အခန်း ၁၉၃၁
Vol. 129 Ch. 1931
အခန်း (၁၉၃၁) အပြင်လောကမှကမောက်ကမများ
တရှအင်ပါယာအတွက်မူ အရှေ့ပင်လယ်တွင် လှည့်လည်ကျင့်ကြံသူအမြောက်အမြားရှိနေပြီး ၎င်းတို့ထဲတွင် မိစ္ဆာကျင့်ကြံသူများနှင့် ယုတ်မာသောကျင့်ကြံသူများစွာ ရောနှောနေကြသည်။ ၎င်းတို့သည် တရှအင်ပါယာ၏ ရန်သူတော်များထဲမှ တစ်စုဖြစ်သည်ဟုပင် ဆိုနိုင်သည်။
သို့သော်လည်း သူတို့သည် အဆုံးစွန်ထိ လူသားများသာ ဖြစ်ကြသည်။ အကယ်၍ ပင်လယ်နေမျိုးနွယ်စုများကသာ သူတို့ကို အကျပ်ကိုင်လာခဲ့လျှင် ဤအရှေ့ပင်လယ်ရှိ လှည့်လည်ကျင့်ကြံသူများသည် တရှအင်ပါယာနှင့် ပူးပေါင်းသွားနိုင်ပေသည်။ နောင်တစ်ချိန်တွင် ဤဒေသခံအင်အားစုများက လမ်းပြပြီး တရှအင်ပါယာ၏ စစ်အင်အားနှင့်သာဆိုလျှင် အရှေ့ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများအထိပင် ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုအခါ အရှေ့ပင်လယ်သည် ပင်လယ်နေမျိုးနွယ်စုများ၏ ပိုင်နက်အဖြစ် ဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ တရှအင်ပါယာသည်လည်း သူ၏ လှုပ်ရှားမှုများကို ကမ်းခြေအနီးတစ်ဝိုက်မှာတင် ကန့်သတ်ထားတော့မည် မဟုတ်ပေ။
ပင်လယ်နေမျိုးနွယ်စု၏ အဆင့်မြင့်အကြီးအကဲများက ဤအချက်ကို ကောင်းစွာနားလည်ကြသည်။ ပိုမိုကြီးမားသော ပြဿနာများဖြစ်အောင် ဖန်တီးလိုသည့် အစွန်းရောက်သူအချို့ ရှိနေသော်လည်း ၎င်းတို့ကို လျင်မြန်စွာပင် နှိပ်ကွပ်နိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် အငြိုးအတေးအားလုံးက လီမျိုးနွယ်စုထံသို့သာ ဦးတည်သွားခဲ့သည်။ ပင်လယ်နေမျိုးနွယ်စု စစ်တပ်အမြောက်အမြားသည် ပင်လယ်နက်အတွင်းရှိ မရေမတွက်နိုင်သော သားရဲကြီးများကို စေခိုင်းကာ လီမျိုးနွယ်စု၏ အခြေစိုက်စခန်းများရှိရာ ကျွန်းများကို တိုက်ခိုက်စေခဲ့သည်။
ပင်လယ်နေမျိုးနွယ်စုအတွင်းရှိ အင်အားစုအသီးသီးတို့သည် သူတို့၏ အဆုံးစွန်သော အစွမ်းသတ္တိကို အသုံးပြု၍ မကောင်းသော ရည်ရွယ်ချက်ရှိသူများကို ခြောက်လှန့်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့အားလုံး ပူးပေါင်းဆောင်ရွက်လိုက်သည့်အခါတွင် လီမျိုးနွယ်စုအနေဖြင့် ထိုကဲ့သို့သော ရူးသွပ်ဖွယ်ရာ လှိုင်းလုံးကြီးများကို တားဆီးနိုင်စွမ်း မရှိတော့ပေ။ ဤမျှအဆင့်ရှိသော အင်အားစုမျိုးကို တရှအင်ပါယာ တစ်ခုတည်းသာ ယှဉ်ပြိုင်နိုင်ပြီး အခြားသော အင်အားစုများမှာမူ လုံးဝ ယှဉ်နိုင်ခြင်း မရှိကြချေ။
