အခန်း ၁၉၃၄
Vol. 129 Ch. 1934
အခန်း (၁၉၃၄) အရှေ့ပင်လယ်ကတိုက်ပွဲကြီးအားစောင့်ကြည့်ခြင်း
ပင်လယ်မင်းသား သေဆုံးသွားခဲ့လေပြီ။
လီချန်းယွမ်လည်း ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးသွားရကာနှင့် ချူးယွင်ဖန်းကလည်း ထိုရုတ်ရုတ်သဲသဲ အခြေအနေကို အသုံးချကာ လွတ်မြောက်သွားခြင်းတို့ဖြင့် ချူးယွင်ဖန်းအတွက် ဇာတ်လမ်းမှာ တစ်ခန်းရပ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် လီမျိုးနွယ်စုနှင့် ပင်လယ်နေမျိုးနွယ်စုများအတွက်မူ ပြင်းထန်သော ပဋိပက္ခမှာ ယခုမှပင် စတင်နေပြီ ဖြစ်သည်။ အရှေ့ဘက်ပင်လယ်ရှိ လီမျိုးနွယ်စု၏ အခြေစိုက်စခန်းများမှာ အမြစ်ပြတ်ချေမှုန်းခံလိုက်ရပြီး ဆုံးရှုံးမှုကြီးမားခဲ့သည်။
သတင်းရရှိပြီးနောက်တွင် ပင်လယ်နေမျိုးနွယ်စုမှ ပညာရှင်အမြောက်အမြားနှင့် မရေမတွက်နိုင်သော ပင်လယ်သားရဲကြီးများသည် လီမျိုးနွယ်စုမှ ပညာရှင်များကို သတ်ဖြတ်ရန်အတွက် ပင်လယ်အရှင်သခင်၏ ဂူရှိရာသို့ နေ့မနား ညမနား ချီတက်လာကြသည်။ တစ်ချိန်တည်းမှာပင် အလုံးအရင်းနှင့် ရောက်ရှိလာသော ပင်လယ်နေမျိုးနွယ်စုမှ ပညာရှင်များနှင့် ပြည်မကြီးဘက်မှ သယ်ယူပို့ဆောင်ရေးအခင်းအကျင်းဖြင့် ရောက်ရှိလာသော လီမျိုးနွယ်စုမှ ပညာရှင်များနှင့် ထိပ်တိုက်တိုးမိကြတော့သည်။
သွေးချောင်းစီးတိုက်ပွဲကြီးမှာ ကြိုတင်သတိပေးချက်မရှိဘဲ ပေါ်ပေါက်လာခဲ့လေ၏။
ကောင်းကင်ယံ၌ တိမ်မည်းများ ဖုံးလွှမ်းနေပြီး ပင်လယ်နေမျိုးနွယ်စု၏ အမိန့်ပေးမှုအောက်တွင် ပင်လယ်နက်သားရဲကြီးများသည် ပင်လယ်အရှင်သခင်၏ ဂူတည်ရှိရာ ပင်လယ်ပြင်သို့ အပြင်းအထန် ပြေးဝင်လာကြသည်။ ၎င်းတို့သည် လီမျိုးနွယ်စု၏ စစ်သည်တော်သောင်းချီနှင့်အတူ ကူညီရန်ရောက်ရှိလာသော လီမျိုးနွယ်စု မဟာမိတ်ရေတပ်တို့နှင့် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်မိကြသည်။
"သတ်ကြစမ်း"
တစ်စုံတစ်ဦးက ဟစ်ကြော်လိုက်ပြီးနောက် မြားတစ်စင်းသည် လေထုကို ဖြတ်သန်းသွားသည်။
သွေးများ နေရာအနှံ့ လွင့်စင်သွားကာ ကြမ်းတမ်းသော ပင်လယ်သားရဲကြီးတစ်ကောင်မှာ လည်ပင်းကို မြားအစမ်းထိမှန်ပြီး သေဆုံးသွားသည်။ ၎င်း၏ ကြီးမားလှသော အလောင်းကြီးမှာ ပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး ခဏချင်းပင် အခြားသော သားရဲများ၏ ဝိုင်းဝန်းစားသောက်ခြင်းကို ခံလိုက်ရသည်။
သို့သော် ဤမြားတစ်စင်းကို အစပြု၍ သွေးချောင်းစီးတိုက်ပွဲကြီးမှာ ပေါက်ကွဲထွက်လာတော့သည်။
