အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅)
တရားခွင်အတွင်း သွေးချောင်းစီးခြင်းနှင့် အမြတ်ဝေစု
တိတ်ဆိတ်ခြင်း။
တရားခွင်တစ်ခုလုံး၌ ယခင်က မကြုံစဖူးသော သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပေ၏။
အားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏ အကြည့်များမှာ နံရံတွင် ကပ်တွယ်နေသည့် အလောင်း ကောင်ထံသို့ တစိုက်မတ်မတ် ရောက်ရှိနေကြလေသည်။ နေ့ခင်းကြောင်တောင် တစ္ဆေတစ်ကောင်ကို မြင်လိုက် ရသကဲ့သို့ သူတို့၏ စိတ်အာရုံမှာ လစ်ဟာသွားခဲ့ရ၏။
သူတို့၏ တွေးခေါ်နိုင်စွမ်းမှာ ဤနေရာတွင် ရပ်တန့်သွားခဲ့လေသည်။
သူတို့ ဘာကို မြင်လိုက်ရသနည်း။
လက်သီးတစ်ချက်။
လက်သီးတစ်ချက်တည်းဖြင့်...။
နန်ယန်စီရင်စုတွင် တစ်သက်လုံး ဩဇာတိက္ကမကြီးမားခဲ့သူ၊ အသက်ရှင်လျက်ရှိသော ကျန်းမိသားစုခေါင်း ဆောင်မှာ နံရံတွင် ရွှံ့ဗွက်တစ်ခုကဲ့သို့ ကပ်တွယ်သွားခဲ့ရလေသည်။
ဤသည်မှာ... လူသားတစ်ယောက် ပိုင်ဆိုင်နိုင်သည့် စွမ်းအား ဟုတ်ပါသလော။
မဟုတ်ပေ။ ဤသည်မှာ ကိုယ်ခံပညာရပ် မဟုတ်။ ဤသည်မှာ သူတို့ နားလည်နိုင်သော ကိုယ်ခံပညာရပ် မဟုတ် ချေ။ ကျောက်တုံးကြီးများကိုပင် ခွဲနိုင်သည့် ဒဏ္ဍာရီလာ ကိုယ်ခံပညာရှင်များပင်လျှင် ဤမျှကြောက်မက်ဖွယ် ကောင်းပြီး ယုတ္တိမရှိသော လက်သီးချက်မျိုးကို မထုတ်လွှတ်နိုင်ပေ။
ဤသည်မှာ နတ်ဘုရားများနှင့် မိစ္ဆာတို့၏ စွမ်းအားပင် ဖြစ်ပေသည်။
ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသော ဒဏ္ဍာရီလာ နတ်ဘုရားများသာ ပိုင်ဆိုင်နိုင်သည့် စွမ်းအားမျိုး ဖြစ်ပေ သည်။
ဖန်းဟန်သည် သူ၏လက်သီးကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်လေသည်။ ယင်ကောင်တစ်ကောင်ကို ရိုက်ချ လိုက်သည့်နှယ် အေးဆေးတည်ငြိမ်နေခဲ့လေ၏။
သူသည် အိတ်ကပ်ထဲမှ ဖြူဖွေးသန့်စင်သော လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ လက်ခုပ်ကို ဖြည်းညင်းစွာ သုတ်လိုက်လေသည်။ အနည်းငယ်မျှသော ဖုန်မှုန့်ပင် မရှိတော့ပေ။
ထိုသို့ ပြုလုပ်ပြီးနောက် သူသည် ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး ကြောက်လန့်တကြား ဖြစ်နေကြသော မြေရှင်များထံသို့ သူ၏ အေးစက်စက် အကြည့်များကို ပို့လွှတ်လိုက်လေသည်။
သူ၏အသံမှာ နူးညံ့သိမ်မွေ့ပြီး နွေးထွေးနေသေး၏။
“ကျုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မှာ ကန့်ကွက်မဲ့သူ တစ်ယောက်ယောက်များ ရှိသေးသလား...”
ဤနူးညံ့သောအသံမှာ ထိုအချိန်တွင် ငရဲခန်းထဲမှ မိစ္ဆာတို့၏ တိုးတိုးရေရွတ်သံထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းပြီး သူတို့၏ နားထဲသို့ စိမ့်ဝင်သွားခဲ့လေသည်။
“ဂလု...”
တစ်စုံတစ်ယောက်က တံတွေးကို အနိုင်နိုင် မြိုချလိုက်သည်။ မည်သူမျှ ပြန်မဖြေရဲကြပေ။ မည်သူမျှလည်း ပြန်မဖြေနိုင်ကြပေ။
သူ စကားပြော၍ မပြီးသေးခင်မှာပင်...။
“ရှပ်... ရှပ်...ရှပ်...”