အချိန်တိုအတွင်းပင် သတင်းရရှိခဲ့သော အခြားအင်အားစုများသည် ပင်လယ်နေမျိုးနွယ်စုကပင် အရေးယူရန် မလိုတော့ဘဲ လီမျိုးနွယ်စုကို သူတို့၏နယ်မြေများမှ နှင်ထုတ်ရန်နှင့် သူတို့၏ အခြေစိုက်စခန်းများကို ဖျက်ဆီးရန် ကိုယ်တိုင်ဦးဆောင် လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် လီမျိုးနွယ်စုကြောင့် မိမိတို့၏ မြို့ရွာများ တိုက်ခိုက်ခံရပြီး အခြေခံအဆောက်အအုံများ ပျက်စီးသွားမည်ကို မလိုလားကြပေ။
လီမျိုးနွယ်စုအတွက်မူ ထွက်ပြေးစရာ လမ်းမရှိတော့ပေ။ ကောင်းကင်ယံ၊ ပင်လယ်ပြင်နှင့် ပင်လယ်ရေအောက် ထွက်ပြေးနိုင်မည့် လမ်းကြောင်းမှန်သမျှကို ပင်လယ်နေမျိုးနွယ်စုနှင့် ပင်လယ်နက်သားရဲကြီးများက ပိတ်ဆို့ထားခဲ့ကြသည်။ အချိန်တိုအတွင်းပင် လီမျိုးနွယ်စုက အရှေ့ပင်လယ်တွင် ရာစုနှစ်ပေါင်းများစွာ စနစ်တကျ ပြင်ဆင်လာခဲ့သမျှ အရာအားလုံးမှာ အမြစ်ပြတ်ချေမှုန်း ဖျက်ဆီးခြင်းကို ခံလိုက်ရလေတော့၏။
လီမျိုးနွယ်စုသည် အရှေ့ပင်လယ်သို့ ယခုမှသာ စတင်ချီတက်လာခြင်းဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အရှေ့ပင်လယ်တွင်သာ ရရှိနိုင်သော ထူးခြားသည့် အရင်းအမြစ်များကို စုဆောင်းရန်နှင့် သတင်းအချက်အလက်များ ရယူရန်အတွက်သာ အခြေစိုက်စခန်းငယ်များကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် လီမျိုးနွယ်စုသည် အင်အားမတောင့်တင်းသေးသဖြင့် အရှေ့ပင်လယ်အတွင်းသို့ တဖြည်းဖြည်းချင်းသာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ယခုအချိန်ကျမှသာ အရှေ့ပင်လယ်တွင် အခြေခိုင်မာအောင် လုပ်ဆောင်နိုင်ပြီဟု သူတို့ ယုံကြည်ချက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤမျှတိုတောင်းလှသော အချိန်အတွင်း၌ သူတို့၏ အရှေ့ပင်လယ် အခြေခံအဆောက်အအုံတစ်ခုလုံးမှာ အမြစ်ပြတ်ချေမှုန်းခံရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
ထင်ရှားသည်မှာ လီမျိုးနွယ်စု၏ အရှေ့ပင်လယ်ရှိ အခြေခံအုတ်မြစ်များကို အခြားသူများက သတိပြုမိနေသည်မှာ ကြာလှပေပြီ။
တရှအင်ပါယာတွင်မူ လီမျိုးနွယ်စု ခေါင်းဆောင်သည် သတင်းကို လက်ခံရရှိပြီးပြီးချင်းပင် မျက်နှာမှာ ပြာနှမ်းသွားပြီး သွေးတစ်လုတ် အန်လိုက်ရတော့သည်။ လီမျိုးနွယ်စု၏ နှစ်ပေါင်းရာချီ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်မှာ အမြစ်ပြတ်သွားခဲ့ပြီ ဖြစ်သည်။ ဤဆုံးရှုံးမှုမှာ သမိုင်းတွင် မကြုံစဖူးသော ဆုံးရှုံးမှုပင် ဖြစ်သည်။ အရှေ့ပင်လယ်တွင် အခြေစိုက်ထားသော လီမျိုးနွယ်စု၏ အမာခံလက်ရွေးစင် ပညာရှင်များအားလုံး အသတ်ခံလိုက်ရလေပြီ။