ပင်လယ်ရေပြင်ပေါ်တွင် သွေးစိမ်းများ စီးဆင်းနေပြီး သွေးပန်းပွင့်များမှာ အဆက်မပြတ် ဖူးပွင့်နေကြသည်။ မရေမတွက်နိုင်သောမြားတိုများသည် တိမ်မည်းများကဲ့သို့ပင် ကောင်းကင်ယံ၌ ပျံသန်းနေကြသည်။ ဤမြားတိုများကို လက်ဖွဲ့များဖြင့် ရစ်ပတ်ထားရာ ဒုံးကျည်များကဲ့သို့ ပေါက်ကွဲထွက်ပြီး တိမ်တိုက်များကို ဖောက်ထွက်ကာ ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေသည်။
တစ်ချိန်တည်းမှာပင် တောင်တစ်လုံးခန့် ကြီးမားသော သားရဲကြီးများသည် ရေပေါ်သို့ ခုန်တက်လာကြသည်။ ၎င်းတို့သည် ပါးစပ်များမှ ရေများကို အရှိန်အဟုန်ဖြင့် မှုတ်ထုတ်လိုက်ရာ ရေအမြောက်များကဲ့သို့ အရာအားလုံးကို ဖုံးလွှမ်းသွားလေတော့၏။
ဝုန်း. . . .
ဧရာမစစ်တပ်ကြီးနှစ်ခု ထိပ်တိုက်ရင်ဆိုင်မိကြရာတွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးများမှာ နေရာအနှံ့မှ ထွက်ပေါ်နေပြီး ဤနေရာတစ်ခုလုံးကို အတိုင်းအဆမရှိ ကြီးမားလှသော စစ်မြေပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
အဝေးတစ်နေရာတွင်မူ သတင်းကြား၍ ရောက်ရှိလာကြသော လှည့်လည်ကျင့်ကြံသူများမှာ အဝေးမှသာ စိုးရိမ်တကြီး စောင့်ကြည့်နေရဲကြသည်။ သူတို့သည် စစ်မြေပြင်အတွင်းသို့ ခြေတစ်လှမ်းပင် မလှမ်းရဲကြပေ။ လူပေါင်း သိန်းနှင့်ချီသော အစွမ်းထက်ပညာရှင်များ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်သွေးစွမ်းအားများက ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် ပန်းထွက်နေပြီး နေရောင်ခြည်ကိုပင် ဖုံးလွှမ်းသွားစေသည်။
စစ်မြေပြင်နှင့် အနည်းငယ်မျှ ချဉ်းကပ်မိသူတိုင်းသည် ပြင်းထန်သောဖိအားပေးမှုကို ခံစားကြရသည်။ ထိုလှည့်လည်ကျင့်ကြံသူများ၏ မျက်နှာအမူအရာမှာလည်း ပျက်ယွင်းသွားကြသည်။ သူတို့သည် အရှေ့ဘက်ပင်လယ်တွင် တတိယအင်အားစုအဖြစ် တည်ရှိနေကြသော်လည်း စနစ်တကျဖွဲ့စည်းထားသော စစ်တပ်တစ်ခုနှင့် သူတို့ကြားရှိ ကြောက်မက်ဖွယ်ကောင်းသော ကွာခြားချက်ကို ယခုမှပင် အသေအချာ သဘောပေါက်လိုက်ကြသည်။
တစ်ဖက်တွင်မူ အရှေ့ဘက်ပင်လယ်ကို လွှမ်းမိုးထားသော၊ မရေမတွက်နိုင်သော ပင်လယ်နက်သားရဲကြီးများကို ထိန်းချုပ်ထားပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော ပင်လယ်နေမျိုးနွယ်စုများရှိနေသည်။ အခြားတစ်ဖက်တွင်မူ တရှအင်ပါယာရှိ စစ်ဘက်ဆိုင်ရာ မျိုးနွယ်စုပေါင်းစုံ စုစည်းထားသော၊ အိမ်ရှေ့မင်းသားအုပ်စု၏ ကျောရိုးဖြစ်သည့် မဟာမိတ်စစ်တပ်ကြီး ရှိနေသည်။
