အခန်း ၁၉၂၉
Vol. 129 Ch. 1929
အခန်း(၁၉၂၉) ပင်လယ်မင်းသား၏ သေခြင်းတရား
ဤတိုက်ကွက်ကို အချိန်အတော်ကြာ ပြင်ဆင်ထားခြင်းဖြစ်ပြီး ၎င်း၏အရှိန်မှာ အလွန်တရာ မြန်ဆန်လှသည်။ တိုက်ကွက်၏ နောက်ဆက်တွဲရိပ်ကိုပင် မြင်နိုင်ရန်မှာပင်မဖြစ်နိုင်သလောက်ဖြစ်၍ လှံရှည်သည် ချူးယွင်ဖန်း၏ လည်ပင်းကို တိုက်ရိုက် ဦးတည်နေကာ သူ့ကို ထိုးဖောက်ရန် ရည်ရွယ်ထားသည်။
ချွင်
ကြီးမားသော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီးနောက် သတ္ထုချင်းတိုက်မိသံနှင့် မရေမတွက်နိုင်အောင်များပြားလှသည့် မီးပွားများလွင့်စင်လာသည်။ လှံရှည်က ချူးယွင်ဖန်း၏ ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။
“ဘာ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လီချန်းယွမ်က မယုံကြည်နိုင်ဖြစ်နေ၏။ သူ၏တိုက်ကွက်က ချူးယွင်ဖန်းအပေါ်အဘယ်ကြောင့် အကျိုးသက်ရောက်မှုမရှိရသနည်း။ ဤမျှအထိ အစွမ်းထက်သော ခုခံမှုကို ရရန်မှာ သူ၏တိုက်ခိုက်ရေးစွမ်းအားက မည်မျှအထိ အံ့ဩစရာ ကောင်းနေသနည်း။
ချူးယွင်ဖန်း၏ တုံ့ပြန်မှုအရှိန်မှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းလှသည်။ သူသည် သူ၏ ကျိုင်းကို လေထဲတွင် ဝေ့ယမ်းလိုက်သည်။
*ဘုန်း*
ကျိုင်းက လီချန်းယွမ်ကို တိုက်ရိုက်ထိမှန်သွားသည်။ သူက အော်ဟစ်၍ တစ်ကိုယ်လုံး လေထဲ၌ ကွဲအက်သွားကာ ထောင်ချောက်များအဖြစ်ပြောင်းလဲသွားသည်။
ဤသည်မှာ လီချန်းယွမ်၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ၊ ချူးယွင်ဖန်း၏ ကျိုင်းဖြင့် ရိုက်ချေခြင်း ခံလိုက်ရသော သူ၏ ရုပ်သေးရုပ်သာဖြစ်သည်။ လီချန်းယွမ်၏ မျက်နှာအမူအရာက အလွန်အမင်းအေးစက်နေကာ သတ်ဖြတ်လိုစိတ်လည်း ပြင်းထန်လာသည်။ သူ၏ ရုပ်သေးရုပ်က ရုပ်သေးရုပ်သာဖြစ်သော်လည်း ဖန်ဆင်းရှင်အဆင့်နှင့်ညီမျှသော ခွန်အားရှိကြောင်းသိထားသင့်သည်။ ဖန်ဆင်းရှင်အဆင့်ရှိသူတစ်ဦးပင် ဤရုပ်သေးကို ကိုင်တွယ်ရန် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း၊ ယခုမူ ချူးယွင်ဖန်း၏ ကျိုင်းအောက်၌ အပိုင်းပိုင်း ပြတ်သွားခဲ့ရသည်။
ချူးယွင်ဖန်း၏ ကျိုင်းမှ ထွက်ပေါ်လာသော စွမ်းအားမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှသည်။
ဤအခိုက်အတန့်တွင် ဂူအတွင်း၌ အနီရောင်နှင့် အပြာရောင် နတ်စွမ်းအင်များ ပေါက်ကွဲထွက်နေသော်လည်း၊ ချူးယွင်ဖန်းမှာမူ သူ၏အရှိန်အဝါကို ထိန်းချုပ်ကာ တည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။ သို့သော် ထိုနှစ်ဦးမှာ ချူးယွင်ဖန်းကို အနည်းငယ်မျှ လျှော့မတွက်ဝံ့ကြတော့ပေ။ ဤသည်မှာ ချူးယွင်ဖန်းက သူ၏ခွန်အားကို အကန့်အသတ်တစ်ခုအထိ ထိန်းချုပ်ထားခြင်းဖြစ်ပြီး၊ ၎င်းတို့က သူ၏စွမ်းအားအစစ်ကို ထုတ်သုံးအောင်ပင် မလုပ်နိုင်သေးကြောင်း ထင်ရှားနေသည်။