လီမျိုးနွယ်စု၏ နှစ်ပေါင်းရာချီ စီးပွားရေးလုပ်ငန်းများကိုလည်း အရှေ့ပင်လယ်ရှိ အင်အားစုအသီးသီးက သိမ်းပိုက်လိုက်ကြသည်။ ထိုအင်အားစုများသည် ဤလုပ်ငန်းများကို လိုချင်တပ်မက်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း မည်သည့်လှုပ်ရှားမှုမျှ မလုပ်ဝံ့ခဲ့ကြပေ။ ယခုတစ်ကြိမ်တွင်မူ သူတို့သည် ပင်လယ်နေမျိုးနွယ်စု၏ အတင်းအကျပ်ခိုင်းစေမှုကြောင့် လုပ်ဆောင်ရခြင်းဟု ဆိုသည်ထက် လဲနေသူကို ဝိုင်းနင်းကာ အခွင့်ကောင်းယူလိုက်ကြခြင်းဖြစ်သည်ဟု ဆိုလျှင် ပို၍မှန်ပေလိမ့်မည်။
ဤအရာအားလုံးမှာ သတင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းမှာ လီချန်းယွမ်သည် ပင်လယ်မင်းသားကို သတ်ဖြတ်လိုက်ရုံသာမက ပင်လယ်မင်းသား၏ အစောင့်အရှောက်အားလုံးကိုပါ သုတ်သင်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် လီမျိုးနွယ်စုသည် ပင်လယ်နေမျိုးနွယ်စုနှင့် ရင်ဆိုင်ရမည်ကို ဟန်ပင်မဆောင်နိုင်တော့ဘဲ အရေးနိမ့်သွားရခြင်း ဖြစ်သည်။
ဤသတင်းကို ဆက်သွယ်ရေးလက်ဖွဲ့ ဖြင့် အမြန်ဆုံး ပို့ဆောင်လိုက်သောအခါတွင် အပြင်လူများသာမက လီမျိုးနွယ်စုအတွင်းရှိ လူများကပင် လီချန်းယွမ်က ပင်လယ်မင်းသားကို သတ်ခဲ့သည်ဟု ယုံကြည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် လီချန်းယွမ်တွင် ထိုသို့လုပ်ရန် ခွန်အားရော အကြောင်းပြချက်ပါ ရှိနေသောကြောင့်ပင်။
အကယ်၍ အခြားတစ်ဦးဦးကြောင့်သာ လီမျိုးနွယ်စုမှာ ဤမျှအထိ ဆုံးရှုံးခဲ့ရမည်ဆိုပါက ထိုသူမှာ အပြစ်ပေးခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သို့သော် လီချန်းယွမ်မှာမူ ထိုသို့မဟုတ်ပေ။ သူသည် လီမျိုးနွယ်စု၏ မျိုးဆက်သစ်မျှော်လင့်ချက် ဖြစ်သည်။ မည်မျှပင် ပြဿနာကြီးမားပါစေ၊ လီမျိုးနွယ်စုအနေဖြင့် သူ့ကို ကာကွယ်ပေးရမည်သာ ဖြစ်သည်။
"ဒါတော့ မကောင်းတော့ဘူး။ အခု ပင်လယ်နေမျိုးနွယ်စုက သတင်းရသွားပြီဆိုတော့ သူတို့ ချန်ယွမ်ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ငါ နန်းတော်ကိုသွားပြီး အိမ်ရှေ့မင်းသားကို တွေ့ရမယ်၊ ပြီးတော့ တော်ဝင် ပို့ဆောင်ဆက်သွယ်ရေးဂိတ်ကို ဖွင့်ပေးဖို့ တောင်းဆိုရမယ်။ ငါကိုယ်တိုင် ပို့ဆောင်ဆက်သွယ်ရေးဂိတ်ကိုသုံးပြီး အရှေ့ပင်လယ်ကိုသွားပြီး သူ့ကို သွားကြိုမှဖြစ်မယ်၊ မဟုတ်ရင် အချိန်မီမှာ မဟုတ်ဘူး”
လီမျိုးနွယ်စုခေါင်းဆောင်မှာ ဤအချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
"အမိန့် ချက်ချင်းထုတ်လိုက်။ မျိုးနွယ်စုရဲ့ အကြီးအကဲတွေကို တရားထိုင်ရာကနေ ထွက်လာခိုင်းပြီး အရှေ့ပင်လယ်ကို အမြန်ဆုံး သွားခိုင်းလိုက်။ ဒါဟာ ချန်ယွမ်ရဲ့လက်ချက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သူ့ကို ပင်လယ်နေမျိုးနွယ်စုရဲ့ သတ်တာတော့ အခံလို့မဖြစ်ဘူး။ ငါလည်း အိမ်ရှေ့မင်းသားကို တောင်းဆိုပြီး တော်ဝင်မိသားစုရဲ့ ထိပ်တန်းပညာရှင်အချို့ကို ကူညီဖို့ တောင်းဆိုရမယ်။ ချန်ယွမ်ကို ဘာမှအဖြစ်ခံလို့ မရဘူး”