နှစ်ဖက်စလုံးမှာ အလျှော့မပေးကြဘဲ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်သံများမှာ ကောင်းကင်ယံသို့ လွှမ်းမိုးနေသည်။ ဤမျှအဆင့်ရှိသော စစ်မြေပြင်တွင် တစ်ဦးတစ်ယောက်ချင်းစီ၏ ခွန်အားမှာ အရေးမပါတော့ပေ။ စကြဝဠာအဆင့်ရှိသူများပင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိကြဘဲ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော မြားတစ်စင်းက သူတို့၏ လည်ပင်းကို အချိန်မရွေး ဖောက်ထွက်သွားနိုင်သည်။ ဖန်ဆင်းရှင်များပင်လျှင် အလွန်ဆုံး မိမိကိုယ်ကိုယ်သာ ကာကွယ်နိုင်ကြပြီး တိုက်ပွဲငယ်လေးတစ်ခု၏ အခြေအနေကို ပြောင်းလဲပစ်ရန်ပင် သူတို့၏ စွမ်းအားများကို အသုံးချနိုင်စွမ်း မရှိကြတော့ပေ။
"တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ ပင်လယ်နေမျိုးနွယ်စုတွေရဲ့ အစွမ်းကို ငါတို့ သိပြီးသားဆိုပေမဲ့ လီမျိုးနွယ်စုရဲ့ အင်အားကတော့ တကယ်ကို တုန်လှုပ်စရာပဲ။ တရှအင်ပါယာရဲ့ စစ်ဘက်မျိုးနွယ်စုတစ်ခုတင် ဒီလောက်တောင် အစွမ်းထက်နေရင် တရှရဲ့ အင်အားကြီးအဖွဲ့အစည်း (၁၀) ခုက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။ တရှရဲ့ အရှေ့ပင်လယ်ရေတပ်ကြီးကကော ဘယ်လောက်တောင် အစွမ်းထက်နေမလဲ”
အရှေ့ဘက်ပင်လယ်ရှိ ကျင့်ကြံသူအများအပြားမှာ ဤမြင်ကွင်းကိုကြည့်ရင်း အသက်ရှူပင် မှားကုန်ကြသည်။ အထူးသဖြင့် တရှအင်ပါယာ၏ အရှေ့ပင်လယ်ရေတပ်ကြီးမှာ အရှေ့ဘက်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများသို့ မဝင်ရောက်ခဲ့သည်မှာ ကြာလှပြီဖြစ်ရာ လူအများ၏ စိတ်ထဲတွင် ထိုရေတပ်၏ အစွမ်းမှာ စိတ်ကူးယဉ်မှုအဆင့်တွင်သာ ရှိနေခဲ့ကြသည်။ ယခု ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်မူ သူတို့၏ အဆုတ်ထဲမှ လေများပင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
လီမျိုးနွယ်စု ထိန်းချုပ်ထားသော စစ်သင်္ဘောများမှာ တရှအင်ပါယာ၏ ခေတ်မမီတော့သော မော်ဒယ်ဟောင်းများသာ ဖြစ်ကြသည်။ သူတို့၏ စစ်သည်တော်များမှာ လက်ရွေးစင်များဖြစ်သော်လည်း အရှေ့ပင်လယ်ရေတပ်ကြီးနှင့် နှိုင်းယှဉ်လျှင်မူ အဝေးကြီး လိုနေသေးသည်။ အရေအတွက်ရော အရည်အသွေးပါ တူညီသောအဆင့်တွင် မရှိပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် တရှအင်ပါယာ၏ အစစ်အမှန် အရှေ့ပင်လယ်ရေတပ်ကြီးသည် ဤထက် (၁၀) ဆခန့် ပိုမိုအစွမ်းထက်ပေလိမ့်မည်။
