← Chapters

အခန်း ၁၉၃၂

Vol. 129 Ch. 1932

အခန်း ၁၉၃၂

Vol. 129 Ch. 1932

အခန်း (၁၉၃၂) လီချန်းယွမ်အားသတ်ဖြတ်ခြင်း

ဤသူသည် ပင်လယ်မင်းသားကို နာကျည်းမှုများဖြင့် သေဆုံးစေခဲ့သူ ဖြစ်သော်လည်း လီချန်းယွမ်မှာမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ အစွမ်းသတ္တိမှာ ပင်လယ်မင်းသားနှင့် နှိုင်းယှဉ်၍ ရနိုင်သောအရာ မဟုတ်ပေ။

ဘုန်း. . . .

ခဏချင်းမှာပင် ချူးယွင်ဖန်း လှုပ်ရှားလိုက်သည်။ သူသည် လက်ထဲရှိ ကျိုင်းရှည်ကြီးကို ဝှေ့ယမ်းကာ ရိုက်ချလိုက်သည်။ သူ၏ နတ်ဘုရားစွမ်းအင်များမှာ ကျိုင်းရှည်၏ အလင်းတန်းအတွင်းသို့ စီးဝင်သွားပြီး ဟင်းလင်းပြင်၌ တောင်တန်းများနှင့် မြစ်ရေပြင်များအသွင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ ကျိုင်းရှည်၏ စစ်မှန်သော စွမ်းပကားပင် ဖြစ်သည်။ တောင်တန်းနှင့် မြစ်ရေပြင်တို့၏ အရှိန်အဝါကို ကျိုင်းအတွင်းသို့ ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်၏။

ချူးယွင်ဖန်းက ကျိုင်းရှည်ကို လွှဲလိုက်သည့်အခါတွင် ထွက်ပေါ်လာသော အလင်းတန်းမှာ အရာအားလုံးကို ပြောင်းလဲပစ်ကာ အစွမ်းထက်သော ရန်သူမှန်သမျှကို သုတ်သင်ခြေမှုန်းတော့မည့်အလား ဖြစ်နေသည်။

လီချန်းယွမ်၏ တုံ့ပြန်မှုမှာလည်း အလွန်ပင် လျင်မြန်လှသည်။ သူ၏လက်ထဲမှ လှံရှည်မှာ ကောင်းကင်ကို ဖြတ်သန်းသွားသော ကြယ်တံခွန်တစ်ခုကဲ့သို့ပင် ဂူတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်သွားစေတော့မည့်အလား ချက်ချင်းပင် ထိုးနှက်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဂူအတွင်း၌ အကာအကွယ်အရံအတားရှိနေသဖြင့် ထိုမီးလျှံများကို အတိုင်းအတာတစ်ခုအထိသာ ပြန့်နှံ့စေခဲ့သည်။ သို့သော်လည်း ထိုမီးလျှံများမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် မီးနတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားပြီး ချူးယွင်ဖန်းကို ဖိနှိပ်ရန် ကြိုးစားတော့သည်။

ဤသည်မှာ လီချန်းယွမ်၏ မီးနတ်ဘုရားခန္ဓာကိုယ်ကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခြင်းပင် ဖြစ်သည်။ ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါးကဲ့သို့ပင် မီးနတ်ဘုရားခန္ဓာကိုယ်၏ စွမ်းအားပေါက်ကွဲမှုကြောင့် လီချန်းယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

"ဟားဟားဟား..... လီချန်းယွမ်.... အကယ်၍သာ ပင်လယ်အုပ်စိုးသူခန္ဓာကိုယ်ဆိုရင်တော့ ငါ့အတွက် နည်းနည်း လက်ဝင်ကောင်း ဝင်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ မီးနတ်ဘုရားခန္ဓာကိုယ်ကိုယ်ကတော့ ငါ့အတွက် သေတွင်းထဲ ဆင်းလာတာနဲ့ အတူတူပဲ"

ချူးယွင်ဖန်းက ဖြဲပြုံးလျက် ဆိုလိုက်ပြီး အဆုံးမရှိသော တောင်တန်းနှင့် မြစ်ရေပြင်များကို ထိုတောက်လောင်နေသော မီးလျှံများပေါ်သို့ ဖိချလိုက်တော့သည်။

တောင်တန်းနှင့် မြစ်ရေပြင်တို့၏ အရှိန်အဝါမှာ မီးလျှံအားလုံးကို ခဏချင်းမှာပင် ဖိနှိပ်ပစ်လိုက်သည်။ ထိုတောင်တန်းနှင့် မြစ်ရေပြင်ကြားမှ မည်သည့်အရာမျှ လွတ်မြောက်သွားနိုင်ခြင်း မရှိပေ။

ဝုန်း. . . .

နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်မိကြသောအခါတွင် လီချန်းယွမ်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။

"ဟားဟားဟား... မင်းက ငါ့ရဲ့ မီးလျှံတွေကို တိုက်ရိုက်ရင်ဆိုင်ရဲတယ်ပေါ့။ မင်း ပြာဖြစ်သွားတော့မှာပဲ”

ထိုအခါမှ ချူးယွင်ဖန်းသည် မီးလျှံများမှာ ဖိနှိပ်ခံထားရခြင်း မရှိသည်ကို သတိပြုမိလိုက်သည်။ ၎င်းတို့မှာ သာမန်မီးလျှံများ မဟုတ်ကြပေ။ ဤသည်မှာ မီးနတ်ဘုရားခန္ဓာကိုယ်ကိုယ်၏ မူလအခြေခံမီးလျှံများ ဖြစ်ကြသည်။ ထိုမီးလျှံများသည် သာမန်မီးများနှင့် မတူဘဲ ဖယ်ရှားပစ်ရန် မဖြစ်နိုင်သလောက်ပင်။ တစ်ကြိမ်မျှ ထိတွေ့မိသည်နှင့် အသက်ပျောက်နိုင်ပေသည်။

ဤသည်မှာ လီချန်းယွမ်၏ အကြီးမားဆုံးသော အာမခံချက်နှင့် အောင်နိုင်ရေးဝှက်ဖဲပင် ဖြစ်သည်။ သူသည် ဤအကွက်ကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးသော်လည်း ၎င်းမှာ မည်မျှအထိ ထိတ်လန့်ဖွယ်ကောင်းသည်ကိုမူ သူ ကောင်းကောင်းသိသည်။

"ဟားဟားဟား..... ငါက မီးနတ်ဘုရားခန္ဓာကိုယ်ကိုယ်အကြောင်းပဲ သိပြီးတော့ အဲ့ဒီရဲ့ နည်းလမ်းတွေကို မသိဘူးလို့ မင်းထင်နေတာလား"

ချူးယွင်ဖန်းကလည်း အေးစက်သော အပြုံးတစ်ခုကို ပြသလိုက်သည်။ ထိုမီးလျှံများသည် သိုင်းစိတ်ဆန္ဒဖြင့် ဖန်တီးထားသော တောင်တန်းနှင့် မြစ်ရေပြင်များကို ခဏချင်းမှာပင် လောင်ကျွမ်းဖြတ်သန်းသွားပြီး ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

သို့သော် ချူးယွင်ဖန်းမှာ ပျာယာခတ်သွားခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထိုရွှေရောင်အလင်းထဲ၌ နက်မှောင်သော အလင်းတန်းတစ်ခု ပါဝင်နေသည်။ ထိုအနက်ရောင်အလင်းမှာ အရာအားလုံးကို ချက်ချင်းပင် ဝါးမျိုလိုက်ပြီး နေရာအနှံ့ ဖုံးလွှမ်းနေသော မီးလျှံများကို သန့်စင်အောင် စုပ်ယူပစ်လိုက်တော့သည်။

"မဖြစ်နိုင်တာ"

လီချန်းယွမ်မှာ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ချူးယွင်ဖန်းက ဘယ်လိုလုပ်ပြီး ဒီမီးလျှံတွေကို အလွယ်လေး ဝါးမျိုလိုက်ရတာလဲ။

သူက မည်သို့သော အတိုင်းအတာအထိ စွမ်းဆောင်နိုင်ရသနည်း။

ချူးယွင်ဖန်းမှာ ဘယ်လို ခန္ဓာကိုယ်မျိုး ရှိနေတာလဲ။

လီချန်းယွမ်သည် ရုပ်ခန္ဓာအမျိုးမျိုးကို စဉ်းစားကြည့်သော်လည်း ဤသို့ပြုလုပ်နိုင်သည့် ခန္ဓာမျိုးမှာ တစ်ခုမျှ မရှိသလောက်ပင်။ မီးဓာတ်အခြေခံသော ဘုရင်အဆင့် ရုပ်ခန္ဓာဖြစ်လျှင်ပင် မီးနတ်ဘုရားခန္ဓာကိုယ်၏ မူလမီးလျှံကို စုပ်ယူနိုင်ရန်မှာ မဖြစ်နိုင်ပေ။

