← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း (၂၇၁)

သတိရလာခြင်း

ထိုအမျိုးသမီးသည် စိတ်ပျက်အားငယ်စွာဖြင့် သူမ၏ ဆံပင်များကို ဆုပ်ကိုင်လျက် တိုးတိုးလေး ရေရွတ်နေမိလေသည်။

"ငါ ခေါင်းဆောင်ပြောတာကို နားထောင်ပြီး ငါ့ရဲ့ စွမ်းအားအကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့သင့်ဘူး..."

သူမ၌ ဘာတွေ ဖြစ်လာနိုင်သနည်းဟု တွေးတောရင်း သူမ၏ မျက်ဝန်းများမှာ နီမြန်းလာကာ ပါးပြင် ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့၏။

သူမသည် အပြင်ဘက်တွင် ရပ်နေသော စစ်သည်များကို စိုးရိမ်တကြီး ကြည့်ရင်း ထိတ်လန့်တကြား ရေရွတ်နေမိလေသည်။

"ငါ ဘာလုပ်ရမလဲ... ငါ ဘာလုပ်ရမလဲ... ငါ ထွက်ပြေးမှ ဖြစ်မယ်... ငါ မသေချင်ဘူး..."

အမျိုးသမီးသည် ထွက်ပြေးရန်လမ်းကို အသည်းအသန် ရှာဖွေနေစဉ် စစ်သည်တစ်ဦးက သူမဆီသို့ ချဉ်းကပ်လာခဲ့သည်။ အခြားရွေးချယ်စရာ မရှိတော့ကြောင်း သိရှိလိုက်သောအခါ သူမသည် အံကို တင်းတင်းကြိတ်လိုက်ပြီး သူမ၏ မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် ဝင်းလက်သွားလေသည်။

စစ်သည်သည် သူမနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်၏။

"မိန်းကလေး... သန့်ရှင်းရေးလုပ်ဖို့အတွက် ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ..."

အမျိုးသမီးသည် သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ် ကို နံရံကို အမှီပြုကာ အတင်းအကျပ် ထရပ်လိုက်လေသည်။ သူမ ထရပ်သည်ကို စစ်သည် မြင်သော အခါ ဘေးသို့ ဖယ်ပေးလျက် ဆိုလေ၏။

"ကြွပါ မိန်းကလေး..."

သူမသည် တတ်နိုင်သမျှ တည်ငြိမ်ဟန်ဆောင်လျက် စစ်သည်၏ ဘေးမှ ဖြတ်ကျော်ကာ အမှောင်ခန်း အတွင်းမှ ထွက်လာခဲ့လေသည်။ တံခါးဝတွင် စစ်သည် တစ်ဦးတည်းသာ စောင့်ကြပ်နေသည်ကို မြင် သောအခါ သူမ၏ မျက်ဝန်းများမှာ တောက်ပသွားလေ၏။

*အခုပဲ... ဒါမှမဟုတ်ရင် နောက်ဘယ်တော့မှ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး...*

သူမသည် အမှောင်ခန်း ဧရိယာမှ ထွက်လာစဉ် ရုတ်တရက် စစ်သည်ကို တွန်းထုတ်ကာ တတ်နိုင်သမျှ အရှိန်ဖြင့် ပြေးလေတော့သည်။ စွမ်းအားရှင်တစ်ဦး ဖြစ်သည့်အတွက် သူမ၏ ခွန်အားမှာ သာမန်လူများ ထက် သာလွန်ပေသည်။ စစ်သည်မှာမူ မျှော်လင့်မထားသော တိုက်ခိုက်မှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ကြောင်အသွားခဲ့လေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ သတိဝင်လာကာ အော်ဟစ်လိုက်လေ၏။

"ညီအစ်ကိုတို့... သူ့ကို ဖမ်းကြ..."

အခြားသော စစ်သည်များသည် သူမ ပြေးသည်ကို မြင်သောအခါ ထွက်ပြေးလာသော အကျဉ်းသားဟု ထင်မှတ်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ နောက်မှ လိုက်လံဖမ်းဆီးကြရာ မကြာမီမှာပင် ဖမ်းမိသွားတော့သည်။

"ငါ့ကို လွှတ်... ဒါက တရားမဝင်ဘူး..."