ယခုအခါ ထိုနှစ်ဦးစလုံးမှာ ချူးယွင်ဖန်းက အလွန်တရာ လက်ပေါက်ကပ်သော ရန်သူဖြစ်ကြောင်း အမှန်တကယ် ခံစားလိုက်ရသည်။ သူတို့သည် ၎င်းတို့အချင်းချင်းသာ တကယ့်ပြိုင်ဘက်များဖြစ်ပြီး အမွေအနှစ်အတွက် တိုက်ခိုက်ရမည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုမူ ချူးယွင်ဖန်းကသာ တကယ့် ကြောက်စရာအကောင်းဆုံးသူဖြစ်နေ၏။
၎င်းတို့က ချူးယွင်ဖန်းကို သတ်ပစ်ရန် စိတ်ကူးကို လက်လျှော့လိုက်ကြသည်။
“ငါတို့သူ့ကို အချိန်ဆွဲထားရမယ်။ ငါတို့ အစောင့်အရှောက်တွေရောက်လာတာနဲ့ သူသေပြီ”
ပင်လယ်မင်းသားနှင့် လီချန်းယွမ်တို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ ၎င်းတို့က ချူးယွင်ဖန်းကို အကျိုးအမြတ်ရသွားစေမည့်အလား ၎င်းတို့အချင်းချင်းသာ အမွေအနှစ်ကိုခွဲယူရန် ဆုံးဖြတ်လိုက်ကြသည်။
ချူးယွင်ဖန်းက ၎င်းတို့၏ အစီအစဥ်ကို ရိပ်မိလိုက်သည်။ ခဏတာအတွင်း၌င် သူ့လက်ထဲမှ ကျိုင်းက အံ့ဖွယ်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ ပင်လယ်မင်းသားထံသို့ ဦးတည်သွားသည်။ ဤအချိန်၌ ပင်လယ်မင်းသားက သူ၏ဒဏ်ရာကြောင့် အားနည်းနေပြီးဖြစ်ကာ သူက ၎င်းတို့နှစ်ဦးကြား၌
အလွယ်တကူ အနိုင်ယူနိုင်မည့်သူ ဖြစ်နေသည်။
ပင်လယ်မင်းသားမှာလည်း ဤအချက်ကို ရိပ်မိသွားပြီး ချုးယွင်ဖန်း၏ အထင်သေးခြင်းကို ခံရသည်ဟု ခံစားလိုက်ရသည်။ ဤသည်မှာ အကြီးမားဆုံးသော အရှက်ကွဲမှုပင်ဖြစ်၏။ သူသည် အချိန်ဆွဲလိုသော်လည်း သူ၏ မာနကြောင့် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ အဖြစ်မခံနိုင်ပေ။ သူကြုံးဝါး၍ သူ၏ သုံးခွလှံကို ဝေ့ယမ်းကာ ရှေ့သို့ တိုးဝင်သွားတော့သည်။
*ချွင် ချွင် ချွင်*
အလွန်ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ သုံးခွလှံနှင့် ကျိုင်းတို့က ဟင်းလင်းပြင်ထဲတွင် အကြိမ်ပေါင်း ထောင်ချီ၍ ရိုက်ခတ်မိကြသည်။ ဖန်ဆင်းရှင်အဆင့်သို့ မရောက်သေးသူများမှာမူ မည်မျှအထိ တိုက်ခိုက်သွားသည်ကိုပင် ပြောနိုင်လိမ့်မည် မဟုတ်ပေ။ တိုက်ကွက်အားလုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသကဲ့သို့ပင်ဖြစ်၏။
ဤသည်မှာ နှစ်ဖက်စလုံးက ၎င်းတို၏ ဘဝအတွေ့အကြုံအားလုံးကို အသုံးချ၍ တိုက်ခိုက်နေကြသော အဆုံးစွန်သော တိုက်ပွဲပင် ဖြစ်သည်။
*ဖူး*
အပြန်အလှန် တိုက်ခိုက်မှု ထောင်ပေါင်းများစွာအပြီးတွင် နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြသည်။ သွေးစက်များ ထပ်မံလွင့်စင်သွားပြီး ပုံရိပ်တစ်ခုမှာ ပြင်းထန်စွာ တုန်ရီသွားသည်။
လီချန်းယွမ်က တိုက်ပွဲထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေသော်လည်း၊ ပင်လယ်မင်းသား၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ချူးယွင်ဖန်း၏ကျိုင်းက