မီးနတ်ဘုရားခန္ဓာကိုယ်သည် မီးဓာတ်အခြေခံ ဘုရင်အဆင့်ရုပ်ခန္ဓာများထဲတွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ ဤမျှအထိ အစွမ်းထက်ရန်မှာ ဧကရာဇ်အဆင့်ရုပ်ခန္ဓာမျိုးမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ထိုသို့သော ရုပ်ခန္ဓာမျိုးမှာ နှစ်ပေါင်းတစ်ထောင်အတွင်းပင် တွေ့ရခဲလှသည်။ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်စေသည့် ထိတ်လန့်ဖွယ်ကောင်းသော ရုပ်ခန္ဓာမျိုးဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားလှပေသည်။

ချူးယွင်ဖန်းမှာမူ မီးနတ်ဘုရားခန္ဓာကိုယ်၏ မူလမီးလျှံများကို စုပ်ယူပြီးနောက် မည်သည့်ဝေဒနာမျှ ခံစားရခြင်းမရှိဘဲ တစ်ကိုယ်လုံး နွေးထွေးသွားသည်ကိုသာ ခံစားလိုက်ရသည်။ ထိုမီးလျှံများသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ဘဲ အားဆေးတစ်ခွက်ကဲ့သို့ပင် ဖြစ်နေသည်။ အမှန်စင်စစ် ဤသည်မှာ မီးနတ်ဘုရားခန္ဓာကိုယ်၏ မူလအခြေခံမီးလျှံ ဖြစ်သည်။ ၎င်းမှာ အနှစ်သာရနှင့် ပတ်သက်နေသဖြင့် ပမာဏမှာ များပြားလှသည်တော့ မဟုတ်ပေ။ လီချန်းယွမ်သည် ၎င်းကို မိမိ၏ စွမ်းအားဖြင့်သာ မွေးမြူထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ အရေအတွက်မှာ ကန့်သတ်ချက်ရှိသော်လည်း စွမ်းအားမှာမူ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ကံဆိုးသည်မှာ သူတို့သည် ချူးယွင်ဖန်းနှင့် လာတိုးမိခြင်းပင်။

ဧကရာဇ်၏ အမှတ်သညာများကို ပိုင်ဆိုင်ထားသော ချူးယွင်ဖန်းမှာ မီးဓာတ်၏ အရှင်သခင်ပင် ဖြစ်သည်။ ထို့အပြင် ယခုအခါ သူသည် ရှေးဦးအမှောင်ဖီးနစ်ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ထားရာ ၎င်းမှာ လောကရှိ မီးဓာတ်အားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ၎င်းမှာ ဧကရာဇ်အဆင့်နှင့် ညီမျှလုနီးပါး ရှိနေသဖြင့် မီးနတ်ဘုရားခန္ဓာကိုယ်၏ မူလမီးလျှံများမှာ သူ့ကို အန္တရာယ်မပြုနိုင်ခြင်း ဖြစ်သည်။

"ဒါ မင်းရဲ့ အားအကိုးရဆုံး ဝှက်ဖဲလား။ အသုံးမကျလိုက်တာ။ မင်းရဲ့ ခေါင်းကို ငါဘယ်လို ဖြတ်ပြမလဲဆိုတာ ကြည့်ထားလိုက်"

ချူးယွင်ဖန်း၏ မျက်လုံးများမှ ထိတ်လန့်ဖွယ်ကောင်းသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ သူနှင့် လီချန်းယွမ်တို့အကြား အချိန်အတော်ကြာအောင် တည်ရှိခဲ့သော ရန်ငြှိုးများကို ယခုအချိန်တွင် နောက်ဆုံး၌ အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။

ဝုန်း. . . .

သူ၏လက်ထဲမှ ကျိုင်းရှည်ကြီးမှာ ရုတ်ချည်းပင် ကဆုန်ပေါက် ကခုန်လာပြီး တောင်တန်းနှင့် မြစ်ရေပြင်တို့၏ အရှိန်အဝါများ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာပြန်သည်။ သူ၏လက်ဖဝါးအတွင်းမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကျိုင်းရှည်ကြီးအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။

နောက်ထပ် တိုက်ကွက်တစ်ခုက ပြင်းထန်သော အားမာန်ဖြင့် ရိုက်ချလိုက်ပြန်သည်။ မည်သည့် ထူးခြားဆန်းပြားသော ကျိုင်းသိုင်းကွက်မျှ မပါဝင်ဘဲ ချူးယွင်ဖန်း၏ ထိတ်လန့်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အသုံးချထားခြင်းဖြစ်သော်လည်း ဤတိုက်ကွက်မှာ စစ်သည်တော်ထောင်သောင်းကိုပင် အမှုန့်ခြေပစ်နိုင်သော စွမ်းအားရှိပေသည်။

ဝီ. . . .