သူမက အော်ဟစ်လေသည်။ ခုနက သူမ တွန်းထုတ်လိုက်သော စစ်သည်မှာ နာကျင်နေသော သူ၏ ကျောပြင်ကို ပွတ်သပ်လျက် ရှင်းပြလေ၏။

"မိန်းကလေး... ကျွန်တော်တို့က သန့်ရှင်းရေး လုပ်ပေးချင်ရုံတင်ပါ၊ ဘာလို့ ကျွန်တော်တို့က သတ်တော့ မယ့်အတိုင်း လုပ်နေတာလဲ..."

ထိုစကားကို မယုံကြည်သဖြင့် အမျိုးသမီးသည် လွတ်မြောက်ရန်အတွက် ရုန်းကန်ခြင်း၊ ကန်ကျောက် ခြင်း၊ ထိုးကြိတ်ခြင်းတို့ကို အသည်းအသန် ပြုလုပ်လေသည်။

သို့သော်လည်း စစ်သည်များသည် သူမ၏ လက်များကို ဖမ်းချုပ်ထားကာ အမျိုးသမီး စစ်သည်များ စခန်းဆီသို့ ဆွဲခေါ်သွားခဲ့ကြလေသည်။ သူမ၏ အားထုတ်မှုများမှာ အလဟဿ ဖြစ်နေကြောင်း သိရှိ သွားသောအခါ အမျိုးသမီးသည် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး ယနေ့နံနက်က သူမ၏ ဆုံးဖြတ် ချက်အတွက် အမှန်တကယ် နောင်တရနေမိတော့သည်။ သို့သော်လည်း ဤကမ္ဘာကြီးတွင် နောင်တ အတွက် ဆေးမရှိပေ။

သူမ ထွက်ပြေးရန် ကြိုးပမ်းမှုကို မသိရှိသော ဝူလျန်မှာမူ ဤစွမ်းအားများကို မည်သို့ ရရှိသနည်းဆို သည်ကို ရှာဖွေတွေ့ရှိနိုင်ရန် အသက်ရှင်ကျန်ရစ်သူများကြားတွင် စွမ်းအားရှင်များကို ပိုမိုရှာဖွေရန်သာ အာရုံစိုက်နေခဲ့လေသည်။

စစ်တပ်မှာ ဤတာဝန်ဖြင့် အလုပ်ရှုပ်နေစဉ်အတွင်း အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ ဆယ်ရက် ကြာပြီးနောက် လုံယုသည် နေမထွက်မီမှာပင် ယောင်ရန်ကို နှိုးလိုက်လေသည်။

"နေကောင်းလား အာယု... ဘာလို့ ကျွန်မကို ဒီလောက်စောစော နှိုးတာလဲ..."

ယောင်ရန်က သန်းဝေလျက် မေးလိုက်လေ၏။ လုံယုက သူမ၏ အိပ်ချင်မပြေသေးသော မျက်နှာကို ကြည့်လျက် ပြန်ဖြေလေသည်။

"ကောင်လေး သတိရလာပြီ..."

ထိုစကားကို ကြားသောအခါ ယောင်ရန်၏ အိပ်ချင်စိတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ သူမသည် ဖရိုဖရဲ ဖြစ်နေသော သူမ၏ ဆံပင်များကို သားရေကွင်းဖြင့် အမြန် စုစည်းလိုက်ပြီး ပြော လိုက်လေသည်။

"သွားကြစို့..."

ကောင်လေး၏ အခန်းသို့ ရောက်သောအခါ အဖွားချွမ်က သူ့အား ရေတစ်ခွက် ကမ်းပေးနေသည်ကို ယောင်ရန် တွေ့လိုက်ရ၏။ ယောင်ရန်နှင့် လုံယုတို့ လာသည်ကို မြင်သောအခါ အဖွားချွမ်သည် သူမ၏ ထိုင်ခုံမှ ထရပ်လိုက်လေသည်။

"မစ္စယောင် ရောက်လာပြီဆိုတော့ သူ့အတွက် စားစရာတစ်ခုခု သွားယူပေးလိုက်ဦးမယ်..."