သူ့ကို ထိုးဖောက်သွားခြင်း ဖြစ်သည်။
ချူးယွင်ဖန်း၏ လက်ထဲရှိ ကျိုင်း၌ သွေးများ စိုရွှဲနေကာ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။ ၎င်းထဲတွင် အံ့ဩဖွယ်ကောင်းသော စွမ်းအားများနှင့် ပြောင်းလဲမှုများ ကိန်းအောင်းနေသည်။
*ဖူး*
ပင်လယ်မင်းသားက ခေါင်းမူးစွာဖြင့် သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ စောစောက ထိပ်တိုက်တွေ့မှုတွင် မည်သည့် လှည့်ကွက်မျှ မပါဝင်ပေ။ အကြွင်းမဲ့ ခွန်အားချင်းသာ ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်သည်။
အရှိန်ဖြစ်စေ၊ ခွန်အားဖြစ်စေ သူသည် လုံးဝ ဖိနှိပ်ခြင်း ခံလိုက်ရသည်။ သူ ခဏမျှ အာရုံလွတ်သွားချိန်တွင် ကျိုင်းဖြင့် ထိုးဖောက်ခံလိုက်ရပြီး ချက်ချင်းပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုကား အလွန် မြန်ဆန်လှ၏။ လီချန်းယွမ်ကဲ့သို့ အမြင်စူးရှသူပင်လျှင် ပင်လယ်မင်းသား၏ ခန္ဓာကိုယ် ထိုးဖောက်ခံလိုက်ရသော နောက်ဆုံးမြင်ကွင်းကိုသာ မြင်လိုက်ရခြင်းဖြစ်၏။
လီချန်းယွမ်က ချက်ချင်းတုံ့ပြန်လိုက်၏။ သူသည် ချူးယွင်ဖန်းကို ဤအတိုင်း ဆက်လက်လုပ်ဆောင်ခွင့်မပေးနိုင်ပေ။ သူ၏ လက်ထဲမှ လှံရှည်မှာ ကောင်းကင်ကြီးကို ဖိနှိပ်ထားသကဲ့သို့ဖြစ်နေပြီး အံ့ဖွယ် လှံအလင်းတန်းများ ထွက်ပေါ်လာကာ ဟင်းလင်းပြင်လေဟာနယ်ကို ဖြတ်ကျော်သွားသည်။ ပင်လယ်မင်းသားဒဏ်ရာအပြင်းအထန် ရနေချိန်၌ သူ ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
သူသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ရပ်တန့်ကာ ပင်လယ်မင်းသားအတွက် အချိန်ဆွဲလိုခြင်းဖြစ်၏။ ၎င်းတိုက ယခင်ကရန်သူများဖြစ်ကြသော်လည်း ယခုမူ အတူတူပူးပေါင်းဆောင်ရွက်ကာ ၎င်းတို၏ ပြိုင်ဘက်ကင်းဂုဏ်သိက္ခာကိုပင် ဘေးချိတ်ထားလိုက်ရသည်။
“ငါ့ကို တားချင်တာလား။ မဖြစ်နိုင်ဘူးကွ” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သောအခါ လက်ထဲမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထိုရွှေရောင်အလင်းတန်းက လှံကို တားဆီးထားသော ကြီးမားသည့် အကာအကွယ်အတားအဆီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
လှံအလင်းတန်းမှာ အရာအားလုံးကို ဖြတ်ကျော်သွားသော်လည်း ဤအကာအကွယ်ရှေ့တွင်မူ လက်မဝက်မျှပင် ရှေ့မတိုးနိုင်ခဲ့ပေ။ ချူးယွင်ဖန်းက သူ၏ ကျိုင်းကို မြှောက်လိုက်သည်။ ကျိုင်း၏ အလင်းက ကောင်းကင်ကို ဖြတ်ကျော်၍ အရာအားလုံးကို ချေမှုန်းပစ်လိုက်၏။ ထို့နောက် သူသည် ၎င်းကို ပင်လယ်မင်းသားပေါ်သို့ ရုတ်တရက် ရိုက်ချလိုက်တော့သည်။
'သူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ?'