လီချန်းယွမ်သည် သူ၏ နားစည်များ ပေါက်ထွက်တော့မည့်အလား ချက်ချင်းပင် ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုက သူ့ကို ချေမှုန်းတော့မည် ဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏ပစ်မှတ်အဖြစ် အသေအချာ ပိတ်ဆို့ခြင်း ခံထားရပြီဖြစ်သည်။

'ငါ အစွမ်းကုန် တိုက်မှဖြစ်တော့မယ်'

လီချန်းယွမ်သည် ယခုအချိန်မှာ အသေခံတိုက်ရမည့်အချိန်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ သူသာ ခုခံနိုင်စွမ်းမရှိပါက ဤနေရာမှာတင် အသက်ပျောက်ရပေတော့မည်။

ဤအခိုက်အတန့်တွင် သူသည် ချူးယွင်ဖန်းကို သတ်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက် မရှိတော့ပေ။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏ အစောင့်အရှောက်များ ဝင်လာပြီး သူ့ကို ကယ်ထုတ်နိုင်သည်အထိ အချိန်ဆွဲထားရန်သာ ဖြစ်သည်။ ရှေးယခင်က အလွန်အန္တရာယ်များသော တိုက်ပွဲများစွာမှာ ဤကဲ့သို့ပင် အဆုံးသတ်ခဲ့ဖူးသည်။ သူ အနည်းငယ် ထူးဆန်းနေသည်မှာ အဘယ်ကြောင့် အစောင့်အရှောက် တစ်ဦးတစ်ယောက်မျှ အထဲသို့ အတင်းဝင်မလာကြသနည်း ဆိုသည်ပင်။ ချူးယွင်ဖန်းက ပင်လယ်မင်းသားကို သတ်ခဲ့ခြင်းကြောင့် အပြင်လောကကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို သူ မသိသေးပေ။

သူက ပင်လယ်မင်းသားကို သတ်ခဲ့သည်ဟူသောသတင်းမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ သူသည် ချူးယွင်ဖန်းကိုယ်စား အပြစ်တင်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။ ပင်လယ်နေမျိုးနွယ်စုမှ ပညာရှင်များမှာ ရူးသွပ်နေကြပြီး လီချန်းယွမ်ကို သတ်ရန် အထဲသို့ အသည်းအသန် ဝင်ချင်နေကြသည်။ လီချန်းယွမ်၏ နောက်လိုက် ပညာရှင်များကလည်း ထိုပင်လယ်နေမျိုးနွယ်စုဝင်များကို အသည်းအသန်ပင် တားဆီးနေကြသည်။

သူတို့၏ အမြင်တွင် လီချန်းယွမ်သည် ပင်လယ်မင်းသားကို သတ်ပြီးဖြစ်၍ ဂူအတွင်း၌ အမွေအနှစ်များကို ရှာဖွေရယူနေပြီဟု ယူဆထားကြသည်။ ထို့ကြောင့် သူတို့၏ အကူအညီလည်း မလိုသလို၊ အနှောင့်အယှက်လည်း မဖြစ်စေချင်ကြခြင်း ဖြစ်သည်။ ဤအချက်ကပင် ချူးယွင်ဖန်းအတွက် လီချန်းယွမ်နှင့် နှစ်ယောက်ချင်း သီးသန့် တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

"လာစမ်းပါ"

လီချန်းယွမ်က ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ပိုမိုမြင့်မား ထွားကျိုင်းလာသည်။ သူသည် လောကအလယ်မှ မီးနတ်ဘုရားတစ်ပါးကဲ့သို့ပင် ကျိုင်းရှည်ကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ချွင်. . . .

လီချန်းယွမ်၏ လှံရှည်မှာ ချူးယွင်ဖန်း၏ ကျိုင်းရှည်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် လွင့်စင်ထွက်သွားတော့သည်။ ၎င်းမှာ အလင်းတန်းတစ်ခုအသွင်ဖြင့် ဂူနံရံအတွင်းသို့ ပြင်းထန်စွာ စိုက်ဝင်သွားပြီး လှံရှည်ထံမှ တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

ထိုအချိန်တွင် ကျိုင်းရှည်ကြီးမှာ အရှိန်လျော့သွားခြင်းမရှိဘဲ အောက်သို့ ဆက်လက်ကျဆင်းလာကာ လီချန်းယွမ်၏ဦးခေါင်းကို တိုက်ရိုက်ထိမှန်သွားပြီး တစ်စစီ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလေတော့၏။

--

All Chapters