ရုတ်တရက် တရားခွင်အပြင်ဘက်မှ စည်းချက်ညီပြီး လေးလံသော ခြေသံများ ထွက်ပေါ်လာခဲ့လေသည်။
နျူအာနှင့် မာပေါ်ကော့တို့ ခေါင်းဆောင်သော ‘တစ္ဆေအစွယ် အစောင့်တပ်ဖွဲ့’ များမှာ ရေလှိုင်းကြီးတစ်ခုအလား တရားခွင်အတွင်းသို့ စီးဝင်လာကြသည်။
သူတို့၏ လက်ထဲမှ ‘မိုးကြိုးနတ်ဘုရား လှံတံ’ များတွင် တောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားမြှောင် များ တပ်ဆင်ထားပြီး ဖြစ်လေသည်။
အေးစက်စက် သတ်ဖြတ်လိုစိတ်များက တရားခွင်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့၏။ ဤတပ်ဖွဲ့ဝင်များ မှာ အလွန်ပင် စည်းချက်ညီပြီး ပစ်မှတ်ကို အတိအကျ သိရှိနေကြပေသည်။ ပထမဆုံးအဖြစ် သူတို့သည် ကျန်း မိသားစုခေါင်းဆောင်နှင့်အတူ လိုက်ပါလာပြီး မျက်နှာပျက်လျက် ထိုင်နေကြသော ကျန်းမိသားစုဝင်များကို ဝိုင်းရံလိုက်ကြလေတော့သည်။
“မ... မသတ်ပါနဲ့...”
“မှတ်တမ်းအရာရှိ ဖန်း... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ...။ ကျွန်တော်တို့ ဘာမှမသိပါဘူး...”
ကျန်းမိသားစုဝင်များမှာ သူတို့၏ ခေါင်းဆောင် သေဆုံးသွားခြင်းကြောင့် ထိတ်လန့်နေဆဲတွင် သူတို့၏ ရင်ဘတ် ဆီသို့ ချိန်ရွယ်ထားသော အေးစက်စက် ဓားသွားများကို မြင်လိုက်ရလေသည်။ သူတို့မှာ ကြောက်လန့်တကြား အော်ဟစ်ပြီး အသက်ဘေးမှ လွတ်မြောက်ရန် တောင်းပန်နေကြလေ၏။
သို့သော်လည်း သူတို့ရရှိလိုက်သည်မှာ နျူအာ၏ အေးစက်ပြီး ပြတ်သားသော အမိန့်သံတစ်ခုသာ ဖြစ်သည်။
“သတ်...”
တွန့်ဆုတ်ခြင်း လုံးဝမရှိပေ။
နောက်တစ်စက္ကန့်တွင်...။
“စွပ်...”
“စွပ်... စွပ်...”
ဓားသွားများက အရေပြားကို ထိုးဖောက်လိုက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။ အော်ဟစ်သံ မရှိ၊ ရုန်းကန်သံ မရှိပေ။ မာနကြီးပြီး အနိုင်ကျင့်လေ့ရှိသည့် ကျန်းမိသားစုဝင်များမှာ တောင်းပန်စကားပင် အဆုံးထိ မပြောလိုက်ရဘဲ ထက်မြက်လှသော ဓားမြှောင်များ၏ ထိုးသွင်းခြင်းကို ခံလိုက်ရလေသည်။
ဤသည်မှာ ထိရောက်ပြီး ရက်စက်ကာ သွေးချောင်းစီးနေသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပင် ဖြစ်သည်။
ရာနှင့်ချီသော မြေရှင်များနှင့် အထက်တန်းစားများ၏ မျက်စိရှေ့တွင်ပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
နွေးထွေးသော သွေးများမှာ ကျန်းမိသားစုဝင်များ၏ ခန္ဓာကိုယ်မှ ပန်းပွင့်များအလား ပန်းထွက်လာပြီး သူတို့၏ တန်ဖိုးကြီး ဝတ်ရုံများနှင့် ပါရှန်းကော်ဇောများပေါ်တွင် ပေကျံသွားခဲ့လေသည်။
အော့အန်ချင်စရာကောင်းသော သွေးညှီနံ့များမှာ သေခြင်းတရား၏ အနံ့နှင့် ရောယှက်ကာ လူတိုင်း၏ အာရုံများ ကို ဖျက်ဆီးလိုက်လေသည်။
“အား...”