ပင်လယ်မင်းသား မတုံ့ပြန်နိုင်မီမှာပင် သူ၏ ဦးခေါင်းနောက်ဘက်မှ အံ့ဩဖွယ် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် အလျင်အမြန် လှည့်ကြည့်ကာ သူ၏ သုံးခွလှံဖြင့် ဤကျိုင်းကို တားဆီးရန် ကြိုးစားလိုက်သည်။
*ဘုန်း*
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ပင်လယ်မင်းသားသည် သုံးခွလှံကို ဆက်လက် မကိုင်ထားနိုင်တော့ပေ။ ထောင်ပေါင်းများစွာသော ထိပ်တိုက်တွေ့မှုများကြောင့် သူ၏ လက်မနှင့် လက်ညှိုးတို့မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူသည် ဤသေစေနိုင်သော တိုက်ကွက်ကို မရရှိမီ ဒဏ်ရာကို ကုသရန်ပင် အချိန်မရခဲ့ပေ။
ပင်လယ်မင်းသား၏ လက်ထဲမှ သုံးခွလှံကို လွင့်စင်သွားအောင် လုပ်ပြီးနောက်၊ ချူးယွင်ဖန်း၏ ကျိုင်းက အရှိန်မသေဘဲ ကောင်းကင်မှ ရိုက်ချလိုက်သည်။
*ဘုန်း*
ပင်လယ်မင်းသားက ယင်းကို မရှောင်တိမ်းနိုင်သဖြင့် ထိမှန်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အပြာရောင် ချပ်ဝတ်တန်ဆာမှာ အပိုင်းပိုင်း ပြတ်သွားပြီး သူ၏ မူလရုပ်သွင်ကို ပြသလာသည်။ သူ၏ ဦးခေါင်းမှာ ခဏအတွင်းမှာပင် ကြေမွသွားပြီး သွေးများနှင့် ဦးနှောက်များမှာ လွင့်စင်သွားတော့သည်။
*ဘုန်း*
ကျိုင်းမှာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် ပင်လယ်မင်းသား၏ ဦးခေါင်းမှာ ကြေမွသွားသည်။ သူ၏ ခန္ဓာကိုယ် နှစ်ပိုင်း ပေါက်ကွဲသွားကာ အသားစိုင်များနှင့်တကွ အရာအားလုံးမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
"ပြီးသွားပြီ” ချူးယွင်ဖန်းက ခပ်တိုးတိုးပြောလိုက်၏။
ကျိုင်းရိုက်ချလိုက်ချိန်တွင် ပင်လယ်အုပ်စိုးရှင် ခန္ဓာကိုယ်ကို ထုတ်ပြ ထားသည့် ပင်လယ်မင်းသားမှာ ချူးယွင်ဖန်း၏ ကျိုင်းအောက်တွင် ပေါက်ကွဲသွားခဲ့သည်။ ပင်လယ်မင်းသားမှာ ချက်ချင်းပင် အသတ်ခံလိုက်ရသည်။ ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရချိန်တွင် သူ့၌ ပြန်လည်ခုခံနိုင်သော ခွန်အားပင် မရှိခဲ့ပေ။
"ပင်လယ်မင်းသားဆိုတာဒီလောက်ပါပဲလား" ချူးယွင်ဖန်းက ပြုံးလိုက်သည်။
"နောက်တစ်ယောက်က မင်းပဲ။ လီချန်းယွမ်ဆိုတဲ့ တရှရဲ့ ဟန်ထျန်းမြို့ဝန်… ဒီနာမည်ကလည်း အခု ပါရမီရှင်စာရင်းထဲက ပျောက်သွားရတော့မယ်”
ဤအချိန်တွင် ချူးယွင်ဖန်း၏ အပြုံးမှာ မည်မျှပင် တောက်ပနေစေကာမူ လီချန်းယွမ်၏ မျက်လုံးထဲတွင်မူ ၎င်းမှာ မိစ္ဆာတစ်ကောင်၏ အပြုံးကဲ့သို့ပင် ဖြစ်နေသည်။ သူ၏ နှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရတော့သည်။
--