လီမျိုးနွယ်စုခေါင်းဆောင်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် အလွန် စိုးရိမ်ပူပန်နေမိသည်။ အကယ်၍သာ တရှအင်ပါယာအတွင်းမှာ ဖြစ်ခဲ့မည်ဆိုပါက သူသည် လီချန်းယွမ်ကို အပြည့်အဝ ကာကွယ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သို့သော် ယခုမူ ဝေးလံလှသော အရှေ့ပင်လယ်တွင် ဖြစ်နေခြင်း ဖြစ်သည်။ လီမျိုးနွယ်စုမှာ မည်မျှပင် အစွမ်းထက်ပါစေ၊ လက်လှမ်းမမီသော နေရာဖြစ်နေလေတော့သည်။
အခြေအနေများမှာ နောက်ဆုံးတွင် အင်အားကြီးအဖွဲ့အစည်းနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်မှုအဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
သို့သော် လီမျိုးနွယ်စုခေါင်းဆောင်သည် မည်မျှပင် ပေးဆပ်ရပါစေ၊ လီချန်းယွမ်ကို ဘာမှအဖြစ်မခံနိုင်ဟု ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။ လီချန်းယွမ်သည် လီမျိုးနွယ်စု ပြန်လည်ဦးမော့လာစေရန်အတွက် အကြီးမားဆုံးသော မျှော်လင့်ချက် မဟုတ်ပါလား။
ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းရှိ လီမျိုးနွယ်စုမှ ပညာရှင်များသည် သူတို့ရှေ့မှ ပင်လယ်နေမျိုးနွယ်စု ပညာရှင်များ ရူးသွပ်သွားကြပြီဖြစ်ကြောင်း သတိပြုမိရန် အချိန်အတော်ကြာ မစောင့်လိုက်ရပေ။ အစပိုင်းတွင် ပင်လယ်နေမျိုးနွယ်စုဘက်က ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့သော်လည်း ယခုမူ သူတို့သည် အစွမ်းကုန် တိုက်ခိုက်နေကြတော့သည်။ လှုပ်ရှားမှုတိုင်းမှာ အသက်ကို ရန်ရှာနိုင်လောက်သည်အထိ ပြင်းထန်လှပြီး ပင်လယ်နေမျိုးနွယ်စုဝင်များသည် ရန်သူနှင့်အတူ အသေခံရန် ဆုံးဖြတ်ထားပုံရသည်။ ဤသည်မှာ လီမျိုးနွယ်စုမှ ပညာရှင်များကို ထိတ်လန့်သွားစေခဲ့သည်။ ဘာများဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူတို့ မသိကြသေးပေ။
သို့သော် မကြာခင် လီချန်းယွမ်သည် ပင်လယ်မင်းသားကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ပြင်ပမှ သတင်းများ ရောက်ရှိလာခဲ့သည်။ ထိုသတင်းမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မကြာခင်မှာပင် လူတိုင်း သိရှိသွားကြတော့သည်။
"သူတို့တွေ အထဲဝင်သွားပြီး သခင်လေးကို ဒဏ်ရာရအောင် ပေးမလုပ်နိုင်ဘူး။ ငါတို့ အသေခံပြီး တိုက်ကြမယ်”