အဖွားချွမ်သည် ထိုသို့ပြောကာ အခန်းထဲမှ ထွက်သွားခဲ့လေ၏။ ယောင်ရန်သည် ကုတင်ဘေးရှိ ထိုင်ခုံ တွင် ထိုင်လိုက်ပြီး ကောင်လေး၏ ကြောက်ရွံ့နေသော မျက်နှာအမူအရာကို ကြည့်လိုက်လေသည်။

သူမက ပြောလိုက်လေ၏။

"လွန်ခဲ့တဲ့ ဆယ်ရက်က စတိုခန်းထဲက အပျက်အစီးတွေအောက်မှာ မြုပ်နေတဲ့ မင်းကို ငါ ရှာတွေ့ခဲ့ပြီး ခေါ်လာခဲ့တာ... မင်းက သွေးတွေ အများကြီး ထွက်ထားပြီး ပုခုံးမှာ ကျည်ဆန် နှစ်တောင့် ထိထားတယ်၊ ကျောမှာလည်း တော်တော်နက်တဲ့ ဒဏ်ရာ သုံးခုနဲ့ တခြား အတွင်းဒဏ်ရာတွေ ရထားတာ..."

သူမ ခေတ္တမျှ ရပ်နားလိုက်ပြီး မေးလိုက်၏။

"မင်း ဘယ်လို ဒဏ်ရာရခဲ့လဲဆိုတာ မှတ်မိလား... ဘယ်သူက မင်းကို နာကျင်အောင်လုပ်ခဲ့တာလဲ..."

ကောင်လေးက ဘာမျှ ပြန်မပြောဘဲ သူမကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့လေသည်။

ဤသည်ကိုမြင်သောအခါ ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့ နှစ်ဦးစလုံးတွင် မောင်နှမ မရှိသည့်အပြင် ကလေးများနှင့် ပတ်သက်သော အတွေ့အကြုံလည်း မရှိ သဖြင့် ထိုကောင်လေးအား မည်သို့ ပြုမူရမည်ကို ဝေခွဲမရ ဖြစ်နေကြပေသည်။

သူတို့ ဘာလုပ်ရမည်ကို စဉ်းစားနေစဉ်မှာပင် အဖွားချွမ်သည် ဆန်ပြုတ်တစ်ပန်းကန်နှင့် နွားနို့တစ်ခွက် ကို ယူ၍ ပြန်ရောက်လာခဲ့၏။ ကောင်လေးသည် သူမကို မြင်သောအခါ မျက်ဝန်းများမှာ တောက်ပသွား လေသည်။

သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိသဖြင့် ယောင်ရန်သည် ထရပ်ကာ အဖွားချွမ်အား ထိုင်ရန် နေရာပေးလိုက်၏။ အဖွားချွမ်သည် လင်ဗန်းကို ကုတင်ဘေး စားပွဲပေါ်တွင် တင်လိုက်ပြီး ကောင်လေးကို နွေးထွေးစွာ ပြုံးပြလိုက်လေသည်။

"မြေးလေး... ဗိုက်ဆာနေပြီ ထင်တယ်... အဖွား ဆန်ပြုတ်နဲ့ နွားနို့ ယူလာပေးတယ်၊ ကိုယ့်ဘာသာကိုယ် စားနိုင်မလား..."

ကောင်လေးသည် သူ၏လက်များကို လှုပ်ရှားရန် ကြိုးစားသော်လည်း နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့ သွားခဲ့လေ၏။ ထိုသည်ကို မြင်သောအခါ အဖွားချွမ်မှာ သူ့အတွက် စိတ်မကောင်း ဖြစ်သွားလေသည်။ သူမသည် ဆန်ပြုတ်ကို ဇွန်းဖြင့် ခပ်ယူ၍ အေးသွားစေရန် အသာမှုတ်ပေးပြီးနောက် သူ၏ နှုတ်ခမ်း နားသို့ တိုးပေးလိုက်လေသည်။

"အဖွား ခွံ့ကျွေးမယ်နော်..."