အမှန်စင်စစ် ဤတိုက်ပွဲမှာ တရှအင်ပါယာနှင့် ပင်လယ်နေမျိုးနွယ်စုများအကြား ပဋိပက္ခ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း လူတိုင်းသိကြသည်။ တရှအင်ပါယာတွင် လီမျိုးနွယ်စုမှာ စစ်ဘက်ဆိုင်ရာ မျိုးနွယ်စုများစွာထဲမှ တစ်ခုသာ ဖြစ်သကဲ့သို့ အိမ်ရှေ့မင်းသား၏ အုပ်စုသည်လည်း တရှအင်ပါယာ အင်အားစုတစ်ခုလုံး၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။
ထို့အတူပင် ပင်လယ်မင်းသား၏ အုပ်စုသည်လည်း ပင်လယ်နေမျိုးနွယ်စုများထဲမှ ကိုယ်စားလှယ်တစ်ဖွဲ့သာ ဖြစ်သည်။ ပင်လယ်နေမျိုးနွယ်စုများ၏ သြဇာအာဏာမှာ ဤမျှတင် မကပေ။ သို့မဟုတ်ပါက အရှေ့ဘက်ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပြီး တရှအင်ပါယာ၏ အရှေ့ပင်လယ်ရေတပ်ကြီးကိုပင် ပင်လယ်ပြင်တွင် အသာစီးရယူကာ ဖိနှိပ်ထားနိုင်မည် မဟုတ်ပေ။
ခဏချင်းပင် သွေးချောင်းစီးသော တိုက်ပွဲကြီးမှာ ပိုမိုပြင်းထန်လာခဲ့သည်။
စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်ကြီးများကြားမှ ဤတိုက်ပွဲမှာ မဟာမိတ်အင်အားစုပေါင်းစုံ၏ အားပြိုင်မှုများဖြင့် ပြည့်နှက်နေသည်။ အရှေ့ဘက်ပင်လယ်ရှိ လှည့်လည်ကျင့်ကြံသူများမှာ ဤမြင်ကွင်းကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။ အထူးသဖြင့် လီမျိုးနွယ်စုကို စောစောကမှ နှင်ထုတ်ခဲ့သော အင်အားစုများမှာ ယခုအခါ အလွန်နောင်တရနေကြပြီ ဖြစ်သည်။ လီမျိုးနွယ်စုနှင့် ၎င်း၏မဟာမိတ်များက ဤမျှကြီးမားသော စစ်အင်အားကို စုစည်းနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ၎င်းမှာ ပြိုင်ဘက်ကင်းသည်ဟု မဆိုနိုင်သော်လည်း အရှေ့ဘက်ပင်လယ်ရှိ အင်အားစုအများစုအတွက်မူ ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော ဧရာမ သတ္တဝါကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေတော့သည်။
အကယ်၍ လီမျိုးနွယ်စုသာ အနိုင်ရသွားပါက သူတို့သည် စစ်နိုင်သောအရှိန်ဖြင့် အရှေ့ဘက်ပင်လယ်သို့ ပြန်လည်ခြေချလာမည်ဖြစ်ရာ မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအခိုက်အတန့်တွင် လူအများစုက ပင်လယ်နေမျိုးနွယ်စုများကိုသာ အနိုင်ရစေချင်နေကြသည်။ အနည်းဆုံးတော့ ပင်လယ်နေမျိုးနွယ်စုများ အနိုင်ရခြင်းက အရှေ့ဘက်ပင်လယ်၏ လက်ရှိအခြေအနေကို အပြောင်းအလဲများစွာ ဖြစ်စေနိုင်မည် မဟုတ်သောကြောင့်ပင်။