လီမျိုးနွယ်စုဝင်များသည် အကြောင်းရင်းကို သိရှိသွားကြပြီးနောက် ပင်လယ်နေမျိုးနွယ်စုဝင်များ အဘယ်ကြောင့် ဤမျှအထိ အသည်းအသန်ဖြစ်နေကြသည်ကို နားလည်သွားကြသည်။ ထို့ကြောင့် သူတို့သည်လည်း ပင်လယ်နေမျိုးနွယ်စုဝင်များကို အထဲသို့ဝင်၍ လီချန်းယွမ်အား ရန်မပြုနိုင်စေရန် တားဆီးကြတော့သည်။
ခဏချင်းပင် စစ်မြေပြင်တစ်ခုလုံးမှာ ပိုမိုရူးသွပ်လာပြီး အကျအဆုံးများမှာလည်း မရေမတွက်နိုင်အောင် ရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ပင်လယ်အရှင်သခင်၏ ဂူအတွင်း၌မူ အပြင်လောကမှ ရုတ်ရုတ်သဲသဲဖြစ်ရပ်များကို လုံးဝမသိရှိကြသော လူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်နေကြသည်။
လီချန်းယွမ်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်လာခဲ့သည်။ သူ၏ဒေါသထက် အကျိုးသင့်အကြောင်းသင့် စဉ်းစားဉာဏ်က ပထမဆုံးအကြိမ်အဖြစ် လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင်ရှိနေသော လူထံမှ ခံစားရသည့်ဖိအားမှာ ယခင်က သူကြုံဖူးသမျှ လူအားလုံးထက် သာလွန်နေသောကြောင့် ဖြစ်သည်။ သူက တစ်ဖက်လူကို သတ်ချင်နေသကဲ့သို့ တစ်ဖက်လူကလည်း သူ့ကို သတ်ရန် ကြံစည်နေသည် မဟုတ်ပါလား။
"မင်း ဘယ်သူလဲဆိုတာ ငါမသိပေမဲ့ လီမျိုးနွယ်စုကို စိန်ခေါ်တဲ့သူဟာ ဒီလောကမှာ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး"
လီချန်းယွမ်က အေးစက်စွာ ဆိုလိုက်သည်။
"လီမျိုးနွယ်စုကို စိန်ခေါ်တော့ရော ဘာဖြစ်လဲ။ မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ"
ချူးယွင်ဖန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။
"လီချန်းယွမ်... မင်းက အရမ်းကို မာန်တက်လွန်းတယ်။ မင်းရဲ့ မိသားစုနောက်ခံ၊ မင်းရဲ့ ရုပ်ခန္ဓာနဲ့ ပါရမီတွေက မင်းရဲ့ မောက်မာမှုအတွက် အခြေခံတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ ကိုယ့်ထက်သာတဲ့သူ အမြဲရှိနေတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို မင်းမသိသေးဘူး။ ဒီနေ့တော့ မင်းရဲ့ မောက်မာမှုတွေဟာ ဘာမှအသုံးမကျဘူးဆိုတာ ငါပြပေးမယ်"
"ကောင်းပြီလေ... မင်း ငါ့ကို ဘယ်လိုများ ပြပေးမလဲဆိုတာ ငါကြည့်ချင်သေးသား"
လီချန်းယွမ်၏ မျက်နှာမှာ မောက်မာမှုများဖြင့် ပြည့်နှက်နေသည်။ ဤအချက်နှင့် ပတ်သက်၍ သူသည် အမှန်တကယ်ပင် ဂုဏ်ယူနေခြင်း ဖြစ်သည်။
သူသည် သူ၏ ရွယ်တူများထဲတွင် ပြိုင်ဘက်ကင်းဖြစ်နေခဲ့သည်မှာ ကြာလှပြီဖြစ်ရာ မည်သူကမျှ သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ကြပေ။ အကယ်၍သာ ရှေးဟောင်းမိစ္ဆာကြီးများနှင့် ရင်ဆိုင်ရမည်ဆိုပါက သူတို့အား ဖမ်းဆီးနိုင်ရန် မသေချာသော်လည်း ကျန်သည့်သူများကိုမူ လီချန်းယွမ် တစ်ခါမျှ မကြောက်ဖူးခဲ့ပေ။
--