယခုမှ နားလည်သွားတော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ပင် ဖြစ်၏။ ၎င်းသည် ကောင်းကင်ကို ဖြတ်ကျော်ကာ ပင်လယ်မင်းသား၏ သုံးခွလှံပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ သူ၏ သုံးခွလှံပေါ်မှ အကာအကွယ်အတားအဆီးမှာ ချက်ချင်းပင် ထိုးဖောက်ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ထိုခွန်အားကြောင့် သုံးခွလှံမှာ တုန်ခါသွားကာ၊ သူ၏ လက်မောင်းများမှာလည်း တုန်ယင်နေ၍ လက်နက်ကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
'သူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ' လီချန်းယွမ်က တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ ချူးယွင်ဖန်း၏ ခွန်အားမှာ မည်သို့ကြောင့် ဤမျှ ကြောက်စရာကောင်းနေရသနည်း။
ဘေးနားမှ ပင်လယ်မင်းသားမှာမူ ဂုဏ်ယူသကဲ့သို့ ခံစားလိုက်ရသည်။ စောစောက သူ ချူးယွင်ဖန်း၏ ဖိနှိပ်ခြင်းကို ခံရစဉ် လီချန်းယွမ်၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်ကို မြင်ခဲ့ရသဖြင့် သူ ဒေါသထွက်ခဲ့သည်။ သို့သော် သူ ရှင်းမပြနိုင်ခဲ့ပေ။ ယခုမူ သူ ကျေနပ်မှုကို ခံစားလိုက်ရသည်။
'စောစောကတော့ ငါ့ကို အထင်သေးနေတာ၊ အခုတော့ မင်းလည်း ဒီလူက ဘယ်လောက် ကိုင်တွယ်ရခက်တယ်ဆိုတာ သိပြီမလား' ဟု သူ တွေးနေမိသည်။
သို့သော် သူသည် ဘေးမှ ကြည့်နေရုံဖြင့် ရပ်မနေပေ။ ချူးယွင်ဖန်းကို ကိုင်တွယ်ရန် ခက်ခဲကြောင်း သူသိသည်။ လီချန်းယွမ် တစ်ဦးတည်းနှင့် ချူးယွင်ဖန်းကို ရင်ဆိုင်ရန် သူ လွှတ်မထားဝံ့ပေ။
*ဘုန်း*
သူ့လက်ထဲမှ သုံးခွလှံမှာ ကြောက်မက်ဖွယ် ဒီရေလှိုင်းများနှင့်အတူ ရုတ်တရက် ထိုးနှက်လာသည်။ ထိုအဆုံးမဲ့ ဒီရေလှိုင်းများကြားမှ ရေနေသားရဲ အမြောက်အမြားမှာ ပင်လယ်ထဲမှ ခုန်ထွက်လာကာ ချူးယွင်ဖန်းကို ကိုက်ခဲရန် ၎င်းတို့၏ သွေးသံတရဲရဲ ပါးစပ်များကို ဖွင့်လိုက်ကြသည်။ ၎င်းတို့က အခွင့်ကောင်းယူ၍ ချူးယွင်ဖန်းကို ဆက်တိုက် တိုက်ခိုက်ခွင့် မပေးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
"မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ"
ချူးယွင်ဖန်းက ထိုရေနေသားရဲများကို ကြည့်ပင်မကြည့်ပေ။ သူသည် သူ၏ ကျိုင်းကို မြှောက်ကာ လွှဲရိုက်လိုက်သည်။ ပေတစ်ရာခန့် ရှည်လျားသော ကျိုင်းအလင်းတန်းမှာ ကောင်းကင်မှ အရှိန်ဖြင့် ကျဆင်းလာသည်။ ခဏတာအတွင်း၌ပင် ရေနေသားရဲ အမြောက်အမြား ရှုံးနိမ့်သွားပြီး ပင်လယ်ရေများအဖြစ် ပြန်ပြောင်းသွားသည်။ ထိုပင်လယ်ရေများကိုလည်း ချူးယွင်ဖန်း၏ ကျိုင်းက ချေမှုန်းလိုက်သဖြင့် သူ့ရှေ့မှ ပျောက်ကွယ်သွားသည်။