အဝေးတစ်နေရာတွင်မူ လရောင်ကဲ့သို့ ဖြူဖွေးသောဝတ်ရုံကို ဆင်ယင်ထားသည့် ချူးယွင်ဖန်းသည် အရှေ့ဘက်ပင်လယ်ပြင်ထက်ဝယ် ပျံသန်းနေသည်။ သူသည် ပင်လယ်အရှင်သခင်၏ ဂူအနီးတစ်ဝိုက်ကို စစ်တလင်းအဖြစ် ပြောင်းလဲပစ်လိုက်သော ထိုဧရာမ အင်အားကြီးအဖွဲ့အစည်းနှစ်ခုကို အထက်စီးမှ ကြည့်နေခဲ့သည်။
အခြေအနေများက ဤမျှအထိ အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားလိမ့်မည်ဟု သူကိုယ်တိုင်ပင် ထင်မထားခဲ့ပေ။ ပင်လယ်မင်းသားကို သတ်လိုက်ခြင်းက အပြင်လောကတွင် မည်မျှအထိ ရိုက်ခတ်သွားသည်ကိုလည်းကောင်း၊ မည်ကဲ့သို့သော အပြောင်းအလဲများကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေခဲ့သည်ကိုလည်းကောင်း သူ မသိရှိခဲ့ပေ။ ပင်လယ်မင်းသား သေဆုံးခြင်းသည် ပင်လယ်နေမျိုးနွယ်စုနှင့် လီမျိုးနွယ်စုတို့ကြား အလုံးစုံ စစ်ပွဲတစ်ခုကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက်မှသာ သူသည် ဤတိုက်ပွဲ၏ အစအဆုံး ဇာတ်ကြောင်းကို သိရှိခဲ့ရသည်။ သို့သော် သူ့အတွက်မူ လီမျိုးနွယ်စုရော ပင်လယ်နေမျိုးနွယ်စုပါ နှစ်ဖက်စလုံးမှာ ရန်သူများသာ ဖြစ်ကြသည်။ မည်သူက နိုင်နိုင်၊ မည်သူက ရှုံးရှုံး၊ နှစ်ဖက်စလုံး၏ အင်အားများ အပြန်အလှန် ယုတ်လျော့သွားခြင်းမှာ သူ့အတွက်တော့ သတင်းကောင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အိမ်ရှေ့မင်းသားအုပ်စု၏ အင်အားအပေါ် အနည်းငယ် အံ့အားသင့်မိသည်။ အိမ်ရှေ့မင်းသားအုပ်စု၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် ထူးခြားလှပေသည်။ ဤမျှတိုတောင်းသော အချိန်အတွင်း ဤမျှကြီးမားသော စစ်တပ်ကြီးကို စုစည်းနိုင်သည်မှာ အမှန်တကယ်ပင် လျှော့တွက်၍မရသော အချက်ပင်။
သို့သော် သူ အနည်းငယ်သာ အံ့ဩမိခြင်းဖြစ်သည်မှာ ဤကဲ့သို့သော ကိုယ်ပိုင်စစ်တပ်များသည် တရှအင်ပါယာအတွင်း၌ လူသိရှင်ကြား ပေါ်ထွက်လာခွင့်မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ပင်လယ်ရပ်ခြား နယ်မြေချဲ့ထွင်ရာတွင်သာ အသုံးပြုနိုင်ပြီး ထို့ကြောင့်လည်း တရှအင်ပါယာက ၎င်းတို့ကို မသိချင်ယောင်ဆောင် ပေးထားခြင်းဖြစ်သည်။
"ဘယ်သူနိုင်နိုင် ငါနဲ့ ဘာဆိုင်လဲ၊ ခွေးအချင်းချင်း ကိုက်နေကြတာပဲလေ”
ချူးယွင်ဖန်းက လှောင်ပြုံးလေးပြုံး၍ ရေရွတ်လိုက်လေ၏။
သူ့တွင် ထိုတိုက်ပွဲကို ထိုင်ကြည့်နေရန် အချိန်မရှိပေ။ ရလဒ်ကိုသာ သိရလျှင် လုံလောက်ပြီ ဖြစ်သည်။
ထို့နောက် သူသည် လျှပ်စီးလက်သည့်အလား တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်သွားလေတော့၏။
--