အဖွားချွမ်က ညင်သာစွာ ပြောလိုက်လေသည်။

ကောင်လေးသည် သူမကို ခဏမျှ စိုက်ကြည့်နေပြီးမှ ခေါင်းငုံ့ကာ ဆန်ပြုတ်ကို လိမ္မာယဉ်ကျေးစွာ သောက်လိုက်လေသည်။

ယောင်ရန်နှင့် လုံယုတို့သည် အဖွားချွမ်က ကောင်လေးအား စိတ်ရှည်လက်ရှည် ခွံ့ကျွေးနေသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။ သူ ဆန်ပြုတ်နှင့် နွားနို့ကို စားသောက်ပြီးသောအခါ အဖွားချွမ်သည် ပန်းကန်အလွတ်များကို ယူ၍ အခန်းထဲမှ ထွက်သွားခဲ့လေသည်။ သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကောင်လေး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေ၏။

သူ၏ မျက်ဝန်းများမှာ အေးစက်သွားကာ ယောင်ရန်နှင့် လုံယုတို့ကို သံသယများ၊ သတိဝီရိယများဖြင့် စိုက်ကြည့်နေလေသည်။

ယောင်ရန်သည် သူ့ကို ခဏမျှ အကဲခတ်နေပြီးမှ ပြောလိုက်လေသည်။

"မင်းရဲ့ မောင်နှမတွေကို ကယ်ချင်တယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်ရက်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ငါတို့ ကို ပြောပြဖို့ လိုမယ်..."

ထိုစကားကို ကြားသောအခါ ကောင်လေး၏ မျက်ဝန်းများမှာ ဝင်းလက်သွား၏။ သူသည် သတိဝီရိယ ရှိသော်ငြားလည်း အသက် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်ပေသည်။ သူ၏ မောင်နှမများကို ကယ်တင်နိုင်မည့် မျှော်လင့်ချက်မှာ ယောင်ရန်နှင့် လုံယုတို့အပေါ် ထားရှိသော သူ၏ သတိဝီရိယများကို လျော့ကျသွားစေရန် လုံလောက်လှပေသည်။

"အနက်ရောင် အဝတ်အစားတွေ ဝတ်ထားတဲ့ လူတစ်စု ကျွန်တော်တို့ အိမ်ကို ရောက်လာပြီး ကျွန်တော့် ရဲ့ အစ်ကိုကြီးကို ဆွဲခေါ်သွားကြတယ်..."

သူက စတင် ပြောပြခဲ့လေသည်။

"ကျွန်တော်တို့က သူတို့ကို တားဖို့ ကြိုးစားတဲ့အခါ သူတို့က ကျွန်တော့်ရဲ့ မောင်နှမတွေနဲ့ ကျွန်တော့်ကို ရိုက်နှက်ကြတယ်... ကျွန်တော်တို့ နာကျင်နေတာကို မြင်တော့ အစ်ကိုကြီးက စိတ်တိုပြီး သူတို့ကို မီးနဲ့ ရှို့ပစ်လိုက်တယ်..."

ကောင်လေးသည် စကားကို ခေတ္တရပ်လိုက်၏၊ သူ၏ အသံများမှာ တုန်ရီနေကာ ဆက်ပြောလေသည်။

"သူတို့က အစ်ကိုကြီးရဲ့ လက်ဝါးထဲကနေ မီးတွေ ထွက်လာနိုင်တာကို သိနေကြပုံပဲ... သူတို့ထဲက တစ် ယောက်က အစ်ကိုကြီးကို အရှင်ဖမ်းရမယ်၊ သတ်လို့ မရဘူးလို့ ပြောတာကို ကျွန်တော် ကြားခဲ့ရ တယ်..."

ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည် စဉ်းစားရင်း ကောင်လေး၏ မျက်ဝန်းများမှာ နီမြန်း လာခဲ့လေ၏။ မျက်ရည်များ စီးကျလာသည်နှင့် တစ်ပြိုင်နက် သူသည် စောင်ပါးလေးဖြင့် အမြန်ပင် သုတ်လိုက်လေသည်။

All Chapters