သတ္တိနည်းသော မြေရှင်အချို့မှာ ကြောက်လန့်မှုများကို မခံရပ်နိုင်တော့ဘဲ စိတ်ဓာတ်များ ပြိုလဲသွားခဲ့ရသည်။
သူတို့သည် အော်ဟစ်လိုက်ပြီး မျက်လုံးများ လှန်သွားကာ ကြောက်လန့်တကြား လဲကျသွားကြသည်။
ပို၍ဆိုးရွားသည်မှာ အချို့မှာ ကြောက်လန့်လွန်း၍ ဆီးများပင် ထွက်သွားကျသွားခဲံကြလေသည်။ တရားခွင် တစ်ခုလုံးမှာ သွေးနှင့် ကြောက်လန့်ခြင်းများ ရောထွေးနေသော ငရဲခန်းအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ဖန်းဟန်၏ မျက်နှာမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။ သူသည် ကပ်စေးနဲပြီး စေးပျစ်နေသော သွေးစွန်းအိုင် များကို နင်းဖြတ်ကာ ကြောက်လန့်နေကြသော မြေရှင်များထံသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
သူ၏ မျက်နှာပေါ်မှ အေးစက်မှုမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
၎င်းအစား နွေးထွေးပြီး ဖော်ရွေသော အပြုံးတစ်ခုကို အစားထိုးဝင်ရောက်လာခဲ့ပေသည်။ သွေးပျက်ဖွယ် ကောင်းသော ပတ်ဝန်းကျင်နှင့် လုံးဝဆန့်ကျင်နေသည့် ဤအပြုံးမှာ ပို၍ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်စေသည်။
“အားလုံးပဲ... စိတ်မပူကြပါနဲ့...”
သူသည် သံလိုက်ဓာတ်ပါသော နူးညံ့သည့် အသံဖြင့် ပြောလိုက်လေသည်။
“ကျန်းမိသားစုဟာ မြောက်ပိုင်းက သူပုန် ကျင်းပေမြို့စားနဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြံစည်ခဲ့ပါတယ်။ သက်သေ အထောက်အထား ခိုင်လုံပါတယ်။ ကျုပ်က တော်ဝင်အမိန့်တော်အရ ဒီသစ္စာဖောက်တွေကို ရှင်းထုတ် လိုက် တာပါ...”
သူသည် ကျန်းမိသားစုကို ‘သစ္စာဖောက်မှု’ ဟူသော မျိုးဆက်ကိုးဆက်တိုင် အပြစ်ပေးခံရနိုင်သည့် ပြစ်မှုမျိုးဖြင့် အလွယ်တကူ စွပ်စွဲလိုက်လေသည်။
ဤနေရာတွင် ရှိနေသူအားလုံး၏ ရင်ထဲတွင် အေးစိမ့်သွားခဲ့ကြပေသည်။
ယနေ့မှစ၍ နန်ယန်တွင် ရာစုနှစ်ပေါင်းများစွာ ဩဇာကြီးခဲ့သော ကျန်းမိသားစုမှာ လုံးဝ ပျက်သုဉ်းသွားပြီဖြစ် ကြောင်း သူတို့ သိရှိလိုက်ကြသည်။
ဖန်းဟန်သည် ခဏရပ်လိုက်ပြီး သူ၏အပြုံးမှာ ပို၍ တောက်ပလာကာ ဆွဲဆောင်မှုရှိလာခဲ့သည်။
“ကျန်းမိသားစု ပျက်သုဉ်းသွားပြီဆိုပေမဲ့ သူတို့ရဲ့ မြေဧကထောင်ပေါင်းများစွာ၊ နန်ယန်တစ်ခွင်မှာ ပြန့်ကျဲနေတဲ့ ဆိုင်ခန်းတွေ၊ ဂိုဒေါင်ထဲမှာ စုပုံထားတဲ့ ရွှေနဲ့ ငွေတောင်တွေက ပိုင်ရှင်မဲ့ ဖြစ်သွားပြီလေ...”
သူ၏အသံမှာ မှော်ဆန်သကဲ့သို့ လူတိုင်း၏ နှလုံးသားကို ဖမ်းစားလိုက်လေသည်။
မြေဧကထောင်ပေါင်းများစွာ။
ဆိုင်ခန်းများ။
ရွှေငွေတောင်များ။
ဤစကားလုံးများမှာ မြေရှင်များ၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ သူတို့၏ အသက်ရှူသံများ မှာ ရုတ်တရက် မြန်ဆန်လာခဲ့လေသည်။
ဖန်းဟန်သည် သူတို့၏ အမူအရာကို ကြည့်လိုက်ရာ သူ၏အပြုံးမှာ ပို၍ပင် နက်ရှိုင်းသွားခဲ့လေသည်။
သူသည် ရက်ရောသော ဘုရင်တစ်ပါးကဲ့သို့ လက်ကို ဖြန့်လိုက်လေသည်။
“ကျုပ်ကတော့ ခင်ဗျားတို့အားလုံးကို နန်ယန်စီရင်စုရဲ့ အမာခံတိုင်တွေလို့ သတ်မှတ်ထားပါတယ်...”
“အခုတော့ ဒီသစ္စာဖောက် ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေယူဖို့အတွက် ခင်ဗျားတို့ကို စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်ပါတယ်...”
“ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ...”
မုန်လာဥ (အကျိုးအမြတ်) ကို ပေးလိုက်ပြီ ဖြစ်သည်။ ယခုမူ သူတို့ စားမစားမှာ သူတို့၏ ကိစ္စပင် ဖြစ်တော့ သည်။