သို့သော် ထိုကျိုင်းအလင်းတန်းက အရှိန်မသေဘဲ ပင်လယ်မင်းသားကို ထိမှန်သွားသည်။
ပင်လယ်မင်းသား၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး သူ၏ ညာဘက်ပခုံး၌ သွေးအိုင်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။
"ဟူး... ဟူး... ဟူး"
ပင်လယ်မင်းသားသည် အသက်ကို ပြင်းပြင်းရှုလျက် မယုံကြည်နိုင် ဖြစ်နေသည်။ ၎င်းမှာ တစ်ချက်တည်းသာ ဖြစ်ပြီး၊ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို အပြည့်အဝ ထိမှန်ခြင်းပင် မဟုတ်သေးပေ။ အရေးကြီးသော အချိန်တွင် သူသည် အသက်အန္တရာယ်ရှိသော နေရာများကို ရှောင်တိမ်းနိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ ကျိုင်းအလင်းဖြင့် အနည်းငယ် ထိမိရုံမျှဖြင့် သူ၏ လက်မောင်းတစ်ခုလုံးကို ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။
အကယ်၍သာ တိုက်ရိုက် ထိမှန်ခဲ့ပါက အကျိုးဆက်မှာ မှန်းဆ၍မရနိုင်ပေ။ သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ အပိုင်းပိုင်း ပြတ်သွားနိုင်ပေသည်။
'ဒီလူက ဘယ်လို မိစ္ဆာမျိုးလဲ' ပင်လယ်မင်းသားမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သူ ကျင့်ကြံခြင်း စတင်ချိန်မှစ၍ ပညာရှင်များစွာနှင့် တွေ့ဆုံဖူးသော်လည်း၊ ထိုပညာရှင်များမှာ သူ့ကို အကြွင်းမဲ့ ခွန်အားဖြင့် ဖိနှိပ်ခဲ့ကြခြင်း ဖြစ်သည်။ သူသည် ချူးယွင်ဖန်းကဲ့သို့ ကျင့်ကြံမှုအဆင့်မှာ သူ့ထက် မမြင့်သော်လည်း၊ သူ့ကို ချေမှုန်းနိုင်လောက်အောင် ခွန်အားကြီးသူမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
အထူးသဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင် ဤသည်မှာ မယုံနိုင်ဖွယ်ကောင်းလှသည်။ သူသည် အရေးနိမ့်နေရုံသာမက ချူးယွင်ဖန်း၏ လက်ထဲတွင် သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။
"မင်း အသက်ရှင်နေသေးတာပဲ။ ပင်လယ်မင်းသား ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်" ချူးယွင်ဖန်းက ပြုံးလျက် ပြောလိုက်သည်။
သို့သော် ပင်လယ်မင်းသား၏ နားထဲတွင်မူ ဤစကားမှာ အကြီးမားဆုံးသော စော်ကားမှုပင် ဖြစ်သည်။ ချူးယွင်ဖန်းအတွက် သူသည် မဆိုးလှသော အဆင့်သာ ရှိသည်။ ကျိုင်းတစ်ချက်တည်းဖြင့် မသေသွားခြင်းကပင် အောင်မြင်မှုတစ်ခုကဲ့သို့ ဖြစ်နေခြင်းမှာ မည်မျှ အရှက်ရစရာ ကောင်းသနည်း။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ မျက်လုံးများမှာ လီချန်းယွမ်ဘက်သို့ လှည့်သွားသည်။ သူ့အတွက်မူ လီချန်းယွမ်မှာ မဖြစ်မနေ သတ်ရမည့် ပစ်မှတ်ဖြစ်၍ ပင်လယ်မင်းသားမှာမူ လမ်းကြုံ၍ ရှင်းလင်းရမည့်သူသာ ဖြစ်တော့သည်။
--